နန်းဆိုင်နွမ်။ ။
ရင်နှစ်သည်းချာ သမီးငယ်ကို အဓမ္မပြုကျင့်လိုက်တဲ့ အမျိုးသားကို ထောင်ဒဏ်(၄)နှစ်သာ အမိန့်ချလိုက်တာကို ဘယ်တုန်းကမှ မကျေနပ်နိုင်ခဲ့ဘူးလို့ ဒေါ်ဝင်းနွဲ့က ပြောပါတယ်။
အမိန့်ချလိုက်တာ တနှစ်ရှိပြီလို့ဆိုရင်း သူ့သမီးငယ်အနိုင်ကျင့်ခံလိုက်ရတဲ့အဖြစ်အပျက်တွေကို ဒေါ်ဝင်းနွဲ့က ပြန် ပြောပြပါတယ်။
“သမီးကို အင်္ကျ ီအသစ်ဝယ်ပေးမယ်ဆိုပြီး ဦးစိုးနိုင်က ခေါ်သွားတယ်။ ကျမသမီးကိုတွေ့တော့ နှုတ်ခမ်းမှာလည်း ဒဏ်ရာ၊ မိန်းမအင်္ဂါမှာလည်း အရမ်းယောင်နေတယ်”လို့ ဒေါ်ဝင်းနွဲ့က ဖြစ်စဉ်ကို ဝမ်းနည်းစွာ ပြန်ပြောပြပါတယ်။
အဓမ္မပြုကျင့်ခံလိုက်ရတဲ့ ဒေါ်ဝင်းနွဲ့ရဲ့သမီးလေးဟာ အသက်(၉)နှစ်အရွယ် စတုတ္ထတန်းကျောင်းသူလေးဖြစ်ပါ တယ်။
ဒေါ်ဝင်းနွဲ့တို့မိသားစုဟာ ထားဝယ်မြို့နယ်မှာ နေထိုင်တဲ့ ကျေးလက်နေပြည်သူတွေပါ။
ဒေါ်ဝင်းနွဲ့က တရက် (၄၀၀၀)ကျပ်ရတဲ့ နေ့စားအလုပ်သမတဦးဖြစ်ပြီး ကျန်းမာရေးမကောင်းတဲ့ ခင်ပွန်းသည်နဲ့ သမီးကို ရှာဖွေကျွေးမွေးနေသူတစ်ဦးဖြစ်ပါတယ်။
ဖြစ်စဉ်ကတော့ ၂၀၁၅ ခုနှစ်မှာ မဝင်းမာ(အမည်လွှဲ)ဟာ ကျန်းမာရေးမကောင်းတဲ့ဖခင်အတွက် ဆေးသွားဝယ်ပေး ရာ အိမ်အပြန်လမ်းမှာ တရွာတည်းသား ဦးစိုးနိုင်က လမ်းကြုံခေါ်ဆောင်လာပြီး အတင်းအဓမ္မ ပြုကျင့်ခဲ့တယ်လို့ မိခင်ဖြစ်သူက ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။
ဖြစ်ဖြစ်ချင်း ရွာသူကြီးဆီကို တိုင်ကြားပေမယ့် ချက်ချင်းအမှုဖွင့် မစစ်ဆေးပဲ နောက်တနေ့ မနက်မှလာဖို့ ပြောခဲ့ တယ်လို့ ဒေါ်ဝင်းနွဲ့က ကြုံတွေ့ခဲ့တာတွေကို ပြန်ပြောပြပါတယ်။
“ စဖြစ်တဲ့နေ့မှာတော့ ကျမသမီးကို မောင်းမကန်ဆေးခန်းခေါ်သွားတယ်။ ရဲစခန်းသွားတိုင်တယ်။ နောက်ဆုံး ထား ဝယ်ဆေးရုံသွားပြီး ဆေးစစ်တယ်။ ဆေးစစ်စာက ကျမလက်ထဲကို အမှုပြီးတဲ့အထိ ရောက်မလာဘူး” လို့ ဒေါ်ဝင်း နွဲ့က ပြောပြပါတယ်။
ဒေါ်ဝင်းနွဲ့ဟာ လက်လုပ်လက်စားတစ်ဦးဖြစ်ပြီး တရားဥပဒေကို သေချာနားမလည်တဲ့အတွက် ရဲစခန်း၊ ရွာသူကြီး စတဲ့သူတွေပြောတဲ့အတိုင်းသာ လုပ်ဆောင်ခဲ့ရပါတယ်။
ဒေါ်ဝင်းနွဲ့ဟာ မိခင်တစ်ဦးအနေနဲ့ သမီးလေးရဲ့အမှုကို တရားမျှတမှုရှိဖို့၊ တရားခံကို ကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို့ အများကြီးမျှော်လင့်ခဲ့ပါတယ်။
“ ကျမမှာ ငွေမရှိဘူး။ ဒါပေမယ့် သမီးကို မုဒိမ်းကျင့်တဲ့သူကိုတော့ ပြစ်ဒဏ်များများပေးစေချင်တယ်။ တရားခံ ဘက်က ငွေလာပေးတာတောင် ကျမအမှုမပိတ်ပေးဘူး။ ကျမ ငွေမလိုဘူး။ တရားမျှတမှုပဲလိုတယ်” လို့ ဒေါ်ဝင်းနွဲ့ က ဆိုပါတယ်။
