မလိခ။ ။
“အခုညီမတို့နေတဲ့အခန်းတွေက တိုက်ခန်းတွေ၊ သူများသတ်လို့ သေသွားရင် အိတ်အမည်းထဲထည့်ပြီး သွား ပစ်လိုက်တာ ဘယ်သူမှ မသိဘူး။ ဘာမှလည်း မတတ်နိုင်ဘူး”
ထိုင်းနိုင်ငံရောက် အိမ်ဖော်များဘ၀ လုံခြုံမှုကင်းမဲ့ပုံကို မလှခိုင်မွန်က ပြောပြသည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှ လာရောက်အလုပ်လုပ်ကိုင်သည့် အသက်(၂၆)နှစ်အရွယ် မလှခိုင်မွန် သည် မိသားစုစားဝတ်နေရေး အဆင်မပြေသဖြင့် ထိုင်းနိုင်ငံသို့ရောက်လာကာ အိမ်အကူ(အိမ်ဖော်)လုပ်ငန်း ကို (၁၁)နှစ်ကြာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး မကြာသေးခင်က အိမ်အကူများအသတ်ခံရသည့် သတင်းကြောင့် စိုးရိမ်ထိတ်လန့်နေရသည်ဟု ပြောပြသည်။
မကြာသေးမီက ထိုင်းနိုင်ငံ၊ လပ်ဘူရီခရိုင်၊ ဘန့်ပုန်းမြို့နယ်တွင် မြန်မာအိမ်အကူတစ်ဦးကို ထိုင်းအလုပ်ရှင် က အိပ်ခန်းထဲတွင် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် မြန်မာအိမ်အကူများအကြား ဘဝလုံခြုံမှုအတွက် စိုးရိမ်ပူပန်မှုများ ပိုမိုတိုးမြှင့်လာခဲ့ပါသည်။
မလှခိုင်မွန်သည် ၂၀၀၅ ခုနှစ်၊ သူမအသက် (၁၃)နှစ်၊ ကျောင်းတက်ရမည့်အရွယ်တွင် မိသားစုစားဝတ်နေ ရေးကြောင့် လူပွဲစားများအား ဘတ်(၁၅၀၀၀) ပေးကာ ထိုင်းမြန်မာနယ်စပ်၊ မြဝတီမြို့မှ ဘန်ကောက်မြို့သို့ (၅)ရက်ကြာ ဖြတ်သန်းပြီး ခက်ခဲကြမ်းတမ်းစွာ ရောက်ရှိခဲ့သူဖြစ်သည်။
ထိုင်းနိုင်ငံသို့ ရောက်ခါစက ချည်ထည်စက်ရုံတွင် (၂)နှစ်ကြာလုပ်ကိုင်ခဲ့ပြီး အသက်(၁၅)နှစ်အရွယ်မှ စတင် ၍ အိမ်အကူလုပ်ငန်းကို လုပ်ကိုင်ခဲ့ရာ ထိုင်းသူဌေးများ၏ ခြိမ်းခြောက်မှု၊ လစာမပေးမှု၊ နားချိန်မရဘဲ မတရား စေခိုင်းမှုများ ကြုံတွေ့ခဲ့ကာ မျက်ရည်များဖြင့်သာ အားကိုးရာမဲ့ ဖြတ်သန်းခဲ့ရသည်ဟု ပြောပြသည်။
“ကရင်မလေးတွေ အသတ်ခံတာ များတယ်။ မုဒိန်းကျင့်ပြီး သတ်လိုက်တာတို့၊ သူတို့သတ်လိုက်ပြီးတော့ ကိုယ့်ဖာသာ ကိုယ်သတ်သေတယ်ဆိုပြီး ပြောတာတို့ အများကြီးပါဘဲ။ သူဌေးအိမ်မှာနေရင် လုံခြုံမှုတော့ မရှိ ဘူး။ သူဌေးပြောသလို နေရတယ်၊ သူခိုင်းတာ လုပ်ရတယ်။ သူပြောတာ ခံရတယ်။ သူတို့ဘာဘဲ ပြောပြော သည်းခံပြီး နေရတာပေါ့။ ပြန်ပြောလို့လည်း မရဘူး။ ကိုယ့်ကို လူမသိ သတ်လိုက်မလား ပူရတယ်။ အခုက သေတဲ့လူများလာတော့ ကိုယ်က ပိုကြောက်လာတယ်”ဟု သူက ပြောသည်။
