ကေခိုင်
ရက်ကန်းခတ်တာက ရှေးယခင်ကတည်းက အမျိုးသမီးတွေ လုပ်ကိုင်တဲ့အလုပ်ရယ်လို့ ယူဆကြပါတယ်။ အမျိုးသားတွေက လယ်ယာလုပ်ငန်းခွင်လုပ်၊ အမျိုးသမီးတွေက ကောက်စိုက် ပျိုးနှုတ်ရင်း အားတဲ့အချိန်မှာ ရက်ကန်းခတ်လေ့ ရှိကြပါ တယ်။
ဒါပေမဲ့ အညာချည်ထည်တွေနဲ့ နာမည်ကျော်ကြားတဲ့ ရေစကြိုမြို့နယ်တဝိုက် ရွာတွေကတော့ ရက်ကန်းပညာကို အမျိုးသမီး တွေသာမက အမျိုးသားတွေပါ သင်ယူတက်မြောက်ပြီး အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။
မိရိုးဖလာ ရက်ကန်းလုပ်ငန်းလုပ်တဲ့ ရွာဖြစ်တော့ ဒေသတွင်းမိန်းကလေးတွေက အရွယ်ရောက်တာနဲ့ ရက်ကန်းပညာကို အဘွားတွေ ၊ အမေတွေနဲ့ အဒေါ်တွေဆီက လက်ဆင့်ကမ်းသင်ယူကြသလို အမျိုးသားတွေကလည်း အမေတွေ အဒေါ်တွေဆီ ကနေလက်ဆင့်ကမ်း သင်ယူလာကြပြီး ရက်ကန်းခတ်တတ်လာကြပါတယ်။
“တချို့ကတော့ ဒီအလုပ်ကို ယောကျာ်းလေးမလုပ်ဘူးလို့ တွေးနေတာ တူးတူးတို့ ဘက်မှာ အကုန်လုပ်တယ်။ မိသားစုတွေမှာ ယောကျာ်းလေးလည်း ဝင်လုပ်လိုက်တာပဲ အဖေတွေ သားတွေလည်း ရက်ကန်းခတ်၊ ချည်ချ၊ ဆေးဆိုး အကုန်လုပ်တယ်” လို့ ရေစကြိုမြို့နယ်၊ မြေခဲတောင် ကျေးရွာက ရက်ကန်းပညာရှင်တူးတူး ကပြောပါတယ်။
ရက်ကန်းပညာရှင်တူးတူးတို့ နေထိုင်ရာ ရေစကြိုမြို့နယ်က ရက်ကန်းပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြသလို ဒီနယ်တဝိုက်ကနေ အညာချည်စောင်၊ သဘက်၊ ပုဝါ၊ ချည်ထည် အမျိုးမျိုးထွက်လေ့ရှိပါတယ်။
အများအားဖြင့် အမျိုးသမီးတွေက ငယ်စဉ်ကတည်းက ရက်ကန်းပညာ တတ်မြောက်ကြပြီး ရက်ကန်းနဲ့ အဓိကအသက်မွေး ဝမ်းကြောင်းကြသလို အမျိုးသားတွေကလည်း ကိုယ်ပိုင်ရက်ကန်းစင်တည်ထောင်တာ အခြားသူတွေရဲ့ ရက်ကန်းစင်မှာ နေ့ စားအဖြစ် ရက်ကန်းခတ်နေကြတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။
ရှေးအစဉ်အဆက် အမျိုးသမီးတွေသာ လုပ်ဆောင်လေ့ရှိတယ်လို့ သတ်မှတ်ထားတဲ့ ရက်ကန်းပညာကို မိခင်ဆီကနေ သင်ယူ ပြီး အသက်မွေးဝမ်းကြောင်း ပြုနေသူကတော့ ရေစကြိုမှာ နေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ချမ်းငြိမ်းဖြစ်ပါတယ်။
