Home ဆောင်းပါး မပြတ်သားသေးတဲ့ မြစ်ဆုံအရေးနဲ့ ေ၀ဝါးနေဆဲ အနာဂတ်တွေ

မပြတ်သားသေးတဲ့ မြစ်ဆုံအရေးနဲ့ ေ၀ဝါးနေဆဲ အနာဂတ်တွေ

maka-malika

သွေး (စစ်ကိုင်း)။             ။

သာယာလှပတဲ့ ကချင်ပြည်နယ် မြစ်ဆုံဒေသကို ရောက်ရှိသွားခဲ့ချိန်မှာ ဒေသခံတွေရဲ့ အသံတွေကို ကြားခွင့်ရခဲ့ပါ တယ်။

ကချင်လူမျိုးဒေါ်လုရာက တန်ဖဲရွာကနေ အောင်မြင်သာရွာကို ပြောင်းရွှေ့ခံခဲ့ရတဲ့သူတဦးပါ။

“ကျမတို့မှာ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က ဆုံးရှုံးနေရတယ်။ သူတို့ဆောက်လုပ်ပေးတဲ့ အိမ်တွေကလည်း မကောင်းဘူး။ ရွာဟောင်းမှာ အဆင်ပြေသလောက် ရွာသစ်မှာ ကုန်စိမ်းသည်ကို မျှော်ပြီးစားနေရတယ်။ စိုက်ပျိုးဖို့ မလွယ်ဘူးကိုးနော့။ ကျမတို့ ဖြစ်စေချင်တာက ကျမတို့ ခေါင်းဆောင်က ကျွန်မတို့ဘက်က ရပ်တည်တာကို လိုချင် တာ” လို့ ပြောပါတယ်။

အထူးသဖြင့် ကချင်အမျိုးသမီးတွေအတွက် သူတို့ရဲ့ ရှင်သန်အသက်မွေးဝမ်းကျောင်းမှုဟာ ဧရာဝတီမြစ်ကြီးရဲ့ အနာဂတ်နဲ့ ဆက်စပ်နေသလို မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့ရတဲ့ အမျိုးသမီးတွေဟာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေမှာ ဆုံးရှုံးခဲ့မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မချမ်းသာပေမယ့် စိတ်လက်ချမ်းသာစွာ နေထိုင်ခဲ့ကြတဲ့ တန်ဖဲ၊ မလိဇွပ်၊ ဒေါင်ပန်၊ ကျိန်ခရမ်စတဲ့ ရွာတွေက အမျိုးသမီးတွေဟာ သူတို့ရဲ့သားသမီးတွေနဲ့အတူ လယ်ယာစိုက်ပျိုးတာ၊ ဝါးခြံစိုက်ပျိုးတာ၊ တနိုင်တပိုင် ရွှေကျင်တာ တွေနဲ့ စားဝတ်နေရေးအဆင်ပြေခဲ့ကြတာပါ။

ဒါပေမယ့် စစ်အစိုးရလက်ထက်မှာ လူထုရဲ့သဘောဆန္ဒမပါဘဲနဲ့ တရုတ်နိုင်ငံက CPI ကုမ္ပဏီနဲ့ ဧရာဝတီ မြစ်ဆုံရေ အားလျှပ်စစ် စီမံကိန်းကို ၂၀၀၉ ခုနှစ်မှာ ချုပ်ဆိုခဲ့ရာက အစပြုခဲ့ပါတယ်။

ကောင်းကျိုးထက် ဆိုးကျိုးတွေများလွန်းတဲ့ ဒီစီမံကိန်းအတွက် လူမှုဘ၀ ထိခိုက်နိုင်ခြေ (Social Impact Assessment – SIA)၊ သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်ခြေ (Environmental Impact Assessment – EIA) တို့ကို လုံလုံလောက်လောက် တွက်ချက်စိစစ် လုပ်ဆောင်ခဲ့တာ မရှိခဲ့ပါ။ အများပြည်သူ မြင်သာအောင်လည်း ချပြရှင်းပြတာ မရှိခဲ့ပါ။ မြစ်ဆုံအနီးဝန်းကျင်က ရွာတွေကို ၂၀၁၁ ခုနှစ်ထဲမှာ အတင်းအဓမ္မ ပြောင်းရွှေ့စေခဲ့တာ ဖြစ်ပါတယ်။ တချို့သူတွေက မလိယန်ကျေးရွာကို ပြောင်းရွှေ့ခံခဲ့ရပြီး တချို့သူတွေက အောင်မြင်သာကျေးရွာကို ပြောင်းရွှေ့ ခံခဲ့ရပါတယ်။