သြဂုတ်လ (၆)ရက်နေ့က တနင်္သာရီတိုင်းဒေသကြီးမှ ကရင်လူမျိုး၊ အသက် (၁၇)နှစ်အရွယ် မြန်မာအိမ်အ ကူ မညိညိုအေးသည် ဦးခေါင်း၌ သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးခဲ့သည်။ မညိညိုအေးသည် သေဆုံး သည့် နေအိမ်တွင် အိမ်အကူအဖြစ် (၃)နှစ်ကြာ လုပ်ကိုင်ခဲ့သူဖြစ်သည်။
မညိုညိုအေး၏အလောင်းကို သက်ဆိုင်ရာအာဏာပိုင်များက သြဂုတ်လ(၈)ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ် ရှိ သူမ၏ဦးလေးဖြစ်သူထံ ပို့ဆောင်ပေးခဲ့ကာ သေဆုံးမှုအတွက် ထိုင်းဘတ်ငွေ ၅,၀၀၀(မြန်မာငွေ ၂ သိန်း ခန့်) ပေးခဲ့သည်။
သူမသည် ဘယ်သန်ဖြစ်ပြီး သေနတ်ဒဏ်ရာသည် ညာဖက်လက်နှင့် ပစ်သတ်ထားသည့်ပုံစံ ဖြစ်နေသော် လည်း နယ်မြေခံရဲတပ်ဖွဲ့က မိမိကိုယ်ကို သတ်သေမှုဖြင့်သာ အမှုဖွင့်ဆောင်ရွက်နေသဖြင့် အမှုမှန်ပြန်လည် စုံစမ်းဖော်ထုတ်ပေးရန် ထိုင်းနိုင်ငံ၊ အထူးစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ (DSI) သို့ ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေစီ)က တိုင်တန်းထားသည်ဟု သိရသည်။
ယခင်ကတည်းက တစ်နှစ်လျှင် အနည်းဆုံး (၂)ယောက်မှ (၃)ယောက်အထိ အိမ်အကူအသတ်ခံရမှုများ ရှိခဲ့ သော်လည်း ယခုနောက်ပိုင်းဖြစ်ရပ်များမှ လူမှုကွန်ယက်များ၏သတင်းဖြန့်ဝေမှုကြောင့် ပိုမိုလူသိများလာ ခြင်းဖြစ်သည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများက ပြောပါသည်။
ထိုင်းနိုင်ငံတွင် အိမ်တိုင်းလိုလို အိမ်အကူများ ငှားရမ်းထားရှိပြီး မြန်မာအိမ်အကူများအတွက် ဘဝလုံခြုံမှု ကင်းမဲ့နေသော်လည်း လူ့အခွင့်အရေးရှုထောင့်အရသော်လည်းကောင်း၊ အမျိုးသမီးရှုထောင့်အရသော်လည်း ကောင်း၊ အလုပ်သမားရှုထောင့်အရသော်လည်းကောင်း၊ အစိုးရမှ အလေးမထားခြင်းကြောင့် အိမ်ဖော်အ လုပ်သမများ ဘဝလုံခြုံမှု ကင်းမဲ့နေခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) မှ တာဝန်ခံ ဦးကျော်သောင်းက ပြောသည်။
“စိုးရိမ်စရာက နဂိုကတည်းက ရှိနေတယ်။ အခုလည်း ရှိနေတယ်။ ဘာကြောင့်လည်းဆိုရင် ဥပဒေကြောင်း အရ အကာအကွယ် မရဆုံးသော၊ ဥပဒေကြောင်းအရ ချိုးနှိမ်ခံထားရသော၊ ဥပမာအရ ၁၆ ရာစုကတည်းက ကျေးကျွန်အဖြစ် ရောင်းစားခံရဆုံးက အိမ်ဖော်အလုပ်ဘဲ။ အိမ်ဖော်တွေရဲ့ လုံခြုံမှုက လုံးဝမရှိဘူး”ဟု သူက ပြောသည်။
ထိုင်းနိုင်ငံတွင် အိမ်ဖော်ဥပဒေ မရှိခြင်း၊ အလုပ်သမားဆိုင်ရာ အခွင့်အရေး တစုံတရာ သတ်မှတ်ထားမှု မရှိ ခြင်းတို့အပြင် မြန်မာအိမ်အကူများ အသတ်ခံရမှုအများဆုံးသည် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှု၊ အငယ် အနှောင်းလုပ်ခံရမှုများနှင့် ဆက်နွယ်နေကြောင်း ဦးကျော်သောင်းက ပြောသည်။
