ခက်ဆစ်။ ။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတရာနယ်မြေမှာ မိန်းကလေးတွေကို ပန်းဦးလွှတ်တယ်ဆိုတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ တရားစွဲထားတာတွေ ရှိလာပါပြီ။ ပန်းဦးလွှတ်တယ်ဆိုတဲ့ ဝန်ခံချက်မျိုး မရှိ သေးပေမယ့် အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေကို အတင်းအဓမ္မပေါင်းသင်းတဲ့ ရာဇဝတ်မှုအဖြစ် တရားစွဲဆိုထားပါတယ်။
ပန်းဦးလွှတ်တယ်ဆိုတာ သမီးပျိုတွေကို သွားရောက်ဆက်သရတဲ့ အရည်းကြီးခေတ်က လုပ်ရပ်မျိုး ဖြစ်ပြီး အခုဖြစ်စဉ်ကတော့ ဘာသာရေးကို အကြောင်းပြုလို့ မိန်းကလေးငယ်တွေကို တစ်ယောက်ပြီး တစ် ယောက် ကာမရယူနေတဲ့ဖြစ်ရပ်ပါ။
“မိန်းကလေးချောချောတွေ့တာနဲ့ ငါ့အတွက်သွားမေးပေးဆိုပြီး သူ့အခြွေအရံတွေကို ခိုင်းတာ။ နင်တို့ မပေးစားဘူးဆိုရင် ဦးဇင်းကို မျက်ရည်ကျအောင်လုပ်တာဆိုပြီး သမီးပျိုမွေးထားတဲ့သူတွေအတွက် မလုံခြုံတဲ့ အခြေအနေဖြစ်စေတယ်” လို့ ခွန်တန်ခေါ် ဇာတ်လိုက်နဲ့ လက်ထပ်ခဲ့ရတဲ့ သမီးနှစ်ယောက်ရဲ့ဖခင် ဦးဝင်း ညွှန့်ကပြောပါတယ်။
လက်ရှိတိုင်ကြားစာအရ အလံတရာနယ်မြေအတွင်း ခွန်တန် ခေါ် ဇာတ်လိုက်နဲ့ လက်ချည်ဖူးတဲ့ အမျိုး သမီးငယ်ပေါင်း (၆)ဦးရှိပြီး စာရင်းကောက်ခံလို့မရသေးတဲ့ အမျိုးသမီးငယ်တွေလည်း (၁၅)ဦးထက်မနည်း ရှိ တယ်လို့သိရပါတယ်။ လက်ချည်တယ်ဆိုတာကတော့ ဓလေ့ထုံးတမ်းအရ လက်ထပ်ထိမ်းမြားတာကို ဆိုလို တာပါ။
အလံတရာမှာ သူ့ရဲ့ရှေးရှေးဘဝတွေက မိန်းမတွေဖြစ်တယ်ဆိုပြီး မိန်းကလေးငယ်ချောချောတွေကို ယူထားတာလို့ အလံတရာနယ်မြေ ဗုဒ္ဓသစ္စာ ၃လမ်းမှာ နေထိုင်တဲ့ ဦးဝင်းညွှန့်ကပြောပါတယ်။
“ကျနော်ကတော့လက်မခံနိုင်ဘူး။ သူကဒီလတစ်ယောက်နဲ့လက်ချည်တယ်။ ပြီးရင်ပစ်ထားခဲ့ပြီလေ။ နောက်လကျ နောက်တစ်ယောက်ယူတယ်” လို့ခွန်တန်နဲ့လက်ချည်ခဲ့ဖူးတဲ့ မိန်းကလေးနှစ်ဦးရဲ့ဖခင် ဦးဝင်း ညွှန့်က ပြောပါတယ်။
ဦးဝင်းညွှန့်မှာ သမီးနှစ်ယောက်ရှိပြီး ပထမသမီးတစ်ယောက်ကိုလည်း ဦးဝင်းညွှန့် ထိုင်းနိုင်ငံမှာ သွား ရောက်အလုပ်လုပ်နေစဉ်က တရားဝင်လက်ချည်တာမျိုးမဟုတ်ပဲ ညမိုးချုပ်မှာ လာရောက်ခေါ်ဆောင်သွားတာ ဖြစ်ပြီး သိဒ္ဓိမြောက်အောင် ခေါ်ဆောင်ရတာလို့ ဆိုခဲ့တယ်လို့ သိရပါတယ်။
