ပိုးဝါ။ ။
အိမ်တွင်းအကြမ်းဖက်မှုခံရသော အမျိုးသမီးများနှင့် အကြမ်းဖက်ခံရသော ကလေးသူငယ်များအတွက် ဥပဒေပိုင်းဆိုင်ရာအကူအညီပေးမည့် အရေးပေါ်ဖုန်းလိုင်းကို အောက်တိုဘာ (၂၀) ရက်နေ့က ဖွင့်လှစ်လိုက် သည်။
ဥပဒေပိုင်းဆိုင်ရာ အချက်အလက်များနှင့် နှစ်သိမ့်ဆွေးနွေးပေးမည့်အစီအစဉ်တခုကို အခရာအမျိုး သမီးအဖွဲ့ နှင့် Blue Ocean Contact Center တို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အခရာအမျိုး သမီးအဖွဲ့က ပြောသည်။
“အမျိုးသမီးအခွင့်အရေးတွေနဲ့ အမျိုးသမီးတွေ မတရားခံရတာတွေအတွက် အရေးပေါ်လိုင်း (hot line) နံပါတ်တစ်ခုနဲ့ Blue Ocean Contact Center ကနေ သီးသန့်ဖြေကြားပေးမဲ့ အစီအစဉ်တခုလုပ်ထား တယ်။ တနင်္လာနေ့ကနေ စနေနေ့အထိ ရုံးချိန်အတွင်းမှာ ဆက်သွယ်မေးမြန်းလို့ရမှာ ဖြစ်ပါတယ်” ဟု အခရာ အမျိုးသမီးအဖွဲ့မှ မနန်းထွေးက ပြောသည် ။
Hot line နံပါတ် (၁၈၈၆) လိုင်းခွဲနံပါတ် (၃) သို့ ရုံးချိန်အတွင်းတွင် ဆက်သွယ်ဆွေးနွေးနိုင်ပြီး အိမ် တွင်းအကြမ်းဖက်မှုနှင့် ကလေးသူငယ်အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုများအတွက် ဥပဒေကြောင်းအရ အခမဲ့ဆွေး နွေးရန်၊ အကြံပြုရန်ဖြစ်ကြောင်း အခရာအမျိုးသမီးအဖွဲ့က ပြောသည်။
အကြမ်းဖက်ခံရခြင်းများအတွက် ရဲစခန်းတွင် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ အကြမ်းဖက်ခံရခြင်း များအတွက် နှစ်သိမ့်ဆွေးနွေးမှုများ ရရှိနိုင်ပြီး အကူအညီလိုအပ်နေသည့် အကြမ်းဖက်ခြင်းခံရသူများအတွက် အခရာအမျိုးသမီးအဖွဲ့ထံသို့ လွှဲပြောင်းပေးမည်ဟု Blue Ocean ၏ Legal & Corporate Affairs ၏ ဌာနမှူး ဦးမင်းတေဇာညွှန့်တင်ကပြောသည် ။
ထို့အပြင် အမျိုးသားများအနေဖြင့်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ သတင်းအချက် အလက်များနှင့် ဥပဒေပိုင်းအရ သိလိုသည်များကို ဆက်သွယ်ဆွေးနွေးနိုင်ကြောင်း ဦးမင်းတေဇာညွန့်တင်က ပြောသည်။
ထိုသို့ အကြမ်းဖက်မှုများကို ဖြေကြားနိုင်ရန်အတွက် အမျိုးသားဥပဒေပညာရှင် (၅)ဦးနှင့် အမျိုးသမီး ဥပဒေပညာရှင် (၅)ဦးကိုလည်း အခရာအမျိုးသမီးအဖွဲ့မှ လေ့ကျင့်သင်တန်းပေးထားကြောင်း အခရာအမျိုး သမီးအဖွဲ့ကို ထူထောင်သူဒေါ်ထားထားကပြောသည် ။
အကြမ်းဖက်ခံရခြင်းများအတွက် လာရောက်မေးမြန်းနှစ်သိမ့်ဆွေးနွေးခံရသူများ၏ ကိုယ်ရေးအချက် အလက်များကို လျို့ဝှက်ထားပေးမည်ဖြစ်ကြောင်းလည်း သိရသည် ။
အခရာအမျိုးသမီးအဖွဲ့သည် အိမ်တွင်းအကြမ်းဖက်မှုများနှင့် အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းများ အတွက် ဥပဒေပိုင်းဆိုင်ရာ အကူအညီများနှင့် အခြားလိုအပ်သည့် အကူအညီများကို ပေးနေသည့် အမျိုးသမီး အရေးလှုပ်ရှားနေသောအဖွဲ့ဖြစ်သည် ။
လက်ရှိတွင်လည်း အမျိုးသမီးအကြမ်းဖက်ခံရမှုများအတွက် နှစ်သိမ့်ဆွေးနွေးရေးစင်တာတခုကိုလည်း ဖွင့်လှစ်ထားရှိပေသည်။