Home ဆောင်းပါး စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်ငွေညှစ်မှုတွေ ပြုလုပ်နေသလား 

စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်ငွေညှစ်မှုတွေ ပြုလုပ်နေသလား 

ရှင်ငြိမ်း

ညရှစ်နာရီဆိုပေမယ့် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေပြီး လူသွားလူလာ နည်းတာကြောင့် မထားရီဟာ ကားမှတ်တိုင်ကနေ နေအိမ်ကို ခပ်သုတ်သုတ်လျှောက်ပြန်လာပါတယ်။

တချိန်ထဲမှာ သူ့အနားကားတစ်စီးထိုးရပ်သွားပြီး လက်နက်ကိုင်ထားတဲ့ စစ်သားတစ်ယောက်ဆင်းလာကာ“ဟေ့ ဟေ့ အဲဒီမှာ ရပ် မှတ်ပုံတင်ပြ”လို့ ရုတ်တရက် ပြောလာတော့ မထားရီ ထိတ်လန့်တုန်လှုပ်သွားရပါတယ်။

“မှတ်ပုံတင် မပါတော့ ညီမရဲ့ အလုပ်ကဒ်ကို ယူကြည့်တယ်။ ပြီးတော့ ဖုန်းကို စစ်တယ်။ VPN တွေ့တယ်ဆိုပြီး ဖမ်းသွားတာ။ ညီမဖေ့ဘွတ်တွေလည်း ဝင်ကြည့်တယ်”လို့ မထားရီ(အမည်လွှဲ)က ပြောပါတယ်။

အသက် ၂၁ နှစ်အရွယ် မထားရီဟာ အာဏာသိမ်းပြီးနောက် တက္ကသိုလ်ဆက်မတက်တော့ဘဲ လက်ကားရောင်းတဲ့အထည် ဆိုင်တခုမှာ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ ပုံမှန်ဆို အလုပ်က ညနေ ၅ နာရီ ဆင်းပေမယ့် နယ်ပို့ရမယ့် ပစ္စည်းတွေထုပ်ပိုးနေတာနဲ့ နောက်ကျသွားတာလို့ဆိုပါတယ်။

မထားရီရဲ့ မိခင်ဖြစ်တဲ့ ဒေါ်သန်းက“အဲဒီညက သမီးပြန်မလာ ဖုန်းလည်းဆက်မရတော့ စိတ်ပူပြီး သူ့သူငယ်ချင်းတွေဆီ ဖုန်းဆက်မေးတော့ ပြန်သွားပြီတဲ့။ ဘယ်မှာ ရှာရမှန်းလည်းမသိ နောက်မှ စခန်းကဖုန်းဆက်လာပြီး ပိုက်ဆံနဲ့ လာရွေးခိုင်းတယ်” လို့ ပြောပြပါတယ်။

ရဲစခန်းက မထားရီကို ငွေကျပ် ဆယ့်ငါးသိန်းနဲ့ ရွေးခိုင်းပြီး လာမရွေးရင် ထောင်ပို့မှာ ဖြစ်ကြောင်းနဲ့ သုံးလကြာတဲ့ အထိလာ မထုတ်ရင်တော့ စစ်မှုထမ်းစာရင်းသွင်းမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ဒေါ်သန်းက ရှင်းပြပါတယ်။

ဒေါ်သန်းဟာ သားနဲ့ သမီးဖြစ်သူရဲ့ ဝင်ငွေနဲ့ နေထိုင်စားသောက်ရသူ ဖြစ်တာကြောင့် ငွေပိုငွေလျှံမရှိပါဘူး။ အဲဒီအတွက် သူရဲ့ မင်္ဂလာအထိမ်းအမှတ်ရွှေဆွဲကြိုးကို ပေါင်နှံပြီး သမီးဖြစ်တဲ့ မထားရီကို အမြန်သွားရွေးယူခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီ အတည်ပြုပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်တဲ့ အမျိုးသမီးတွေကို အပတ်စဉ် ၅ မှာစတင်ခေါ်ယူ တော့မယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြန်ပြီး နောက်မှာတော့ အခုလိုအမျိုးသမီးတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိလာတာပါ။