မိရိုးဖလာ လုပ်ငန်းဖြစ်တဲ့အတွက် အသက် ၁၂ နှစ် ၁၃ နှစ် အရွယ်ကတည်းက ရက်ကန်းပညာကို မိခင်ဖြစ်သူဆီက သင်ယူခဲ့ ပြီးနေ့စား ရက်ကန်းခတ်သူအဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့ပါတယ်။ ရက်ကန်းပညာသင်ယူပြီး ရက်ကန်းစခတ်တော့ ရွယ်တူ အပေါင်းအသင်းတချို့က မိန်းကလေးလုပ်တဲ့ အလုပ်ကိုလုပ်တယ်လို့ လှောင်ပြောင်တာမျိုး ကြုံရတယ်လို့သူကပြောပါတယ်။
“မင်းက အခြောက်လား ယောကျာ်းလေးဖြစ်ပြီး ရက်ကန်းခတ်တာလားဆိုပြီး စနောက်တာတွေရှိတယ်။ ဘာမှတော့ ပြန်မပြောပါဘူး” လို့ မောင်ချမ်းငြိမ်းက ပြောပါတယ်။
တချို့စနောက်ကြပေမယ့် ခွန်းတုံ့မပြန်ဘဲ ရက်ကန်းခတ်တဲ့ ဝင်ငွေက အိမ်အတွက်အထောက်အပံ့ ဖြစ်တဲ့အပြင် မိခင်ဖြစ်သူကလည်း အားပေးတဲ့အတွက် ဆက်လုပ်ဖြစ်တာ အခုချိန်ထိလို့ ဆိုပါတယ်။
“အဲဒီတုန်းကတော့ ဝမ်းနည်းတယ်။ အမေတို့က ပြောတယ် အလုပ်လုပ်တာ ဂုဏ်တောင်ရှိသေးတယ်။ ရက်ကန်းခတ်တာ ယောကျာ်း၊ မိန်းမ မရွေးခတ်လို့ရတယ် တချို့တွေဆို အလုပ်တောင်မရှိဘူး မင်းကမှ အိမ်ကိုထောက်ပံ့နိုင်တယ် ကူနိုင်သေး တယ်ဆိုပြီး ပြောတယ်”လို့ သူကပြောပြပါတယ်။
ရက်ကန်းပညာကို မိခင်ဖြစ်သူနဲ့ ဆွေမျိုးတော်စပ်သူ တူးတူးတို့ဆီမှာ သင်ယူပြီး နေ့စားအနေနဲ့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ ပါတယ်။
သူတို့ ရွာမှာ အမျိုးသမီးကြီး၊ငယ်တွေ ရက်ကန်းခတ်တာများပြီး အမျိုးသားတွေထဲမှာ လူကြီးပိုင်းတွေက ရက်ကန်းခတ်တာ များပါတယ်။ လူငယ်အမျိုးသားအများစုက ပြည်ပထွက်တာ တခြားဝင်ငွေရတဲ့ အလုပ်အကိုင်တွေ လုပ်ကိုင်လာကြတဲ့အ တွက် ရက်ကန်းအလုပ်ကို စိတ်ဝင်စားမှုနည်းကြတယ်။ အဲဒီအတွက်ကြောင့်လည်း လူငယ်အမျိုးသားတွေ ရက်ကန်းရက်တာ ကို တချို့အမြင် ထူးဆန်းနေတာဖြစ်ကြောင်း မောင်ချမ်းငြိမ်းကဆိုပါတယ်။
မိရိုးဖလာ ရက်ကန်းခတ်တဲ့ လုပ်ငန်းကိုထိန်းသိမ်းပြီး ရက်ကန်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုနေသူ နောက်တစ်ဦးက တော့ ရေစကြိုမြို့နယ်က အသက် ၁၉နှစ်အရွယ် မောင်စည်သူပါ။
အဒေါ်ဖြစ်သူရဲ့ ရက်ကန်းအလုပ်ကို ဝင်ကူညီရင်း ရက်ကန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုခဲ့တာ ငါးနှစ်ရှိပါပြီ။ ရက်ကန်းသင်ယူစဉ်က ယောကျာ်းလေး အလုပ်မဟုတ်ဘူးလို့ ပြောကြပေမယ့် သူကတော့ ယောကျာ်းလေးအလုပ်၊ မိန်းကလေးအလုပ်ရယ် လို့ မခွဲဘဲ ပုံမှန်အလုပ်တခုအဖြစ်သာ မှတ်ယူလို့ ဆက်လုပ်ခဲ့တာလို့ ဆိုပါတယ်။
