Home ဆောင်းပါး တရားခံပျောက်နေဦးမည့် ကောင်းခါးက ဆရာမလေး(၂)ဦးအသတ်ခံရမှု

တရားခံပျောက်နေဦးမည့် ကောင်းခါးက ဆရာမလေး(၂)ဦးအသတ်ခံရမှု

Photo: KBC

 

နန်းဆိုင်နွမ်။           ။

“သူတို့နှစ်ယောက်အသတ်ခံရတဲ့ ဓာတ်ပုံတွေ လိုင်းပေါ်တွေ့ရင်၊ သူတို့နဲ့ပါတ်သက်တဲ့ ပို့စ်တွေတင်တာမြင်ရင် အလိုလို မျက်ရည်ကျဆဲပါ” လို့ဆိုသူက (မ) ထုရော်ဖြစ်ပါတယ်။

(မ) ထုရော်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း  မူဆယ်ခရိုင်၊ နမ်တောင်မြို့နယ် ကောင်းခါးကျေးရွာမှာ လွန်ခဲ့တဲ့ (၃) နှစ်က အသတ်ခံရတဲ့ ကချင်ခရစ်ယာန်အဖွဲ့ချုပ်(KBC) ဝန်းအတွင်း သာသနာပြု လုပ်အားပေး ကျောင်းဆရာမ (၂)ဦးထဲကတဦးဖြစ်သူ ဆရာမ ခေါဝ်နန်စင်ရဲ့ အစ်မဖြစ်ပါတယ်။

“ ကျမညီမတွေရဲ့အမှုက အမှုမှန်ပေါ်မှဖြစ်မယ်။ ကျမတို့က အသက်ပါဆုံးရှုံးခံလိုက်ရတဲ့မိသားစုပါ။ ကျမညီမဟာ  နှိပ်စက်ခံရ၊ မုဒိမ်းကျင့်ခံရပြီးမှ သေဆုံးသွားတာ” လို့ (မ) ထုရော်က မျက်ရည်ဝဲပြီး ပြောပြပါတယ်။

ကချင်ကျောင်းဆရာမ (၂)ဦး မတရားပြုကျင့်ပြီး  သတ်ခံရတာ  (၃) နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် အပြစ်ကျူးလွန်သူတွေ ကို လက်ရှိအချိန်ထိ  ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးတဲ့အတွက်  အစ်မတယောက်အနေနဲ့ အလွန်ဝမ်းနည်းမိ တယ်လို့  (မ) ထုရော်က ဆိုပါတယ်။

“ ကျမတို့တွေက  စိတ်မကောင်းတာတခုကလွဲပြီး ဘာမှလုပ်ပေးနိုင်ဘူး။ ညီမ(၂)ယောက်ရဲ့  ဖြစ်ခဲ့တာတွေကို နှစ် ဘယ်လောက်ပဲကြာကြာ သူတို့ပုံတွေ ပြန်မြင်ရင် ခံစားရပြီး ငိုနေမိတုန်းပါပဲ” လို့ (မ) ထုရော်က ဝမ်းနည်းစွာနဲ့ ပြန်ပြောပြခဲ့ပါတယ်။

ကချင်ဆရာမ(၂)ဦးဖြစ်တဲ့ မရန်လုရာနဲ့ ခေါဝ်နန်စင်တို့(၂)ဦးဟာ  အသက်(၂၀)သာရှိပြီး၊ ကချင်နှစ်ခြင်း ခရစ် ယာန် အဖွဲ့ချုပ် (KBC) မှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေချိန် ၂၀၁၅ ခုနှစ် ဇန်နဝါရီ (၁၉) ရက်နေ့ ညက အဓမ္မပြုကျင့်သတ်ဖြတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဒေသခံတွေရဲ့အဆိုအရ ဆရာမ(၂)ဦး အသတ်ခံရတဲ့အချိန်က  ကောင်းခါးကျေးရွာမှာ မြန်မာ့တပ်မတော် အမှတ် (၅၀၃) ခြေမြန်တပ်ရင်း စခန်းချနေခဲ့တဲ့အချိန်လို့ ဆိုပါတယ်။

