Home ဆောင်းပါး အိမ်တွင်းအကြမ်းဖက်မှုမှသည် အသက်အန္တရာယ်သို့

အိမ်တွင်းအကြမ်းဖက်မှုမှသည် အသက်အန္တရာယ်သို့

Cherry/ Anna။
“ကျွန်မသားသမီးတွေနဲ့ အတူအိပ်ပျော်နေတုန်း ကျွန်မယောက်ျားက အရက်မူးပြီး ဓားနှစ်လက်ကို လက်တဖက် တလက်စီကိုင်ထားတယ်။ အခန်းထဲ ဝင်လာပြီး ဒီညတော့ မင်းတို့သားအမိ သုံးယောက်ကို သတ်ကို သတ်တော့မယ် အရှင်မထားတော့ဘူး ဆိုပြီး ကျွန်မရဲ့ လည်ပင်းပေါ် လာဖိထားတယ်”

ဒေါ်လုစင်မှာ သားသမီးများ ပညာရေးအတွက် နေ့စဉ် ကြုံရာကျဘန်း နေ့စား အလုပ်သာမက အိမ်အလုပ်များကို လုပ်ရသည်။ သူ့ကို တွေ့ဆုံရန်ပင် အချိန် သိပ်မပေးနိုင်။

ညမိုးချုပ်မှအိမ်ပြန်လာပြီး ချက်ပြုတ် စားသောက်နေချိန်လေးမှာပဲ သူမ၏ ထင်မှတ်မထားသည့် အဖြစ်အပျက် အကြောင်းလေးကို မေးမြန်းနိုင်ခဲ့သည်။

ညအမှောင် ၁၂နာရီ လူသူအိပ်စက် အနားယူ ချိန်  မယားသားသမီး အိပ်ပျော် နေချိန်တွင် ယောက်ျားဖြစ်သူ ဝင်ရောက်နှိပ်စက် မီးရှို့ဖျက်ဆီး ရန်ကြံစည်ခဲ့ကြောင်း ဒေါ်လုစင်က ပြောပြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ခိုးဖိတ်ကျေးရွာတွင် ယခင်နှစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မသားသမီးတွေနဲ့ အတူအိပ်ပျော်နေတုန်း ကျွန်မယောက်ျားက အရက်မူးပြီး ဓားနှစ်လက်ကို လက်တဖက် တလက်စီကိုင်ထားတယ်။ အခန်းထဲ ဝင်လာပြီး ဒီညတော့ မင်းတို့သားအမိ သုံးယောက်ကို သတ်ကို သတ်တော့မယ် အရှင်မထားတော့ဘူး ဆိုပြီး ကျွန်မရဲ့ လည်ပင်းပေါ် လာဖိထားတယ်” လို့ သူကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အတွေ့အကြုံကို ပြောပြသည်။
ရုန်းကန်အော်ဟစ်ရာမှ သားသမီးများ နိုးလာပြီး ဝင်ရောက်ဆွဲရာမှာ ယောက်ျားဖြစ်သူက ဒေါသပိုဖြစ်လာသည်ဟု ပြောပြသည်။

“မင်းတို့သားအမိတွေရဲ့ သင်္ချိုင်းက သည်နေရာပဲ ဆိုပြီး ဓားနဲ့လိုက်ထိုး တော့တာပဲ ကျွန်မလည်း သူ့ကိုအပြင်ကိုရအောင် တွန်းထုတ်လိုက်ပြီး တံခါးကိုပိတ်ပြီး အိမ်တွင်းတံခါးထောင့်မှာ သားအမိသုံးယောက် လုံခြုံမယ်ထင်လို့ ပုန်းနေကြတယ်” လို့ပြောပြပါသည်။

ရွာဥက္ကဌကတော့ ဝင်ရောက်တားမြစ်ရန် ကျိုးပမ်းသည်ကို ပြန်လည် ရန်ပြုခံရသည်ဟု ပြောပြသည်။

“ကျွန်တော်တို့ လည်းအော်သံကြောင့် အသံကြားလို့ လိုက်ကြည့် နေတုန်း ဦးမင်းနိုင်က အပြင်ကနေပြီး အိမ်ပတ်ပတ်လည် ၅နေရာကို မီးခြစ်နဲ့ လိုက်ရှို့နေတာတွေ့လို့ တားမြစ်လိုက်တာနဲ့ ကျွန်တော့် ကိုလည်း ဓားမြှောင်နဲ့လိုက်ထိုး တော့တာပဲ လူများလို့သာ ကျွန်တော်လည်း လွှတ်လာတယ်” လို့ ဥက္ကဌ ဦးဂျန်မော်ဒွတ် ကပြောပြသည်။