“အမျိုးသားတွေ ရက်ကန်းခတ်နည်းတာက ရက်ကန်းကအမျိုးသမီးလုပ်တာ အမျိုးသားတွေ လုပ်တာမဟုတ်ဘူးဆိုပြီး အဲဒီလိုအတွေးတွေကြောင့်လို့ ထင်တာပဲ၊ ကျနော်ကတော့ အဲဒီလိုအတွေးမရှိဘူး။ ယောကျာ်းလေးအလုပ်လည်း မိန်းကလေးတွေလုပ်တာပဲ၊ အဓိကက ဝင်ငွေရရှိဖို့ပဲလို့ “ သူကဆိုပါတယ်။
သူတို့ ဒေသမှာ စီးပွားရေးကြပ်တည်းမှုကြောင့် လူငယ်၊လူရွယ်တွေမှာ အလုပ်လက်မဲ့တွေ များလာပါတယ်။ အလုပ်အကိုင် ကြပ်တည်းတဲ့ ကာလမှာ ယောကျာ်းလေးအလုပ်၊ မိန်းကလေးအလုပ်ရယ်လို့ မခွဲခြားဘဲ ရက်ကန်းခတ်တဲ့ အလုပ်ကစလို့ လူ တိုင်းကို ဝင်ငွေပုံမှန်ရတဲ့ အလုပ်အကိုင် တခုရှိစေချင်တယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ အလုပ်တွေရှားပါးလာတော့ ဒီအလုပ်လေးတွေအပြင် လူတိုင်းကို အလုပ်ရှိစေချင်တယ်။ မိန်းမ၊ ယောကျာ်း အလုပ်ရွေးမနေတော့ဘဲ အားလုံးအလုပ်ရှိစေချင်တယ်” လို့ မောင်စည်သူပြောပါတယ်။
လက်ရှိအခြေအနေက ကိုဗစ်နောက်ပိုင်း ကာလကတည်းက စီးပွားရေးကြပ်တည်းပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးလာတဲ့အတွက် ကိုယ့်ရပ်ရွာမှာပဲ မိရိုးဖလာ လက်ငုတ်လက်ရင်း ရက်ကန်းခတ်တာနဲ့ အဆင်ပြေပြေနေနိုင်တဲ့အတွက် လူငယ်တွေ လေလွင့်မနေတော့တာ ကောင်းတဲ့ လက္ခဏာလို့ အသက် ၂၀ အရွယ် မောင်ကျော်မင်းသန့်က ပြောပါတယ်။
ရက်ကန်းအလုပ်က တစ်နေရာမှာပဲထိုင်ပြီး လုပ်ဆောင်ရတဲ့ လက်မှုပညာဖြစ်တဲ့အပြင် ဝင်ငွေကလည်း ပုံမှန်သာရှိတာကြောင့် ယောကျာ်းလေးတွေ လုပ်ကိုင်တာနည်းပါးတာဖြစ်ပြီး သူလည်း ရက်ကန်းစတင်ခတ်စဉ်က လှောင်ပြောင်မှုတွေခံခဲ့ရပါတယ်။
“ယောကျာ်လေးလုပ်တဲ့အလုပ် မိန်းကလေးလုပ်တဲ့အလုပ်ဆိုတာက သတ်မှတ်ချက်တခုဖြစ်တာကြောင့် ဝေဖန်ပြောဆိုမှုတွေကိုလစ်လျူရှုပြီး သမ္မာအာဇီဝကျကျနဲ့ လုပ်ကိုင်နိုင်တဲ့ အလုပ်တခုအဖြစ်ယူဆပြီး သင်ယူခဲ့တာ”လို့ သူကဆက်ပြောပါတယ်။