“ အမှုကတော့ ဖော်ဖို့ အများကြီး စဉ်းစားနေကြတယ်။ ကြိုးစားမယ်လို့ ပြောကြတယ်။ ခက်တာကတော့ ခက်မယ်။ နည်းနည်းတော့ အချိန်စောင့်ရမယ်ပြောတယ်။ ဒါပေမယ့် ကျမတို့စောင့်နေတာ(၃)နှစ်ကျော်ခဲ့ပြီ” လို့ ကချင်ဆရာ မ(၂)ဦးရဲ့ အမှုမှန်ဖော်ထုတ်ရေး ကော်မတီဝင်တဦးဖြစ်သူ (ဒေါ်)အက်စတာက ပြောပါတယ်။

ကချင်ဆရာမလေး(၂)ဦးဟာ ရိုးရိုးအဓမ္မပြုကျင့်ပြီး အသတ်ခံရတာ မဟုတ်ပါဘူး။ သူတို့ရဲ့အလောင်းကို စတွေ့ချိန် မှာ ခန္ဓာကိုယ်ကို ဓားနဲ့အချက်ပေါင်းများစွာ ထိုးသွင်းထားတဲ့ဒဏ်ရာတွေ တွေ့ရပြီး နေအိမ်နံဘေးမှာ စစ်ဖိနပ်ရာ တွေ တွေ့ခဲ့ရတာ သေချာပါတယ်လို့ ကချင်ဆရာမ(၂)ဦးရဲ့ ရုပ်အလောင်းကို စတင်မြင်တွေ့ခဲ့တဲ့ (ဒေါ်)အက်စတာ က ပြောပြပါတယ်။

Photo: KBC

“ စဖြစ်ဖြစ်ချင်း ရွာက လူတွေက ကျမကို လာခေါ်တယ်။ ကျမဆရာမ(၂)ယောက်ရဲ့ ရုပ်အလောင်းကို စမြင်တော့ တုန်လှုပ်သွားတယ်။ ရစရာ မရှိအောင်ကိုလုပ်ပြီး အသတ်ခံရတာ” လို့ (ဒေါ်) အက်စတာက ဝမ်းနည်းစွာနဲ့ ပြန် ပြောပြပါတယ်။

ဆရာမ(၂)ဦး အသတ်ခံရတဲ့ ကောင်းခါးကျေးရွာမှာ ဒေသခံတွေကို စစ်သားတွေက ခြိမ်းခြောက်ထားတဲ့အတွက် အခုချိန်ထိ ကြောက်နေကြပြီး တစုံတရာထုတ်ဖော်ပြောဆိုဖို့လည်း ခက်နေကြတယ်လို့ (ဒေါ်)အက်စတာက ပြောပြ ပါတယ်။

“နင်တို့ပြောရင် တရွာလုံးမီးရှို့ပစ်မယ်ဆိုတာတွေလည်း ခြိမ်းခြောက်ထားကြတယ်” လို့(ဒေါ်)အက်စတာက ဆိုပါ တယ်။

အမှုဖြစ်ပွားတဲ့ ဇန်နဝါရီ (၁၉)ရက်နေ့ညက ကောင်းခါးရွာမှာ စခန်းချနေထိုင်ခဲ့တဲ့ ခမရ (၅၀၃) မှ အရာခံ၊ အကြပ်၊ စစ်သည်တွေ၊ တပ်သားတွေကို ဇန်နဝါရီ (၂၀) ရက် နံနက်အစောပိုင်းမှာ သယ်ဆောင်သွားတဲ့ ယာဉ်မောင်း (၃) ဦး ကို ခေါ်ယူစစ်ဆေးမေးမြန်းလိုတဲ့အကြောင်း KBC ဘက်မှ တောင်းဆိုထားပေမယ့် လက်ရှိအချိန်ထိ စစ်ဆေးခွင့် မရသေးဘူးလို့ ဆရာမ(၂)ဦးရဲ့အမှုကို လိုက်ပါကူညီပေးနေတဲ့ ရှမ်းပြည်နယ်၊ ကချင်ရှေ့နေများကွန်ရက် ဥက္ကဋ္ဌ တရားလွှတ်တော် ရှေ့နေ(ဦး)ဘရန်ဒီက ပြောဆိုပါတယ်။

