Home ဆောင်းပါး မိခင်စွမ်းအားနဲ့ မိသားစုကို မောင်းနှင်နေသူ

မိခင်စွမ်းအားနဲ့ မိသားစုကို မောင်းနှင်နေသူ

 

ပစ်တိုင်းထောင်မ။                      ။

“ကိုယ်က တတ်နိုင်သလောက် ရှောင်တာတောင်မှ တက္ကစီမောင်းစားနေတယ် ကောင်မကိုက.. အဲဒီလိုမျိုးပြော တာတွေ ကြုံဖူးတယ်။ မသာမ လို့ ဆဲတာမျိုးခံရတာလည်း ကြုံဖူးတယ်”

ဆယ်တန်းအောင်စာရင်းတွေထွက်တော့ ပျော်ရွှင်နေကြတဲ့လူတွေအထဲ အသက်(၁၈)နှစ်အရွယ် ဆံပင်တိုတို အရပ်မြင့်မြင့်နဲ့ မအေးမြတ်သူကျော်လည်း ပါပါတယ်။ သူက(၆)ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သူပါ။

“ကိုယ့်သဘောနဲ့ကိုယ် ဆရာဝန်ဖြစ်ချင်လို့ ကြိုးစားခဲ့တယ်။ ပေးတဲ့စာတွေကို ကျက်တယ်။ ဆရာတွေရဲ့ စကား ကို နားထောင်တယ်”

ဆယ်တန်းကို နှစ်ချင်းပေါက် ထူးချွန်စွာ အောင်မြင်ခဲ့ပေမယ့် သူဟာ ပြီးပြည့်စုံတဲ့ မိသားစုထဲက ပေါက်ဖွားလာ သူတော့ မဟုတ်ပါဘူး။ အမေဖြစ်သူက လူတွေ ကားတွေ ရှုပ်ထွေးလှတဲ့ ရန်ကုန်မြို့မှာ တက္ကစီ(အငှားယာဉ်) မောင်းပြီး မိသားစုတာဝန်ကို တဦးတည်းဖြေရှင်းနေသူတယောက်ပါ။

အမေဖြစ်သူဒေါ်သူဇာက တက္ကစီမောင်းတဲ့အလုပ်လုပ်ပြီး သားသမီးတွေကို ရှာဖွေကျွေးမွေးနေရပေမယ့် မအေး မြတ်သူကျော်ကတော့ သူ့အမေကို ယုံကြည်မှုအပြည့်ရှိလို့ စိုးရိမ်ပူပန်မှုတွေ သိပ်မရှိဘူးလို့ ပြောပါတယ်။

“အမေပြန်လာတာ နောက်ကျရင် ဖုန်းဆက်ကြည့်တယ်။ ဘယ်ရောက်နေလဲပေါ့။ အမေကလည်း မိသားစုအ တွက်  လုပ်နေတာဆိုတော့ အရမ်းကြီးစိုးရိမ်တာမျိုးတော့ မရှိပါဘူး”

သားသမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်တာကတော့ မိဘတိုင်းရဲ့ စိတ်ရင်းပါ။ အဲဒီမိဘတွေအထဲမှာ ဒေါ်သူဇာတယောက်လည်း ပါဝင်ပါတယ်။

ဒေါ်သူဇာဟာ ခင်ပွန်းဖြစ်သူနဲ့ ကွဲနေတာ (၁၀)နှစ်ကျော်ကြာနေပြီဖြစ်ပြီး သားသမီး(၄)ယောက်ကို တယောက် ထဲ ရုန်းကန်ရှာကျွေးနေရတာပါ။

“အဲဒီတုန်းက အငယ်ဆုံးလေးက ၃ နှစ်ခွဲ၊ မူကြိုတက်ခါစပဲရှိသေးတာ”

သားသမီးတွေရဲ့ ပညာရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးတွေကစလို့ သားသမီး(၄)ယောက်ကို ရှာဖွေ ကျွေးမွေးဖို့ဆိုတာ ခုခေတ်ကြီးမှာ လွယ်လှတယ်တော့ မဟုတ်ပါဘူး။ အဲဒီလို မလွယ်လှတဲ့ကြားကပဲ ဘယ်လို ရုန်းကန်ခဲ့ပြီး လုပ်ဆောင်နေသလဲဆိုတာကို အခုလို ပြောပြပါတယ်။

