သွေး (စစ်ကိုင်း)။ ။
“သူများကလေးတွေ ကျောင်းသွားကြတာတွေ့ရင် ကျမလည်း ကျမကလေးတွေကို ကျောင်းသွားစေချင်တာပေါ့…၊ ဒါပေ မယ့်… ကျမတို့ဘဝက ကြုံရာကျပမ်း လုပ်ကိုင်စားသောက်ရတော့ ကျောင်းမထားနိုင်ဘူး။ ရင်ထဲမှာတော့ တော်တော်လေး မကောင်းဘူး”
ကလေးမိခင်တယောက်က ရင်ဖွင့်တာပါ။
မိသားစုမှာ အကြီးဆုံးဖြစ်တဲ့ မိန်းကလေးတယောက်ကလည်း သူ့ဘဝကို အခုလို ရင်ဖွင့်ပါတယ်။
“သမီးက မောင်နှမတွေထဲမှာ အကြီးဆုံးလေ…၊ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီးဖြစ်ဖို့ ငယ်ငယ်ကစိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ သမီးအောက်မှာ(၉)တန်းတက်တော့မယ့် ညီမလေးရယ်၊ (၇)တန်းတက်တော့မယ့် မောင်လေးရယ် ရှိတယ်။ ညီမလေးက စာတော်တယ်။ ဒီတော့… သမီးပဲ အနစ်နာခံပြီး ကျောင်းထွက်လိုက်ရတယ်”
“နာဂစ်က ကျမတို့ ဘဝတွေကို တဆစ်ချိုး ပြောင်းသွားစေခဲ့တယ်။ ကျမတို့ ဇာတိမှာလည်း လုပ်ကိုင်စားသောက်လို့ မရ တော့… ရန်ကုန်ကို တက်လာတာ…၊ နေရတာက ကျူးကျော်တဲလေးမှာပါ။ စားသောက်ရတာကတော့ ဖြစ်သလို ကြုံသလို ဆိုသလိုပါပဲလေ…။ ကလေး(၃)ယောက်စလုံးကို ကျောင်းမထားနိုင်လို့ အငယ်ဆုံးကလေးကိုပဲထားရတယ်” နောက်ထပ် ကလေးမိခင်တယောက် ပြောပြခဲ့တာပါ။
နှစ်တနှစ်ရဲ့ စာသင်နှစ်အစဖြစ်တဲ့ ဇွန်လမှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေ ပြန်စဖွင့်ပါပြီ။ ကျောင်းတွေ ပြန်ဖွင့်ပြီဖြစ်ပေမယ့် တချို့မိခင်တွေဟာ သူတို့ရဲ့ သားသမီးတွေကို စာသင်ကျောင်းခန်းဆီ မပို့နိုင်ပါဘူး။ အစိုးရသစ်လက် ထက်မှာ အထက်တန်းအထိ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးနေပြီဆိုပေမယ့် စားဝတ်နေရေး နွံထဲမှာနစ်နေသူတွေ အတွက်တော့ ပညာရေးထက် အသက်ရှင်သန်ရေးကိုပဲ ဦးစားပေးနေကြသူတွေ အများကြီးရှိနေဆဲပါ။
“ဒေါ်ခင်မွန်” ဟာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ထဲက ရပ်ကွက်တခုမှာ အိမ်ငှားနေထိုင်ရသူပါ။ သူမနဲ့ သား သမီး (၃)ယောက်ကို ရှာဖွေကျွေးမွေးနေတဲ့ ခင်ပွန်းသည်ဟာ လွန်ခဲ့တဲ့(၅)နှစ်က ယာဉ်မတော်တဆဖြစ်မှုနဲ့ ကွယ်လွန်ခဲ့ပြီး နောက်ပိုင်း သူတို့ဘဝဟာ ကျပ်တည်းဆင်းရဲစွာ ရုန်းကန်နေရတာပါ။ နစ်နာကြေးအဖြစ် ရခဲ့တဲ့ငွေကြေးလေးကို ခြစ်ခြုပ် စားသောက်ပြီး၊ နောက်ပိုင်းမှာ အသုပ်ဆိုင်လေးဖွင့်ကာ မိသားစုဝမ်းရေးကို ဖြေရှင်းနေရပါတယ်။