“ ကျနော်တို့က အမှုဖြစ်တဲ့နေရာမှာရှိတဲ့ စစ်ကြောင်းတခုလုံးကို တွေ့ချင်တာ။ ကျနော်တို့ တွေ့လို့မရဘူးဖြစ်နေ တယ်။ တွေ့လို့ရမယ်ဆိုရင် ကျနော်တို့ စစ်ဆေးမယ်။ ကျနော်တို့ကို စစ်ကြောင်းမှူးနဲ့ စစ်သား(၃)ဦး စုစုပေါင်း (၄) ဦးပဲ တွေ့ခွင့်ပြုတယ်” လို့ ရှေ့နေ(ဦး)ဘရန်ဒီက ပြောပါတယ်။

လက်ရှိမှာ ဆရာမ(၂)ဦး အမှုမှန်ဖော်ထုတ်နိုင်ဖို့ ဆက်လက်ကြိုးစားနေပြီး တရားခံတွေ မဖော်ထုတ်နိုင်သေးတဲ့ အတွက် တရားရုံးကို မတင်ပြနိုင်သေးသလို တရားစွဲဆိုမှု အဆင့်မရောက်နိုင်သေးဘူးလို့ ရှေ့နေ(ဦး)ဘရန်ဒီက ပြောပြပါတယ်။

အဓမ္မပြုကျင့်သတ်ဖြတ်ခြင်းခံရတဲ့ ကချင်ဆရာမ(၂)ဦးအမှုမှာ မြန်မာ့ တပ်မတော်မှ ကျူးလွန်ခြင်းမဟုတ်ကြောင်းနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်သားများလက်ချက်ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် (၂၈)ရက်နေ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (PC) မှ တာဝန်ရှိသူများ နဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

“အဲဒီမှာရှိတဲ့ တပ်ကလူတွေအားလုံး DNA စစ်တယ်။ တူတာ တယောက်မှ မရှိဘူး။ ဘယ်သူဆိုတာ သူသိတယ်။ တပ်ထဲဝင်လာပြီး ပြဿနာဖြစ်တော့ ဟိုဘက်ထဲ ပြေးဝင်သွားတာ။ အရင်းခံ သူတို့လူမဟုတ်ဘူး” လို့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ (PC) မှ တာဝန်ရှိသူတွေ တွေ့ဆုံစဉ် ပါဝင်ခဲ့တဲ့ မသင်းသင်းသာက ပြောပြပါတယ်။

တပ်မတော်အပေါ် စွပ်စွဲနေတဲ့ သတင်းတွေဟာ မှားယွင်းနေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေလည်း တပ်မတော်မှာ ရှိနေပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောဆိုခဲ့ ပါသေးတယ်။

Photo: KBC

ကချင်ဆရာမ(၂)ဦးကို အတင်းအဓမ္မပြုကျင့်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ တရားခံဟာ တခြားတဖက်ကို ထွက်ပြေးတိမ်းရှောင်သွားပြီး  အဆိုပါ  တရားခံကို တပ်မတော်ဘက်မှ တောင်းဆိုခဲ့ပေမယ့် မပေးခဲ့ဘူးလို့လည်း  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများနဲ့ တွေ့ဆုံစဉ် ပြော ဆိုခဲ့ပါသေးတယ်။

“ကချင်ဆရာမလေးတွေအမှုက ပြီးသွားပြီ။ တရားခံလည်း မရှိတော့ မထုတ်ပြန်တာတဲ့” ဟု မသင်းသင်းသာက ပြန်ပြောပြပါတယ်။

“တပ်မတော် တပ်ရင်းတွေ စခန်းချတပ်စွဲထားတဲ့နေရာကို ကေအိုင်အေက ဝင်ရောက်ပြီး ရွာထဲက အမျိုးသမီးတွေ ကို မုဒိမ်းကျင့် သတ်ဖြတ်တယ်ဆိုတာ မယုံကြည်နိုင်ဘူး”လို့ ကချင်နှစ်ခြင်းအသင်းတော် (KBC) မှ တာဝန်ခံတဦး ဖြစ်သူ (ဦး)ခါးလီက ပြောပါတယ်။