အခုသမီးငယ်ကတော့ အသက် (၁၆) နှစ်တောင် မပြည့်သေးပဲ ကျောင်းတက်နေစဉ်အတွင်း ခေါ်ယူသွား တာဖြစ်ပြီး သမီးဖြစ်သူ ကျောင်းမတက်တာကို လိုက်လံစုံစမ်းတော့မှ ခွန်တန်က လက်ချည်ဖို့အတွက် ခေါ်ထား တယ်ဆိုတာကို သိခဲ့ရတာဖြစ်ပါတယ်။
အလံတရာနယ်မြေအတွင်းမှာတော့ အများစုက ခွန်တန်ကိုယုံကြည်ကြသူတွေဖြစ်ပြီး သမီးဖြစ်သူနဲ့ ခွန် တန်ကို လက်ချည်ဖို့ မိခင်တွေကိုယ်တိုင်က သဘောတူကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် သမီးရဲ့ဖခင်ဖြစ်သူ ဦး ဝင်းညွှန့်ကိုလည်း ဘုရားလောင်းကို စိတ်ဆင်းရဲအောင်လုပ်တဲ့သူလို့ သတ်မှတ်ကြပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတရာနယ်မြေအတွင်း ဘဘုရားလို့နာမည်ကြီးနေတဲ့ ခွန်တန် ခေါ် ဇာတ်လိုက်ကို ဒေသခံတွေက အရိမေတ္တေယျဘုရားလောင်းလို့ ယုံကြည်ထားကြပါတယ်။
ကွယ်လွန်တော်မူသွားတဲ့ အလံတရာဆရာတော် ဝင်စားတယ်လို့လည်း ယုံကြည်ပြီးကိုးကွယ်နေကြ တာလည်း ဖြစ်ပါတယ်။ ဘာကြောင့်ယုံကြည်တယ် ဘယ်လိုအစွမ်းတွေကြောင့် ကိုးကွယ်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်ကိုတော့ အလံတရာနယ်မြေအတွင်း နေထိုင်ကြတဲ့သူတွေကိုယ်တိုင်တောင် မပြောပြနိုင်ကြ တာကို တွေ့ရပါတယ်။
ခွန်တန်နဲ့ လက်ချည်ရတဲ့အကြောင်းအရင်း ၃ ချက်ရှိတာကိုတွေ့ရပါတယ်။ ပထမတစ်ချက်ကတော့ ခွန်တန်ဟာ ဘုရားလောင်းလို့ ယုံကြည်ထားတာကြောင့် ဘုရားလောင်းနဲ့ လက်ထပ်ထိမ်းမြားတဲ့ မိန်းကလေး ဟာ မြင့်မြတ်တဲ့မိန်းကလေးလို့ယုံကြည်ကြပါတယ်။
ဒုတိယတစ်ချက်တော့ လက်ချည်ပွဲကျင်းပပေမယ့် မိန်းကလေးတွေကို လက်နဲ့တောင်မထိပါဘူးဆိုတဲ့ ဝါဒဖြန့်မှုတွေကြောင့် သမီးရှင်တွေဘက်ကလည်း ယုံယုံကြည်ကြည်နဲ့ သမီးတွေကိုခွန်တန်လက်ထဲ အပ်လိုက် ကြပါတယ်။
တတိယအချက်တော့ လက်ချည်တဲ့မိန်းကလေးငယ်တွေကို လက်ဝတ်တန်ဆာတွေ ဆင်မြန်းပေးတာ ကြောင့် လို့ဆိုပါတယ်။
