Home ဆောင်းပါး သက်ငယ်မုဒိမ်း တားဆီးရေး အဖြေရှာ

သက်ငယ်မုဒိမ်း တားဆီးရေး အဖြေရှာ

Jpeg

ပစ်တိုင်းထောင်မ (ရန်ကုန်)

ခမ်းနားကျယ်ဝန်းလှတဲ့ နေပြည်တော်(Park Royal Hotel) ခန်းမလိုနေရာမျိုးမှာ အမျိုးသမီးအများစုက ထမီရင်ဖုံး အင်္ကျီပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ ဆံပင်ပုံစံအမျိုးမျိုး ဆင်ယင်ထားကြပြီး အားလုံးက အစ ပိုင်းမှာတော့ အပြုံးလေးတွေဝေလို့ စားပွဲဝိုင်းတခုမှာ အနည်းဆုံး(၈)ယောက်ခန့် ထိုင်နေကြပြီး စုစုပေါင်း လူ(၁၀၀) ကျော်ခန့် ရှိကာ သတင်းသမားတွေကိုလည်း တွေ့ရပါတယ်။

ဒါကတော့ သက်ငယ်မုဒိမ်းမှု ကာကွယ်တားဆီးရေးဆိုင်ရာ စီဒေါစည်းရုံးလှုံ့ဆော်ရေးဆွေးနွေးပွဲ (CEDAW Advocacy Seminar)ပွဲ တခုပြုလုပ်နေကြတာဖြစ်ပါတယ်။

ပွဲစပြီး မိနစ်(၂၀)လောက်အကြာမှာတော့ မျက်နှာမှာ ဇာပုဝါအမဲရောင်အုပ်မိုးထားတဲ့ ဦးထုတ်အဝိုင်းလေး တွေဆောင်းလို့ အမျိုးသမီး(၃)ဦးထွက်လာကြပါတယ်။

ဘာကြောင့် ဒီအမျိုးသမီးတွေ အခုလိုမျက်နှာဖုံးပြီး ထွက်လာရသလဲဆိုတဲ့ အကြောင်းရင်းကတော့ ထိုအမျိုး သမီး(၃)ဦးမှာ (၂)ဦးက မုဒိမ်းမှုပြုကျင့်ခံရတဲ့ ကလေးငယ်တွေရဲ့မိခင်တွေဖြစ်ပြီး (၁)ဦးကတော့ ကိုယ်တိုင် မုဒိမ်းပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ်ဖြစ်ပါတယ်။ သူတို့ရဲ့တွေ့ကြုံခံစားရတာတွေကို အခုလိုရင်ဖွင့်ပြော ကြားကြပါတယ်။

ပထမဦးဆုံးမိခင်တဦးရဲ့ ရင်ဖွင့်သံကတော့……

“ ၆နှစ်ခွဲအရွယ်သာရှိသေးတဲ့ ကလေးကို မုဒိမ်းကျင့်ခံခဲ့ရပြီး အနာတရဖြစ်နေတယ်။ အဲဒီအချိန်မှာ ကျမကို ဝိုင်းဝန်းကူညီပေးမယ့်သူလည်း မရှိဘူး။ ကျမတယောက်ထဲ ရုန်းကန်ခဲ့ရပါတယ်။ ဆေးခန်းသွားပြတဲ့အခါမှာ ကျနော်တို့လက်မခံဘူးလို့ပြောပါတယ်။ နောက်တနေရာသွားပြန်တော့လည်း လက်မခံဘူးလို့ ပြောပါတယ်။ ဆေးရုံရောက်သွားပါတယ်။ ဆေးရုံရောက်သွားတဲ့အခါကျတော့ ဆရာဝန်တွေက စစ်ဆေးပြီး ဒီအမှုက မုဒိမ်းမှုမြောက်တယ်.. မတိုင်ဘူးလားလို့မေးတော့ ကျမတိုင်ဖို့လာတာ မဟုတ်ပါဘူး။ ဆေးကုဖို့လာတာပါ ဆရာရယ်လို့ ပြောလိုက်တယ်။ ဆရာက ရဲကိုတိုင်ကြားပေးပါတယ်။ နောက်ပိုင်းတောက်လျှောက်အမှု ရုံးချိန်းတွေ သွားရပါတယ်။ ရုံးချိန်းသွားတဲ့အခါမှာ အခက်အခဲတွေရှိပါတယ်။ နောက်ပိုင်းမှာ အမျိုးသမီး တွေက လူအင်းအားနဲ့ဝိုင်းဝန်းကူညီကြပါတယ်။ ဒါပေမယ့်ပိုက်ဆံနဲ့ပါတ်သက်ပြီး ကူညီကြမယ့်သူ မရှိပါ ဘူး။ နောက်ဆုံးတော့ ရုံးက ထောင်ဒဏ်(၄)နှစ် ချလိုက်ပါတယ်။ မကျေနပ်လို့ နိုင်ငံတော်ကို ဆက်တက် တော့(၂)နှစ်ထပ်ချလိုက်ပါတယ်။”

