Home ဆောင်းပါး မြန်မာပြည်မြောက်ပိုင်းက မူးယစ်ဆေး အန္တရာယ်

မြန်မာပြည်မြောက်ပိုင်းက မူးယစ်ဆေး အန္တရာယ်

kachin_drug01

Anna

ကျွန်မယောကျာ်းဆေးသုံးဖို့လိုနေတဲ့အခါကျွန်မကိုဓားနဲ့ခြိမ်းခြောက်တယ်။အိမ်ထောင်မပြုခင်တုန်းကလည်းကျွန်မအဖေကနှိပ်စက်တယ်။အိမ်ထောင်ပြုပြီးတော့လည်းကျွန်မယောကျာ်းကအနိုင်ကျင့်ပြန်တယ်။ကျွန်မခနခနထွက်ပြေးဖူးတယ်။ကျွန်မအရမ်းဆာပေမယ့်စားစရာမရှိဘူးဖြစ်ပါတယ်” ဟု မူဆယ်က မူးယစ်ဆေးသုံးစွဲသူ တဦး၏ ဇနီးက ပြောသည်။

အမျိုးသားများ မူးယစ်ဆေးဝါး သုံးစွဲသည့် အခါ ဒုက္ခအခက်အခဲတွေ ကြုံတွေ့ရသည်မှာ အမျိုးသားများသာ မဟုတ်ပဲ အမျိုးသမီးတွေက နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်ကြရပါသည်။

မိသားစုဝင်များကမူးယစ်ဆေးစွဲသူကိုပိုက်ဆံမပေးသည့်အခါ၊၎င်းတို့သည်ကြမ်းတမ်းခက်ထန်လာကြပြီးတခါတရံတွင်ကိုယ်ထိလက်ရောက်ကျူးလွန်ကြသည်။မိခင်များ၊ဇနီးများနှင့်သမီးများသည်မူးယစ်ဆေးသုံးစွဲသူများ၏ရိုက်နှက်ခြင်းတိုက်ခိုက်ခြင်းခံရသည်။

“ကျွန်မကိုယ်ဝန်ရှိတဲ့အချိန်မှာ၊ကျွန်မယောကျာ်းအိမ်ကပစ္စည်းတွေစခိုးတယ်။တခါတော့သူ့ကိုမိဖူးတယ်။ကျွန်မတို့ရန်ဖြစ်ကြတာပေါ့။ကျွန်မဆံပင်ကိုသူဆွဲတော့၊ကျွန်မလည်းသူ့ကိုတုတ်နဲ့ရိုက်တယ်။တခါသူကလည်းကျွန်မကိုတုတ်နဲ့ပြန်ရိုက်တယ်။ကျွန်မသတိတောင်လစ်သွားတယ်။သတိရတော့ဆန်အိတ်ဝက်ကမရှိတော့ဘူး”

ဗန်းမော်ခရိုင်၊မန်းစီမြို့နယ်တွင်းရှိ၊ရွာတရွာမှအသက်၂၈နှစ်အရွယ်အမျိုးသမီးတဦးကသူ့ယောကျာ်းအနေဖြင့်မူးယစ်ဆေးသုံးစွဲရန်အတွက်သူနှင့်ကလေးများအားမည်သို့ရိုက်နှက်၊ငွေညုစ်သည်ကိုပြောပြသည်။သူမသည်ကြံခင်းတွင်နေ့စားအလုပ်လုပ်ရပြီးမိသားစုတစုလုံးနှင့်ကလေးများ၏ပညာရေးအတွက်တာဝန်ယူနေရသည်။

“သူ့မှာမူးယစ်ဆေးအလုံအလောက်ရှိနေရင်ဘာမှမလုပ်တော့ဘူး၊ဒါပေမယ့်သူ့မှာသုံးစရာမူးယစ်ဆေးမရှိတော့ရင်နည်းအမျိုးမျိုးနဲ့ကျွန်မတို့ကိုရိုက်တော့တာဘဲ။တညတော့ပထမတန်းရောက်နေတဲ့သမီးကစာဖတ်နေတယ်၊ကျွန်မနဲ့ကျွန်မသားကသူ့နားမှာထိုင်နေတာပေါ့။ကျွန်မယောကျာ်းပြန်လာတဲ့အချိန်မှာသားကသမီးဆီကနေစာအုပ်တောင်းတယ်ပြီးတော့သူငိုတယ်။ဒါကိုကျွန်မယောကျာ်းမြင်တော့မင်းဘယ်လိုကလေးလဲသေသွားချင်လားဆိုပြီးမေးတယ်၊သားကိုခြေထောက်နဲ့ကန်ပြီးခြေထောက်နဲ့နင်းထားတယ်။ကျွန်မသားကငိုတောင်မငိုတတ်တော့ဘူး။” ဟု ပြောပြသည်။

သားသာမက သမီးလည်း နှိပ်စက်သည့်ဒဏ်က မလွတ်ဟု သူမက ဆက်ပြောသည်။ “သမီးတကိုယ်လုံးကိုလည်းတုတ်နဲ့ရိုက်တယ်။ကျွန်မကကလေးတွေကိုဒီလိုမရိုက်ဖို့ပြောပြီးတောင်းပန်တယ်။သူကနင်တို့အားလုံးသေလိုက်ကြလို့ပြောတယ်။သူကပြောလည်းပြောဆံပင်ကိုလည်းဆွဲကန်လည်းကန်တယ်။ကျွန်မတို့အားလုံးငိုကြတာပေါ့။အိမ်နီးချင်းတွေကလည်းဘာမှမပြောရဲတော့သူ့စိတ်ကြိုက်ကျွန်မတို့ကိုနှိပ်စက်တာပေါ့။ကျွန်မလည်းသားကိုဆွဲပြီးမီးဖိုထဲပြေးသွားလိုက်တယ်။အဲဒီမှာကျွန်မတို့ငိုကြပြန်တယ်။သူတော့လိုက်မလာတော့ဘူး။တညလုံးကျွန်မတို့အိမ်ထဲပြန်မဝင်ရဲတော့ဘူး။နောက်ကျတော့ကလေးတွေနံနက်စာတောင်မစားနိုင်ကြတော့ဘူး။သူတို့တကိုယ်လုံးရိုက်ထားတဲ့ဒဏ်ကြောင့်အညိုအမဲစွဲနေတာဘဲ။”

