သွေး (စစ်ကိုင်း)။ ။
“ဟိုမှာ… တစ်လမှာ ၄ သိန်းရမယ်၊ စက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုလို့ ယုံယုံကြည်ကြည်နဲ့ လိုက်သွားမိတယ်။ ကျမမှာ မျက် စေ့သူငယ် နားသူငယ်နဲ့…၊ နောက်ဆုံးတော့ တရုတ်မယားအနေနဲ့ ရောင်းစားလိုက်ကြတယ်။ မြန်မာပြည်ကို ပြန်ရောက် လာတာပဲ ကျေးဇူးတင်နေရသေးတယ်”
“နင်… ထွက်မပြေးနဲ့တဲ့။ တစ်နေ့တစ်နေ့ လောကငရဲပါပဲ။ ကျမကို ယူလိုက်တဲ့ တရုတ်အတွက် ကလေးတစ်ယောက် မွေး ပေးရတယ်။ ဒါပေမယ့် အဲဒီလူနဲ့၊ အဲဒီနေရာမှာ ကျမမပျော်ဘူး။ သူအပြင်ထွက်သွားတဲ့ တနေ့မှာ မရအရ ထွက်ပြေးပြီး မြန်မာပြည်က ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်။ ကလေးကို သတိရပေမယ့် … ကျမလွတ်မြောက်မှဖြစ်မှာ..”
တရုတ်နိုင်ငံမှာ ရောင်းစားခံခဲ့ရတဲ့ မိန်းကလေးတွေထဲက နှစ်ယောက်ရဲ့ ရင်ဖွင့်ပြောပြတာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ထဲကနေ တရုတ်နိုင်ငံထဲကို လူကုန်ကူးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဖြစ်ပေါ်နေဆဲဖြစ်သလို တဖက်က လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေပေမယ့်လည်း နေ့စဉ်နဲ့အမျှ လူကုန်ကူးမှုတွေ စိုးရိမ်စရာကောင်းအောင် ဖြစ်ပေါ် နေပါသေးတယ်။
အသက် ၂၀ ဝန်းကျင်ပဲရှိသေးတဲ့ “သန္တာဖြိုး” ဟာ မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတစ်ရွာကပါ။ မိသားစုရဲ့ စားဝတ် နေရေး ကြပ်တည်းမှုကို တထောင့်တနေရာကနေ ဖြေရှင်းမယ်လို့ ဆုံးဖြတ်ချက်ချထားသူပါ။ ရန်ကုန်ကို တက်လာပြီး အလှပြင်သင်တန်းတက်ခဲ့ပါတယ်။
သင်တန်းဆင်းလာပြီးတဲ့နောက် အလှပြင်ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူမရတဲ့ လခက တစ်သိန်း ငါး သောင်း ကျပ်ပါ။
အဆောင်လခက တစ်လမှာ ၄ သောင်းကျပ်ပေးရလို့ ချွေတာပြီး စားသောက်တာတောင် နယ်က မိဘတွေဆီ တစ်လမှာ ၂ သောင်းကျပ်ထက် ပိုပြီးပို့မပေးနိုင်ခဲ့ပါ။ သူမလုပ်နေတဲ့ အလှပြင်ဆိုင်ကို ပုံမှန်လာတတ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ရဲ့ အဆက်အသွယ်ကောင်းမှုနဲ့ တရုတ်မယားအဖြစ် လူကုန်ကူးခံရဖို့ ဖြစ်လာခဲ့ပါတယ်။
“သူက ဆိုင်ကိုလာရင်… လက်ကောက်တွေက တံတောင်ဆစ်လောက် ဝတ်လာတယ်။ သမီးကို သနားတယ်တဲ့။ တရုတ်က အထည်အလိပ်ချုပ်တဲ့ စက်ရုံမှာလုပ်ရင် တစ်လကို ၄ သိန်းလောက် ရမယ်လို့လည်း ပြောတယ်။ နောက်ကျမှ သမီး ရောင်း စားတာ ခံလိုက်ရပြီလို့ သိလိုက်ရတာ။ သမီး ငွေမက်လို့ မဟုတ်ပါဘူး။ မိသားစုအတွက် ထောက်ပံ့ပေးချင်တဲ့စိတ်နဲ့ သူ့ကို ယုံကြည်မိပြီး ဖြစ်သွားတာ။ သမီးရဲ့မှတ်ပုံတင်ကိုလည်း သူရောင်းစားလိုက်တဲ့ တရုတ်က သိမ်းထားလိုက်တယ်။ ထမင်း တောင် ၀၀မစားရပါဘူး။ သမီးတစ်ခု ကံကောင်းတာက မြန်မြန်ပြန်လွတ်မြောက်လာတာပါ” လို့ ပြောပြတယ်။
အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှု၊ တစ်ဦးချင်းဝင်ငွေနည်းပါးမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု စတဲ့အကြောင်း ရင်းတွေက မိန်းကလေးတွေကို လူကုန်ကူးခံရစေဖို့ တွန်းပို့နေတဲ့အချက်တွေ ဖြစ်နေပါတယ်။ လူပွဲစားတွေအတွက်တော့ ဒီလိုလူကုန်ကူးတဲ့အလုပ်ကနေ အမြတ်တွေ မြိုးမြိုးမြက်မြက်ရနေတဲ့အတွက် လူကုန်ကူးမှုက ဆက်လက်ဖြစ်ပေါ်နေမှာပါ။ ဒီမိန်းကလေးတယောက် ရောင်းလိုက်ရရင် သူတို့ ရတဲ့ပွဲစားခက မြန်မာငွေနဲ့ သိန်း(၅၀)ကနေ သိန်း (၁၀၀)အထိ ရှိတယ် လို့ သိရပါတယ်။
မိန်းကလေးတွေ အသက်ငယ်ရင် ငယ်သလို ဈေးကောင်းရတယ်လို့လည်း ဆိုပါတယ်။ အသက် (၁၆) နှစ်အောက် မိန်းက လေးဆိုရင် ယွမ်တစ်သိန်းနှစ်သောင်း၊ (၁၆)နှစ်ကျော်ရင် ယွမ်တစ်သိန်းကနေ တစ်သိန်းနှစ်သောင်း၊ အသက် (၁၈)နှစ်က နေ အသက်(၂၀)ဝန်းကျင်ဆိုရင် ယွမ်(၈)သောင်းကနေ (၉)သောင်းအထိ ပေါက်ဈေးရှိပါသတဲ့။ တစ်ယွမ်မှာ မြန်မာကျပ် ငွေ (၂၀၀) ဝန်းကျင်ဖြစ်ပါတယ်။
“လင်းလင်းနွယ်” က ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ကပါ။ ရန်ကုန်မှာ အလုပ်တစ်ခုလုပ်မယ်ဆိုပြီး လှိုင်သာ ယာစက်မှုဇုန်က အထည်ချုပ်စက်ရုံတခုမှာ အလုပ်ဝင်လုပ်ခဲ့တာ(၃)နှစ်နီးပါးရှိပါပြီ။ သူကအလုပ်ကို ခင်တွယ်သူတယောက် မို့ အလုပ်လုပ်ရတာ ပင်ပန်းတယ်လို့ သဘောမထားပါဘူး။ ဒါပေမယ့် လစာက နည်းပါးလွန်းတာကြောင့် စားဝတ်နေရေး ခက်ခဲလာပါတယ်။
“တကယ်လို့ ရန်ကုန်မှာပဲ လစာ(၂)သိန်းခွဲလောက် ရရင်ကို ညီမ ကောင်းကောင်းရပ်တည်နေနိုင်ပါတယ်။ အခုကျ တရက် လုပ်အားခ ၃၆၀၀ နဲ့ ရပ်တည်ဖို့က မလွယ်ဘူးလေ။ ညီမနဲ့ ခင်နေတဲ့ အစ်မကြီးတယောက်က နင့်အရည်အချင်းမျိုးနဲ့ဆို တရုတ်က အထည်ချုပ်စက်ရုံမှာလုပ်ရင် တစ်လ(၅)သိန်းလောက် ရနိုင်တယ်လို့ ပြောတယ်။ သူပြောပြောချင်း ညီမက ဖြစ် နိုင်ပါ့မလားလို့ စဉ်းစားမိသေးတယ်။ ဒါပေမယ့် ဒီမှာက ဆက်လက်ရပ်တည်နေထိုင်ဖို့ အဆင်မပြေတော့ သူခေါ်ရာလိုက် ခဲ့တယ်။ နောက်တော့ ရောင်းစားခံလိုက်ရတာ”
လင်းလင်းနွယ်ဟာ လူပွဲစားတွေရဲ့ သားကောင်ဖြစ်ရသူတွေထဲက မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ ဘိုကလေးနဲ့ ရန် ကုန်ကလွဲပြီး ဘယ်မှ မရောက်ဖူးသူမို့ တရုတ်ပြည်ဆိုတာ “နတ်ဘုံနတ်နန်းလား” လို့တောင် ထင်မိပါသတဲ့။ အမျိုးသမီးကြီး တယောက်က သူမနဲ့အတူတူ တခြားမိန်းကလေး (၂)ယောက်ကို ရှမ်းပြည်နယ်၊ မူဆယ်မြို့ကို ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ခေါ် ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှ လင်းလင်းနွယ် သိလိုက်ရတာက အဆင့်ဆင့်သော လက်လွှဲမှုတွေနဲ့အတူ ရောင်းစားခံလိုက်ရပြီဆိုတာပါပဲ။ သူမက အသက် (၂၅)နှစ်အရွယ်ပဲ ရှိသေးတာမို့ ကလေးတစ်ယောက် မွေးပေးပြီးနောက်ပိုင်း ဘယ်လို လွတ်မြောက် အောင် လုပ်ရမလဲဆိုတာကို အမြဲစဉ်းစားနေခဲ့ပါတယ်။ သူ့ရဲ့မှတ်ပုံတင်ကအစ လက်ကိုင်ဖုန်းအဆုံး အားလုံးသိမ်းဆည်းခံ ထားရတာပါ။ ဒါပေမယ့် တစ်ရက်မှာတော့ အခွင့်အရေးရတုန်း အပြင်ထွက်ခွင့်ရလာပါတယ်။
သူမက ဗမာလူမျိုး အမျိုးသမီးတစ်ယောက်ကို အနီးဝန်းကျင်မှာ မတော်တဆတွေ့လို့ ကူညီနိုင်မလားလို့ အကျိုးအကြောင်း ပြောပြီး အကူအညီ တောင်းခဲ့ပါတယ်။ ကံကောင်းတာက အဲဒီအမျိုးသမီးက မူဆယ်က လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ် ဖွဲ့ဆီ ဖုန်းဆက်ပေးပြီး ကူညီခဲ့ပါတယ်။
“ပြန်တွေးကြည့်ရင် အိပ်မက်ဆိုးတစ်ခုပါပဲ။ ညီမမွေးထားတာက သားလေးပါ။ သူတို့က သမီးဆို သိပ်မလိုချင်လို့ စွန့်ပစ်တာ တွေတောင် ရှိပါတယ်။ ညီမကတော့ ကိုယ့်ဘဝကို အသစ်က ပြန်စဖို့ပဲ စိတ်ကူးထားပါတယ်”
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူကုန်ကူးမှု(၂၂၆)မှု ဖော်ထုတ်နိုင်ခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ တိုင်းဒေသကြီးတွေထဲမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ မကွေးတိုင်းဒေသကြီးတို့က လူကုန်ကူးမှု အမြင့်မားဆုံးဖြစ်နေပါတယ်။ အစိုးရက တရားဝင် ထုတ်ပြန်တဲ့ စာရင်းဇယားအရ မြန်မာနိုင်ငံ လူဦးရေရဲ့ (၃၅)ရာခိုင်နှုန်းကျော်ဟာ အလုပ်အကိုင် လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
မိန်းကလေးတွေကို အပျိုစင်တွေသာမကဘဲ တချို့ဆို ဗိုက်ထဲက သန္ဓေသားကိုပါ အရောင်းအဝယ် လုပ်နေတာတွေ ရှိတယ်လို့ လူကုန်ကူးမှု တားဆီးရေးမှာ ပါဝင်ကူညီဆောင်ရွက်နေသူတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါဟာ တရုတ် နိုင်ငံမှာ ကလေးမွေးဖွားနိုင်မယ့် မိန်းကလေးဦးရေ နည်းပါးနေတာကို မြင်နိုင်ပြီး တစ်အိမ်ထောင် ကလေးတယောက် မူဝါဒ (One Child Policy) ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပါ။ အခုနောက်ပိုင်းမှာ ကလေးနှစ်ယောက်ထိ ယူခွင့်ရှိလာပြီဆိုပေ မယ့် မိန်းကလေးဦးရေ နည်းပါးနေဆဲပါ။
တကယ်လို့ ဗိုက်ထဲက ကလေးဟာ ယောက်ျားလေးဆိုရင် ယွမ် ၄ သောင်းအထိ ရတယ်လို့ သိရပါတယ်။ ရွှေလီမြို့မှာ တစ် နေ့ကို အနည်းဆုံး မိန်းကလေး(၂)ယောက်ကနေ (၃)ယောက်အထိ တရုတ်နိုင်ငံထဲ ရောင်းစားခံနေရဆဲလည်း ဖြစ်ပါ တယ်။