ဒုတိယတယောက်ဖြစ်တဲ့ ကိုယ်တိုင်ကြုံတွေခဲ့သူလေးရဲ့ ရင်ဖွင့်လာမှုကတော့

“ယဉ်ကျေးလိမ္မာ သင်တန်းကျောင်းတက်ပါတယ်။ မီးကို ကျောင်းထိုင်ဘုန်းကြီးက ဘာလိုချင်လဲ မေးပါ တယ်။ မီးက ဘာမှမလိုချင်ဘူးဆိုတော့ သူကတီဗွီပြတယ်။ ချော့ပြီးစကားပြောတယ်။ (၁၂)နှစ်နဲ့(၈)လ အရွယ်မှာ ကျောင်းထိုင်ဘုန်းကြီးမှ သားမယားပြုကျင့်ခြင်းခံခဲ့ရပါတယ်။ (၇)တန်းစာမေးပွဲဖြေပြီးနောက်မှာ ကလေးမွေးဖို့ ဆေးရုံအသွား လမ်းမှာပဲ သားယောကျ်ားလေးမွေးဖွားခဲ့ပါတယ်။ ကလေး(၆)လသားအရွယ် အထိ ငွေအနည်းအကျဉ်းထောက်ပံံ့ခဲ့ပါတယ်။ သမီးကိုလည်း ကျောင်းပြန်တက်ဖို့ပြောလို့ ကျောင်းပဲဆက် တက်ခဲ့ပါတယ်။ အခုဒီနှစ်မှာ (၉)တန်းတက်နေရင်းနဲ့ ဆရာမကြီးကမေးလို့ အမှန်တိုင်းဖြေရင်းနဲ့ အမှုမှန် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီပြဿနာကို တယောက်ကနေ တယောက် သိလာတဲ့အခါမှာ ဖွင့်ပြောပြလိုက် တော့ ဝိုင်းဝန်းကူညီပေးကြပါတယ်။ သူ့ဘက်က လူအင်အားရော ငွေအင်အားရော ရှိတော့ ကျမတို့ကို DNA စစ်ဖို့ ရဲစခန်းက ပြောလာပါတယ်။ သမီးတို့ရဲ့အမှုကို တရားတောင် မရင်ဆိုင်သေးပဲ DNA စစ်မယ်ဆိုတော့ သမီးတို့အနေနဲ့ မယုံနိုင်သလိုဖြစ်နေပါတယ်။ ဒါကြောင့် DNA စစ်တဲ့နေရာမှာ နိုင်ငံတော်က မှန်မှန်ကန်ကန် စစ်ပေးစေချင်ပါတယ်။ DNA စစ်ထားတာကို ဟုတ်ရဲ့သားနဲ့မဟုတ်ပါဘူးလို့ အဖြေထွက်လာရင် သမီးတို့ ဘက်ကငြိမ်နေမှာ မဟုတ်ပါဘူး”