ဒီဖြစ်ရပ်တွေစတင်ခဲ့တာကတော့ ၂၀၁၄ ခုနစ်ကဖြစ်ပါတယ်။ ခွန်တန်ရဟန်းဝတ်နဲ့ရှိနေစဉ် ဘေးမှာရှိ တဲ့ ဂေါပကနဲ့ နိဗာန်ဆော်တွေက ဘုရားလောင်းတို့မည်သည် အိမ်ထောင်ပြုရမည်လို့ဆိုကာ အိမ်ထောင်ပြုဖို့ ရွေးချယ်ခံရတဲ့ မိန်းကလေးဟာလည်း မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ စတင်ဝါဒဖြန့်လာကြတာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ လက်ထပ်ထိမ်းမြားပွဲတစ်ခုကို ကြီးကြီးကျယ်ကျယ်ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ လက်ထပ်ပွဲပြီးမကြာခင်မှာပဲ အခုလာရောက်တိုင်ကြားတဲ့ ဦးဝင်းညွှန့်ရဲ့သမီးနဲ့ ထပ်မံထိမ်းမြားခဲ့ပါတယ်။
ဦးဝင်းညွှန်ရဲ့သမီးကြီးဟာ အခုဆိုရင် ပအို့ဝ်ကျောင်းဆရာမအဖြစ် ပအို့ဝ်ဘာသာစာပေကို သင်ကြား ပေးနေပြီး သမီးငယ်တော့ ၇ တန်းအထိ ကျောင်းနေခဲ့ရကာ အခုချိန်မှာတော့ ကျောင်းဆက်တက်ဖို့ ခက်ခဲနေ တယ်လို့ ဆိုပါတယ်။
“အခုဆို အငယ်မက ကျောင်းလဲဆက်မတက်ချင်တော့ဘူး။ ဆရာမလည်း လုပ်လို့မရတော့ဘူး။ ကိုးရိုး ကားယားတွေဖြစ်ကုန်ပြီ။ အသက်ကလဲမပြည့်သေးဘူးလေ။ သူများမိသားစုကို ဒုက္ခရောက်အောင်လုပ်တာ လေ။ လုံးဝလက်မခံနိုင်ဘူး”
သမီးငယ်ဟာ ကျောင်းတက်စဉ်က ဘောလီဘောအားကစားကို ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး သူနဲ့ အတူကစားတဲ့ အတန်းဖော်တွေဟာ လက်ရွေးစင်တွေအဖြစ် နိုင်ငံတကာမှာတောင် သွားရောက် ယှဉ်ပြိုင်နေ ကြပြီဖြစ်တာကြောင့် သမီးငယ်အတွက် အလွန်နှမြောမိကြောင်း ဦးဝင်းညွှန့်ကပြောပါတယ်။
အခုလိုပညာတပိုင်းတစနဲ့ ကျောင်းထွက်လိုက်ရတာကြောင့် ကျောင်းဆရာမဖြစ်ဖို့ ရည်မှန်းချက်ကို လည်း စွန့်လွှတ်လိုက်ရတယ်လို့ ဆိုပါတယ်။ ကျောင်းဆက်တက်ဖြစ် မတက်ဖြစ်ဆိုတာကလည်း ကာယကံရှင် သမီးငယ်အပေါ် မူတည်တယ်လို့ပြောပါတယ်။
အလံနယ်မြေအတွင်း ကျောင်းနေအရွယ်ကလေးတွေဟာ ခွန်တန်ဖွင့်လှစ်ထားတဲ့ကျောင်းမှာပဲ ပညာ သင်ကြားနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။ အစိုးရပညာရေးကျောင်းကို ပညာရေးပြီးဆုံးသည်အထိ တတ်ရောက်သူရှားပါးပါတယ်။
အလံတရာနယ်မြေအတွင်း အစိုးရမူလတန်းကျောင်း ၂ ကျောင်းသာရှိပြီး ဇရစ်ချောင်ကျေးရွာအုပ်စု အနေဖြင့် စုစုပေါင်းကျောင်း ၆ ကျောင်းရှိတယ်လို့ သိရပါတယ်။ မိန်းကလေးတွေက မူလတန်းထိသာ ပညာ သင်ကြားတဲ့သူတွေရှိသလို တစ်နှစ်တက်လိုက် တစ်နှစ်နားလိုက်နဲ့ ကျောင်းပုံမှန်မတက်နိုင်ပဲ အိမ်မှုကိစ္စတွေ သာ လုပ်နေရတဲ့သူတွေလည်းရှိပါတယ်။