ရက်ကန်းသင်ယူစဉ်က သင်ယူရတာခက်ခဲတာ၊ ချည်စျေးအတက်အကျနဲ့ ပုံမှန်ဝင်ငွေရအောင် ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်း အဆင်ဒီဇိုင်းတွေ ဆန်းသစ်လာတာ၊ ပြည်တွင်းဖြစ် ချည်ထည်တွေကို နှစ်သက်သူတွေ ရှိတာကြောင့် အဆင်ပြေပြေ လုပ် ကိုင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“သူ့အနေနဲ့ ရက်ကန်းနဲ့ ပတ်သက်ပြီးအရည်အသွေးကောင်းမွန်တဲ့ ပြည်တွင်းဖြစ်ထုတ်ကုန်အဖြစ် လုပ်ဆောင်ဖို့အထိ စိတ်ကူးထားသလို ရက်ကန်းနဲ့ပတ်သက်တဲ့ ပညာတွေကို လက်ဆင့်ကမ်း သင်ကြားပေးချင်တယ်”လို့ ဆိုပါတယ်။
ရက်ကန်းလုပ်ငန်းက အစဉ်အဆက် အမျိုးသမီးတွေ လုပ်ဆောင်တာများပေမယ့် ရေစကြိုရွာ အနီးတဝိုက်မှာကတော့ ယောကျာ်း၊ မိန်းမမရွေးလုပ်ဆောင်တဲ့အလုပ်လို့ ရက်ကန်းပညာရှင်တူးတူးက ပြောပါတယ်။ ရက်ကန်းခတ်တဲ့ အလုပ်ကို အမျိုးသားတွေ လုပ်ကိုင်တာရှိပေမယ့် ၇၅ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေသာ ဖြစ်နေဆဲဖြစ်ကြောင်း တူးတူးကဆိုပါ တယ်။
“နဂိုတုန်းက ရက်ကန်းဆိုတာ မိန်းကလေးတွေမှ ခတ်တယ်ဆိုတဲ့ အစွဲကြီးရှိတယ်ပေါ့။ ဒီဘက်ခတ်ကာလမှာတော့ အလုပ် အကိုင်ရှားပါးချိန် ဒီဟာလေးတွေ လုပ်ကိုင်ပြတော့ တဖြည်းဖြည်းနဲ့ စိတ်ပါဝင်စားမှုများလာတယ်” လို့သူကပြောပါတယ်။
ရက်ကန်းပညာကို သင်ယူလိုသူ လူငယ်တွေ များလာပြီး သူ့အနေနဲ့လည်း လက်ဆင့်ကမ်း သင်ကြားပေးသလို သင်ကြားပြီးတဲ့ လူငယ်တွေမှာလည်း ရက်ကန်းပညာနယ်ပယ်မှာ နာမည်ရသူတွေရှိလာပြီး ကိုယ်ပိုင်ရက်ကန်း လုပ်ငန်းတည်ထောင်ဖြန့်ချီ ကြတဲ့ သူတွေလည်းရှိလာတယ်လို့ တူးတူးကပြောပါတယ်။
သူလက်ဆင့်ကမ်း သင်ကြားပေးလိုက်တဲ့ လူငယ် အမျိုးသားတွေက ရက်ကန်းခတ်၊ ပန်းရိုက် ၊ဆေးဆိုး၊ ချည်ချ စသဖြင့် ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်ကြသလို အဆင်၊ ဒီဇိုင်းတွေကို တီထွင်ဖန်တီးပြီး လုပ်ဆောင်နိုင်ကြပါတယ်။
“တူးတူးကိုလည်း ဘယ်လိုလေးဆို လှမလဲဆိုပြီး မျှဝေလာတာလည်းရှိတယ်။ သူတို့ လုပ်တာလေးတွေက လှတယ်။စိတ်ကူး တမျိုးစီပေါ့၊ သူတို့ စိတ်ကူးနဲ့ ရိုက်တာလေးတွေကလှကြတယ်” လို့ တူးတူးကပြောပါတယ်။
စီးပွားရေးကြပ်တည်းတဲ့ ကာလမှာ မိရိုးဖလာလုပ်ငန်းကို တနိုင်တပိုင် စီးပွားရေးအဖြစ် လုပ်ကိုင်နိုင်တဲ့အတွက် လူငယ်တွေ အနေနဲ့ ပိုတိုးပြီး လုပ်စေချင်တယ်လို့ သူကဆက်ပြောပါတယ်။