အဆိုပါ ဒုက္ခများမှာ တနေ့တရက် ဒုက္ခမဟုတ်ပဲ နေ့စဉ်ကြုံတွေ့နေရသည့် ဒုက္ခများဖြစ်သည်ဟု သူမက ပြောသည်။

“ကျွန်မယောကျာ်းညဖက်ပြန်ရောက်တဲ့အခါကလေးနှစ်ယောက်ကိုနှိုးပါတယ်။ကလေးတွေနှာခေါင်းကိုပိတ်လိုက်တော့ကလေးတွေလည်းငိုတဲ့အခါဘာလို့ငိုရလဲလို့အော်ပြီးကလေးတွေကိုပစ်ထုတ်လိုက်တယ်။ကျွန်မသားကကြောက်နေပြီးသေးထွက်တဲ့အထိအရိုက်ခံရတယ်။”

မူးယစ်ဆေးဝါး သုံးစွဲရန် ငွေကြေးပေးနိုင်သည့် အခါတွင် ပြဿနာ မရှာသော်လည်း ပိုက်ဆံမပေးနိုင်သည့်အခါ အကြမ်းဖက်ခံရသည်ဟု သူမက ပြောပြသည်။ ကလေးများကို နှိပ်စက်ခြင်းကို ငွေတောင်းခံသည့် နည်းလမ်းတခုအနေဖြင့် ယောက်ျားဖြစ်သူက အသုံးပြုလေ့ရှိသည်ဟုလည်း ပြောပြသည်။

“တညနေအိမ်မှာကျွန်မမရိုတုန်းကျွန်မသားကိုခေါင်းလျှော်ဖို့ပြောတယ်ကလေးကမလျှော်ချင်တော့ထွက်ပြေးတယ်သူကကလေးကိုလိုက်ဖမ်းအဝတ်တွေချွတ်လှဲခိုင်းပြီးမျက်နှာပေါ်ရေလောင်းချတယ်။ကလေးကရေမွန်းပြီးအသက်ရှုကြပ်နေတယ်။နောက်တော့ရေပုံးကြီးကြီးတလုံးရပြီးကလေးကိုရေထဲနှစ်ထားတယ်။အဲဒီအချိန်မှာယောက်ခမကအဲလိုမလုပ်ဖို့ပြောတဲ့အခါဒါငါ့သားနင်တို့အလုပ်မဟုတ်ဘူးလို့ပြန်ပြောတယ်။ဒါနဲ့ဘဲသူတို့ကဘာမှမလုပ်ရဲတော့ဘူး။ကျွန်မအလုပ်ကပြန်လာတဲ့အခါသူတို့ကပြန်ပြောပြတယ်။ကျွန်မသားလည်းကြောက်လန့်ပြီးဖြူဖတ်ဖြူရော်တောင်ဖြစ်နေတယ်။”

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်အခြေစိုက်နေထိုင်ပြီးအမျိုးသမီးများအတွက်လှုပ်ရှားနေသောKWAT ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) ကမူးယစ်ဆေးဝါးနဲ့ပတ်သတ်ပြီးမေးမြန်းစုံစမ်းကာအစီရင်ခံစာ တစောင်ထုတ်ပြန်ထားသည်။

တချို့မူးယစ်ဆေးစွဲသူကချင်အမျိုးသားများ၏ဇနီးတို့သည်တရုတ်နိုင်ငံသို့သွားရောက်အလုပ်လုပ်ပြီးမိသားစုအားပြန်လည်ထောက်ပံ့၊ကူညီကြရသည်။ထိုမှ တဖန် တရုတ်နိုင်ငံသို့သွားရောက်အလုပ်လုပ်ရသည့်ကချင်အမျိုးသမီးများမှာလူကုန်ကူးမှုအန္တရာယ်ကိုအကြီးအကျယ်ကြုံတွေ့ရသည်။တဖန်ထပ်၍ တရုတ်နိုင်ငံရောက်ပြီး လူကုန်ကူးခံရသူ အမျိုးသမီးများမှာ ကိုယ်တိုင် မူးယစ်ဆေးဝါးသုံးစွဲမှုများ ရှိလာသည်ဟု KWAT အစီရင်ခံစာမှာ ဖော်ပြထားပါသည်။

 

တဖက်တွင်လည်း ဆင်းရဲမွဲတေမှုနှင့်စစ်ပွဲကြောင့်အခြေအနေများပိုမိုဆိုးရွားလာစေမှုတို့ကအမျိုးသမီးများအားမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုလောကသို့ရောက်ရှိသွားစေသည်။

လယ်မြေအတွင်းမိုင်းထောင်ထားသောကြောင့်ထွန်ယက်စိုက်ပျိုးမှုမလုပ်နိုင်သည့်ဗန်းမော်ရှိအမျိုးသမီးတဦးသည်သူ့သားအတွက်ဆေးဝါးကုသစားရိတ်ကို “ရာမ” ခေါ်စိတ်ကြွဆေး စတင်ရောင်းချခြင်းဖြင့်ရှာဖွေရသည်။

နောက်ထပ်အမျိုးသမီးတဦးမှာလည်းဘိန်းဖြူစွဲနေသည့်ယောကျ်ားဖြစ်သူ၏ဆေးရုံစားရိတ်အတွက်ဘိန်းဖြူစတင်ရောင်းချရှာဖွေရသည်။

တချို့ဒေသများတွင်၊စစ်ပွဲများ၏အကျိုးသက်ရောက်မှုအဖြစ်ရွာသားများသည်အသက်ရှင်ရပ်တည်မှုအတွက်ယခုအခါတွင်ဘိန်းကိုပိုမိုစိုက်ပျိုးလာရသည်။ဥပမာအနေဖြင့်ရှမ်းပြည်မြောက်ပိုင်းမုန်းပေါ်ရှိရပ်ရွာလူကြီးများကဒေသခံလယ်သမားများအနေဖြင့်တခြားသီးနှံများထက်မည်သည့်အတွက်ကြောင့်ဘိန်းစိုက်ပျိုးလာရသည်ကိုယခုလိုရှင်းပြသည်။