(၉)နှစ်အရွယ်ကျောင်းသူလေးရဲ့ မိခင်ဖြစ်သူရဲ့ ရင်ဖွင့်တာကလည်း ရင်နင့်ဖွယ်ရာပါ……

“(၉)နှစ်အရွယ်ကျောင်းသူလေးဖြစ်ပါတယ်။ သမီးလေးပျောက်လို့ လိုက်ရှာတဲ့အခါ သမီးလေးက အင်္ကျီလည်း စုတ်ပြဲနေပါတယ်။ ပါးကလည်း ယောင်ကိုင်းနေပါတယ်။ နှုတ်ခမ်းလည်းယောင်နေတယ်။ ရွာသူကြီး သွားတိုင်တော့ နောက်နှစ်ရက်နေ့မှ ပြန်လာလို့ပြောပါတယ်။ နောက်ရက်မှာ ကျမကို ပိုက်ဆံ(၂)သိန်းပေးပြီး ဒီအမှုကို မလုပ်နဲ့လို့ပြောပါတယ်။ ကျမလည်း ပြန်ပြောလိုက်ပါတယ်။ ကျမတို့ပိုက်ဆံမလိုဘူးပြောတော့ ကျမကို တိုင်ချင်တဲ့နေရာတိုင်၊ သူတို့လိုက်မယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ကျမတို့ရဲစခန်းကို တိုင်ခဲ့ပါတယ်။ နောက်တခါ ကျမကို ပိုက်ဆံ(၆)သိန်းပေးပြီး အမှုပိတ်ဖို့ထပ်ပြောပါတယ်။ ကျမက လက်မခံဘူးလို့ ထပ်ပြော ခဲ့ပါတယ်။ ကျမရဲစခန်းတိုင်ပြီးတော့ အဲဒီလူက ထွက်ပြေးသွားပါတယ်ရှင်။ အခု(၃)နှစ်ကျော်ကျော်လောက် ကြာမှ တရားခံပြေးဟာ သူ့အမှုကို သူလာပြီးအဖမ်းခံပါတယ်ရှင်။ ၁၁ လပိုင်း ၂၃ ရက်နေ့က ထောင်(၅)နှစ် ချလိုက်ပါတယ်ရှင်”

“ဒီလို(၅)နှစ်ချတာကို ကျမအနေနဲ့ လုံးဝကျေနပ်မှုမရှိပါဘူးရှင်။ အယူခံဝင်ဖို့စိတ်ကူးထားပါတယ်။ ဒါကြောင့် ကျမကို ဝိုင်းပြီးတော့ ထိထိရောက်ရောက်ဖြစ်အောင် ကူညီကြပါလို့ တောင်းဆိုပါတယ်။ ကျမပြောချင်တာ က နောက်နောင်ကျမသမီးလို မဖြစ်အောင် ကလေးတွေကို ဝိုင်းဝန်းစောင့်ရှောက်ကြပါလို့ပြောချင်ပါတယ်”

အခုလို အမှုမျိုးတွေက အရင်ထဲကခံရတဲ့ မိန်းကလေးတွေ ဒုနဲ့ဒေးရှိပြီး အခုမှအမှုတွေ ပိုပေါ်လာတာဖြစ် တယ်လို့ အခရာအမျိုးသမီးအဖွဲ့ တည်ထောင်သူနဲ့ ဒါရိုက်တာမထားထားက ပြောပါတယ်။

Jpeg

“ဒီလိုအမှုတွေက အခုမှသာ ပေါ်လာတာ ခံရတဲ့မိန်းကလေးတွေ ဒုနဲ့ဒေး အများကြီးပဲ။ ရန်ကုန်က မိန်းက လေးတွေရော၊ နယ်ကမိန်းကလေးတွေရော ဒီလိုမျိုးကာမလိမ်လည်ရယူမှုတွေကို ပြောင်ပြောင်းတင်းတင်းခံ နေရတဲ့အခြေအနေမှာရှိနေတယ်” လို့ မထားထားက ပြောပါတယ်။