အမှုပိတ်လိုက်မယ်ဆိုရင် နောက်လာမယ့်သူတွေက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို လုပ်ချင်တာလုပ်ပြီး ငွေပေးရင်ရတယ်ဆိုတဲ့ သဘောမျိုးဖြစ်လာမှာစိုးရိမ်လို့ ငွေကိုလက်မခံခဲ့ကြောင်း ဒေါ်ဝင်းနွဲ့ကပြောပြပါတယ်။
ဒါပေမယ့် ဒေါ်ဝင်းနွဲ့မျှော်လင့်ထားတဲ့အတိုင်း မဖြစ်လာတဲ့အပြင် ရဲစခန်းက တရားခံကို သက်ငယ်မုဒိမ်းမှုနဲ့ စွဲချက် မဖွင့်ပဲ လိမ်လည်မှုနဲ့သာ အမှုဖွင့်ခဲ့ပါတယ်။
“ ဆေးစစ်တယ်။ ဆေးစစ်တဲ့ စာရွက်လည်း ကျမကို မပေးဘူး။ နောက်ဆုံးမြို့နယ်က ထောင်(၅)နှစ်ချလိုက်တယ် လို့ပြောမှ ကျမသိရတယ်” လို့ သူက ပြောပါတယ်။
မြို့နယ်က ချမှတ်လိုက်တဲ့ ထောင်ဒဏ်(၅)နှစ်အပေါ် မကျေနပ်တဲ့အတွက် ဒေါ်ဝင်းနွဲ့က နောက်ထပ်မျှော်လင့် ချက်နဲ့ ခရိုင်တရားရုံးကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ ပြန်လည်အယူခံတင်ခဲ့ပေမယ့်လည်း အရာမထင်ခဲ့ပါ။
“ ကျမသမီးကို မုဒိမ်းကျင့်တဲ့သူကို မြို့နယ်တရားရုံးက ထောင်(၅)နှစ်ချတာကို ကျမမကျေနပ်ဘူး။ ဒါကြောင့် ခရိုင် ကို ပြန်တင်တယ်။ ထောင်(၄)နှစ်ပဲ ချလိုက်တယ်။ ကျမကတော့ တသက်လုံးချစေချင်တယ်” လို့ ဒေါ်ဝင်းနွဲ့က ပြောပါတယ်။
နယ်တွေမှာ နေထိုင်တဲ့ ပြည်သူအများစုဟာ ရဲစခန်း၊ တရားရုံးတို့ကို သွားရမှာကြောက်ကြသလို အမှုတခုခုဖြစ်ရင် လည်း တိုင်ကြားဖို့အတွက် စိုးရိမ်ပူပန်ကြပြီး အမှုရင်ဆိုင်ရင် ငွေအကုန်အကျများတဲ့အတွက်လည်း အခက်အခဲ ဖြစ်ကြပါတယ်။
“ ကျမယောကျ်ားက နေမကောင်းတော့ ကျမတယောက်တည်း ရုန်းကန်နေရတယ်။ ကျမတို့မှာ ငွေအင်အား လည်းမရှိ၊ လူအင်အားလည်း မရှိဘူး။ ရုံးချိန်းလည်း အမြဲမသွားနိုင်ဘူး” လို့ ဒေါ်ဝင်းနွဲ့ ကဆိုပါတယ်။
ဆက်လက်ပြီး ဒေါ်ဝင်းနွဲ့က “ ကျမရှေ့နေမငှားနိုင်ဘူး။ တရားရုံးကိုလည်း အမြဲမသွားနိုင်ဘူး။ ဒါကြောင့် သမီး အမှု ရှုံးတယ်လို့ ထင်တယ်” လို့ သူ့ကိုယ်သူ အပြစ်တင်နေပါတယ်။
မုဒိမ်းမှုကျူးလွန်သူကို ပြစ်မှုဆိုင်ရာဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မှာ ထောင်ဒဏ် (၁၀) နှစ် ဖြစ်စေ၊ တသက် တကျွန်း နှစ်(၂၀) ဖြစ်စေ ချနိုင်ကြောင်း သိရပါတယ်။
သို့သော် သက်ငယ်မုဒိမ်းမှု အများစုမှာ ထောင်ဒဏ်(၁၀) နှစ်၊ ထောင်ဒဏ် တသက်တကျွန်းထိ မရောက်ပဲ နှစ်အ နည်းငယ်သာ ချမှတ်ကြသလို မုဒိမ်းမှုမှ လိမ်ညာမှုဆိုပြီး ပြောင်းလဲသွားတတ်ကြောင်း သက်ငယ်မုဒိမ်းမှုကို ကူညီ ဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးအဖွဲ့တွေက ဆိုကြပါတယ်။
သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ထားဝယ်အမျိုးသမီးသမဂ္ဂမှ မယ်စုစုဆွေက “ လုပ်ထုံးလုပ်နည်း မှားယွင်းနေတဲ့ ကိစ္စက မုဒိမ်းမှုလို့တိုင်ရင် မုဒိမ်းမှုလို့ အမှုမဖွင့်ဘူး။ ကြံစည်မှုလို့ပဲ တပ်တယ်။ လိမ်ညာမှုလို့တပ်တယ်။ တရားရေး အရ တရားသူကြီးက အမိန့်မချသေးတဲ့အတွက် တပ်လို့ မရဘူးလို့ ပြောတယ်”လို့ ပြောပါတယ်။
နယ်တွေမှာ တာဝန်ကျတဲ့ ရဲတွေက သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး သေချာစိစစ်မှု မပြုလုပ်ပေးကြောင်း၊ နယ်မှာ ဖြစ်ပွားတဲ့ သက်ငယ်မုဒိမ်းမှုတွေဟာ ငွေများငွေနိုင်ဖြစ်ကြောင်း တရားမျှတမှု မရှိကြောင်းလည်း မယ်စုစုဆွေက ပြောပါတယ်။
“ ရဲတွေ ဘယ်လောက်တောင် တာဝန်ယူမှု တာဝန်ခံမှု မရှိလဲဆိုရင် အသက်(၉)နှစ်အရွယ် သက်ငယ်မုဒိမ်းမှုရဲ့ ဆေးစာကို ပျောက်အောင်လုပ်တာပဲကြည့်လေ” လို့ မစုစုဆွေ က ပြောပါတယ်။
နယ်မှာ တာဝန်ကျတဲ့ ရဲတွေဟာ ဥပဒေတွေကို နားမလည်တဲ့ ပြည်သူတွေကို ကူညီပေးမှုမရှိတဲ့အပြင် နယ်တွေမှာ ရှိတဲ့ ဥပဒေတွေဟာ ရဲလက်ထဲမှာပဲ ရှိတယ်လို့ မယ်စုစုဆွေက ထပ်လောင်းပြောပြပါတယ်။
“ကျမတို့ဘက်မှာ ရဲစကားက ဥပဒေဖြစ်နေတယ်။ ပြည်သူတွေက ရဲကိုကြောက်ရတယ်။ ဒီအမှုက သေးတဲ့အမှု ကို နင်တို့ဘာလို့ကြီးအောင် လုပ်ချင်ကြတာလဲ ဆိုတာတွေ ပြောတယ်။ ကလေးမိဘတွေကိုလည်း ရဲတွေ ကိုယ် တိုင်က ခြိမ်းခြောက်တာတွေ ရှိတယ်” လို့ မယ်စုစုဆွေက ထားဝယ်မြို့နယ်မှာ ဖြစ်ပျက်နေတဲ့ တရားစီရင်ရေး အခြေအနေတွေကို ထောက်ပြပါတယ်။
၂၀၁၆ ခုနှစ်အတွင်း မြန်မာတနိုင်ငံလုံး မုဒိမ်းမှုပေါင်း (၁၁၀၀) ကျော်ဖြစ်ပွားပြီး အရွယ်ရောက်သူ မုဒိမ်းကျင့်ခံ ရမှု(၄၉၂)မှုနဲ့ သက်ငယ်မုဒိမ်းမှု (၆၇၁) မှုရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
တိုင်းရင်းသားနယ်မြေတွေမှာ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားလာရင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို အသိပညာ ပေးမှုနည်းပါးနေသေးကြောင်း၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရရင်လည်း ရဲစခန်းသွားရောက်တိုင်ကြားရမှာကို ကြောက်နေကြကြောင်း၊ တောင်ကြီးမြို့အခြေစိုက် ပအိုဝ်းအမျိုးသမီးသမဂ္ဂက သက်ငယ်မုဒိမ်းမှုများကို လိုက်ပါကူ ညီဆောင်ရွက်ပေးနေတဲ့ နန်းဗိုလ်ကြည်ကလည်း ပြောပြပါတယ်။
တိုင်းရင်းသားနယ်မြေတွေမှာ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ကျူးလွန်တဲ့ တရားခံကို စစ်ဆေးတဲ့အခါ မည်ကဲ့သို့ စစ်ဆေးလိုက်တယ်ဆိုတာကို မသိကြသလို ပြစ်ဒဏ်ချလိုက်ရင်လည်း မသိလိုက်ကြောင်း နန်းဗိုလ်ကြည်က ပြော ပါတယ်။