“စစ်ဖြစ်နေတော့၊လယ်သမားတွေလည်းအရင်ကလိုထွန်ယက်စိုက်ပျိုးရေးမလုပ်နိုင်တော့ဘူး။သူတို့အနေနဲ့စပါး၊လက်ဖက်နဲ့ပြောင်းဖူးတွေစိုက်ခဲ့ကြတယ်။မီးသွေးလည်းဖုတ်ကြတယ်။ဒါပေမယ့်တိုက်ပွဲတွေဖြစ်လာတော့ထွန်ယက်စိုက်ပျိုးဖို့သူတို့လယ်ယာတွေကိုမသွားနိုင်ကြတော့ဘူး။လယ်ယာထွက်ကုန်တွေကိုလည်းဈေးကိုသယ်ယူပို့ဆောင်ဖို့လည်းအခက်အခဲရှိတယ်။ဘိန်းကျတော့စိုက်ရ၊ရောင်းရလွယ်တယ်။ဒါကြောင့်တိုက်ပွဲတွေပြန်ဖြစ်လာကတည်းကဘိန်းကိုပိုစိုက်လာကြတာဘဲ”

သို့သော်လည်းစစ်ပြေးဒုက္ခသည်အများအပြားမှာမူအလုပ်သမားများအဖြစ်သာလုပ်ကိုင်ကြသည်။တရုတ်-မြန်မာနယ်စပ်ဆဒုံးအနီးရှိစစ်ပြေးဒုက္ခသည်စခန်းမှလူမှုရေးလုပ်သားတဦးက “စစ်ပြီးတဲ့အခါ၊ NDA-K (ယခုအခါနယ်ခြားစောင့်တပ်) ထိန်းချုပ်ထားတဲ့တောင်ပေါ်ကဘိန်းခင်းတွေဟာအကြီးအကျယ်များပြားလာတယ်။သူတို့အနေနဲ့လုပ်ခနည်းနည်းဘဲပေးရတဲ့အလုပ်သမားတွေကိုအလွယ်တကူရနိုင်တယ်။စစ်ပြေးဒုက္ခသည်စခန်းကရွာသားတွေဟာအခုဆိုရင်ဘိန်းခင်းတွေမှာအလုပ်လုပ်နေကြရတယ်” ဟုပြောသည်။

မူဆယ်ရှိ ရွာသားတဦးကမူ မူးယစ်ဆေးဝါး ပြဿနာသည် လူငယ်၊ လူကြီးများပါမက ကလေးငယ်များကိုပါ သက်ရောက်နေပြီဟု ပြောပြသည်။

“အသက်၅နှစ်ကနေ၇နှစ်အတွင်းကလေးတွေလည်းဆေးတံနဲ့ဘိန်းရှုကြတယ်။သူတို့ဟာဘိန်းရှု၊မိန်းမောပြီးသူတို့ဘဝရဲ့တခြားကိစ္စတွေကိုမေ့ထားလိုက်ကြတယ်။သူတို့ကျောင်းမတက်တော့ဘူး။သူတို့မိဘတွေလည်းမူးယစ်ဆေးဝါးသုံးစွဲကြပြီး၊မူးယစ်ဆေးသုံးစွဲဖို့သူတို့တတ်နိုင်တဲ့နည်းမျိုးစုံနဲ့ငွေရှာကြတယ်”

နေက်ထပ်မူးယစ်ဆေးဝါးသုံးစွဲသူတဦးး၏ဇနီးကလည်း “ကျမတို့မိသားစုမှာ၊ကျမယောက်ျား၊သားနဲ့သားမက်တို့ကမူးယစ်ဆေးဝါးသုံးစွဲသူတွေပေါ့။သူတို့တွေမြစ်ကြီးနားအနီးမှာရှိတဲ့မရမ်းရွာမှာနေတုန်းကမူးယစ်ဆေးမသုံးတတ်သေးဘူး။ဒါပေမယ့်သူတို့ကျောက်စိမ်းတွင်းတွေဘက်ရောက်တော့မူးယစ်ဆေးဝါးစသုံးလာကြတယ်။သား၊အဖနှစ်ယောက်လုံးမိုင်းတွင်းတွေဘက်ရောက်ပြီးမှမူးယစ်ဆေးဝါးစသုံးလာတာ။ကျမသားကအသက်၁၅နှစ်လောက်ကတည်းကမူးယစ်ဆေးဝါးသုံးနေပြီ။ပထမတော့ဘိန်းပေါ့၊နောက်ပိုင်းတော့ဘိန်းဖြူသုံးလာတယ်။ဘိန်းကဈေးကြီးပြီးရဖို့လည်းခက်လို့လေ” ဟုပြောသည်။

kachin_drug03

တရုတ်နိုင်ငံနှင့်အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့်လားရှိုး-မူဆယ်အဝေးပြေးကားလမ်းတလျှောက်ကုန်တင်ကားနှင့်မှန်လုံကားမောင်းသူများသည်အမြဲနိုးကြားနေစေရန်အတွက်ရာမကိုသုံးစွဲကြသည်ဟုကျော်ကြားသည်။ “ရာမဆေးတပြားကို၁,၅၀၀ကျပ်နဲ့ဝယ်လို့ရတယ်။တနေ့ကို၃လုံးလောက်ဘဲသုံးဖို့လိုတယ်။အရမ်းလည်းဈေးပေါတယ်။လားရှိုးမြောက်ပိုင်းမှာဆိုရာမဈေးကပိုတောင်သက်သာသေးတယ်။မြန်မာပြည်ဘက်ကိုဆင်းသွားတာနဲ့ဈေးကကြီးလာတာဘဲ” ဟုမူဆယ်မှကားမောင်းသူတဦးကပြောသည်။