“ကလေးအဖေနဲ့ လမ်းစခွဲတဲ့အချိန်ကစလို့ ပေါင်မုန့်ကားကြီး စမောင်းပြီး ကုန်တွေလိုက်ပို့တဲ့ အလုပ်လုပ်ခဲ့တာ။ ဟိုခေတ်တုန်းက ကားကြီးတွေက လေးလည်းလေး၊ စုတ်စုတ်ပြတ်ပြတ်နဲ့ အဲဒီကားကြီးတွေ မောင်းပြီး လိုက်ပို့ ရတာ။ ကျမနေ့တိုင်း မနက်မိုးလင်း(၅)နာရီထိုးတာနဲ့ ကုန်တွေပို့နေပြီ။ တာချီလိတ်ဘက်က ဆင်းလာတဲ့ ကုန် တွေကို အောင်မင်္ဂလာကနေ ကုန်တွေသယ်ပို့ပေါ့နော်။ အရင်တုန်းက ရှော့ပင်းစင်တာတွေဆို ကျမကို မသိတဲ့ လူ သိပ်မရှိဘူး”

ကုန်ပို့အလုပ်ကို နှစ်အတော်ကြာကြာလုပ်ပြီးနောက်ပိုင်း ကုန်ပို့ရတဲ့အလုပ်က အဆင်မပြေတော့လို့ ၂၀၁၄ ခုနှစ် ကစလို့ ဒေါ်သူဇာတယောက် အငှားယာဉ်မောင်းဘဝကို ရောက်ရှိလာပါတယ်။

တက္ကစီမောင်းတဲ့ဘဝကို ရောက်သွားအချိန်မှာတော့ တချို့အမျိုးသားတွေရဲ့ မထိတထိ ပြောဆိုတာခံရတဲ့ အပြင် ဆဲဆိုသွားတာတွေရှိသလို ကားငှားစီးတဲ့ အမျိုးသားတချို့ကလည်း စပ်စုသလို အထင်သေးသလို မေး မြန်းခြင်းခံရတာတွေလည်း ရှိပါတယ်လို့ ပြောပြတယ်။

“တချို့အမျိုးသားတွေက ရိုးရိုးသားသား စကားပြောကြပေမယ့် တချို့ကျတော့လည်း ရိသဲ့သဲ့ပြောကြတယ်၊  မိန်းမဖြစ်ပြီး တက်စီမောင်းတယ်နော် ..ဘာညာပေါ့”

“ကိုယ်က တတ်နိုင်သလောက် ရှောင်တာတောင်မှ တက္ကစီမောင်းစားနေတယ် ကောင်မကိုက.. အဲဒီလိုမျိုးပြော တာတွေ ကြုံဖူးတယ်။ မသာမ လို့ ဆဲတာမျိုးခံရတာလည်း ကြုံဖူးတယ်”

အထင်သေးမှုတွေ၊ ဆဲဆိုမှုတွေကို ကြံ့ကြံ့ခံပြီး တက္ကစီမောင်းနေရတဲ့အခါ အမျိုးသမီးဖြစ်တဲ့အတွက် ကိုယ့်အ ပေါ်ကို ကျရောက်လာမယ့် အန္တရာယ်ကိုတော့ ကြည့်ရှောင်ရတယ်လို့လည်း ဆိုပါတယ်။

ညဘက်တွေမှာလည်း ကားမောင်းပေမယ့် အပြင်လူစိမ်းတွေတင်တာကိုတော့ မလုပ်ဘူးလို့ ဆိုပါတယ်။

“ညဖက်တော့ အသိထဲကပဲ တင်ပါတယ်။ ကျမကားကို ငှားတဲ့သူ တားတဲ့လူပေါ့။ ရုံးဝန်ထမ်းပုံစံ ပေါက်နေတယ် ဆိုရင်တောင် အရက်ဆိုင်၊ ဘီယာဆိုင်ရှေ့လိုမျိုးမှာ ငှားရင် မလိုက်ဘူး”

Hello Cabs လို့ခေါ်တဲ့ တက္ကစီဝန်ဆောင်မှုပေးနေတဲ့အဖွဲ့နဲ့ချိတ်ပြီး လုပ်တဲ့အတွက် ဒေါ်သူဇာတယောက် အ ဆင်ပြေတယ်လို့ဆိုပါတယ်။

“Hello Cabs က ချိတ်ပေးတာဆိုရင်တော့ ညဘက် ၁၁ နာရီ ၁၂ နာရီအထိ ဆွဲတယ်”