“မိန်းကလေးတွေကို အိမ်ထဲမှာပဲပိုးမွေးသလို မွေးထားကြတယ်။ သေချာတိကျတဲ့သတင်းအချက်အလက် တွေ မပေးကြဘူး။ ယောကျ်ားလေးတွေရဲ့အထာကို မသိကြတော့ ဒီထောင်ချောက်ထဲမှာ ပိတ်မိသွားကြ တယ်။ ထောင်ချောက်ကို မိသွားပြီဆိုရင်လည်း တရှက်ကနေ နှစ်ရှက်မရစေနဲ့ဆိုတဲ့ လူမှုရေးယဉ်ကျေးမှု (social culture)တွေ ရှိတဲ့အတွက် ဒါမျိုးတွေက ငုပ်ငုပ်သွားကြတယ်”

ကလေးတွေအပေါ် အမြတ်ထုတ်သူတွေထဲမှာ လူတွေထင်မထားတဲ့ ဆရာသမားတွေ၊ ဘာသာရေး ခေါင်း ဆောင်တွေလည်း ပါဝင်ကြတယ်လို့ မထားထားက ရှင်းပြပါတယ်။

“အစ်မတို့ခရစ်ယာန်တွေမှာတောင် အဲလိုမျိုးဖြစ်ခဲ့ရင် ဘုရားကျောင်းတခုလုံးက ဝိုင်းပြီးတော့ ဖုံးပစ်ကြတာ ဘာသာရေးကို ထိခိုက်မှာစိုးလို့။ တကယ်တမ်းတော့ ဘာသာရေးဆိုတာ သူဘာသာသူနေတာ မထိခိုက် ဘူး။ ဘာသာရေးဆိုတာ လူတွေနဲ့မဆိုင်ဘူး။ လူမကောင်းရင်လူပဲပေါ့နော်။ ဘာသာရေးကိုင်းရှိုင်းပါတယ် ဆိုတဲ့လူတွေရဲ့ မတရားလုပ်တာကို ခံနေရတာ ပိုဆိုးတယ်။ သာမန်ကိုယ့်အိမ်ထဲကလူ မုဒိမ်းကျင့်တာ ဘေးပတ်ဝန်းကျင်ကလူတွေ မုဒိမ်းကျင့်တာထက် ဘာသာရေးထဲကလူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဆရာတွေ၊ ဘုန်းကြီးတွေ မုဒိမ်းကျင့်ရင် ကာမလိမ်လည်ရယူရင် ဒီအမှုက ပိုဆိုးတယ်။ ပိုခံရတယ်ပေါ့။ ပိုပြီး တော့ ကျူးလွန်ခံရသူဖက်က ရပ်တည်အားပေးမယ့်သူ မရှိဘူး။ အစ်မကတော့ အဲဒီလိုမျိုးမြင်တယ်”

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ရောင်နီဦးလူမှုဖွံ့ဖြိုးရေးတာဝန်ခံ ဒေါ်ခင်အေးမိုးကတော့ မြန်မာနိုင်ငံ ဥပဒေစိုးမိုးရေးဌာနတွေရဲ့ လုပ်ပုံကိုင်ပုံတွေ၊ လိုအပ်ချက်တွေကို ပြောပြပါတယ်။

“ဒီပွဲကိုလာတက်ရတာ ဥပဒေပညာရှင်များက ရှင်းပြသလို သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီးတော့မှ တရားခွင် မှာ စစ်တာမဟုတ်ပဲနဲ့ နားနေတဲ့နေရာသော်လည်းကောင်း၊ ဆိတ်ငြိမ်တဲ့နေရာသော်လည်းကောင်း စစ်ရ မယ်။ ဒီလိုစစ်တဲ့နေရာတွေမှာ မပါသင့်တဲ့ယောကျ်ားတွေ၊ မပါသင့်တဲ့လူတွေကို မပါစေပဲနဲ့ ဒီကလေးတွေကို စစ်ရမယ်ဆိုတဲ့အသိပညာတွေကိုလည်း သိလိုက်ရပါတယ်။ ပြောင်းလဲမှုတစုံတရာရှိလာမယ်လို့ ထင်ပါ တယ်”

လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အဖွဲ့ညွန်ကြားရေးမှူးနော်သားဝါးကတော့ လူမှုဝန်ထမ်းဌာနအနေနဲ့ ကူညီဆောင်ရွက်မှုတွေ လုပ်နေပြီလို့ ပြောပါတယ်။