ဦးဝင်းညွှန်ရဲ့သားနှစ်ယောက်ဟာ ပညာတတ်တွေဖြစ်ပြီး သမီးနှစ်ယောက်ကိုလည်း ပညာကို ဆုံးခန်း တိုင်တက်ရောက်စေလိုပါတယ်။ အခုလို ခွန်တန်နဲ့ လက်ချည်ပြီးတဲ့မိန်းကလေးငယ်တွေဟာ ကျောင်းနေ အရွယ်တွေဆို ကျောင်းဆက်တတ်ဖို့ မဖြစ်နိုင်တော့တဲ့အနေအထားကိုရောက်သွားပြီး အိမ်ထဲမှာပဲ အိမ်မှုကိစ္စ၊ ကျေးရွာကိစ္စ၊ ဘုရားဝေယျာဝစ္စကိစ္စတွေနဲ့သာ ဘဝကိုကုန်ဆုံးနေရတယ်လို့သိရပါတယ်။
ခွန်တန်အမှုကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ စတင်တိုင်ကြားခဲ့တဲ့ ဦးခင်မောင်ကြည်ကတော့ ခွန် တန်ဟာ ပညာမသင်ကြားခဲ့ရသလို ဘုန်းကြီးခေါင်းပေါ်ခြေထောက်တင်တဲ့ ကိစ္စဖြေရှင်းတုန်းကလဲ ဝန်ချ တောင်းပန်လွှာမှာ လက်မှတ်ရေးထိုးဖို့တောင် သူလက်မှတ်မထိုးတတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။
အလံတရာက ခွန်တန်ကို ယုံကြည်တဲ့သူတွေကတော့ ခွန်တန်ဟာ ကျောင်းမနေခဲ့ပေမယ့် မွန်၊ ကရင် နဲ့ အင်္ဂလိပ်စာကို ကောင်းကောင်းတတ်မြောက်ထားတယ်လို့ ယုံကြည်နေကြပါတယ်။
ဘုရားလောင်းလို့ သူတို့ယုံကြည်ထားကြတဲ့ ခွန်တန် ခေါ် ဇာတ်လိုက်နဲ့ လက်ချည်လိုက်ရင် မိန်း ကလေးတွေက မြင့်မြတ်သွားတယ်။ ခွန်တန်ကို ကိုးကွယ်ရင် ထူးထူးခြားခြားပြောင်းလဲမှုတွေရှိလာတယ်လို့ ယုံကြည်ထားကြတဲ့ ရိုးသားတဲ့ အလံတရာနယ်မြေကလူတွေက အခုလို လက်ချည်ပြီးတဲ့မိန်းကလေးငယ်တွေ အဆင့်မြင့်သွားတာ၊ ရာထူးတိုးသွားတာ၊ စီးပွားရေးပြေလည်တာ၊ ချမ်းသာလာတာ စတဲ့ ထူးခြားမှုမျိုး မရှိတာ ကိုတော့ သတိထားမိပုံ မရကြပါဘူး။
“ဦးကြီးသမီးနှစ်ယောက်လုံးနဲ့ လက်ချည်တယ်လေ။ ဘာထူးခြားသွားလို့လဲ ဦးကြီးတို့နေတဲ့တဲစုတ်က တဲစုတ်ပဲ ဘာမှမပြောင်းလဲသွားဘူး” လို့ ဦးဝင်းညွှန့်ကတော့ ခွန်တန့်ကိုယုံကြည်သူတွေကို လက်တွေ့ကျကျ ပြန်ချေပပြောဆိုလိုက်ပါတယ်။
ခွန်တန်နဲ့လက်ချည်ဖူးသူ ပအို့ဝ်တိုင်းရင်းသူတစ်ယောက်ကတော့ ခွန်တန်က သူမရဲ့အသားကို လက် နဲ့တောင် မထိခဲ့ဘူးလို့ဆိုပါတယ်။