“ဒီလို ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ကံကောင်းတာက ညီမ(၆)လလောက်နဲ့ ပြန်လွတ်မြောက်လာခဲ့တာပဲ။ အထူးသဖြင့် မူဆယ်မှာရှိတဲ့ သူတွေနဲ့ We Chat ကနေ အဆက်အသွယ်ရခဲ့လို့ပါ။ မဟုတ်ရင်… တရုတ်မယားသာမက ဘူး… ကလေးပါ မွေးပေးနေရဦးမှာပါ” လို့ လူကုန်ကူးမှုခံခဲ့ရသူ ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ သန္တာဖြိုးက ပြောပါတယ်။ သူမကို ဖြားယောင်းသွေးဆောင်ပြီး ခေါ်ဆောင်သွားတဲ့ အမျိုးသမီးကိုလည်း တရားစွဲဆိုထားတယ်လို့ဆိုပါတယ်။
လူကုန်ကူးခံရတဲ့ မိန်းကလေးတွေ ပြန်လည်လွတ်မြောက်လာရေး အကူအညီပေး ဆောင်ရွက်နေတဲ့ ကိုညီညီ (အမည်လွှဲ) က အကူအညီပေးရတာဟာ အန္တရာယ်များသလို လူပွဲစားတွေရဲ့ အငြိုးအတေးတွေပါ ခံရတယ်လို့ ပြောပါတယ်။
“တကယ်တမ်း ကျွန်တော်တို့ကယ်နိုင်တာက လူကုန်ကူးခံရတဲ့ အရေအတွက်ရဲ့ (၂၀)ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ကျန် နေတာ (၈၀)ရာခိုင်နှုန်းလောက် ရှိနေပါသေးတယ်။ လူကုန်ကူးခံရသူအများစုက မြို့ပြထက် ကျေးလက်ဒေသတွေက ပိုများ တယ်။ သူတို့က ပညာသိပ်မတတ်တာ၊ နားယောင်လွယ်တာ၊ ဥပဒေကို သေသေချာချာ နားမလည်တာတွေကြောင့် သား ကောင် ဖြစ်သွားကြရတယ်” လို့လည်း ရှင်းပြပါတယ်။
တရုတ်မှာ ရောင်းစားခံလိုက်ရတဲ့ မိန်းကလေးတွေကို ဖုန်းပေးမကိုင်တာကြောင့် သူတို့ ဘယ်နေရာမှာရှိသလဲ ဆိုတာကို အလွယ်တကူ မသိရပါဘူး။ We Chat ကနေ ဆက်သွယ်ရင်တောင် အကောင့်ဖွင့်ထားမှ ကူညီနေသူတွေနဲ့ ချိတ်ဆက်မိ နိုင်ပါတယ်။ တချို့ မိန်းကလေးတွေဆို ထွက်ပြေးဖို့ ကြိုးစားလို့ အသတ်ခံရတာတောင် ရှိပါသတဲ့။
အမျိုးသမီးနဲ့ ကလေးငယ်တွေကို လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားခဲ့ရင် “လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ” အရ အနည်းဆုံး ထောင်ဒဏ်(၅)နှစ်ကနေ အများဆုံး ထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်ခံရနိုင်သလို ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်။ ပြည်တွင်းမှာ မိန်းကလေးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှ၊ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို အခုထက်ပိုပြီး ပညာပေးနိုင်မှ၊ လူပွဲစားတွေကို ထိထိရောက်ရောက် အရေးယူနိုင် မှ ဖြစ်မယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
“သမီးက ရိုးရိုးသားသားပဲ လုပ်ကိုင်စားသောက်ချင်ပါတယ်။ ငါးပိရည်နဲ့ပဲ စားနေရ၊ စားနေရ…၊ တရုတ်မယားတော့ ဘယ် တော့မှ နောက်ထပ်အဖြစ်မခံနိုင်ဘူး” လို့ ပြောပြတဲ့ သန္တာဖြိုးရဲ့စကားက လူ့အဖွဲ့အစည်းအပါအဝင် အစိုးရအဖွဲ့ဝင်ကိုပါ ပေး နေတဲ့ သတင်းစကားပါဘဲ။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021