မြန်မြန်ဆန်ဆန်သွားနိုင်ဖို့က ကျမတို့သက်ဆိုင်ရာပြည်နယ်တိုင်းတွေမှာလည်း ကြိုတင်ကာကွယ်ဖို့ တပြေး ညီ ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီကိစ္စမျိုးတွေက အကြမ်းဖက်ခံရတာအများစုက နယ်တွေက ဖြစ်ပါတယ်။ ဒီနယ်တွေမှာ ကျမတို့က အသိပညာပေးလုပ်ငန်းတွေ အမျိုးသမီးထုတွေနဲ့ ဆင်းပြီးတော့ ဆောင်ရွက်မှာ ဖြစ်သလို ဒီလိုပြစ်မှုကျူးလွန်ရင်လည်း ဒီ Hot line ပေါ့။ ကျမတို့ လူမှုဝန်ထမ်းဦးစီးဌာန ဖွင့်ထားတာ ရှိပါတယ်။ သတင်းစာထဲမှာလည်း တရားဝင်ကြော်ငြာထားပြီးဖြစ်ပါတယ်။ ဖြစ်တာနဲ့ချက်ချင်းတိုင်ကြား ဆောင်ရွက်ဖို့ လုပ်ထားပါတယ်” ဟု ကြုံတွေ့ရတဲ့အခါ ဆက်သွယ်ဖို့ ပြောပြပါတယ်။  “ကြိုတင် ကာကွယ်ဖို့ ဘယ်နေရာဒေသတွေမှာ ဘယ်လိုဖြစ်ပွားတတ်တယ်ဆိုတာကတော့ ကျမတို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေပြီး တော့ မိုဘိုင်းကားတွေနဲ့ အသိပညာပေးလှည့်လည်တဲ့နေရာမှာ ကျမတို့လူမှုဝန်ထမ်းဦးစီးဌာနက ပေါင်းပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်ရှင့်”

“ကျမတို့ဝန်ကြီးဌာနအနေနဲ့ ဘေဘုတ်တွေကို အထင်ကရဖြစ်တဲ့နေရာတွေမှာ ထောင်ပြီးတော့ အသိပညာ ပေးမှုတွေ ဆောင်ရွက်နေသလို လက်ကမ်းစာစောင်တွေ၊ အသိပညာပေးတဲ့အနေနဲ့ ဘယ်နေရာတွေမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်တွေကို ဘယ်လိုနေရာမျိုးကို ဘယ်သူမှ မထိရ။ မကိုင်ရ၊ ထိရင်အော်ရမယ်။ ထိလို့ရှိရင် ချက်ချင်း “နိုး”ဆိုတဲ့စကားပြောရမယ်ဆိုတဲ့ဟာလေးကို ကျမတို့အဲဒီအထဲမှာ ထည့်သွင်းထားပါတယ်။ နောက်တခုက ပြည်သူတွေကို အသိပညာပေးချင်တာကတော့ အမှုတခုဖြစ်သွားပြီဆိုရင် ဒီကလေးရဲ့ အဝတ်အစားက သက်သေပါပဲ။ ဒီအဝတ်အစားတွေ မပျောက်ပျက်ဖို့။ ဒီသက်သေတွေက တရားရုံးတော်မှာ အရမ်းအရေး ကြီးပါတယ်။ သေသေချာချာခိုင်ခိုင်လုံလုံမပြနိုင်ရင် ကြီးတဲ့အမှုက လျော့သွားတာမျိုးတွေ လည်း ကြုံတွေ့ရတာရှိတဲ့အတွက် ဒီသက်သေတွေ ရှိဖို့လိုအပ်ပါတယ်။ အဲဒါတွေကိုလည်း ဒီအထဲမှာ ဖော်ပြ ထားပါတယ်”