“လားရှိုးကသုံးဘီးမောင်းတဲ့သူတွေကိုလူသူကင်းတဲ့နေရာတွေမှာမူးယစ်ဆေးထိုးသွင်းနေတာတွေတွေ့နိုင်တယ်” ဟုလားရှိုးမှအမျိုးသမီးတဦးကပြောသည်။

 

ကချင်ဒေသများတွင်တိုက်ပွဲများပြန်လည်ဖြစ်ပွားလာသည်နှင့်အမျှ၊မြန်မာအစိုးရသည် KIA အားတိုက်ခိုက်ရန်အတွက်၎င်းတို့၏နယ်ခြားစောင့်တပ်နှင့်ပြည်သူ့စစ်များကိုပိုမိုအားထားလာရသည်။မြန်မာစစ်တပ်အနေဖြင့် KIA နယ်မြေဟောင်းများကိုသိမ်းပိုက်ပြီးသည့်နောက်တွင်၎င်းတို့၏မဟာမိတ်များကိုအဆိုပါဒေသများအားတိုးချဲ့ထိန်းချုပ်ခွင့်ပေးလိုက်သည်။ထို့ကြောင့်အကန့်အသတ်ဖြင့်ဘိန်းစိုက်ပျိုးခွင့်ပေးသည့် KIA ၏မူးယစ်ဆေးဝါးဆန့်ကျင်ရေးမူဝါဒနေရာတွင်ပြည်သူ့စစ်နှင့်နယ်ခြားစောင့်တပ်များ၏ဘိန်းစိုက်ပျိုးမှုမြှင့်တင်ခြင်းနှင့်မူးယစ်ဆေးအဖြစ်သန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်းတို့ကအစားထိုးဝင်ရောက်လာ၍ဘိန်းထုတ်လုပ်မှုများပြားလာစေသည်ဟု KWAT အစီရင်ခံစာက ဆိုသည်။

မြန်မာအစိုးရသည်မူးယစ်ဆေးဝါးရောင်းဝယ်၊ဖောက်ကားမှု၏အဓိကလက်သည်တရားခံမှာတိုင်းရင်းသား “သူပုန်” များဖြစ်သည်ဟုလုပ်ရိုးလုပ်စဉ်အတိုင်းပြစ်တင်ပြောဆိုနေသော်လည်း၊ယခုအခါတွင် ကချင်ဒေသများရှိ မူးယစ်ဆေးဝါးလုပ်ငန်းတွင်အဓိကနေရာမှပါဝင်နေသည့်ပြည်သူ့စစ်နှင့်နယ်ခြားစောင့်တပ်အပါအဝင်မြန်မာစစ်သားများကိုယ်တိုင်ပါဝင်ပတ်သက်နေသည်။အဆိုပါအဖွဲ့များ၏ဝင်ငွေအတွက်မူးယစ်ဆေးဝါးထုတ်လုပ်ပိုင်ခွင့်ပေးထားသည်။ယင်းအဖွဲ့များသည်ပင်ကိုယ်အားဖြင့်အခွန်ဘဏ္ဌာအတွက်အကျိုးအမြတ်အများဆုံးရသည့်အရင်းအမြစ်အဖြစ်ဝေးလံခေါင်သီသောတောင်တန်းဒေသများမှမူးယစ်ဆေးဝါးကုန်သွယ်မှုအပေါ်မှီခိုနေရသည်။၎င်းအဖွဲ့များသည်သူတို့ကိုယ်တိုင်မူးယစ်ဆေးဝါးစိုက်ပျိုး၊ထုတ်လုပ်၊ရောင်းဝယ်ဖောက်ကားခြင်း (သို့မဟုတ်) မူးယစ်ဆေးဝါးကုန်သည်များထံမှအခွန်ကောက်ခြင်းနှင့်လုံခြုံရေးယူပေးခြင်းတို့ကိုလုပ်ကိုင်ကြသည်။အဆိုပါအဖွဲ့များ၏ခေါင်းဆောင်များမှာအပြစ်ပေး၊အရေးယူခံရခြင်းအလျဉ်းမရှိဘဲမူးယစ်ဆေးဝါးလုပ်ငန်းလုပ်ကိုင်ခွင့်ရကြပြီး၊အချို့မှာမူလက်ရှိမြန်မာအစိုးရ၏လွှတ်တော်ကိုယ်စားလှယ်များပင်ဖြစ်လာနေကြသည်။

ဆဒုံမှဘိန်းတောင်သူတဦးအပြောအရဒေသတွင်းရှိကျေးရွာ၁၇ရွာမှာဘိန်းစိုက်ပျိုးခြင်းအပေါ်မှီခိုအားထားခဲ့ရသည်။ “ဘိန်းခင်းတွေဟာမြန်မာအစိုးရလက်အောက်ခံနယ်ခြားစောင့်တပ်စခန်းအမှတ်၁၀၀၃လက်အောက်မှာရှိတယ်။မိသားစုတစုကို၂ဧက၊၃ဧကလောက်ဘိန်းစိုက်ကြတယ်။ဘိန်းမျိုးကောင်းတယ်ဆိုရင်ကျနော်တို့ရွာကတနှစ်ကိုကီလို၁၅၀၊၂၀၀လောက်ထွက်တယ်။ဘိန်းခြစ်ရာသီရောက်ရင်တရုတ်တွေလာဝယ်ကြတယ်။တကီလိုကိုယွမ်၃,၀၀၀လောက်ရတယ်”

ဘိန်းခွန်အားနယ်ခြားစောင့်တပ်တွင်သာမကမြန်မာအစိုးရအာဏာပိုင်များမှလည်းကောက်ယူသည်ဟုဘိန်းတောင်သူကရှင်းပြသည်။

“နယ်ခြားစောင့်တပ်၊ရဲနဲ့သစ်တောဌာနကဘိန်းစိုက်တဲ့အချိန်အခွန်လာကောက်တယ်။မိသားစုအားလုံးသူတို့ကိုပိုက်ဆံပေးရတယ်။အခွန်ကောက်တဲ့သူတွေကဘိန်းခင်းကိုကြည့်ပြီးယွမ်၁၀,၀၀၀ဒါမှမဟုတ်၂၀,၀၀၀ကောက်တယ်”။ အခွန်ကောက်ယူသည့်အတွက်ဘိန်းစိုက်ခြင်းတမျိုးတည်းနှင့်ပင်ရပ်တည်ရေးအတွက်ဝင်ငွေမလုံလောက်ဟုသူကမကျေမနပ်ပြောသည်။