“အဲဒီလိုအိမ်မျိုးမှာ ရောက်သွားရင် အိမ်ဖော်တွေ အကာအကွယ်နည်းတယ်။ မိန်းမသားတစ်ယောက်အနေနဲ့ လူသတ်လက်နက်ကို ကိုင်တွယ်ဖို့ဆိုတာ ဘယ်လိုအခက်အခဲရှိတယ်ဆိုတာ အမျိုးသမီးအချင်းချင်း သိမှာပေါ့ နော်” ဟု ဦးကျော်သောင်းက ပြောသည်။
ယင်းသေဆုံးမှုများသည် သတ်ဖြတ်မှုများ ဖြစ်နိုင်သည်ဟု ဦးကျော်သောင်းက ကောက်ချက်ချသည်။
“ကျနော်တို့မြန်မာတွေ ဒီလောက်ခံနေရတယ်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀)ကတည်းက ဒီနေ့ဒီချိန်ထိ သတ် သတ်မှတ်မှတ် မိမရှိဖမရှိတဲ့ သားသမီးတွေလို ဖြစ်နေတဲ့အတွက် လက်ရဲဇက်ရဲ သတ်နေတာပေါ့”
အလားတူ အသက်ငယ်ရွယ်သည့် အိမ်အကူများ အသတ်ခံရမှုသည် အများအားဖြင့် ထိုင်းအိမ်ရှင်မှ လိင်ပိုင်း ဆိုင်ရာ စော်ကားမှု၊ စော်ကားရန် ကြိုးပမ်းမှုတို့ကို လက်မခံသဖြင့် စိတ်လိုက်မာန်ပါ ပြုလုပ်အသတ်ခံရခြင်း၊ ဆင်းရဲမှုဒဏ်၊ နှိပ်စက်မှုဒဏ်ကို မခံနိုင်သည့်အဆုံး အိမ်ဖော်အလုပ်သမက ငွေကြေး၊ ပစ္စည်းများယူပြီး ထွက် ပြေးရန်ကြိုးစားသဖြင့် ထိုင်းအလုပ်ရှင်မှ စိတ်ဆိုး၍ အသတ်ခံရခြင်းများလည်း ရှိသည်ဟု ရွှေ့ပြောင်းအလုပ် သမားအခွင့်အရေးကွန်ရက် (MWRN) မှ ဒုတိယဥက္ကဌ ဦးအောင်ကျော်က ပြောသည်။
မြန်မာအိမ်အကူများ အသတ်ခံရသည့်အမှုများသည် အမြဲဖြစ်ပွားနေခြင်းမဟုတ်သော်လည်း ရံဖန်ရံခါ ဖြစ်ပွား နေဆဲဖြစ်ပြီး အိမ်အကူများဘဝလုံခြုံမှု ကင်းမဲ့နေဆဲ ဖြစ်သည်ဟု သူကပြောသည်။
“ခိုင်မာတိကျတဲ့ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ မထွက်ပေါ်မချင်းကတော့ အလုပ်သမားတွေအတွက် စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိသေးတာပေါ့”
မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံသားများကို စနစ်တကျကာကွယ်စောင့်ရှောက်ရန်နှင့် အိမ်အကူများအ တွက် လုံလောက်ခိုင်မာတိကျသည့် ကာကွယ်စောင့်ရှောက်မှုဥပဒေများ ပြဌာန်းပေးရန် ထိုင်းအစိုးရကို တိုက် တွန်းစေလိုကြောင်း သူက ပြောသည်။
နိုင်ငံတကာ အလုပ်သမားအခွင့်အရေးဆိုင်ရာပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ အစိုးရများက လည်း ထိုင်းနိုင်ငံအတွင်း အိမ်အကူများ အသတ်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ ထိုင်းအစိုးရကို တစုံတရာဖိအားပေးလာကြသဖြင့် လက်ရှိအခြေအနေတွင် အသတ်ခံရမှုများ ရှိနေသေး သော်လည်း အနာဂတ်တွင် လျော့နည်းသွားနိုင်မည်ဟု မျှော်လင့်သည်ဟု သူက ပြောသည်။