“အိမ်ခေါင်မိုးက သက်ကယ်မိုးဖြစ်နေတာကြောင့် အိမ်တွင်းပစ္စည်း တစ်ခုမှ မသယ်လိုက်နိုင်ဘူး သားအမိ သုံးယောက်ကိုပဲ ကယ်လိုက်နိုင်တယ်” လို့ လာရောက်ကယ်ဆယ်သူများက ပြောပြသည်။

“ဦးမင်းနိုင် ကို ရဲစခန်းပို့ရင်လည်း ရဲတွေက သူကစိတ်မမှန်ဘူး ရူးနေတယ် ဆိုပြီးလက်မခံ ကြဘူး သူ့မိန်းမ ကလည်း ကျွန်မဘယ်တော့မှ မပေါင်းနိုင်တော့ဘူး ဆိုတော့ ကျွန်တော်တို့လည်း သစ်ပင်မှာချီထားပြီး ဦးမင်းနိုင်ရဲ့ မိသားစုနဲ့ ဆက်သွယ် လိုက်တယ်” လို့ ရွာဥက္ကဌ ကပြောပြပါသည်။

တကယ်တော့ ဦးမင်းနိုင် ရူးမရူး အတိအကျ မသိနိုင်ကြောင်းနှင့် ယခင်ကလည်း ပုံမှန်တွေ့နေကြ ဖြစ်သဖြင့် ယခုကဲ့သို့ ဆိုးဆိုးရွားရွားဖြစ်လာမည် မထင်ခဲ့မိကြောင်း ရွာဥက္ကဌက ပြောသည်။

ဦးမင်းနိုင်၏ အစ်ကို ရောက်လာသည်နှင့် ရွာဥက္ကဌ တွေက ကွာရှင်းလက်မှတ်ထိုးစေပြီး သူမရှေ့သို့ မည်သည့်အခါမှ လာမည်မဟုတ်ကြောင်းကို လက်မှတ်ထိုးစေခဲ့သည်။

“ကလေးတွေ နဲ့လည်းဘယ်တော့မှ မဆက်သွယ်ရဘူး လုံးဝပတ်သက်စရာ မလိုအောင် လက်မှတ်ထိုးလိုက်တယ်” ဟု  ဒေါ်လုစင်က ရဲရင့်ပြတ်သားသော မျက်နှာနဲ့ ပြောပြသည်။

“ခါတိုင်းလည်း ဦးမင်းနိုင်က သူ့မိန်းမကို အရက်မူးပြီး အနိုင်ကျင့် နေတာပဲ အရက်မမူးရင်လည်း အလုပ်လည်း အားမကိုးနိုင်ဘူး သူ့မိန်းမဘဲလုပ်နေတာပဲ တွေ့တယ် သူ့မိန်းမက သနားကမားပဲ” လို့ ပတ်ဝန်းကျင်က အမျိုးသမီးတယောက် ပြောပြပါသည်။

အိုးမဲ့အိမ်မဲ့ဖြစ်သွားသော မိသားစုကို ရွာသားများက အိမ်လေးတလုံး ကူညီဆောက်ပေးကြသည်။ “အိမ်သေးသေး လေးမှာ ဘာမှမရှိတော့ရင်လည်း အရမ်းပျော်တယ် ဒါပေမဲ့ ကလေးတွေကိုကြည့်ရင် သူတို့ အဖေအမဲစက်ကြောင့် အဖေနဲ့လည်း အတူမနေနိုင် ဖြစ်သွားတဲ့ ကလေးတွေကို သနားတယ်” ဟု ဒေါ်လုစင်က ပြောသည်။

သားသမီးများကမူ အခုချိန်ထိ အဖေဖြစ်သူ ဦးမင်းနိုင် အကြောင်းပြောရင် “မပြောနဲ့ မကြားချင်ဘူး အဖေမရှိတော့ဘူး အဖေ့ကိုအရမ်းကြောက်တယ်” ဟုသာ ပြောနေကြတော့သည်။

Related Articles