“ကျနော့်မှာဘိန်းခင်း၂ဧက၊၃ဧကလောက်ရှိတယ်။ဒါပေမယ့်ဝင်ငွေကမိသားစုအတွက်မလောက်ဘူး။ဘာလို့လဲဆိုတော့အစိုးရကိုလည်းအခွန်ပေးရတယ်၊ဘိန်းခင်းမှာလုပ်ဖို့အလုပ်သမားလည်းငှားရသေးတယ်။ဒီအလုပ်ကအရမ်းပင်ပန်းတယ်။ကျနော့်အနေနဲ့တခြားသီးနှံတွေလည်းစိုက်ချင်ပေမယ့်ပိုက်ဆံကမရှိဘူး။တကယ်လို့အစိုးရအနေနဲ့တခြားသီးနှံတွေစိုက်ပျိုးဖို့အကူအညီပေးပြီးအဲဒီသီးနှံတွေရောင်းချဖို့ဈေးတခုဖွင့်ပေးမယ်ဆိုအရမ်းကောင်းမှာဘဲ”

၂၀၁၃ခုနှစ်မှ၂၀၁၄ခုနှစ်အစောပိုင်းအထိမူးယစ်ဆေးဝါးသုံးစွဲသူများနှင့်၎င်းတို့၏မိသားစုများ၊မူးယစ်ဆေးဝါးရောင်းချသူ၊ဘုရားကျောင်းအဖွဲ့ဝင်များ၊ရပ်ရွာလူကြီးများနှင့် KIO မှမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီဝင်များအား KWAT မှတွေ့ဆုံမေးမြန်းမှု၇၅ခုပြုလုပ်ခဲ့သည်။တွေ့ဆုံမေးမြန်းမှုများကိုကချင်ပြည်နယ်နှင့်ရှမ်းပြည်မြောက်ပိုင်းရှိမြို့နယ်၈မြို့နယ်တွင်ပြုလုပ်ခဲ့သည်။

ယင်းအထဲတွင် မူဆယ်မှ မူးယစ်ဆေးသုံးစွဲသူ တဦး၏ ဇနီးဖြစ်သူက ”ကျမယောကျ်ားကမူးယစ်ဆေးသုံးတယ်။သူရှာသမျှဝင်ငွေကသူ့အတွက်မူးယစ်ဆေးဝါးဝယ်တာနဲ့ကုန်တာဘဲ။ကျမကလေးမီးဖွားတုန်းကဆိုရင်အဟာရရှိတဲ့အစားအစာတွေတောင်မဝယ်နိုင်ခဲ့ဘူး။ကျမကလေးတွေလည်းအဝတ်အစားချို့ချို့တဲ့တဲ့နဲ့နေရတယ်။သူကျမကိုပိုက်ဆံတောင်းလို့၊ကျမကသူ့ကိုမပေးရင်ဒေါသဖြစ်သေးတယ်။ဆန်တွေ၊သီးနှံတွေအိတ်လိုက်ခိုးတယ်။မျှစ်တွေ၊ငှက်ပျောခိုင်တွေလည်းရောင်းပစ်တယ်။သူအိမ်မှာရှိနေရင်ကျမဘုရားကျောင်းလည်းမသွားနိုင်ဘူး၊ကျမလစ်တာနဲ့မီးဖိုချောင်ကပစ္စည်းတွေသူသွားရောင်းတာဘဲ။ကျမတို့အမြဲတန်းစကားများ၊ရန်ဖြစ်ကြတယ်။ကျမကလေးတွေအတွက်ကျမလည်းငွေမရှာနိုင်ဘူး။တခါတလေဆိုဟင်းချက်ဖို့ဆားတောင်မရှိဘူး။ကျမသားကြီးကိုကောင်းကောင်း၊မွန်မွန်မပြုစု၊မစောင့်ရှောက်နိုင်လို့သူ့အဖွားဆီအပ်လိုက်ရတယ်”။

 

မူးယစ်ဆေးစွဲသူလင်ယောကျာ်းများကြောင့်မိသားစုဆင်းရဲကြပ်တည်းမှုနှင့်ကြုံရသည့်အခါ၊ဇနီးမယားများသည်တခါတရံတွင်တရုတ်ပြည်သို့မဟုတ်မြန်မာပြည်တခြားအရပ်ဒေသများသို့သွားရောက်အလုပ်လုပ်ပြီးကလေးများအားထောက်ပံ့ကြရသည်။ KWAT မှထုတ်ပြန်ခဲ့သည့်အစီရင်ခံစာများအရ၊တရုတ်ပြည်သို့ရွှေ့ပြောင်းအလုပ်လုပ်ရသည့်ကချင်အမျိုးသမီးများသည်လူကုန်ကူးမှုအန္တရာယ်ကိုကြီးမားစွာရင်ဆိုင်ကြုံတွေ့ကြရသည်။

မူးယစ်ဆေးစွဲနေသူတဦး၏အဖိုးဖြစ်သူကသူ့မြေး၏မိန်းမသည်တရုတ်ပြည်သို့သွားရောက်အလုပ်လုပ်ပြီးမိသားစုအားမည်သို့ထောက်ပံ့ရသည်ကိုယခုလိုပြောသည်။ “ကလေးမလေးကသူ့ကလေးတွေကိုနှစ်ခါလောက်ပြန်လာကြည့်ဖူးတယ်။ဒါပေမယ့်နောက်ပိုင်းတော့ပြန်မလာတော့ဘူး။အဲဒီအချိန်တုန်းကသူ့သားကြီးက၅နှစ်နဲ့သားအငယ်လေးက၃နှစ်ဘဲရှိသေးတယ်”

