နန်းဆိုင်နွမ်။ ။
“ ပုခုံးကို ပုတ်လိုက်၊ ခါးလာဖက်လိုက်နဲ့…”
ထိကပါး ရိကပါး ပြုလုပ်ခံနေရတဲ့ စက်ရုံအလုပ်သမ မဝင်းမော်က သူမကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြနေ တာပါ။
မဝင်းမော်တို့ရဲ့ စက်ရုံအလုပ်သမားခေါင်းဆောင် (အလုပ်ကြီးကြပ်သူ) တွေဟာ အမျိုးသားတွေဖြစ်ပြီး၊ မဝင်းမော် အပါအဝင် အလုပ်လုပ်နေတဲ့ အမျိုးသမီးအလုပ်သမတွေကို နေ့စဉ် လုပ်ငန်းခွင်ထဲမှာ ထိကပါး၊ ရိကပါး ပြုလုပ် တတ်ကြပါတယ်။
မဝင်းမော်ဟာ မန္တလေးမြို့က နာမည်ကျော် Ve Ve အချိုရည်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတဦးပါ။
“ တခါတလေလည်း စသလိုလိုနဲ့ ဖင်ပုတ်သွားတာတွေ၊ ပခုံးပုတ်သွားတာတွေ လုပ်တယ်”လို့ မဝင်းမော်က သူမ ကြုံတွေ့ရတာတွေကို ပြောပြပါတယ်။
အလုပ်သမတွေက မကျေနပ်လို့ ပြန်ပြောရင်လည်း “ ကျမတို့ကို တခြားအမျိုးသားတွေကြားမှာ မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာမှုတွေ ပြုလုပ်တယ်” လို့ ဆိုပါတယ်။
အလုပ်ကြီးကြပ်သူ အမျိုးသားတွေဟာ သူတို့စိတ်အလိုမကျတဲ့အခါ လက်အောက်ငယ်သား အမျိုးသမီး အလုပ် သမတွေကို ခြေထောက်နဲ့ ဆောင့်ကန်တာတွေလည်း ပြုလုပ်တတ်တယ်လို့ မဝင်းမော်က ဆိုပါတယ်။
“ ကျမတို့ကို ရိုက်တာတွေ၊ ထိတာတွေ၊ ကန်တာတွေကို မကြိုက်ပေမယ့် ခေါင်းဆောင်တွေဆိုတော့ ခံနေရပါ တယ်။ အရမ်းလွန်လာပြီထင်ရင်တော့ မခံနိုင်လို့ အမျိုးသားခေါင်းဆောင် မထားဖို့ တောင်းဆိုကြတယ်” လို့ မဝင်း မော်က ဆက်လက်ပြောပြပါတယ်။
ဒီအလုပ်ကြီးကြပ်သူတွေဟာ တခါတလေလည်း အရက်သေစာသောက်စားလာကြပြီး အမျိုးသမီး အလုပ်သမတွေ ကို အလုပ်ဖိခိုင်းတာတွေလည်း ပြုလုပ်တတ်ကြတယ်လို့ စက်ရုံအလုပ်သမတွေက ပြောပြပါတယ်။
စက်ရုံအလုပ်သမတဦးဖြစ်တဲ့ မသန္တာစိုးကလည်း “ ကျမတို့ခံပြောရင်တော့ အမျိုးသမီးတွေ မလုပ်နိုင်တဲ့နေရာတွေ ကို ပို့တယ်။ တခြားလူတွေရှေ့မှာ အရှက်ခွဲတာတွေ လုပ်ပါတယ်” လို့ သူမကြုံတွေ့ရတဲ့အဖြစ်အပျက်ကို ပြောပြပါ တယ်။
အလုပ်ကြီးကြပ်သူတွေဟာ သူတု့ိလက်အောက်ငယ်သား အမျိုးသမီးတွေကို နိုင်ထက်စီးနင်းလုပ်တာတွေ၊ မခံနိုင် အောင် ဆဲရေးတိုင်းထွာတာတွေ၊ ကိုယ်ထိလက်ရောက်ပြုတာတွေ မလုပ်ဖို့ မသန္တာစိုးက တောင်းဆိုလိုက်ပါတယ်။
“ ကျမတို့အနေနဲ့ အလုပ်ကြီးကြပ်သူ အမျိုးသမီးတွေ ခန့်ထားပေးဖို့၊ အိမ်သာတွေကို ယောက်ျားမိန်းမ ခွဲထားပေး ဖို့၊ ဒါတွေအရင်တောင်းဆိုချင်တယ်” လို့ သူမက ဆက်လက်ပြောပါတယ်။
