သွေး (စစ်ကိုင်း)။ ။
“တစ်လကို သုံးသောင်းခွဲပေးပြီး အဆောင်ငှားနေရပေမယ့် လျှပ်စစ်ကို သုံးချင်သလို သုံးလို့ မရဘူး။ ည ၁၁ နာ ရီဆိုရင် မီးပိတ်ရတယ်။ ထမင်းချက်စားလို့လည်း မရတော့ ဝယ်စားရတာကလည်း ပိုက်ဆံကုန်တယ်၊ ဒီထက် ပို ဆိုးတာက စရိုက်မတူတဲ့သူတွေနဲ့ အတူတူနေရတာပဲ”
“အိမ်လခက ကျသွားတယ်ဆိုတာ မရှိဘူး၊ မြို့စွန်မြို့ဖျား နေတာတောင်မှ တစ်လကို တစ်သိန်း နှစ်သောင်းပေး ရတယ်။ အိမ်တစ်ခါ စာချုပ်ရင် ကျမမှာ ရင်တွေ မောလို့…”
“အိမ်ထောင်ကျပြီးပေမယ့် ဝင်ငွေမကောင်းတော့ ညီမတို့က အိမ်ထောင်သည်အဆောင်ငှားနေရတယ်။ မော် တင်ဘက်မှာ။ တစ်လလေးသောင်း ပေးရပေမယ့် အခန်းက ကျဉ်းကျဉ်းလေး။ ထမင်းတော့ ချက်စားလို့ ရတယ်”
ရန်ကုန်ရဲ့မြို့ပြဝေဒနာတွေထဲမှာ နေရေးက ထိပ်ဆုံးကနေ ပါဝင်နေတာပါ။ အလုပ်အကိုင် အခွင့်အလမ်းအ တွက် ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်သူတွေလည်း များပြားလာနေဆဲပါ။ နေရေးဒုက္ခကို ရင်ဆိုင်နေရသူတွေ ထဲမှာ အမျိုးသမီးတွေ ပါဝင်နေပြီး အိမ်ငှားနေရသူ၊ အဆောင်ငှားနေရသူတွေဟာ “လုံခြုံမှု” လည်း အပြည့်အ၀ မရကြပါဘူး။ အထက်မှာ ဖော်ပြခဲ့တဲ့ ရင်ဖွင့်သံတွေက နေရေးအတွက် သောကပွေနေရတဲ့ အမျိုးသမီးတွေရဲ့ အသံကို ထင်ဟပ်ပေါ်လွင်စေပါတယ်။ ရန်ကုန်မှာ နေထိုင်တဲ့ လူဦးရေဟာ ၇ သန်းနီးပါး ရှိလာနေပေမယ့် အိုးပိုင်အိမ်ပိုင် အခန်းပိုင် မရှိသေးသူတွေဟာ ကျောတစ်နေရာစာအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတာပါ။
“မညိုညိုဇင်” ဟာ အညာဒေသကနေ ရန်ကုန်ကိုလာပြီး အလုပ်လုပ်နေရတဲ့ အရောင်းစာရေးမလေးတယောက် ဖြစ်ပါတယ်။ စစ်ကိုင်းမြို့နယ်ထဲက ရွာကလေးတစ်ရွာကနေ ရန်ကုန်ကို လာရောက်နေထိုင်ရတဲ့ ရည်ရွယ် ချက်က ဘ၀ မြင့်မားတိုးတက်ဖို့ပါ။ အဝေးသင်နဲ့ ဘွဲ့တစ်ခုရထားပြီးတဲ့ သူမဟာ ရန်ကုန်ရောက်လာပြီးချင်းမှာပဲ အလုပ်လျှောက်လွှာတွေ တစ်ခုပြီးတစ်ခု လျှောက်ခဲ့ပါတယ်။ ကံအားလျော်စွာပဲ ကုမ္ပဏီတစ်ခုမှာ အရောင်းစာ ရေး အလုပ်ရခဲ့ပါတယ်။