အရင်ရွာဟောင်းတွေမှာ စိုက်ပျိုးရေးလုပ်ရတာ လွယ်ကူပေမယ့် ပြောင်းရွှေ့လိုက်တဲ့ ရွာတွေမှာ အောက်ခံမြေက ကျောက်စရစ်ထူတဲ့ မြေတွေများတာကြောင့် စိုက်ပျိုးရတာ မလွယ်ကူတော့ပါဘူး။ မူလနေထိုင်ခဲ့တဲ့ ရွာတွေမှာ ဟင်းသီးဟင်းရွက်တွေကို ဝယ်စားစရာ မလိုဘဲ မြေနေရာကျယ်လို့ စိုက်ပျိုးစားသောက်ရတာ တော်တော်ပဲ အဆင် ပြေခဲ့ပါတယ်။

ဒါပေမယ့် ပြန်လည်နေရာချထားပေးထားတဲ့ အောင်မြင်သာရွာမှာပေ ၄၀ – ၆၀ မြေကွက်မှာပဲ အိမ်ဆောက်ပေး ထားတာပါ။ ကြက်သွန်ကအစ အာလူးအဆုံး ဝယ်စားနေရတာ၊ ဝါးခြံတွေ ဖျက်ဆီးခံခဲ့ရတာကြောင့် ဝင်ငွေထိခိုက် သွားရတာအတွက် ဒေသခံအမျိုးသမီးတွေမှာ များစွာနစ်နာခဲ့ရပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် CPI ကုမ္ပဏီက ဆောက်လုပ်ပေးတဲ့ နေအိမ်တွေဟာ ခိုင်ခန့်မှုမရှိတဲ့ ပြဿနာ နဲ့ပါ ရင်ဆိုင်နေရပြန်ပါတယ်။ နေအိမ်တွေကို အညံ့စားသစ်တွေနဲ့ ဆောက်ပေးထားလို့ပါပဲ။ လူမြင်ကွင်းမှာမြင်သာတဲ့ အိမ်တချို့ကိုသာ ကောင်းကောင်းမွန်မွန် ဆောက်လုပ်ပေးထားပြီး အိမ်အများစုဟာ မိုးဒဏ်လေဒဏ် ခံနိုင်တဲ့အထိ ကြံ့ခိုင်မှု မရှိတာတွေ့ရပါတယ်။ မိုးရွာတဲ့အခါ မိုးပက်ပြီး နွေရာသီမှာ နေရတာပူအိုက်လွန်းတဲ့ ဒဏ်ခံစားနေရပါတယ်။

မြစ်ဆံရေကာတာစီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားမယ့်အကြောင်း သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒါပေမယ့် ပြောင်းရွှေ့ခံအမျိုးသမီးတွေရဲ့ ဆန္ဒဖြစ်တဲ့ မူလရွာ ဟောင်းတွေမှာ ပြန်လည်နေထိုင်လုပ်ကိုင်စားသောက်ခွင့်ဟာ ဆက်ပြီးလစ်လျူရှုခံနေရဆဲပါ။  အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေ ထိခိုက်ခဲ့ရတဲ့အတွက် ကိုယ့်သားသမီးကိုယ် ပညာကို ဆုံးခန်းတိုင် သင်ကြားမပေးနိုင်တော့တဲ့ မိခင်တွေလည်း ရှိလာပါတော့တယ်။

တဖက်ကလည်း ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းဟာ ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအလားအလာကိုပါ ခြိမ်း ခြောက်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ဆုံဟာ ကချင်တိုင်းရင်းသားတွေရဲ့ နှလုံးသည်းပွတ်လို့တောင် တင်စား နိုင်တဲ့နေရာဖြစ်သလို … ၂၀၁၁ ခုနှစ်ကစပြီး တကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ကချင်ပြည်နယ်တွေက စစ်ပွဲတွေဟာ တာပိန်မြစ်ကို ဆည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူဖို့ စီစဉ်နေမှုနဲ့ ဆက်စပ်နေလို့ပါပဲ။ ဒါကြောင့် မြစ်ဆုံစီမံ ကိန်းကိုသာ ဆက်လက်ဆောင်ရွက်ခွင့်ပြုလိုက်ရင် ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးအလားအလာကို မှေးမှိန်စေနိုင် တာကို တွေ့ရမှာပါ။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရရှိပြီးတဲ့ နောက် မြစ်ဆုံနဲ့ပတ်သက်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆီက တိကျတဲ့ အဖြေတခုကို ဒေသခံ အမျိုးသမီးတွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်သင့် / မသင့်နဲ့ ပတ် သက်ပြီး အစိုးရသစ်ဆီက အကြံပြုချက်တွေ တင်ပြနိုင်ဖို့ ကော်မရှင်တရပ်ကို ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့က ဖွဲ့စည်းပေးခဲ့ရာမှာ ဒေသခံတွေရဲ့ အသံကို နားထောင်ဖို့ ဆိုတဲ့အချက်လည်း ပါဝင်ခဲ့တာ သတိထားမိခဲ့ပါတယ်။