သို့သော် နှစ်ပေါင်း(၁၄)နှစ်ကြာ အတွေ့အကြုံများအရ ထိုင်းရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ် သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေတွင် အိမ်ဖော်များကို အကာအကွယ်ပေးမှု မရှိသဖြင့် နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်သော ILO, World vision, Save the children, UNHCR, ထိုင်းအလုပ်သမားသမဂ္ဂ၊ ထိုင်းအမျိုး သမီးသမဂ္ဂတို့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအများအပြားက အိမ်အကူများအတွက် တနင်္ဂနွေနေ့ (၁) ရက် နားရက်ရရှိရေးကို တောင်းဆိုခဲ့သော်လည်း ထိုင်းအစိုးရက ပြဌာန်းပေးခြင်း မရှိခဲ့သဖြင့် မြန်မာအိမ် အကူများ အကာအကွယ်ရရှိရန်အတွက် လုပ်ဆောင်ရန် ခက်ခဲသလို အခြားနိုင်ငံများ ဝင်ရောက်စွက်ဖက်ရန် လည်း ခက်ခဲကြောင်း ဦးကျော်သောင်းက ပြောသည်။
“စစ်တပ်အရာရှိ (အငြိမ်းစား)၊ ရဲအရာရှိကြီး(အငြိမ်းစား)တို့က ပိုရက်စက်တာ တွေ့ရတယ်။ ကျနော့်အတွေ့ အကြုံအရဆိုရင် သူတို့တွေက ဗမာတွေအပေါ်မှာ မုန်းတီးနာကြည်းမှုများတယ်”
“ထိုင်းနိုင်ငံက လူသားချင်းစာနာစိတ်ရှိရှိနဲ့ သူတို့နိုင်ငံက ဥပဒေပြဌာန်းပေးမှသာလျှင် ဒီအလုပ်က လုံခြုံမှုရပါ လိမ့်မယ်”ဟုလည်း သူက ပြောသည်။
ထိုင်းဥပဒေအရ အိမ်အကူများအတွက် အကာအကွယ်ပေးခြင်း မရှိသောကြောင့် ယခုကဲ့သို့ အိမ်အကူများ အသတ်ခံနေရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက် မက်ဖောင်ဒေးရှင်း (MAP) မှ အိမ်အကူ အ လုပ်သမားဆိုင်ရာ တာဝန်ခံ မစ္စဖိန်(Pim) ကလည်း ပြောသည်။
“ထိုင်းဥပဒေမှာက သူဌေးအိမ် ဒါမှမဟုတ် သူများအိမ်ကို ဒီအတိုင်း ဝင်သွားခွင့် မရှိဘူး။ အိမ်တွင်းမှာ ဖြစ်နေ တဲ့ပြဿနာဆို မုဒိန်းကျင့်ခံရတာဘဲဖြစ်ဖြစ် တွေ့တဲ့လူ (မျက်မြင်) သိပ်မရှိဘူး။ သူတို့က သူဌေးအိမ်မှာဘဲနေ တော့ ဘယ်သူမှ မတွေ့နိုင်ဘူး။ လုပ်နေတုန်း၊ မုဒိန်းကျင့်ခံရတုန်းက ဘယ်သူမှ မသိဘူး။ တွေ့ဖို့လည်း မလွယ်ဘူး။ နောက်ဆုံး လူသတ်မှုဖြစ်ပြီးမှ တယောက်ယောက်တွေ့မှ သိရတယ်။ တယောက်ယောက်က အိမ်ထဲ ဝင်သွားမယ်ဆိုရင်လည်း ကျူးကျော်မှုဖြစ်သွားတယ်။ အဲဒီဥပဒေနဲ့ အိမ်ဖော်တွေ အဲဒီလို အနေအ ထားတွေရှိတော့ ဒီလူသတ်မှုတွေ ဖြစ်တာက ပိုများလာတယ်”