မူဆယ်ရှိနောက်ထပ်အမျိုးသမီးတဦးကလည်းတရုတ်ပြည်သို့သွားရောက်အလုပ်မလုပ်ခင်သူ့သမီးအားမွေးစားမည့်သူများလက်အပ်ခဲ့ရသည်။

“ကျမကလေးကိုအရမ်းစိတ်ပူတယ်။ကျမကလေးကိုတခြားလူတွေကိုပေးလိုက်လို့၊ကျမအပြစ်ပေးခံနေရပြီထင်တယ်။ကျမသမီးလေးကောင်းစားမယ်လို့မျှော်လင့်ပါတယ်။သမီးလေးကိုခေါ်ပြီးစကားပြောနိုင်မယ်လို့ထင်ခဲ့တယ်။ခုတော့သူ့ကိုဘယ်လိုမှမဆက်သွယ်နိုင်သေးဘူး။သမီးလေးအတွက်စိတ်အရမ်းပူနေရတယ်”

အမျိုးသမီးအများအပြားမူးယစ်ဆေးသုံးစွဲသူများဖြစ်လာကြခြင်း

မူဆယ်ရှိ၊မူးယစ်ဆေးစွဲသူတဦး၏ဇနီးဖြစ်ပြီးယခုအခါမုဆိုးမဖြစ်နေသူအသက်၃၂နှစ်အရွယ်အမျိုးသမီးတဦးသည်ကလေး၂ယောက်အားရှာဖွေကျွေးမွေးရန်အတွက်မူးယစ်ဆေးရောင်းချရာမှသူကိုယ်တိုင်မူးယစ်ဆေးစွဲသူတဦးဖြစ်သွားသည်။ “ကျမယောကျာ်းဆုံးပြီးတာနဲ့၊သမီးလေးကိုကျမမွေးတယ်။ကျမမှာစားစရာတောင်မရှိဘူး။ကလေး၂ယောက်နဲ့ဆိုတော့ဘာအလုပ်မှလည်းမလုပ်နိုင်ဘူး။ဒါနဲ့ဘဲဆေးရာင်းတဲ့သူဆီကနေကျမဆေးပြားတချို့ယူတယ်။ပထမတော့ကျမဆေးပြား၁၀ပြားလောက်ဘဲရောင်းတယ်။နောက်တော့ဆေးသုံးသူတွေကကျမရောင်းမှန်းသိတော့ကျမလည်းတရက်၊တရက်ကိုပို၊ပိုရောင်းလာရတယ်။ကျမဆိုင်လေးတဆိုင်တည်တယ်၊ပြီးတော့ဆေးပြားတွေရောင်းတယ်။ဆေးပြားတွေမရောင်းခင်ကျမအရင်စမ်းကြည့်တယ်။တဖြည်းဖြည်းနဲ့ဆေးသုံးတာများ၊များလာတယ်။ကျမမသုံးရရင်၊မနေနိုင်အောင်ကိုစွဲသွားတယ်။တခါတလေဆိုကျမတို့မလောက်မင၊စားရတယ်။ဘာမှမစားရရင်ဖြစ်ပေမယ့်၊ဆေးမသုံးဘဲတော့မနေနိုင်တော့ဘူး။ကျမဆေးပြားတွေဆက်ရောင်းနေတုန်းဘဲ၊ဒါပေမယ့်အမြတ်တော့မကျန်ဘူး၊ဘာလို့လဲဆိုတော့အဲဒါတွေနဲ့ကျမဆေးပြားတွေပြန်သုံးနေလို့ဘဲ။မူးယစ်ဆေးကြောင့်ကျမတို့ရဲ့အရိပ်အမြုံလေးလည်းဆုံးရှုံးခဲ့ရပါပြီ” ဟုသူမကပြောသည်။

မြစ်ကြီးနားမှနောက်ထပ်အမျိုးသမီးတဦးကလည်းဘိန်းဖြူစွဲနေပြီးနာမကျန်းဖြစ်နေသည့်ယောကျာ်းဖြစ်သူ၏သူငယ်ချင်းမှကလေး၃ယောက်ကိုထောက်ပံ့နိုင်ရန်အတွက်မူးဆစ်ဆေးရောင်းရန်သိမ်းသွင်းခဲ့သည်။သူမအနေဖြင့်ပယ်နယ်စလင်တလုံးစာဘိန်းဖြူအား၄၀,၀၀၀ကျပ်ဖြင့်ဝယ်ယူပြီး၊၈ပုလင်းရအောင်ပြန်လုပ်၍၁ပုလင်းလျှင်၁၀,၀၀၀ကျပ်ဖြင့်ပြန်ရောင်းသည်။ထိုအချိန်ကအမြတ်အနေဖြင့်၄၀,၀၀၀ကျပ် (အမေရိကန်ဒေါ်လာ၄၀ခန့်) ပြန်ရသည်။

“NGO တွေကဆေးထိုးအပ်တွေကိုမူးယစ်ဆေးသုံးစွဲသူတွေကိုဝေငှတာ၊ကောင်းပါတယ်။ဒါပေမယ့်မူးယစ်ဆေးသုံးသူတွေဆေးထိုးအပ်တွေရတဲ့အခါ၊ပို၊ပိုပြီးသုံးလာကြတယ်။အဲဒါတော့မကောင်းဘူး။ NGO တွေအနေနဲ့ AIDS ရောဂါသည်တွေနည်းသွားအောင်ရည်ရွယ်တာဘဲ၊မူးယစ်ဆေးသုံးစွဲသူတွေလျော့နည်းသွားအောင်တော့မဟုတ်ဘူးလို့ကျနော်ထင်တယ်” (မြစ်ကြီးနားရှိဘိန်းဖြူသုံးစွဲသူ)။