ကားမောင်းရင်း အလုပ်လုပ်ရတဲ့ ဒေါ်သူဇာအတွက်တော့ သူမဘဝမှာ သူ့ရဲ့တက္ကစီဟာ ဒုတိယအိမ်ဖြစ်ပါ တယ်။ ပင်ပန်းတဲ့အခါ၊ ဝမ်းနည်းတဲ့အခါ၊ အခက်အခဲတစုံတရာကြုံရတဲ့အခါ သားသမီးတွေကို မသိစေချင်တဲ့ အတွက် သူမရဲ့ ကားလေးထဲမှာ ကြိတ်ငိုလိုက်တယ်လို့ ပြောပြပါတယ်။

“ကျမဘဝမှာ ဝမ်းနည်းစရာတွေတော့ ရှိတာပေါ့။ အိမ်မှာဆို ကိုယ့်သားသမီးတွေကို ပေးမသိစေချင်လို့ ငိုစရာ ရှိတာ၊ ခံစားစရာရှိတာမျိုးဆို ကားပေါ်မှာပဲ ခံစားလိုက်တယ်။ မျက်ရည်ကျလိုက်တယ်။ ကျမမောင်းတဲ့တက္ကစီက ကျမရဲ့ ဒုတိယအိမ်ပါ..”

အခက်အခဲတွေကို တယောက်ထဲ ရင်ဆိုင်ဖြေရှင်းရင်း သားသမီး (၄) ယောက်ကို ရှာကြွေးနေတဲ့ ဒေါ်သူဇာက ဒီနှစ်ထဲမှာ ဒုတိယသမီးလေးက (၁၀)တန်း အောင်မြင်ခဲ့သလို မနှစ်ကလည်း သားဦးလေးက (၁၀)တန်းအောင် မြင်ခဲ့တယ်လို့လည်းပြောပါတယ်။

သားသမီး(၄)ယောက်မှာ (၂)ယောက်က တက္ကသိုလ်ဝင်စာမေးပွဲကို အောင်ခဲ့တဲ့အတွက် သူမဘဝတဆစ်ချိုး မှာ အောင်မြင်မှု လမ်းစလေးကို ဆုတ်ကိုင်မိတဲ့ ခံစားချက်မျိုး ခံစားရတယ်လို့ ကားမောင်းရင်း ပြုံးပြုံးလေး ပြောပြနေပုံက ပီတိတွေ ဘယ်လောက်ဖြစ်နေသလဲဆိုတာ မှန်းဆလို့တောင် မရနိုင်ပါဘူး။

“သားကလည်း မနှစ်က(၅)ဘာသာ ဂုဏ်ထူးပါတယ်။ ဒီနှစ်သမီးကလည်း (၆)ဘာသာဂုဏ်ထူးပါတယ်။ သား သမီး (၄)ယောက်မှာ(၂)ယောက်ကတော့ တက္ကသိုလ်ဝင်ခွင့်ဆိုတာကို အောင်မြင်ခဲ့ပြီ။ ဘာပဲပြောပြော ကျမ ကြိုးစား ရုန်းကန်ခဲ့တာ (၂)ချိုး(၁)ချိုးတော့ပြီးပြီပေါ့”

သားသမီး(၂)ယောက် ဂုဏ်ထူးနဲ့အောင်မြင်တော့ သူမရဲ့ သားသမီးတွေကို ဆရာဝန်ဖြစ်စေချင်တဲ့ ဆန္ဒကလည်း ဒေါ်သူဇာစိတ်ထဲမှာ ရှိနေပါတယ်။ တခုထူးခြားတာက တချို့မိဘတွေလို ဆရာဝန်ဆိုတဲ့ဂုဏ်ကို လိုချင်လို့ တော့မဟုတ်ပါဘူး။ သူမရဲ့ သားသမီးတွေကို ဘာကြောင့် ဆရာဝန်ဖြစ်စေချင်သလဲဆိုတာကိုတော့ အခုလို ပြောပြပါတယ်။

“ဘာလို့ဖြစ်စေချင်တာလဲဆိုတော့ ပထမဦးဆုံးက ပိုက်ဆံမရရင် နေပါစေ။ ဆရာဝန်ဖြစ်သွားရင် ဘယ်နေရာ ဘယ်ဒေသမှာကျကျ သွားပြီးတာဝန်ထမ်းဆောင်၊ တာဝန်တခု ထမ်းဆောင်ရင် သူတို့အတွက်က ထမင်းငတ် စရာမလိုဘူး။ နေစရာ စိတ်ပူစရာ မလိုဘူး”