စက်ရုံအလုပ်ကြီးကြပ်သူအများစုက အမျိုးသားတွေ ဖြစ်ကြပြီး၊ အမျိုးသမီးများကို ဆက်ဆံပြောဆိုတဲ့အခါ ထိကပါး ရိကပါး ပြောဆိုဆက်ဆံကြသလို ကိုယ်ထိလက်ရောက် ရိုက်ပုတ်တာ၊ ခန္ဓာကိုယ်ကို ထိတွေ့ကိုင်တွယ်တာမျိုးတွေ လည်း ပြုလုပ်တတ်လို့ အမျိုးသမီးခေါင်းဆောင်ကိုသာ ခန့်ပေးစေချင်နေကြတာပါ။
ဆက်လက်ပြီး အလုပ်သမတွေရဲ့ ဆန္ဒမပါဘဲ နေရာ၊ ဌာန မပြောင်းရွှေ့ဖို့နဲ့ အလုပ်သမတွေအတွက် လူမှုဖူလုံရေး ကဒ်တွေ ထုတ်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။
“ ခိုင်းတဲ့အတိုင်းလုပ်၊ ပြောအတိုင်းလုပ်ဆိုပြီး အာဏာတွေသုံးတယ်။ မလုပ်ရင် ဖင်ဆောင့်ကန်တယ်” လို့ Ve Ve စက်ရုံ အလုပ်သမ မရွှေရည်လင်းက ပြောပါတယ်။
စက်ရုံအလုပ်ရုံတွေမှာ အလုပ်ခေါင်းဆောင် (ကြီးကြပ်သူ) အမျိုးသားတွေက ကိုယ့်လက်အောက်ငယ်သား အမျိုး သမီးတွေကို နိုင့်ထက်စီးနင်းဆက်ဆံမှုတွေ ပြုလုပ်နေတယ်ဆိုတာကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ ၂၀၁၇ ခု နှစ်က ထုတ်ဝေတဲ့ “ ပြုပြင်ပြောင်းလဲမှုနောက်ကွယ်မှ အမေ့လျော့ခံ အမျိုးသမီးအလုပ်သမများ” မှတ်တမ်း သု တေသနစာအုပ်မှာလည်း ဖော်ပြထားပါတယ်။
အထည်စက်ရုံ ကြီးကြပ်သူတချို့ဟာ သူတို့လက်အောက်ငယ်သားတွေကို ပါးရိုက်တဲ့အဆင့်အထိရှိတယ်လို့ ဒီသု တေသနစာတမ်းမှာ ရေးသားထားပါတယ်။
“ အဓိက လက်အောက်ငယ်သားကို နှိပ်စက်နေတဲ့သူတွေက ကိုယ့်ရဲ့ခေါင်းဆောင်တွေပါပဲ။ သူတို့စိတ်တိုင်းကျ မလုပ်နိုင်ရင် ဆဲရေးတိုင်းထွာတယ်၊ ကိုယ်ထိလက်ရောက်လုပ်ကြတယ်” လို့ လှိုင်သာယာ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မကြူကြူသင်းက ဆိုပါတယ်။
အလုပ်ကြပ်များအနေနဲ့ အမျိုးသမီးအလုပ်သမများကို အကြမ်းဖက်မှုတွေ မပြုလုပ်စေချင်သလို နှုတ်နဲ့ မကြားဝံ့ မနာသာ ဆဲဆိုခြင်းတွေလည်း မလုပ်ကြဖို့ မဝင်းမော်က ထပ်မံ ပြောဆိုလိုက်ပါတယ်။
အလုပ်ကြီးကြပ်သူတွေရဲ့ အမြဲလိုလို ထိကပါးရိကပါး ပြောဆိုမှုတွေကြောင့် “ ကျမဆို စက်ရုံအလုပ်ရုံတွေမှာ အလုပ် မလုပ်ချင်တော့ဘူး။ ငွေနည်းနည်းရှိရင် အိမ်ဆိုင်လေးပဲ ဖွင့်တော့မယ်” လို့ မဝင်းမော်က သူမဖြစ်ချင်တာ တွေကို ပြောပါတယ်။
မြန်မာနိုင်ငံက အထည်စက်ရုံ၊ စားသောက်ကုန်စက်ရုံတွေမှာ အမျိုးသမီးအလုပ်သမတွေ အများစုရှိနေပါတယ်။
လက်ရှိမှာတော့ ဒီအလုပ်သမတွေဟာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတွေ ဆုံးရှုံးနေပြီး နှုတ်နဲ့ဖြစ်ဖြစ်၊ ကိုယ်ထိလက်ရောက်ဖြစ်ဖြစ်၊ အမြဲတမ်းစော်ကားခံနေရပါတယ်လို့ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်နေသူတွေ က ပြောဆိုနေကြတာပါ။