ခွန်တန်နဲ့လက်ချည်ပြီးချိန်မှာ အကုသိုလ်စိတ်ကင်းရှင်းသွားပြီး ခွန်တန်ကို ဘာသာတရားကိုင်းရှိုင်းသူ ဘုရားလောင်းအဖြစ်သာ သတ်မှတ်ထားကြဆဲဖြစ်ပါတယ်။ အခုလို မိန်းမတစ်ယောက်ပြီး တစ်ယောက်တစ် ယောက်နဲ့ထိမ်းမြားတာကိုလည်း လက်ချည်ခဲ့ဖူးတဲ့သူတွေ ကိုယ်တိုင်က အပြစ်မမြင်ကြပါဘူး။
“ကျနော်ကြားတာတော့ ပထမဆုံးလက်ထပ်တဲ့ကလေးမက ကိုယ်ဝန်ဖျက်ချရတယ်လို့တော့ ကြား တယ်။ အရပ်စကားအရကြားဖူးတယ်။ နောက်ကလေးမတွေကတော့ ကိုယ်ဝန်ရတာတွေဘာတွေ မကြားဘူး။ ဒါပေမယ့် လက်ဖျားနဲ့တောင် မတို့ဘူးဆိုရင် ဘာခေါ်စရာအကြောင်းရှိလဲ။ လက်ထပ်ပြီး မိဘအိမ်မှာ ထားခဲ့ ပေါ့။ ဒါဆို ကျနော်တို့လက်ခံတယ်။ အခုတော့ နှစ်လ သုံးလခေါ်ထားတယ်။ ဘာလို့ခေါ်လဲ စဉ်းစားကြည့်ပေါ့” လို့ အလံတရာရဲ့ ခွန်တန်အမှုကို အမျိုးသမီးရေးရာစတင်တိုင်ကြားခဲ့တဲ့ ဇရစ်ချောင်ကျေးရွာက တပ်မတော် အရာရှိဟောင်း ဦးခင်မောင်ကြည်က ပြောပါတယ်။
ဒါကြောင့် အလံတရာနယ်မြေမှာ ပန်းဦးလွှတ်တယ်လို့နာမည်ကြီးနေတဲ့ဖြစ်ရပ်ရဲ့ အမှုဟာ ရှေ့ဆက် ဖို့အတွက် အခက်ခဲတွေရှိနေတာကိုတွေ့ရပါတယ်။ ကာယကံရှင်အမျိုးသမီးတွေ ကိုယ်တိုင် လက်ချည်တာဟာ လက်ချည်ပွဲသက်သက်သာဖြစ်ပြီး ကာမလိမ်လည်ရယူတာ မရှိဘူးလို့ပဲပြောဆိုကြပါတယ်။
“လက်ချည်တယ်ဆိုတာ မင်္ဂလာဆောင်တာ။ တစ်လပဲဖြစ်ဖြစ် တစ်ပတ်ပဲဖြစ်ဖြစ် အခန်းထဲမှာအတူတူ နေပြီး လက်နဲ့တောင်မထိပါဘူးတဲ့။ အဲ့ဒါသူတို့ရဲ့လက်သုံးစကားပဲ။ သူတို့ ဘယ်လိုစည်းရုံးထားလဲမသိဘူး။ ဦးကြီးသမီးလည်း လုံးဝမပြောဘူး။ အခုအမှုက ဘယ်လိုဆက်ဖြစ်မယ် မသိသေးဘူး” လို့ ဦးဝင်းညွှန့်က ပြောပါတယ်။
ခွန်တန် ခေါ် ဇာတ်လိုက်ရဲ့ ဥပဒေနဲ့ဆန့်ကျင်စွာ အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေကို ထိမ်း မြား လက်ထပ်မှု အကြိမ်ကြိမ်ပြုလုပ်ခြင်း ကာမလိမ်လည်ရယူခြင်းဆိုတာတွေကို သက်သေပြနိုင်ဖို့ ခဲယဉ်းနေ တာကြောင့် ဖြစ်ရပ်က မှန်ကန်ပေမယ့် အမှုဖွင့်ဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။
ခွန်တန်ကို အမှုဖွင့်အရေးယူရမယ့်အပိုင်းရှိသလို တဖက်မှာလည်းအလံတရာနယ်မြေအတွင်း ယုံကြည် မှုလွန်ကဲနေတဲ့ ဥပဒေနဲ့ ဆန့်ကျင်စွာပြုမှုလုပ်ဆောင်မှုတွေကို သိရှိနားလည်စေဖို့ အသိပညာပေးပွဲတွေ လုပ် ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း ထောက်ပြပြောဆိုလာကြပါတယ်။