မြန်မာအိမ်အကူများကို ထိုင်လုပ်ငန်းရှင်များက ဘာသာစကား နားမလည်ခြင်းကြောင့် အထင်သေးခြင်း၊ ဆဲ ဆိုခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း၊ အလုပ်ထွက်ခွင့် မပေးခြင်း၊ လစာမပေး ခြင်း၊ အလုပ်လုပ်ခွင့် ပါ့စ်ပို့များ သိမ်းယူထားခြင်း၊ ထိုင်းအိမ်ရှင် အမျိုးသားနှင့်အတူ အိပ်ခိုင်းပြီး ကလေးရလာ ပါက ပိုက်ဆံပေး၍ သန္ဓေသားဖျက်ချခိုင်းခြင်းများ ရှိသော်လည်း မြန်မာအိမ်အကူများဘက်မှ အရှက်တရား နှင့် ကူညီသူမဲ့သောကြောင့် အမှုဖွင့်တိုင်ကြားခြင်း မရှိဘဲ နေရပ်ပြန်သွားကြရသူများလည်း ရှိသည်ဟု သူက ပြောသည်။
အိမ်အကူနှင့် အလုပ်ရှင်တို့အကြား သဘောတူစာချုပ်ထားရှိပြီး မုဒိန်းကျင့်မှုနှင့် လူမဆန်သော နှိပ်စက်မှုများ ရှိလာပါက အလုပ်ရှင်အား ကြီးမားသည့် ပြစ်ဒဏ်များချမှတ်သည့် ဥပဒေရှိသင့်ကြောင်း၊ ပေါ်လစီများကို အလုပ်သမားအားလုံး အလုပ်အကိုင်ခွဲခြားခြင်း မရှိဘဲ တန်းတူအလုပ်လုပ်ခွင့်ရှိသော ဥပဒေတခုတည်း ထား ရှိရန်နှင့် ထိုင်းနှင့် မြန်မာအစိုးရတို့ ILO ၏ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအခွင့်အရေး၊ အိမ်ဖော်အလုပ် သမားအခွင့်အရေး အပြည့်အဝရရှိရေး လက်မှတ်ရေးထိုးသင့်ကြောင်း သူကပြောသည်။ ထိုသို့ အိမ်အကူ များ အသတ်ခံရမှုများ ရှိလာပါကလည်း မြန်မာသံရုံးမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးကူညီပေးရန် လို အပ်ကြောင်း သူက ပြောသည်။
မြန်မာအိမ်အကူများ ဘဝလုံခြုံမှု ရရှိရန်အတွက် ထိုင်းအလုပ်ရှင်မှ မိမိ၏အိမ်အကူဖြစ်ကြောင်း အစိုးရထံ မှတ်ပုံတင်ထားရန် အစိုးရနှင့် အိမ်အကူလိုအပ်သူ ထိုင်းသူဌေးများအား တောင်းဆိုလိုကြောင်း အိမ်အကူ မလှခိုင်မွန်က ပြောပါသည်။
“အခုက ပိုက်ဆံရှိရင် သူဌေးက အိမ်ဖော်ငှားတယ်။ မှတ်ပုံမတင်ထားဘူး။ ကိုယ်သေသွားရင် ကိုယ်ဘာဘဲ ဖြစ်ဖြစ် အစိုးရက မသိဘူး။ ကိုယ်ဖြစ်စေချင်တာက အိမ်ဖော်လုပ်နေတဲ့ မြန်မာပြည်သားအားလုံးကို မှတ်ပုံ တင်ပေးစေချင်တယ်။ ဒီလူက ငါ့အိမ်ဖော်ပါဆိုပြီး အစိုးရကို မှတ်ပုံတင်စေချင်တယ်”
“သူများနိုင်ငံမှာ လာနေနေရတော့ ကိုယ့်အမေအိမ်လောက် ဘယ်လုံခြုံပါ့မလဲ။ အခုကျမနေတဲ့အိမ်က သူဌေး ဆိုရင် အလုပ်ခိုင်းရင် လက်နဲ့မခိုင်းဘူး။ ခြေထောက်နဲ့ ထိုးပြီးခိုင်းတယ်။ တအားရိုင်းတယ်။ ကြောက်လည်း ကြောက်တာပေါ့။ ကိုယ်က မပြန်နိုင်သေးဘူးဆိုတော့လည်း ကိုယ့်ဘဝနဲ့ရင်းပြီး ကြိုးစားနေရတာပေါ့နော်။ သူဌေးတွေက ကိုယ့်ကိုဘယ်တော့ မကောင်းကြံမလဲ ရင်တထိတ်ထိတ်ပဲ။ ပြန်ရင်လည်း အလုပ်အကိုင်က မသေချာတော့ ဒီလိုပဲ အားတင်းပြီးနေရတာပေါ့” ဟု မလှခိုင်မွန်က ပြောသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021