“ဆရာဝန်လေးတွေနဲ့ နယ်တွေလိုက်သွားတဲ့အခါ ကိုယ့်ရင်ထဲမှာ ငါ့သားလေးတွေ ငါ့သမီးလေးတွေနဲ့ အတူတူ အလုပ်လုပ်ရရင်ကောင်းမှာဘဲဆိုတဲ့ အတွေးလေးတွေဝင်လာတယ်။ အဲဒါကြောင့် သားသမီးတွေကို ဆရာဝန် ဖြစ်စေချင်ခဲ့တယ်”

သားသမီးတွေကို ဆရာဝန်ဖြစ်စေချင်ခဲ့လို့ မိဘအတ္တကို သုံးမိတာတွေရှိတယ်လို့လည်း ပြောပြပြန်ပါတယ်။

“သားရယ် ဆေးကျောင်းတက်ပါပေါ့။ အဲဒီအချိန်တုန်းကတော့ သားကို အမိန့်သုံးတာရော၊ တောင်းပန်တာရော လုပ်ခဲ့တယ်။ ဒါက အမေတယောက်ရဲ့အတ္တနဲ့ ဆရာဝန်ဖြစ်စေချင်တဲ့ ကျမရဲ့ရူးသွတ်မှုပေါ့” လို့ ဆေးကျောင်း တက်ဖြစ်အောင် သားကို တိုက်တွန်းခဲ့တာကို ပြောပြပါတယ်။ “သမီးကတော့ သူဘာသာသူ လိုလိုလားလားပဲ ဆေးကျောင်းတက်မယ်ပြောလာတော့ ကျမဝမ်းသာလိုက်တာလေ”

ဒေါ်သူဇာဟာ မိသားစုတာဝန်တွေ ထမ်းဆောင်နေတဲ့ကြားကနေ ပရဟိတအသင်းဖြစ်တဲ့ ဝေဠုကျော်နာရေး ကူညီမှုအသင်းနဲ့ အာသောကရာမ ဇီဝိတဒါန ပရဟိတအသင်းနှစ်ခုမှာ ပါဝင်ကူညီမှုတွေ လုပ်ခဲ့ပါတယ်။ နာရေး ကူညီမှုအသင်းမှာတော့ နာရေးကားမောင်းကူပြီး၊ အာသောကရာမ ဇိဝိတဒါန ပရဟိတအသင်းမှာဆိုရင် နယ် တွေဘက် သုံးလတခါဆင်းပြီး ဆေးလိုက်ကုပေးတာတွေလုပ်တယ်လို့ ဆိုပါတယ်။

ဒေါ်သူဇာဟာ ၁၉၇၂ ခုနှစ်မှာ မွေးဖွားပြီး ၁၉၈၈ ခုနှစ်မှာတော့ အထက်တန်းအောင်ခဲ့ပါတယ်။ အဲဒီနောက် မှာတော့ ဘူမိဗေဒဘာသာရပ်နဲ့ ကျောင်းပြီးခဲ့ပါတယ်။ ယခင်က သူမနေထိုင်တာက ရှမ်းပြည်နယ်၊ တောင်ကြီး မြို့မှာဖြစ်ပြီး ယခုအခါမှာတော့ ရန်ကုန်မြို့မှာ နေထိုင်နေပါတယ်။

လက်ရှိမှာလည်း ဒေါ်သူဇာဟာ တက္ကစီမောင်းသူတယောက်ပါ။ တက္ကစီမောင်းရတဲ့အလုပ်ဟာ သူမအတွက် တော့ အောက်ကျစရာ မလိုသလို သမာအာဇီဝအလုပ်ဖြစ်ပြီး အများကို ကူညီရတဲ့အလုပ်ဖြစ်လို့ ပျော်တယ်လို့ ပြောပါတယ်။

“ကားမောင်းရတဲ့ အလုပ်မှာပဲ စိတ်ကပျော်နေတယ်။ အဲဒါကြောင့် ကုန်ပို့ရရင်ပို့၊ မပို့ရရင် လူပို့တယ်ဆိုပြီး တက္ကစီမောင်းဖြစ်သွားတာ။ ကားထဲမှာပဲ ဘဝကို မြုပ်နှံထားတာ (၁၀)နှစ်ကျော်ပြီ”

Related Articles