“ ကျမတို့ ဖြစ်တာက ခရိုင်မှာ တရားစီရင်သတဲ့ ဘယ်လိုပြီးသွားလဲမသိ။ ပြစ်ဒဏ်ချရင်တောင် ထောင်ဒဏ် ဘယ် လို ချလိုက်လဲဆိုတာတောင် မသိရဘူး။ ရဲကိုမေးလည်း မပြောပြဘူး” လို့ နန်းဗိုလ်ကြည်က ဆိုပါတယ်။
ဒါကြောင့် ပြစ်မှုဆိုင်ရာ တခုခုဖြစ်လာရင် တရားဥပဒေနားမလည်တဲ့ ပြည်သူတွေက ရဲစခန်းကို သွားရောက် မတိုင် ကြတော့ပဲ၊ နှုတ်ပိတ်နေလိုက်ကြကြောင်းလည်း သူမက ဆိုပြန်ပါတယ်။
တိုင်းရင်းသားနယ်မြေဒေသတွေမှာ တရားစီရင်ရေး ပွင့်လင်းမြင်သာမှု မရှိဘူးလို့လည်း တိုင်းရင်းသားအမျိုး သမီးတွေက ပြောပါတယ်။
“နယ်က အမျိုးသမီးတွေက အမှုနားမလည်တော့ ခံနေရတာတွေ ရှိတယ်။ တခါတလေ သက်ငယ်မုဒိမ်းဆိုရင် အမှု စစ်ဖို့ တရားရုံးရောက်ဖို့ ၄၊ ၅ လ ကြာသွားတယ်။ ကျမတို့ ထပ်ခါ ထပ်ခါသွားတယ်။ တခါတလေ ရဲတွေ အလုပ် မလုပ်တဲ့ အပိုင်းမှာ ရှိတယ်” လို့ နန်းဗိုလ်ကြည်က သူမကြုံခဲ့ရတာတွေကို ပြန်ပြောပြပါတယ်။
တိုင်းရင်းသားနယ်မြေမှာ ဖြစ်ပွားတဲ့ အမျိုးသမီးတွေနဲ့ဆိုင်တဲ့ အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုနဲ့ မုဒိမ်း မှုတွေဟာ နယ်မြေအတွင်းမှာ ဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ လိုက်ပါကူညီ ဆောင်ရွက်မပေး ရင် ပျောက်ကွယ်သွားကြတယ်လို့လည်း အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။
“သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီးတော့ နယ်တွေမှာ မပြောရဲကြဘူး” လို့ နန်းဗိုလ်ကြည်က ပြောပြပါတယ်။
တိုင်းရင်းသားနယ်မြေတွေမှာ အမျိုးသမီးဆိုင်ရာ ဥပဒေတွေကို အသိပညာပေးဖို့ လိုအပ်နေသေးကြာင်းလည်း အမျိုးသမီး အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီးတော့ နယ်မြေတွေမှာ တာဝန်ကျတဲ့ရဲတွေ၊ တိတိကျကျကိုင်တွယ်ပြီး အားနည်းတဲ့ သူတွေကို ကူညီပေးဖို့ လိုအပ်ကြောင်း၊ သက်ငယ်မုဒိမ်းတွေမှာ ကလေးငယ်တွေကို အပြစ်မတင်ဘဲ တရားမျှတစွာ အပြစ်ရှိသူကို ကြီးလေးတဲ့ပြစ်ဒဏ်ပေးပါက သက်ငယ်မုဒိမ်းမှု လျော့ကျသွားနိုင်ကြောင်းလည်း အမျိုးသမီးအဖွဲ့ တွေက ထောက်ပြပြောဆိုလိုက်ပါတယ်။
မကြာမီ လွှတ်တော်မှာ တင်သွင်းတော့မယ့် အမျိုးသမီးများအား အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေး ဥပဒေကြမ်း မှာ အသက်(၁၈)နှစ်အောက် မိန်းကလေးများနဲ့ မသန်စွမ်းအမျိုးသမီးများကို အဓမ္မပြုကျင့်သူများဟာ ထောင်ဒါဏ် တသက်တကျွန်း ကျခံရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021