ဒေသခံကချင်အသိုင်းအဝိုင်းမှကိုင်တွယ်ဖြေရှင်းချက်များ

မြန်မာအစိုးရအနေဖြင့်မူးယစ်ဆေးဝါးပြဿနာကိုကိုင်တွယ်ဖြေရှင်းရန်နိုင်ငံရေးအရစိတ်ဆန္ဒမရှိမှုအပြင်၊ NGO များမှထိခိုက်မှုလျော့နည်းရေးကိုသာအဓိကအာရုံစိုက်လုပ်ကိုင်နေသဖြင့်၊ကချင်ပြည်သူများအနေဖြင့်မူးယစ်ဆေးကိစ္စကို၎င်းတို့ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဘဲဖြစ်နေရသည်။

မူးယစ်ဆေးဝါးဆန့်ကျင့်ရေးလုပ်ငန်း

ကချင်လူ့အဖွဲ့အစည်းတွင်းကျန်းမာရေးနှင့်စိတ်ဓာတ်ပိုင်းဆိုင်ရာအရထိခိုက်၊ပျက်စီးမှုများအရ၊ KIO သည်နိုင်ငံရေးလှုံ့ဆော်မှုအရှိန်အဟုန်ဖြင့်မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ထုတ်လုပ်မှုတားဆီး၊ဆန့်ကျင်ရေးများပြုလုပ်နေသည်။

“ကချင်လူငယ်အများအပြားဟာစစ်တိုက်လို့ထက်၊မူးယစ်ဆေးဝါးသုံးစွဲလို့သေဆုံးရတာပိုများတယ်” ဟုKIA တပ်မဟာ၃မှ၊တပ်မှုးတဦးကပြောသည်။

၁၉၉၄-၂၀၁၁အပစ်အခတ်ရပ်စဲရေးကာလအတွင်း KIO အနေဖြင့်မူးယစ်ဆေးဝါးတားဆီး၊နှိမ်နှင်းရေးအားမြန်မာအစိုးရနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း အခက်အခဲများကြောင့် အောက်တိုဘာ၂၀၁၀ခုနှစ်တွင်၊ KIO အနေဖြင့်မူးယစ်ဆေးဝါးကိစ္စကိုမိမိတို့ဘာသာကိုင်တွယ်ဆောင်ရွက်ရန်ဆုံးဖြတ်ပြီး၊မူးယစ်ဆေးဝါးနှိမ်နှင်းရေးကော်မတီအသစ်ကိုဖွဲ့စည်းခဲ့သည်။

အဆိုပါအဖွဲ့အနေဖြင့်ဘိန်းနှိမ်နှင်းခြင်း၊ရောင်းဝယ်သူများအားအရေးယူခြင်းနှင့်၎င်းတို့ထိန်းချုပ်ထားရာဒေသအတွင်းရှိမူးယစ်ဆေးသုံးစွဲသူများအတွက်ပြန်လည်ပြုစုပျိုးထောင်ရေးအစီအစဉ်များလုပ်ဆောင်ခဲ့သည်။

 

ရှမ်းပြည်မြောက်ပိုင်းရှိ၊နမ့်ဖတ်ကာဘုရားကျောင်း၏မူးယစ်ဆေးဝါးနှိမ်နှင်းရေးအစီအစဉ်

၂၀၁၂ဒီဇင်ဘာမှစပြီးရှမ်းပြည်မြောက်ပိုင်းရှိနမ့်ဖတ်ကာဘုရားကျောင်းမှ “ကမ္ဘာ့ရည်ရွယ်ချက်အလင်းရောင်” အစီအစဉ်ဖြင့် “မူးယစ်ဆေးဝါးနှိမ်နှင်းရေးအစီအစဉ်” ကိုစတင်ဆောင်ရွက်သည်။ဒေသတွင်းရှိမူးယစ်ဆေးဝါးသုံးစွဲသူများအားဖိတ်ခေါ်ကာသခင်ယေရှု၏ဒေသနာတော်များ၃လတာသင်ကြားပေးပြီးမူးယစ်ဆေးဝါးပြတ်သွားစေရန်တိုက်တွန်း၊အားပေးဆောင်ရွက်ကြသည်။လူ၃၀အားလက်ခံပြီးဒေသခံဘုရားကျောင်းများမှတဆင့်လွှဲပြောင်းပေးခဲ့သည်။စားသောက်စားရိတ်ပေးရန်အတွက်ဆေးစွဲသူတဦးလျှင်၂သောင်းကျပ် (အမေရိကန်ဒေါ်လာ၂၀) ရရှိသည်။သို့သော်လည်းကုန်ကျစားရိတ်အများစုကိုနမ့်ဖတ်ကာဘုရားကျောင်းအဖွဲ့ဝင်များကကျခံသည်။

မြစ်ကြီးနားရှိကချင်နှစ်ချင်းကွန်ဗင့်ရှင်းပြန်လည်ပြုစုပျိုးထောင်ရေးဌာန

၂၀၁၂ခုနှစ်တွင်ကချင်နှစ်ချင်းကွန်ဗင့်ရှင်းကမြစ်ကြီးနားတွင်ပြန်လည်ပြုစုပျိုးထောင်ရေးဌာနကိုဖွင့်လှစ်သည်။တကြိမ်လျှင်လူ၅၅ဦးအားလက်ခံပြီးပြန်လည်ပြုစုပျိုးထောင်ရေးသင်ခန်းစာကို၃လကြာဆောင်ရွက်ပေးသည်။ဘိန်း၊ဘိန်းဖြူ၊စိတ်ကြွဆေး၊ “ဖော်မြူလာ” (ချောင်းဆိုးပျောက်ဆေးနှင့်ဘိန်းရောစပ်ထား) စွဲသူများအားပုံမှန်အားဖြင့်မိသားစုဝင်များကအဆိုပါဌာနသို့ပို့ဆောင်ပေးသည်။ပထမ၂ကြိမ်တွင်၊သင်ခန်းစာများမပြီးဆုံးခင်ဆေးစွဲသူ၂၀မှာအဆိုပါဌာနမှထွက်ပြေးသွားသည်။