၂၀၁၄-၂၀၁၅-၂၀၁၆ခုနှစ် အောက်တိုဘာလကုန်စစ်တမ်းအရ မုဒိမ်းမှုပေါင်း(၁၀၈၄)မှုဖြစ်ပြီး အဖြစ်များတဲ့ ဒေသတွေမှာ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်းတို့ ဖြစ်တယ်လို့ ဆွေးနွေးပွဲတင်ပြချက်တွေမှာ ဖော်ပြထားပါတယ်။ အသက်အရွယ်အပိုင်းအခြားနဲ့ ပြောရင်(၂)နှစ်ကနေ (၅)နှစ် (၅၂)မှု၊ (၆)နှစ်ကနေ(၁၀)နှစ်က (၁၆၉)မှု၊ (၁၁)နှစ်ကနေ(၁၃)နှစ်က (၃၈၈)မှု၊ (၁၄)ကနေ (၁၆) နှစ်(၅၆၅)မှုဖြစ်တယ်လို့ ဒေါက်တာမြသောင်း(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) အမျိုးသမီးနှင့် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဌက သက်ငယ်မုဒိမ်းမှု ကြိုတင်ကာကွယ်တားဆီးရေးစီဒေါ (CEDAW) Advocacy Seminar  အခမ်းအနားမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။

ညွန်ကြားရေးမှူးနော်သားဝါးကလည်း ဆက်ပြီး အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေနဲ့ ပါလာနိုင်မယ့် ကလေးငယ်တွေ လုံခြုံစွာ နားခိုနိုင်ဖို့ တနေရာတည်း အားလုံးရနိုင်သော အမျိုးသမီးပံ့ပိုးရေးစင်တာ (One Stop Women Support Center) လိုမျိုး ထားရှိမှာ ဖြစ်တယ်လို့ရှင်းပြပါတယ်။

“လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ အမျိုးသမီးတွေရဲ့ပြဿနာတွေကို တနေရာထဲမှာဖြေရှင်းပေးနိုင်ဖို့ အဓိက ဆောင်ရွက်ဖို့ လျာထားပါတယ်။ One Stop women support center ပေါ့။ အဓိကကတော့ အိမ်တွင်း အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေက ကိုယ့်အကြောင်းကို သူများတွေ သိပ်ပြီးတော့ မသိစေချင်ဘူး။ မပြော ကြဘူး။ ဒီ့ပြင်နိုင်ငံမှာက သူတို့အတွက် စင်တာတွေနဲ့ ထားထားတယ်။ ကျမတို့နိုင်ငံမှာ အခုပေါ့။ စတင် ဆောင်ရွက်နေပါတယ်။ အိမ်ထဲမှာ အကြမ်းဖက်ခံရတဲ့မိခင်တွေလည်း ပါမယ်၊ သူနဲ့အတူ သူ့ရဲ့သားသမီးတွေ လည်း ပါမယ်ပေါ့နော်။ သူတို့အတွက် နားခိုရာလေးပေါ့။ အဲဒီအတွက်ကို ကျမတို့ဖန်တီးပေးထားပါတယ်။ ပါလာမယ့်ကလေးတွေအတွက် အခြေခံလိုအပ်ချက်တွေလည်း ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါတယ်”

One Stop Women Support Center ကို နိုဝင်ဘာ(၂၅)ရက်နေ့မှာ ဖွင့်လှစ်နိုင်ဖို့ကြိုးစားခဲ့ပေမယ့် မဖွင့်နိုင် ခဲ့ဘူး။ ဒါပေမယ့်ဒီ(၉)ရက်နေ့မှာ ဖွင့်နိုင်အောင်ကြိုးစားနေပါတယ်လို့ အခမ်းအနားမိန့်ခွန်း ပြောရာမှာလည်း ထည့်ပြောသွားခဲ့ပါတယ်။

One Stop Women Support Center မှာ တာဝန်ယူမယ့်သူတွေကိုလည်း သက်ဆိုင်ရာအလိုက် ခန့်အပ် သွားမှာဖြစ်သလို အကြမ်းဖက်မှုဖြစ်လာပြီဆိုရင် စစ်ဆေးတဲ့အခါ ထပ်ခါတလဲလဲ စစ်ဆေးတာမျိုး မဖြစ်ရ လေအောင်၊ တနေရာထဲမှာပဲ စီစဉ်ဆောင်ရွက်သွားနိုင်အောင် လုပ်ဆောင်သွားမယ်လို့လည်း ဆက်ရှင်းပြပါ တယ်။