သူမရဲ့လစာက “တစ်သိန်း” ကျပ်ပါ။ မျှော်လင့်ချက်ကြီးမားစွာနဲ့ ရန်ကုန်ကို ရောက်ခဲ့ရပြီး လက်ရှိအနေအ ထားမှာ နယ်က အိမ်ကို ငွေ ပြန်ပို့နိုင်ဖို့ မဆိုထားနဲ့ သူမ တစ်ကိုယ်စာ အတွက်တောင် အဆင်ပြေအောင် မနည်း ရပ်တည်နေရတာပါ။ လှည်းတန်းမှာ အဆောင်ငှားနေတဲ့ သူမဟာ တစ်လမှာ အဆောင်လခ သုံးသောင်း ငါး ထောင်ကျပ် ပေးရပါတယ်။ အဆောင်က ထမင်းချက်စားခွင့် မပေးတော့ ခြစ်ကုပ်စားသောက်တာတောင် ထမင်း ညမနက် ၄၀၀ ကျပ်၊ ဟင်းက ၁၂၀၀ ကျပ် ပေးရတယ်လို့ ပြောပြပါတယ်။
“အလုပ်နဲ့ အဆောင်က နီးတော့ လမ်းစရိတ် မကုန်လို့သာ သမီးက ကြိတ်မှိတ်နေရတာ… ဆရာမရယ်၊ ထမင်း ဟင်းဖိုးက တနေ့ကို ၁၆၀၀ ဆို အနည်းဆုံးပဲ။ အသားဟင်း စားနိုင်တဲ့နေ့က တော်တော် နည်းပါတယ်။ အသီး အရွက်၊ ဘဲဥပဲ များတယ်။ ဘဲဥဟင်းက တပွဲ ၃၀၀ နဲ့ ရတာကိုး။ အသားဟင်းက တစ်ပွဲ ၁၀၀၀ လေ။ အသီး အရွက် ၃၀၀ ဖိုး၊ ဘဲဥဟင်း တစ်ပွဲနဲ့ အသက်ဆက်နေရတာ…”
ရေချိုးတာ အဝတ်လှန်းရတာကအစ အဆင်မပြေတာတွေ ရှိတယ်လို့ မညိုညိုဇင်က ဆက်ပြောပါတယ်။
“အလုပ်က သွားရတော့မယ်၊ ရေချိုးဖို့ တန်းစီရတာလည်း ရှိတယ်။ တချို့က အကြာကြီး ချိုးကြတာ။ အဝတ်ကို တော့ အလုပ်ပိတ်ရက်မှ စုလျှော်ရတယ်။ အဲဒီကျ အဝတ်လှန်းတဲ့သူတွေ များတော့ အဆင်မပြေတာလည်း ရှိတယ်။ တခါတလေ အသက်ရှူမဝသလိုတောင် ခံစားရတယ်”
အဆောင်မှာနေရသူတွေ အဆင်မပြေတာ ကြုံရသလိုပဲ “မမီမီခိုင်” တို့ မိသားစု မိသားစု တွေ့ကြုံနေရတဲ့ အခက်အခဲက ၆ လ တစ်ကြိမ် အိမ်လခ ပေးရတဲ့ ဝန်ထုပ်ဝန်ပိုးပါ။ နယ်ကနေ မိသားစုလိုက် ပြောင်းရွှေ့ နေထိုင်တဲ့ မမီမီခိုင်တို့ မိသားစုထဲမှာ သူမက သမီးကြီးလည်း ဖြစ်ပြန်၊ မိဘတွေက ပင်စင်စားတွေ ဖြစ်ပြန်၊ သူမ အောက်မှာလည်း မောင်ငယ် ၂ ယောက်ရှိနေပြန် ဆိုတော့ အစစအရာရာ စီမံခန့်ခွဲရတာ မလွယ်ဘူးလို့ ရင်ဖွင့်ပါတယ်။
“မြောက်ဒဂုံကနေ အလုပ်ရှိတဲ့ မြို့ထဲကို သွားဖို့ အနည်းဆုံး ၁ နာရီခွဲလောက် ကားစီးရတယ်။ ကျမက အစိုးရ ဝန်ထမ်းဆိုတော့ လခက တစ်သိန်းရှစ်သောင်း ဝန်းကျင်ပဲ ရတယ်။ အဖေနဲ့ အမေ ပင်စင်ရယ် ပေါင်းမှ မိသားစု ဝင်ငွေက လေးသိန်းကျော်ကျော်လေးပဲရှိတယ်။ ဒါတောင် မောင်လေးနှစ်ယောက်က အလုပ်လုပ်နေလို့သာပေါ့”
စားသောက်စရိတ်နဲ့ နေထိုင်စရိတ်ကိုကလည်း တစ်လလေးသိန်းနီးပါး ဖြစ်နေလို့ ပိုက်ဆံစုဖို့ နေနေသာသာ လောက်ငှအောင် မနည်းကြံဆနေရတယ်လို့ ဆိုပါတယ်။