လက်အောက်ငယ်သားတွေကို ရိုင်းစိုင်းတဲ့အပြုအမူတွေနဲ့ဆက်ဆံကြတာနဲ့ပတ်သက်ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်မာမာဦးက “ စက်ရုံစည်းကမ်းတွေမှာ ကိုယ့်အထက်အရာရှိကို ပြန်ချေပပိုင်ခွင့် မရှိဘူးဆိုတာနဲ့ ချုပ်ထားတယ်။ အမျိုးသမီးအရာရှိဖြစ်ဖြစ် အမျိုးသားအရာရှိဖြစ်ဖြစ် ပြောဆိုရင် ဘာမှ ပြန်ပြောပိုင် ခွင့်မရှိဘူး။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် အမျိုးသမီးတယောက်ကို ညစ်ညမ်းတဲ့စကားလုံးတွေနဲ့ ဆဲဆိုနေ လို့ အခြားတယောက်ယောက်က လှမ်းကြည့်မိရင်တောင် တခုခုနဲ့ လှမ်းပေါက်တာခံရတယ်” လို့ ဆိုပါတယ်။
အလုပ်သမားကြီးကြပ်သူတွေ အခုလိုလုပ်နေတာတွေကို တိုင်ကြားရကောင်းမှန်းမသိကြသလို၊ တိုင်ကြားမှု ပြုလုပ် ခဲ့ရင် အလုပ်ထုတ်ခံရမှာကိုလည်း စိုးရိမ်ကြတယ်လို့ ဒေါ်မာမာဦးကပြောပါတယ်။
“အမျိုးသမီးအလုပ်သမားတွေ ပြောဖို့သတ္တိရှိရင်တောင်မှ သူတို့ဘက်မှာ ဘာအကာအကွယ်မှ မရှိတော့ မပြောရဲ ကြဘူး။ တခုခုဖြစ်ရင် အလုပ်ထွက်ရမှာစိုးလို့ မပြောချင်ကြဘူး” လို့ ဒေါ်မာမာဦးက ဆိုပါတယ်။။
မြန်မာနိုင်ငံက အမျိုးသမီး အလုပ်သမတွေဟာ တပတ်ကို (၆)ရက် အလုပ်လုပ်ရပြီး၊ အများရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ကို အချိန်ပိုဆင်းနေရတဲ့အထိ ကိုယ်ပိုင်အချိန် မရှိကြတဲ့အတွက် ပြင်ပဗဟုသုတတွေနဲ့ လူ့အခွင့် အရေး၊ အမျိုးသမီးအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို သွားရောက်ပညာပေးဖို့ ခက်ခဲနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကလည်း ပြောဆိုကြပါတယ်။
စက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမတွေဟာ တရက်ကို (၃၆၀၀) ကျပ်သာရရှိပြီး၊ အချိန်ပိုကြေးအဖြစ် တနာရီကို (၉၀၀)ကျပ်ရရှိတယ်လို့ သိရပါတယ်။
အလုပ်ချိန်ကို တရက်(၈)နာရီသတ်မှတ်ထားပေမယ့် အချိန်ပိုပါ ဆင်းရတဲ့အတွက် တရက်ကို (၁၀)နာရီ အလုပ် လုပ်ရပါတယ်။
“ ကျမတို့ တရက်ကို (၁၀)နာရီ အလုပ်လုပ်ရတယ်။ အလုပ်ဆင်းချိန်က မိုးချုပ်တော့ အိမ်ပြန်ချိန်လည်း ခက်ခဲပါ တယ်” လို့ အထည်ချုပ်စက်ရုံက မကြူကြူသင်းက ဖြည့်စွက်ပြောပါတယ်။
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှုအားလုံး ပပျောက်ရေး သဘောတူစာချုပ် (CEDAW – စီဒေါ) ကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ ကတိကဝတ်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။
စီဒေါစာချုပ်အပိုဒ် (၁၁) အရ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူအလုပ်လုပ်ခွင့်၊ လုပ်ခခံစားခွင့်၊ အလုပ် ရွေးချယ်ခွင့်၊ လုံခြုံသော လုပ်ငန်းခွင်ရရှိခွင့်တို့ ရရှိရမှာဖြစ်ပါတယ်။