သူမရဲ့မိဘတွေက အထက်အညာကျေးလက်က ဖြစ်တာကြောင့် မိဘတွေရဲ့ အကူအညီလည်း မရနိုင်သလို ယောက္ခမ တွေကလည်း လှည့်မကြည့်နိုင်ကြတဲ့အခါ… လွန်ခဲ့တဲ့ (၂)နှစ်လောက်ကစပြီး ကလေးတွေကို ကျောင်းထုတ်ခဲ့ရပါတယ်။
“အသုတ်ဆိုင်ကလည်း ရောင်းမကောင်းဘူး..၊ အဲဒီတော့ ရပ်ကွက်ထဲမှာ အဝတ်လိုက်လျှော်ရတယ်။ အဝတ်တွေကို မီးပူ တိုက်ပေးရတယ်။ အကြီးဆုံးသားကို (၁၀)တန်းအထိတော့ဖြစ်အောင် ကျောင်းထားပေးခဲ့တယ်။ ဒါပေမယ့် သူက စာမေးပွဲ ကျတယ်။ အမေပင်ပန်းနေပြီတဲ့။ နောက်နှစ် ဆက်မဖြေတော့ဘဲ စပယ်ယာလိုက်နေတယ်” (ရန်ကုန်မှာ YBS စနစ် ပြောင်း ပြီး စပယ်ယာတွေ မထားတော့ပေမယ့် ဘတ်စ်ကားလိုင်းတချို့မှာ စပယ်ယာတွေရှိနေဆဲပါ)လို့ ပြောပြပါတယ်။ “အလတ်မ လေးကိုလည်း (၈)တန်းအထိပဲထားနိုင်တယ်။ သူက သာကေတ(၁)ဈေးက ဆိုင်တခုမှာ ဆိုင်အကူ ဝင်လုပ်နေတယ်။ အ ငယ်ဆုံးကောင်လေးက (၆)တန်း။ နောက်နှစ်တော့ သူ့ကို ကျောင်းပြန်ထားနိုင်အောင် ကျမ ကြိုးစားမယ်”
ဒေါ်ခင်မွန်ရဲ့ လက်နှစ်ဖက်က အရေပြားတချို့ဟာ ဆပ်ပြာတွေစားထားလို့ ပေါက်နေပါပြီ။ အလုပ်ပင်ပန်းမှုနဲ့ စားဝတ်နေ ရေးအတွက် ရုန်းကန်နေရမှုတွေကြောင့် အသက်က ရှိရင်းစွဲထက် ပိုမိုရင့်ရော်နေပါတယ်။
“မအိအိမင်း” က မင်္ဂလာဈေးက အထည်ဆိုင်တစ်ဆိုင်မှာ အရောင်းစာရေးမ လုပ်နေရတာဖြစ်ပြီး တလလုံးမှာမှ လစာ (၁) သိန်း(၂)သောင်းကျပ်ပဲရပါတယ်။ သူနေတဲ့ မြောက်ဥက္ကာပကနေ မင်္ဂလာဈေးအထိ ဘတ်စ်ကားကြပ်ကြပ် တိုးစီးရပေမယ့် မညည်းညူနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လေဖြတ်နေတဲ့ဖခင်ဖြစ်သူရယ်၊ ကျောင်းတက်နေတဲ့ မောင်လေးနဲ့ ညီမလေး ရှိနေ လို့ပါပဲ။ ဈေးပိတ်ရက်တွေမှာ ဖခင်ကို ပြုစုရင်း တဖက်ကလည်း စာဖတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပါတယ်။
မအိအိမင်းအနေနဲ့ မိသားစုအရေးအတွက် အနစ်နာခံဖို့ ဖြစ်လာတာကို ဝမ်းနည်းမိပေမယ့် တခြားရွေးချယ်စရာလည်း မရှိပါ ဘူး။ သူ့ညီမလေးက ပညာရေးမှာ ထူးချွန်ပြီး အတန်းတိုင်းမှာ အမြဲတမ်း အဆင့်(၁၀)ဝင်သူမို့ အစ်မတယောက်အနေနဲ့ ညီမလေးကို ကျောင်းဆက်တက်နိုင်ဖို့ကိုပဲ ဦးစားပေးလိုက်ရတာပါ။ တကယ်လို့ သူကျောင်းဆက်တက်မယ်ဆိုရင်တော့ အမေဖြစ်သူအတွက် ဝန်ထုပ်ဝန်ပိုးတွေပိနေမှာကို သူသိနေပါတယ်။
သူ့မိခင်ဖြစ်သူက ခင်ပွန်းသည်ကိုပြုစုရင်း အိမ်မှာ မိုးလင်းကနေမိုးချုပ် စက်ချုပ်ရပါတယ်။ စက်ချုပ်တယ်ဆိုတာကလည်း ခေါင်းအုံးစွပ်တွေကို လက်ခစားနဲ့ ချုပ်ရတာလို့ ပြောပြပါတယ်။