“အိမ်ရှင်က သူ့အိမ်ကို မြို့လယ်ခေါင်က အိမ်လို့များ ထင်နေလား… မသိဘူး… အစ်မရယ်၊ တခုခုပျက်ရင် ကျမ တို့ကပဲ ပြင်ပေးနေရတယ်၊ ပိုက်ဆံစိုက်ထားလိုက်ဆိုပေမယ့် တခါမှလည်း ပြန်မရဖူးပါဘူး။ ဒဂုံဆိုတော့ မြို့ထဲ မှာလို မမွန်းကျပ်ဘူးဆိုပြီး ငှားနေရတာ၊ ၆ လ ပြည့်ကာနီးလို့ အိမ်စာချုပ် ချုပ်ရမယ်ဆိုရင် ကျမ မျက်လုံးပြူးရပြီ။ အိမ်လခ ပေးပြီးတာနဲ့ လက်ထဲမှာလည်း ပိုက်ဆံက မရှိသလောက်ပဲ”
အိမ်ငှားဒုက္ခဟာ အိမ်ပိုင်ယာပိုင် မရှိသူတွေအတွက် အကြီးမားဆုံးသော အခက်အခဲပါပဲ။ နေ့စဉ်ဘဝမှာ အရံ ငွေကြေး ဝေးစွ…၊ အိမ်လခ မှန်မှန် ပေးနိုင်ဖို့ အတွက်တောင် ရုန်းကန်နေရတာ ဖြစ်ပါတယ်။ မြို့ထဲဝန်းကျင်မှာ တိုက်ခန်းငှားခက တစ်လ ကျပ် ၂ သိန်းအထက် ဖြစ်နေတော့ တော်ရုံဝင်ငွေနဲ့ မြို့ထဲမှာ အိမ်ငှားမနေ နိုင်ကြ ပါဘူး။
“သံစဉ်ချို” တို့ ဇနီးမောင်နှံတို့ ကြုံတွေ့နေရတဲ့ အခက်အခဲကလည်း “နေရေး”နဲ့ပဲ ဆက်စပ်နေပါတယ်။ နာမည်နဲ့ မလိုက်ဖက်အောင်ကို ဘဝက ချိုမြိန်မှုတွေနဲ့ ဝေးကွာနေဆဲပါ လို့ သံစဉ်ချိုက နာနာကျင်ကျင် ပြောပြပါတယ်။
“ယောက္ခမတွေ အားမကိုးချင်ဘူး၊ အိမ်ငှားနေမယ်ဆိုပြီး တိုက်ခန်းငှားဖို့ စဉ်းစားတယ်၊ ညီမတို့ နှစ်ယောက်ရဲ့ အလုပ်က မြို့ထဲမှာ…၊ မြို့ထဲမှာ တိုက်ခန်းငှားခက တာဝတိ ံသာ ရောက်နေတော့ ဘယ်လိုမှ မငှားနိုင်ဘူ။ ဒါနဲ့ မော်တင်ဘက်က အိမ်ထောင်သည် အဆောင်မှာ ငှားနေရတယ်။ ဘာပစ္စည်းမှလည်း မဝယ်နိုင်ပါဘူး အစ်မ ရယ်…၊ ထားစရာ နေရာမှ မရှိတာ”
ဘတ်စ်ကားခ အကုန်အကျ သက်သာပေမယ့် သူမတို့ ဇနီးမောင်နှံအတွက် လွတ်လပ်မှု ဆုံးရှူံးနေသလို ခံစားနေ ရတယ် လို့လည်း သံစဉ်ချိုက ဆက်ပြောပါတယ်။
“လင်ရယ် မယားရယ်ဆိုပြီး တီတီတာတာတောင် မပြောရပါဘူး။ အခန်းတစ်ခန်းနဲ့ တစ်ခန်းက အထပ်သားပြား နဲ့ပဲ ခြားထား ကာထားတာလေ…။ အင်းလေ.. ညီမတို့က တိုက်ခန်းမှ မငှားနိုင်တာကိုး” တဲ့။
ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ ကုသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ (UNFPA) ရဲ့ အစီရင်ခံစာမှာ – မြန်မာနိုင်ငံမှာ နေအိမ် ၃ သန်းကျော် လိုအပ်နေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ် သန်း ကောင်စာရင်းအရ လူဦးရေ ၁၃ ဒသမ ၅ သန်းအတွက် အိမ် ၃ ဒသမ ၈ သန်း လိုအပ်နေတယ်လို့ ထောက်ပြ ထားပါတယ်။