လွှတ်တော်အမတ်တစ်ယောက်ဖြစ်သလို မွန်ပြည်နယ်အမျိုးသမီးနဲ့ကလေးသူငယ်ဆိုင်ရာ ကော်မတီရဲ့ ဥက္ကဌဖြစ်သူ ဒေါ်ခိုင်ခိုင်လဲ့ကတော့ အလံတရာနယ်မြေမှာ ပညာသင်ကြားဖို့အခွင့်အလမ်းတွေ များများဖန်တီး ပေးဖို့လိုပြီး သမီးရှင်တွေအနေနဲ့လည်း မိန်းကလေးတွေကို ကျောင်းဆက်ထားဖို့ အသိပညာပေးမှုတွေ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ထောက်ပြပြောဆိုထားပါတယ်။
“တန်းတူအခွင့်အရေးရှိတယ်။ အမျိုးသားရော အမျိုးသမီးရော တန်းတူပညာသင်ကြားခွင့် တန်းတူ ဥပဒေရဲ့အကာအကွယ်ကို ယူခွင့်ရှိတယ်။ မှန်ကန်တဲ့နယ်ပယ်ထဲရောက်ဖို့ အခုချိန်မှာစပြီး လုပ်ရင်တော့ အချိန် မှီပါသေးတယ်။ ကျန်းမာရေး၊ ပညာရေး စတဲ့ဟောပြောပွဲတွေ လုပ်ပေးဖို့လိုတယ်။ အခုလည်း အသိပညာပေး ပွဲတွေလုပ်နေတယ်” လို့ မွန်ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကပြောပါတယ်။
အခုလို ပညာရေးမြှင့်တင်ဖို့အတွက်ကတော့ အဓိကစိန်ခေါ်မှုသုံးချက်ရှိနေပါတယ်။ အဲ့ဒါကတော့ စီးပွားရေး၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းအဆောက်အအုံနဲ့ လမ်းပန်းဆက်သွယ်ရေး စတဲ့သုံးချက်ကို စတင် အကောင် အထည်ဖော်ရမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပြပါတယ်။
အလံတရာနယ်မြေအတွင်း မူလတန်းကျောင်းအဆင့်ရှိပြီး အထက်တန်းကျောင်းနဲ့ အနည်းငယ် အလှမ်းဝေးတယ်လို့ ဆိုပါတယ်။ ပညာရေးနဲ့ပတ်သက်လို့ အမျိုးသမီးတွေအပေါ် ပိတ်ပင်တားဆီးတာမျိုး မရှိပေမယ့်လို့ အလံတရာနယ်မြေအတွင်း အထက်တန်းကျောင်းပြီးဆုံးတဲ့အထိ ကျောင်းနေခဲ့ရတဲ့ မိန်းကလေး မရှိဘူးလို့လည်း ဦးခင်မောင်ကြည်ရဲ့ပြောကြားချက်အရ သိရပါတယ်။
အခုချိန်မှာတော့ ခွန်တန် ခေါ် ဇာတ်လိုက်အပါအဝင် သူ့ရဲ့အပေါင်းအပါ ၆ ဦးကို အတင်းအဓမ္မပေါင်းသင်းရန် ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၆၆၊ လူခိုးယူမှု ပုဒ်မ ၃၆၃၊ ပူးပေါင်းပါဝင်သူများကို အားပေးကူညီမှုပုဒ်မ ၁၁၄တို့နဲ့ အမှုဖွင့်ထားပြီလို့သိရပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021