ဒေါ်လုရာကတော့ သူတို့ဘာမှ ပြောခွင့်မရလိုက်ဘူးလို့ ပြောပြပါတယ်။

“အခုဖွဲ့ပေးလိုက်တဲ့  ကော်မရှင်ကလည်း ကျမတို့အသံတွေကို နားမထောင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကော်မ ရှင်က ဒီကိုလာတဲ့အချိန်မှာ ကျမတို့ဒေသခံတွေကို တွေ့ခွင့်မပေးဘူး။ ကျမတို့တွေ့ချင်တယ်၊ နည်းနည်းလေးပဲ ဆွေး နွေးချင်ပါတယ်လို့ ပြောတာကို သူတို့က ပြောချင်ရာပြောပြီး မြစ်ကြီးနားမြို့နယ်က မြို့တော်ခမ်းမကို လာခဲ့ဖို့ပြော တယ်။ ပြီးတော့ ပြန်သွားကြတယ်။ ဒေသခံတွေနဲ့လည်း တွေ့မသွားပါဘူး”

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို အစိုးရထံ တင်သွင်းလိုက်တဲ့ ပထမအစီရင်ခံစာ ထွက်ပေါ်လာခဲ့တယ်ဆိုတဲ့ သတင်းကြားသိခဲ့ရပါတယ်။ ဒါပေမယ့် ဒေသခံတွေ မျှော်လင့်နေတဲ့  စီမံကိန်းရပ် / မရပ် ဆိုတာနဲ့ ပတ်သက်ပြီးတိကျတဲ့ အဖြေပါမလာခဲ့ပါဘူး။

မေခမြစ်အထက်ပိုင်းမှာ တရားမဝင်ရွှေကျင်နေမှုတွေ ရှိနေဆဲဖြစ်ပြီး မြစ်ဆုံရဲ့ အလှအပကိုသာမက ဇီဝမျိုးစေ့ကြွယ်မှု အပေါ်မှာပါ သက်ရောက်မှု ရှိနေတာလည်း ဖြစ်ပါတယ်။

မြစ်ဆုံကိုအထူးတန်ဖိုးထားတဲ့ သူတွေထဲမှာ ဒေါ်မရမ်ဘောက်ဂျာလည်းတယောက် အပါအဝင်ဖြစ်ပါတယ်။

“ဧရာဝတီမြစ်ကြီး စတင်ဖြစ်ပေါ်စေတဲ့ မြစ်ဆုံကို ကျမအများကြီးတန်ဖိုးထားတယ်။ ဘာလို့လဲဆိုတော့ မေခနဲ့ မလိခ မြစ်ပေါင်းမှ ဧရာဝတီဆိုတာ ဖြစ်လာတာလေ”လို့ ပြောပြပါတယ်။

ကျမနဲ့ တွေ့ခဲ့ရတဲ့ တိုင်းရင်းသူအမျိုးသမီးအားလုံးက မြစ်ဆုံစီမံကိန်းကို ရာသက်ပန်ရပ်ဆိုင်းစေချင်တယ်လို့ တညီ တညွတ်တည်းပြောကြပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းရှင်သန်ခဲ့ရတဲ့ ပူပင်ကြောင့်ကြမှုနည်းတဲ့ အတိတ်ကို တမ်းတနေမိ တယ်လို့ ဆိုကြပါတယ်။ တကယ်တော့ မြစ်ဆုံအရေးဟာ ကချင်တိုင်းရင်းသူတွေအတွက်သာမက မြန်မာတနိုင်ငံ လုံးအတွက်ပါ  ပြတ်ပြတ်သားသားဆုံးဖြတ်ရမယ့်ကိစ္စပါ။

လက်ရှိအချိန်မှာတော့ ပြတ်သားတဲ့ဆုံးဖြတ်ချက် ထွက်ပေါ်မလာသေးတာကြောင့် ဘယ်လိုအခြေအနေတွေနဲ့ တွေ့ကြုံ ရမလဲလို့ မှန်းဆရင်း မြစ်ဆုံဒေသခံအမျိုးသမီးတွေရဲ့ အနာဂတ်က ဝေေ၀ဝါးဝါး ဖြစ်နေဆဲပါပဲ။

“ဒီမြစ်ကြီးက ကျမတို့မမွေးခင် ဟိုးရှေးရှေးတုန်းကတည်းက စီးနေတာကိုး။ ဖြစ်နိုင်ရင် မြစ်ဆုံစီမံကိန်းကို လုံး၀ ရပ် ဆိုင်းထားစေချင်တယ်”လို့ ဒေသခံကချင်အမျိုးသမီး ဒေါ်မရမ်ဘောက်ဂျာက ပြောပါတယ်။

Related Articles