“ ကျမတို့နိုင်ငံက စီဒေါကို လက်မှတ်ထိုးထားပြီးပြီ။ ဒါပေမယ့် အခုထိတော့ လိုက်နာကျင့်သုံးတာတွေ မရှိသေးဘူး။ အလုပ်သမားတွေအတွက် မီးဖွားခွင့်ဆိုတာလောက်ပဲ အမျိုးသမီးတွေက သိကြတယ်။ ဥပဒေတွေမှာ မိန်းကလေး တွေ လေးလံတဲ့ပစ္စည်းတွေ သယ်ပိုးခွင့် မရှိဘူး။ အမျိုးသမီးတွေ တလတခါ ကျန်းမာရေးအရ သက်သောင့်သက် သာ ထားရမယ်ဆိုတာ အလုပ်သမားဥပဒေမှာ ရှိတယ်။ ဒါပေမယ့် အလုပ်သမတွေဖက်ကလည်း ဒီလိုအခွင့်အရေး တွေ ရှိတယ်ဆိုတာတောင် မသိသလို အလုပ်ရှင်တွေကလည်း အသိမပေးထားပါဘူး” လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ဒေါ်မာမာဦးက ဆက်လက်ပြောပါတယ်။
အမျိုးသမီးတွေအတွက် ကာကွယ်စောင့်ရှောက်မှုဆိုတာ ဥပဒေမှာပါပေမယ့် လက်တွေ့ဘဝမှာတော့ ခံစားပိုင်ခွင့် မရှိကြပါဘူး။ အစိုးရအပိုင်းကလည်း အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေ မရှိသေးလို အမျိုးသမီးအလုပ်သမတွေအတွက် အကာအကွယ်ပေးမှုတွေလည်း မရှိသေးပါဘူးလို့ အလုပ်သမား အရေးဆောင်ရွက်နေသူတွေက ပြောဆိုနေပါတယ်။
ဒီလိုသုံးသပ်မှုတွေအပေါ်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ခံ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ “ အမျိုးသမီးတွေကို အကာအကွယ်ပေးတာတော့ သီးသန့်လုပ်တာမရှိဘူး။ အမှုတွေ ပြဿနာတွေ ဖြစ်လာလို့ တိုင်ရင်တော့ ဆောင် ရွက်ပေးတယ်။ မီးဖွားခွင့်နဲ့ လူမှုဖူလုံရေးတွေတော့ ရှိပါတယ်။ လောလောဆယ်လုပ်နေတာကတော့ ကလေး အလုပ်သမားပပျောက်ရေး လုပ်နေပါတယ်။ အိမ်အကူအလုပ်သမားကျတော့ ပြည်ထဲရေးနဲ့ ဆိုင်သွားတယ်။ စက်ရုံ တွေတော့ ဒီဌာနနဲ့ဆိုင်တယ်။ အကာအကွယ်မပေးတာတော့မဟုတ်ဘူး၊ တိုင်ကြားလာရင်တော့ ဆောင်ရွက်ပေးပါ တယ်။ ပြဿနာတက်လာရင် နေပြည်တော်ကို တိုင်လို့ရသလို မြို့နယ်ရုံး၊ တိုင်းရုံးတွေလည်း တိုင်လို့ရတယ်။ သတင်းအချက်အလက်မေးတာလည်း လုပ်လို့ရပါတယ်။ ပညာပေးဟောပြောပွဲတွေလည်း လုပ်ခွင့်ပေးပါတယ်။ ဌာနအနေနဲ့လည်း ပညာပေးဟောပြောပွဲတွေ လိုက်လုပ်ပေးတာရှိတယ်” လို့ ဦးစီးဌာနက အမည်မဖော်လိုတဲ့ တာဝန် ရှိသူတဦးက ပြောပါတယ်။
ဒီအပေါ်မှာ ဒေါ်မာမာဦးကတော့ အခုလိုသုံးသပ်ပြောဆိုထားပါတယ်။
“ အလုပ်သမားရေးလုပ်နေတဲ့အဖွဲ့အစည်းတွေကလည်း ဘတ်ဂျက်အပေါ် မူတည်ပြီးလုပ်ကြရတယ်။ အမျိုးသမီး အချင်းချင်း ဖြစ်တာတောင် အမျိုးသမီးအလုပ်သမားအတွက် ကူညီဆောင်ရွက်ပေးတာ မရှိသလောက်ပဲ။ အခြေခံ အမျိုးသမီးထုကို မေ့လျော့နေကြတယ်။ အစိုးရပိုင်းက လုပ်ဆောင်ပေးမှုတွေကလည်း သဘောတရားလောက်ပါ။ အားရကျေနပ်စရာ မရှိသေးပါဘူး ”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021