“အလုပ်ဆိုတာ ယောကျာ်းလေး၊ မိန်းကလေးမခွဲခြားဘဲ မိရိုးဖလာ အလုပ်ပဲဖြစ်ဖြစ် ရက်ကန်းအလုပ်ပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင် ဝင်ငွေလည်းရမယ် ရိုးရာထိန်းသိမ်းပြီးသားလည်းဖြစ်မယ်” လို့ တူးတူးကပြောပါတယ်။
အမျိုးသမီးလုပ်တဲ့ အလုပ်လို့ ပြောကြပေမယ့် ကိုယ်တိုင်လည်း ရက်ကန်းခတ်တဲ့ ဝင်ငွေနဲ့ ပုံမှန်လည်ပတ်နိုင်တဲ့အပြင် အိုးမကွာအိမ်မကွာနဲ့ နေထိုင်နိုင်တဲ့အတွက် ရက်ကန်းခတ်တာကို နှစ်သက်ပြီး ရက်ကန်းနဲ့ ပတ်သတ်တဲ့ အဆင်ဒီဇိုင်းတွေ တီထွင် ဖန်တီးချင်တယ်လို့ ရက်ကန်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ လူငယ်တွေက ဆိုပါတယ်။
ထို့အပြင် ကိုယ်တက်ထားတဲ့ ရက်ကန်းပညာကို အခြားသူတွေကို လက်ဆင့်ကမ်းချင်ပြီး အထူးသဖြင့် အမျိုးသားတွေကို ပိုပြီးတော့ ရက်ကန်းခတ်စေချင်တယ်လို့ မောင်ချမ်းငြိမ်းကပြောပါတယ်။
“ ရက်ကန်းခတ်တဲ့ ရိုးရာကို ထိန်းသိမ်းစေချင်တယ်။ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူတယ်”လို့ ဆိုပါတယ်။
ကိုယ်တတ်ထားတဲ့ ရက်ကန်းပညာကို လက်ဆင့်ကမ်းပြီး ထိန်းသိမ်းသွားချင်တယ်။ အထူးသဖြင့် အမျိုးသားတွေကိုပိုပြီးတော့ ရက်ကန်းခတ်စေချင်တယ်လို့ သူကဆက်ပြောပါတယ်။
အဲဒါမှ လက်ရှိကြုံတွေ့နေရတဲ့ အလုပ်အကိုင်ရှားပါးမှုကြောင့် လူငယ်တွေ တခြားနိုင်ငံ၊ တခြားအရပ်ဒေသတွေမှာ သွား ရောက်အလုပ်လုပ်ကိုင်နေတာကို အနည်းငယ်ဖြစ်ဖြစ် လျော့ချနိုင်မှာဖြစ်သလို ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာ မိသားစုနဲ့ အတူ အိုးမကွာ၊ အိမ်မကွာ နေထိုင်နိုင်ပြီး မိရိုးဖလာ ရိုးရာလုပ်ငန်းကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်တာကြောင့်လို့ သူကပြောခဲ့ပါ တယ်။
- ရက်ကန်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ ကျား-မသတ်မှတ်ချက် မလိုကြောင်းသက်သေပြနေတဲ့ ရေစကြိုမြို့ - 05/02/2025
- ကန့်ဘလူအချုပ်ခန်းက လိင်အကြမ်းဖက်မှု အရေးမယူနိုင်တဲ့အပေါ် အမျိုးသမီးအဖွဲ့များ ပြင်းထန်စွာရှုတ်ချ - 01/02/2025
- မဲဆောက်ရောက် မြန်မာအမျိုးသမီးတွေ လုံခြုံရေးအကြောင်းပြ လိင်ပိုင်းဆိုင်ရာ ထိပါးအနိုင်ကျင့်ခံနေရ - 31/01/2025