“One Stop Women Support Center မှာတာဝန်ယူမယ့် ကျန်းမာရေးဝန်ထမ်းတယောက်၊ တရားရေးရာ ဝန်ထမ်းတွေ၊ ကျမတို့လူမှုဝန်ထမ်းတွေ၊ နောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ပေါ့။ ဒီအမျိုးသမီးရဲ့လိုအပ်ချက်တွေ အ တတ်နိုင်ဆုံး ဆောင်ရွက်သွားဖို့ ကျမတို့က ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ နောက်တခုကတော့ အမျိုးသမီး တ ယောက်ခံစားရတဲ့ကိစ္စ၊ သူအကြမ်းဖက်မှုခံစားနေရတဲ့ကိစ္စကို လူတကာကို ရဲစခန်းမှာ ပြောရတာတို့၊ တရားရုံးမှာ တခါထပ်ပြောရတာတို့၊ ထပ်ခါတလဲလဲပြောရတာမျိုး မဖြစ်အောင်လို့ တခါတည်းပဲ သူ့ရဲ့ case ကို ယူပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းသွားဖို့စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်”

ရဲမှူးကြီးအောင်စိုးဝင်း (မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်) မှ ပြစ်ဒဏ်ချမှတ်တဲ့အပိုင်းကို တရားရေးနဲ့ ညှိနှိှုင်းပြီး ထိ ရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့နဲ့အဖြစ်များတဲ့ ဒေသတွေမှာ တိုးမြှင့်ပြီး ကာကွယ်မှုတွေ လုပ်ရမယ်လို့လည်း အခုလိုရှင်းပြပါတယ်။

“ထိရောက်စွာ ပြစ်ဒဏ်ပေးဖို့ဆိုတဲ့အပိုင်းမှာ အများဆုံးအားဖြင့် မြို့နယ်တရားရုံးမှာစွဲတယ်။ မြို့နယ်တရားရုံး က စီရင်ပိုင်ခွင့်ပေါ့။ တကယ်တမ်းပြစ်ဒဏ်က ထောင်ဒဏ်(၁၀)နှစ်ဖြစ်စေ၊ နောက်တခါနှစ်(၂၀)ဖြစ်စေ၊ ဆို ပြီးနှစ်မျိုးရှိတယ်။ တကယ်ထောင်ဒဏ်ချမယ့် ရက်စက်ကြမ်းကြုတ်တဲ့ သက်ငယ်မုဒိမ်းမှုကို ခရိုင်တရားရုံး မှာစွဲမယ်ပေါ့။ ဒါခရိုင်တရားလူကြီးက ဆင်ခြင်တုံတရားနဲ့ ချလို့ရတာပေါ့။ ဒါပြစ်ဒဏ်ချမှတ်တဲ့အပိုင်း၊ မှုခင်း အဖြစ်များတဲ့ဒေသတွေကို ပိုပြီးတော့ တိုးမြှင့်ပြီးကာကွယ်မှုတွေလုပ်ရမယ်။ နောက်ဥပဒေနဲ့အညီ ထိရောက် ပြစ်ဒဏ်ပေးဖို့အတွက် တရားစီရင်ရေးအဆင့်တိုင်းမှာ တိုင်ပင်ပြီးဆောင်ရွက်သွားမယ်” ဟုပြောပါတယ်။

ပြုကျင့်ခံရတဲ့ ကလေးတစ်ယောက်ရဲ့ မိခင်ဖြစ်သူကတော့ အားလုံးအနေနဲ့ ဝိုင်းဝန်းတားဆီးကာကွယ်ဖို့လို မယ်လို့ ပြောသွားပါတယ်။

“နောက်နောင်မဖြစ်အောင် ကာကွယ်စောင့်ရှောက်ပေးပါ။ ဘယ်သူမဆို မဆိုင်ဘူးဆိုပြီး မလုပ်ပါနဲ့။ ဝိုင်းဝန်း ကူညီကြပါ။ ကိုယ့်သားသမီးလို သဘောထားပြီးတော့ ကူညီစောင့်ရှောက်ကြပါရှင်”

Related Articles