“သမီး အမေလည်း ပင်ပန်းနေပြီ။ အဖေကလည်း ဘာမှမလုပ်နိုင်ဘူးလေ။ ပညာချွန်တဲ့ ညီမလေးကိုတော့ တက္ကသိုလ် ဆက်ထားပေးမယ် လို့ စိတ်ကူးထားတယ်။ မောင်လေးကိုတော့ အနည်းဆုံး(၁၀)တန်းအောင်စေချင်တယ်” လို့ သူ့ရဲ့ ရင် တွင်းဆန္ဒကို ပြောပြပါတယ်။
“ဒေါ်လေးလေးမာ” ကတော့ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၊ သောင်ကလေးဝကျေးရွာက ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းမှာ သူတို့အိမ်ပျက်စီးခဲ့ရသလို လယ်ယာမြေတွေမှာလည်း ဆားငန်ရည်တွေ ဝင်ရောက်ခဲ့တာကြောင့် ပျက်စီးခဲ့တာပါ။
နာဂစ်မဖြစ်ခင်ကတော့ သူတို့ဟာ မရှိမရှား နေထိုင်နိုင်ခဲ့ပေမယ့် နာဂစ်မုန်တိုင်းရဲ့ နောက်ဆက်တွဲအဖြစ် မိသားစုလိုက် ရန်ကုန်ကို ပြောင်းရွှေ့လာကြရပါတယ်။ အစောပိုင်းမှာတော့ လှိုင်သာယာမြို့နယ်မှာ အိမ်ငှားနေထိုင်နိုင်ခဲ့ပေမယ့် နောက် ပိုင်း အိမ်ငှားခတွေ ဈေးကြီးလာတာနဲ့ သူတို့မိသားစုဟာ တခြားရွှေ့ပြောင်းနေထိုင်သူတွေလိုပဲ စက်မှုဇုန်တခုမှာ ကျူးကျော် တဲထိုးပြီး နေထိုင်နေရတာပါ။
ဒေါ်လေးလေးမာရဲ့ခင်ပွန်းက ဆိုက္ကားနင်းပြီး သူမက ဒဂုံဧရာ အဝေးပြေးကားဝင်းမှာ ငုံးဥပြုတ်၊ ရေသန့်ဘူး၊ မြေပဲကြော် စ တာလေးတွေ ရောင်းပါတယ်။ အဲဒီလို နေ့စဉ်ဝင်ငွေနည်းနည်းနဲ့ သားသမီး (၃)ယောက်စလုံးကို ကျောင်းထားဖို့ဆိုတာ “မမီ တဲ့ပန်း တုံးခုလို့လှမ်း” ဆိုသလို ဖြစ်နေရတယ်လို့လည်း သူက ဆိုပါတယ်။
ပိုဆိုးတာက ဒေါ်လေးလေးမာတို့ မိသားစုဟာ ကျူးကျော်နေထိုင်သူတွေဖြစ်လို့ ရန်ကုန်မှာ အိမ်ထောင်စုစာရင်းလည်း မရ တာပါ။ ယခင်နေခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာလေးကြောင့်သာ အငယ်ဆုံးသမီးလေးတယောက်ကိုပဲ ကျောင်းထားလို့ရပါတယ်။
“အခမဲ့ပညာရေးဆိုပေမယ့် ကျမတို့က တနေ့လုပ်မှ တနေ့စားရတာလေ။ ကလေးတွေအကုန်လုံးကျောင်းထားရင် ကျူရှင် စရိတ်လည်း ထပ်မပေးနိုင်ဘူး။ အခုတောင် အငယ်ဆုံးမလေးက(၄)တန်းရောက်နေပြီ။ ကျောင်းမှာလည်း ကျူးတဲကနေ ကျောင်းတက်ရတာဆိုတော့ သမီးလေးမှာ အနှိမ်ခံရရှာတယ်” လို့ စိတ်မကောင်းတဲ့အသံအက်အက်နဲ့ ဒေါ်လေးလေးမာက ပြောပြပါတယ်။ “သူ့အထက်က သားနှစ်ယောက်။ တယောက်က လက်ဖက်ရည်ဆိုင်စားပွဲထိုး။ တယောက်ကတော့ ‘ဘောက်’ (ကြုံရာကျပန်း) လုပ်တာပေါ့”
စက်မှုဇုန်တွေအတွင်း ကျူးကျော်နေထိုင်သူတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဖယ်ရှားတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေလို့ သူ့အနေနဲ့ ရတက်မအေးနိုင်ဘဲ ဖြစ်နေရတယ်လို့လည်း ဆိုပါတယ်။
အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း ပညာရေးကဏ္ဍမှာ အသုံးစရိတ်တွေ တိုးမြှင့်သုံးစွဲနေပေမယ့် တဖက်က လူတဦး ချင်းစီရဲ့ ဝင်ငွေတိုးမြင့် မလာသေးပါဘူး။ ဥပမာအားဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ပညာရေး အသုံးစရိတ်ဟာ နိုင်ငံအသုံး စရိတ်ရဲ့ (၅)ဒဿမ(၉)ရာခိုင်နှုန်း ရှိခဲ့ပေမယ့်…၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာတော့ (၈)ဒဿမ(၅၃)ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲ တာပါ။
မြန်မာနိုင်ငံသားတဦးရဲ့ တနှစ်ပျမ်းမျှဝင်ငွေဟာ အမေရိကန် ဒေါ်လာ (၁၇၀၀) ဝန်းကျင်လို့ ခန့်မှန်းပါတယ်။ အဲဒီ ပမာဏ ကို လက်ရှိ ငွေလဲလှယ်နှုန်းဖြစ်တဲ့ (၁)ဒေါ်လာ (၁၃၀၀)ကျပ်နဲ့ မြှောက်ကြည့်ရင် မြန်မာနိုင်ငံသား တဦးရဲ့ (၁)နှစ် ပျမ်းမျှ ဝင်ငွေဟာ(၂၂)သိန်း(၁)သောင်းကျပ်ပါ။ (၁)လ ပျမ်းမျှဝင်ငွေကို ဆက်ပြီးတွက်ကြည့်တော့ (၁၈၄၁၆၆) ကျပ်ဝန်းကျင်ပဲရှိ တဲ့ သဘောပါ။
ပျမ်းမျှအားဖြင့် (၁)လ ကျပ်(၂)သိန်းတောင် မပြည့်တဲ့ဝင်ငွေဟာ မိသားစုရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် ဘယ်လိုမှ လောက်ငှအောင် သုံးစွဲလို့ မရနိုင်ပါဘူး။
မိဘတွေအားလုံးကတော့ ကိုယ့်သားသမီးကို ပညာသင်စေချင်ကြမှာပါ။ ငွေကြေးတတ်နိုင်သူတွေက သူတို့ရဲ့ ကလေးတွေ ကို နာမည်ကြီး ကျောင်းကောင်းကောင်းမှာထား၊ အကောင်းစားကားနဲ့ ကျောင်းပို့ကျောင်းကြိုလုပ်၊ အိမ်မှာလည်း အကောင်း ဆုံးဂိုက်ကိုငှားပြီး ပညာသင်ကြားပေးနိုင်ပေမယ့် ဆင်းရဲချို့တဲ့တဲ့ မိသားစုတွေမှာတော့ ကျောင်းထားဖို့ထက် မိသားစု အသက်ရှင်သန်ဖို့သာ ရုန်းကန်နေရပါတယ်။
ဒေါ်ခင်မွန်က နွမ်းယဲ့ယဲ့လေသံနဲ့ အခုလို ပြောလိုက်ပါတယ်။
“ကလေးတွေအပေါ် မိခင်တယောက်အနေနဲ့ တာဝန်မကျေသလို ခံစားနေရတယ်။ အစိုးရကသာ ကျမတို့လို လူတွေအ တွက် ဝင်ငွေများလာအောင် အစီအမံတွေ လုပ်ပေးနိုင်ရင် ကလေးတွေကို ကျောင်းထားနိုင်မှာပါ။ ပညာမတတ်တော့ အ လုပ်အကိုင်ကောင်းကောင်းမရ၊ အလုပ်အကိုင်ကောင်းကောင်းမရတော့ ဝင်ငွေနည်း၊ ဝင်ငွေနည်းတော့ ကလေးတွေ ကျောင်းမထားနိုင်ဆိုတဲ့ သံသရာလည်နေတဲ့ နွံထဲက ရုန်းထွက်ချင်ပါပြီ”
မျက်ရည်စတွေဝေ့သီနေတဲ့ သူမရဲ့မျက်ဝန်းအကြည့်တွေကတော့ လမ်းပေါ်မှာ ဖြတ်သွားတဲ့ အဖြူ၊ အစိမ်းဝတ် ကျောင်းသူ ကျောင်းသားလေးတွေရဲ့ ကျောပြင်ကို ငေးမောနေပါတော့တယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021