မထားရီ ပြောပြချက်အရ အချုပ်ထဲမှာ သူအပါအဝင် ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးနဲ့ အမျိုးသား စုစုပေါင်း ၁၅ ဦး အထက် ရှိပြီး တချို့ဆို ဖမ်းထားတာ ရက် ၂၀ ကျော်တဲ့အထိ လာရွေးတဲ့သူမရှိဘူးလို့ ဆိုပါတယ်။

“အချုပ်ထဲမှာ ဖမ်းထားတဲ့ မိန်းကလေးတွေ ၇ ယောက်လောက်ရှိတယ်။ ကျန်တာက ယောကျာ်းလေးတွေ၊ အများစုကတော့ VPN နဲ့ မှတ်ပုံတင်မပါလို့ ဖမ်းခံရတာ တချို့ဆို ဘာကြောင့်ဖမ်းထားမှန်းတောင် မသိကြဘူး။ လာရွေးတဲ့သူလည်း ရှိတယ်။ ပိုက်ဆံအဆင်မပြေလို့ လာမရွေးနိုင်တဲ့သူလည်းရှိတယ်”လို့ မထားရီကပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အမျိုးသမီးတွေကို ဘာကြောင့်ဖမ်းဆီးတာလဲဆိုတာ သေချာမသိပေမယ့် လတ်တလောမှာတော့ စစ်မှု ထမ်းဖို့ အမျိုးသမီးတွေခေါ်ယူမယ့်သတင်းကြောင့် မထားရီအပါအဝင် အမျိုးသမီးတွေဟာ စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခံရမှာ စိုးရိမ်နေတာဖြစ်ပါတယ်။

“ခေါ်မယ်ဆိုလည်း ပွင့်ပွင့်လင်းလင်းနဲ့ ခေါ်လို့ရတာပဲ၊ ဘာလို့ လမ်းပေါ်မှာ သူခိုးလို လိုက်ဖမ်းနေတာလဲ။ ငွေညှစ်ချင်လို့ တမင် လုပ်တာ၊ စစ်မှုထမ်းအတွက်တော့ စိုးရိမ်စိတ်ရှိတယ်။ ဒါပေမဲ့ ကျမကတော့ အဆုံးထိ ဆန့်ကျင်သွားမှာပါ”လို့ မထားရီက ပြောပါတယ်။

မထားရီတို့ မောင်နှမနှစ်ယောက်လုံး စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူတွေပါ။ မောင်ဖြစ်သူက တက္ကသိုလ်ဝင်တန်းအောင်ပြီး အာဏာသိမ်းမှုနဲ့ ကြုံတာကြောင့် ကျောင်းဆက်မတက်တော့ဘဲ ကွန်ပြူတာပြုပြင်ရေးလုပ်ငန်း တခုမှာဝင်ရောက် လုပ်ကိုင် နေသူဖြစ်ပါတယ်။

မိခင်ဒေါ်သန်းက“သားနဲ့ သမီးကို စစ်မှုထမ်းမပို့နိုင်ဘူး။ ကိုယ်တောင် မထိရက်မတို့ရက်တဲ့ သားသမီးတွေ အန္တရာယ်ထဲကို ဘယ်မိဘကပို့နိုင်မလဲ။ အချင်းချင်း ပြန်သတ်နေတဲ့ ဒီစစ်တပ်ကိုလည်း မကြိုက်ဘူး။ ကျမကတော့ သားနဲ့သမီး စစ်မှုထမ်း ထဲမပါအောင် ရတဲ့နည်းနဲ့ ကာကွယ်သွားမှာပါ”လို့ပြောပါတယ်။

အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတာကြောင့် အမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာအပြင်၊ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ ခံစားနေရလို့ မဖြစ်မနေမှသာ အပြင်ကိုသွားဖြစ်တော့ကြောင်း ဖွင့်ဆိုနေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အမျိုးသား ၆.၃ သန်း၊ အမျိုးသမီး ၇.၇ သန်း စုစုပေါင်း ၁၄ သန်း နီးပါးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Photo credit – Khit Thit Media

ဒီဥပဒေထွက်လာပြီးနောက် ဧည့်စာရင်းစစ်တာ၊ စစ်ဆေးရေးဂိတ်တွေနဲ့ လမ်းတွေမှာစစ်ဆေးဖမ်းဆီးတဲ့ ဖြစ်ရပ်ပေါင်း ၁၁၀၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူပေါင်း ၂၂၇၆၅ ဦး ထိရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးတွေနဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ် တွေလည်း ပါဝင်တယ်လို့ဆို ထားပါတယ်။