ဒါဟာ နိုင်ငံ့ လူဦးရေနဲ့ နှိုင်းယှဉ်ရင် အိမ်ရာလိုအပ်ချက် မြင့်မားနေတာ၊ ရွှေ့ပြောင်းနေထိုင်မှု များပြားနေ သေးတာ၊ ကျူးကျော်နေထိုင်သူတွေ ရှိနေတာကို မီးမောင်းထိုးပြနေတဲ့ ကိန်းဂဏန်းတွေပဲ ဖြစ်ပါတယ်။ ဒီလို အိမ်ရာလိုအပ်ချက် မြင့်မားနေတဲ့ အနေအထားမှာ အမျိုးသမီးတွေအတွက် ဘာတွေ လုပ်ဆောင်ပေးသင့်သလဲ ဆိုတာ စဉ်းစားဖို့ လိုနေပါပြီ။
ဒါအပြင် UNFPA ရဲ့ အစီရင်ခံစာ အရ ပြည်နယ်အချို့မှာ ရေနဲ့ မိလ္လာစနစ် အားနည်းချက်တွေ၊ အဆင့်မမီတဲ့ အဆောက်အအုံနဲ့ လျှပ်စစ်မီး လိုအပ်ချက်တွေ ရှိနေသေးတာကိုပါ ထောက်ပြထားပါတယ်။
အစိုးရအနေနဲ့ အမျိုးသမီးတွေရဲ့ အိမ်ရာ လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းသင့်သလဲလို့ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ဒေါ်မာမာဦးရဲ့အမြင်ကို မေးကြည့်ပါတယ်။ ဒေါ်မာမာဦး ပြောပြတာက –
“အမျိုးသမီးတွေက အိမ်ရဲ့ ဝင်ငွေ / ထွက်ငွေ အပေါ် စီမံခန့်ခွဲရတော့… လစဉ်ပေးရမယ့် အိမ်လခရဲ့ ဖိစီးမှု သောကက သူတို့ရဲ့ စီမံခန့်ခွဲနိုင်မှုအားကို ဖိအားပေးနေသလို ဖြစ်နေတာပေါ့။ ဒီတော့ အစိုးရက ပထမအဆင့် အနေနဲ့ အိမ်လခတွေ လျှော့ချဖို့ သတ်မှတ်ပေးသင့်တယ်၊ ဒုတိယအဆင့်အနေနဲ့ အမှန်တကယ် အိမ်ရာ မရှိသေးသူ၊ အလုပ်အကိုင် အမှန်တကယ် ရှိသူတွေကို နိုင်ငံတော်က အကြွေးစနစ်နဲ့ နှစ်ရှည်စီမံကိန်းချပြီး ရောင်းချပေးသင့်တယ်။ တတိယအနေနဲ့ အခြေခံ လူတန်းစားတွေအတွက် အစားအစာနဲ့ ကျန်းမာရေး ပရဟိတ လုပ်ငန်းတွေ ထူထောင်ပေးသင့်တယ်။ အမေရိကန်မှာဆို အဲဒီလိုလူတွေအတွက် Food Center ဆိုပြီး အစားအစာကို တနေ့စာချင်း အလကားပေးတယ်။ ဒီမှာဆိုရင် အဲဒီလိုမျိုး လုပ်ဖို့ မဖြစ်နိုင်တာ မရှိဘူး”
လက်ရှိမှာ တန်ဖိုးနည်း အိမ်ရာတွေ တည်ဆောက်နေပေမယ့် ဈေးနှုန်းက သိန်း ၁၅၀ နီးပါးရှိနေတာကြောင့် အခြေခံလူတန်းစား အမျိုးသမီးတွေ လက်လှမ်းမမီကြသေးပါဘူး။ အိမ်ပိုင်အခန်းပိုင် မရှိသေးသရွေ့ မညိုညိုဇင်၊ မမီမီခိုင်၊ သံစဉ်ချို အပါအဝင် အမျိုးသမီးတွေဟာ အိမ်ငှားဘဝ၊ အဆောင်ငှားဘဝတွေမှာ မွန်းမွန်းကြပ်ကြပ်နဲ့ နေ့ရက်တွေကို ခက်ခက်ခဲခဲ ဖြတ်သန်းနေကြရဦးမှာပါပဲ။ ။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021