“ ကချင်ဆရာမ(၂)ယောက်ရဲ့အမှုကို  တရားမျှတမှုရရှိစေဖို့အတွက်  ရှမ်းပြည်နယ်၊ ရှေ့နေအဖွဲ့တွေနဲ့ ဥပဒေနည်း လမ်းအတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်” လို့လည်း (ဦး)ခါးလီက ဆိုပါတယ်။

ကချင်ဆရာမ(၂)ဦး ရက်စက်စွာ သတ်ဖြတ်ခံရတဲ့အမှုက တကမ္ဘာလုံး သိတဲ့အမှုဖြစ်ပေမယ့် လက်ရှိအချိန်ထိ တရားခံ မဖော်ထုတ်နိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ တရားဥပဒေပိုင်းဆိုင်ရာကို မေးခွန်းထုတ်စရာ များစွာရှိနေတယ် လို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကချင်လူငယ်အဖွဲ့အစည်းမှ မိုင်းမိုင်က ပြောပါတယ်။

“အမှုစွဲတင်ဖို့တောင် မရောက်သေးဘူးဆိုတော့ ထုံးစံအတိုင်းပဲ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး တရားစီရင် ရေးကို ပြန်ကြည့်ရမယ်လို့ ကျမမြင်တယ်။ များသောအားဖြင့် တပ်ပိုင်းဆိုင်ရာကိစ္စတွေမှာ ပွင့်လင်းမြင်သာမှု မရှိ ဘူး” လို့လည်း မိုင်းမိုင်က ဆိုပါတယ်။

ယခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့မှာလည်း ကချင်ဆရာမ(၂)ဦးဖြစ်တဲ့ မရန်လုရာနှင့် ခေါန်နန်စင်တို့အတွက် တတိ ယ အကြိမ်မြောက် အမှတ်တရ ဆုတောင်းပွဲအခမ်းအနားကို သူတို့ကို မြှပ်နှံခဲ့တဲ့ မြစ်ကြီးနားမှာ ပြုလုပ်ခဲ့ပါတယ်။

ကချင်ဆရာမ(၂)ဦး ရက်စက်စွာ သတ်ဖြတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး၊ အမှန်တရားကို အမြန်ဖော်ထုတ်ပေးဖို့ အမျိုး သမီးအရေး ဆောင်ရွက်နေသူတွေကလည်း တိုက်တွန်းတောင်းဆိုနေကြဆဲပါ။

ကချင်ဆရာမ(၂)ဦးဖြစ်တဲ့ မရမ်လုရာနဲ့ ခေါန်နန်စင်က ဖြူစင်ရိုးသားတဲ့ ကျောင်းဆရာမတွေဖြစ်ပြီး ရပ်ရွာက ချစ်ခင်သူတွေဖြစ်လို့ အမှုမှန်ပေါ်ပေါက်ဖို့ လိုအပ်တယ်လို့ (မ)ထုရော်က ဆိုပါတယ်။

“ခေါဝ်နန်စင်က စိတ်ထားဖြူစင်တဲ့ကလေးပါ။ ဘာသာရေးကိုလည်း ကိုင်းရှိုင်းတယ်။ မိဘတွေကိုလည်း သိတတ်တဲ့ သမီးတယောက်ပါ။ KBC စေတနာ့ဝန်ထမ်းဆရာမလုပ်တယ်။ နောက်(၁၀)တန်းဖြေပြီး ကျမ်းစာကျောင်းတက် ဘုရားအမှုတော်ဆောင်လုပ်မယ့်သူတယောက်ပါ” လို့ ခေါဝ်နန်စစ်ရဲ့အစ်မဖြစ်သူ (မ)ထုရော်က ပြောပြပါတယ်။

ကချင်ဆရာမ(၂)ဦး အဓမ္မပြုကျင့်ပြီး ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတဲ့အမှုမှာ အမှုမှန်ပေါ်ပေါက်ဖို့ လူမှု အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ KBC အဖွဲ့ဝင်တွေက ကြိုးစားနေကြပေမယ့် အချိန်ကြာလာတာနဲ့ အမျှ တရားခံ မပေါ်ပေါက်နိုင်သေးတဲ့အတွက် အမှုပျောက်ကွယ်သွားမှာကိုလည်း စိုးရိမ်စိတ်တွေရှိနေကြပါတယ်။

Related Articles