ထို့အပြင် ရန်ကုန်မြို့သာမက ဒေသအသီးသီးမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေ၊ စာရင်းမှာပါတဲ့သူတွေ ရှောင်ရှားချင်တယ် ဆိုရင် ငွေပေးရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

အလုပ်သမားအများစုနေထိုင်တဲ့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာလည်း စစ်သင်တန်းမသွားချင်ဘူးဆိုရင် ငွေကျပ် သုံးသိန်း ပေးရကြောင်း မိခင်တဦးဖြစ်တဲ့ ဒေါ်မျိုးခိုင်က ပြောပါတယ်။

“လာခေါ်လို့ မလိုက်ချင်တဲ့ သူဆိုရင် ငွေဆယ်ဂဏန်းလောက်ပေးရတယ်။ ဥပမာ- စာရင်းပဲပါသေးတဲ့လူဆိုရင် သုံးသိန်း၊ ငါးသိန်းပေးရတယ်။ ယောက်ကျားလေးတွေမှ မဟုတ်ဘူး မိန်းကလေးတွေလည်း အဲဒီအတိုင်းပေးရတာ။ ကျမသမီး စာရင်းထဲပါတာ သုံးသိန်းပေးရတယ်။ သူတို့ ဘယ်အချိန်ခေါ်မလဲမသိတော့ ပေးလိုက်ရတယ်”လို့ ဒေါ်မျိုးခိုင်က ဆိုပါတယ်။

အခုလိုကောက်တဲ့ ငွေကြေးက သူတို့အတွက်မဟုတ်ဘဲ အစားထိုးသွားရောက်မယ့် သူရဲ့ မိသားစုကို ပေးရတာဖြစ်တယ် လို့ စာရင်းကောက်ပြီး ငွေတောင်းတဲ့ အချိန်မှာပြောသွားကြောင်း သူက ပြောပြပါတယ်။

စစ်ကောင်စီက လူစားထိုးရာမှာ ဆေးသမားတွေ၊ ရပ်ကွက်တွင်း အလုပ်အကိုင်မရှိဘဲ သာရေး၊ နာရေးတွေမှာ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ လူငယ်တွေကို ခြိမ်းခြောက်ခေါ်တာရှိသလို တချို့ကိုငွေကြေးနဲ့ ခေါ်ယူတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

“သူတို့က ဆေးစွဲတဲ့သူတွေဆိုရင် ထောင်ထဲသွားမလား၊ စစ်ထဲဝင်မလား မေးတယ်။ စစ်ထဲဝင်ရင် ငွေလည်းရမယ်၊ မဝင်ရင်တော့ ထောင်ချမယ်ပေါ့ ။ အလုပ်မရှိတဲ့ သူတွေကိုတော့ တခါလိုက်ရင် ငွေနှစ်သိန်း၊ ဆန်တအိတ်၊ ဆီတပုံးပေးပြီးခေါ်တယ်။ အလုပ်မရှိတဲ့ ကောင်တွေကတော့ လိုက်သွားတာပေါ့”လို့ ရပ်ကွက်တွင်းက အခြေအနေကို ဒေသခံတစ်ဦးဖြစ်တဲ့ ဦးငွေတိုး ကရှင်းပြပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဖေဖော်ဝါရီ ၁ ရက်မှာ အသက်ပြည့်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို  စတင်ကျင့်သုံးတော့မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေမှာ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အထိ သတ်မှတ်ထားတာပါ။

အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ကျွမ်းကျင်သူတွေ ဖြစ်မယ်ဆိုရင် အမျိုးသားကို အသက် ၁၈ နှစ်မှ ၄၅ နှစ် အထိ သတ်မှတ်ထားပြီး အမျိုးသမီးကိုတော့အသက် ၁၈ နှစ် ကနေ ၃၅ နှစ်အထိ သတ်မှတ်ထားပါတယ်။