ကျေးလက်တောရွာများရှိလူထုမှမူးယစ်ဆေးဝါးဆန့်ကျင်ရေးလှုပ်ရှားမှု

ကျေးလက်တောရွာရှိလူထုကမူးယစ်ဆေးပြဿနာကိုဆန့်ကျင်ရန်၎င်းတို့ကိုယ်တိုင်ဆောင်ရွက်မှုများတိုးပွားလျှက်ရှိသည်။ဥပမာအားဖြင့်ဘိန်းဖြူထိုးသွင်းသုံးစွဲသူဦးရေများပြားသည့်လားရှိုးရှိလွိုင်ဝေါဇွမ်ရာရွာတွင်၊ဒေသခံသင်းအုပ်ဆရာနှင့်တခြားရွာသားများစုပေါင်းပြီး၊လူ၂၆ဦးလက်မှတ်ရေးထိုးထားသည့်မူးယစ်ဆေးပြဿနာဖြေရှင်းပေးရန်အသနားခံစာကိုတောင်ကြီးရှိရှမ်းပြည်နယ်အစိုးရအားပေးပို့သည်။ရလဒ်အနေဖြင့်ရဲများကမူးယစ်ဆေးရောင်းသူများအားနှိမ်နင်းသော်လည်းယာယီအားဖြင့်သာထိရောက်မှုရှိသည်။

လှုပ်ရှားမှု

မုန်းပေါ်ရှိအမျိုးသမီးများဦးဆောင်ပြီးမူးယစ်ဆေးဝါးဆန့်ကျင်ရေးလှုပ်ရှားမှု

“ကျမတို့အဖွဲ့ကိုဖွဲ့စည်းလိုက်တယ်၊ဘာလို့လဲဆိုတော့ဒေသခံလူအတော်များများကမူးယစ်ဆေးဝါးသုံးကြတယ်။အထူးသဖြင့်မိခင်တွေနဲ့ဇနီးသည်တွေဘဲအကျိုးဆက်တွေခံစားရတယ်။သူတို့အနေနဲ့ပိုက်ဆံနဲ့ပစ္စည်းအသစ်တွေကိုသူတို့လင်ယောကျ်ားတွေ၊သားတွေရောင်းချပြီးမူးယစ်ဆေးသုံးစွဲမှာစိုးတာကြောင့်အိမ်နဲ့အနီးတဝိုက်မှာမထားရဲကြဘူး။အမေတွေကရေချိုးခန်းဝင်ရင်တောင်မှသူတို့ပိုက်ဆံတွေကိုတချိန်လုံးကိုယ်နဲ့မကွာထားရတယ်။တချို့ဆေးစွဲသူတွေဆိုရင်အိမ်ခေါင်မိုးသွပ်တွေပါခွာရောင်းတယ်။မိသားစုတွေကွဲကွာနေကြတယ်။ကလေးတွေကျောင်းထွက်လိုက်ရတယ်။ဘာလို့လဲဆိုတော့ကျောင်းစားရိတ်မပေးနိုင်ကြလို့” ဟုမုန်းပေါ်ရှိလူထုစည်းရုံးရေးမှုးအက်စသာကပြောသည်။

KWAT အနေဖြင့်နိုင်ငံတကာအလှုရှင်များအပါအဝင်ရင်းနှီးမြှုပ်နှံသူများအားပဋိပက္ခများပြေလည်စေရန်နိုင်ငံရေးအရတွေ့ဆုံအဖြေရှာသကဲ့သို့မြန်မာနိုင်ငံရှိမူးယစ်ဆေးဝါးပြဿနာကိုအထူးဦးစားပေးအလေးထားဖြေရှင်းပေးရန်တိုက်တွန်းထားပါသည်။

kachin_drug02

UNODC သည်ဂြိုလ်တုဓာတ်ပုံများအသုံးပြု၍ကချင်ပြည်နယ်ရှိဘိန်းစိုက်ပျိုးမှု “အထူးစိုးရိမ်ရသည့်” ဒေသများကိုအကဲဖြတ်သတ်မှတ်သည် (သို့သော်လည်း “ဖြစ်ပွားနေဆဲစစ်ပွဲများကြောင့်” မြေပြင်တိုင်းထွာမှုများမလုပ်ခဲ့ပေ)။ကချင်ပြည်နယ်အတွင်း၂၀၁၂ခုနှစ်မှစပြီးဘိန်းစိုက်ပျိုးမှု၁၀ရာခိုင်နှုန်းလျော့ကျသွားသည်ဟု (၅,၁၀၀ဟက်တာမှ၄,၆၀၀ဟက်တာသို့) UNODC ကခန့်မှန်းသည်။ KWAT အနေဖြင့်အဆိုပါခန့်မှန်းချက်ကိုသံသရဖြစ်သည်မှာ၎င်းတို့၏စစ်တမ်းတွင်ချီဖွေမြို့နယ်ပါဝင်ခြင်းမရှိ၍ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းရှိအံ့သြစရာကောင်းသည့်အချက်မှာအစိုးရ၏ပြည်သူ့စစ်များထိန်းချုပ်ထားသည့်မူဆယ်ခရိုင်တွင်ဘိန်းစိုက်ပျိုးမှုများပြားလာသော်လည်း၊ UNODC က “အထူးစိုးရိမ်ရသည့်” ဒေသအဖြစ်ဖော်ပြမထားခြင်းဖြစ်သည်။

ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) သည်ကချင်အမျိုးသမီးများအရေးလုပ်ဆောင်နေသောလူမှုအဖွဲ့

အစည်းတရပ်ဖြစ်သည်။မိမိတို့သည်ဒေသအဆင့်၊နိုင်ငံအဆင့်၊နိုင်ငံတကာအဆင့်အသီးသီးရှိဆုံးဖြတ်ချက်ချ

သောနေရာများတွင်ပါဝင်ဆုံးဖြတ်နိုင်ရန်အမျိုးသမီးများအားလုံးစွမ်းရည်မြင့်မားပြီးကချင်ကလေးငယ်များအား

လုံးမှာလည်း ၎င်းတို့၏စွမ်းရည်များကို   ဖြည့်စွမ်းနိုင်မည့်အခွင့်အလမ်းရှိ၍ နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှုများအားလုံး   ပပျောက်သောကချင်ပြည်နယ်တခု ဖြစ်ပေါ်လာရေးအတွက်မျှော်မှန်းသည်။

Related Articles