အိမ်ထောင်သည်အမျိုးသမီး၊ သာသနာ့ဝန်ထမ်း၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေအပြင် နိုင်ငံ့ဝန်ထမ်း၊ ပညာသင်ကြားနေ သူ၊ အသက်ကြီးတဲ့ မိဘတွေကို ပြုစုစောင့်ရှောက်နေရသူ၊ မူးယစ်ဆေးဝါးဖြတ်နေသူ၊ ဆေးကုသနေရသူနဲ့ ထောင်ကျနေသူ တွေကတော့ စစ်မှုထမ်းဖို့ ရွှေ့ဆိုင်းနိုင်တယ်လို့ ဥပဒေမှာ ဆိုထားပါတယ်။

မိသားစုနဲ့ အုပ်ထိန်းသူအများစုကတော့ အမျိုးသမီးတွေကို အတင်းအကြပ်အိမ်ထောင်ပြုခိုင်းတာ၊ ကလေးယူခိုင်းတာ၊ နိုင်ငံ ခြားထွက်စေတာစတဲ့ နည်းလမ်းတွေနဲ့ ရှောင်လွဲခိုင်းနေကြတာဖြစ်ပါတယ်။

ဒါပေမဲ့ မထားရီကတော့ စစ်မှုထမ်းဥပဒေရှောင်ဖို့ အတွက်အိမ်ထောင်ပြုတာက အဖြေတခုမဟုတ်သလို မသိနားမလည်နဲ့ အိမ်ထောင်ပြုလိုက်ပြီးမှ နောင်တရတဲ့အဖြစ်နဲ့ တွေ့မှာစိုးရိမ်ကြောင်း ဆိုပါတယ်။

“ဒုက္ခမရောက်မီ ဒုက္ခကို ကြိုမတွေးပါနဲ့ ဆိုတဲ့စကားလို၊ ဖြစ်လာမှာကို တွေးကြောက်နေတာထက် လုပ်သင့်တာကို ခေါင်းအေးအေးထားပြီး စဉ်းစားလုပ်ရင် အဖြေတခုတော့ ထွက်လာမှာပါ”လို့ သူက အကြံပြုပြောပါတယ်။

သူ့အနေနဲ့ စစ်မှုထမ်းရှောင်နိုင်မယ့် နည်းလမ်းတွေစဉ်းစားထားတာရှိပေမယ့် လုံခြုံရေးအခြေအနေကြောင့် ဖွင့်မပြောလိုကြောင်း ငြင်းဆိုထားပါတယ်။

ဥပဒေထွက်ပြီးနောက် စစ်ကောင်စီက မြို့ပေါ်တွေမှာပါ ပေါ်တာဆွဲသလို လူငယ်အမျိုးသားတွေကို ဖမ်းဆီးနေတာကြောင့် ပြည်သူတွေဟာ ကျီးလန့်စာစားရသလို အထိတ်ထိတ် အလန့်လန့်နေကြရတာဖြစ်ပါတယ်။

တစ်ပူပေါ်တစ်ပူဆင့်ဆိုသလို စိုးရိမ်စရာဖြစ်လာတာက စစ်မှုထမ်းရမယ့် ဥပဒေအတွက် လူစာရင်းကောက်ခံရာမှာ အရွယ်မျိုးစုံကို စာရင်းကောက်ယူနေတာကြောင့် အမျိုးသမီးတွေ၊ မိခင်တွေမှာ စိုးရိမ်ပူပန်နေကြရပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီလက်အောက်ခံတွေက ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို အခွင့်ကောင်းယူပြီး နာမည်ခေတ္တ ဖျောက်တာ၊ ထိမ်ချန်ပေးတာနဲ့ ဆိုင်းငံပေးတာတွေ အတွက်ငွေကြေးကောက်ခံတာတွေပြုလုပ်နေတာပါ။

တက္ကသိုလ်တက်နေတဲ့ သမီးဖြစ်သူရဲ့  နာမည်ထိမ်ချန်ပေးဖို့ အတွက် ငွေကျပ်ဆယ်သိန်းပေးခဲ့ရတယ်လို့ ဒေါပုံမြို့နယ်နေ ဒေါ် ငယ်မ(အမည်လွှဲ)က ပြောပါတယ်။

“သမီးလေးက အသက် ၂၀ ပဲရှိသေးတာ၊ ကျောင်းတက်နေတာ အဲဒါကို စာရင်းလာကောက်သွားတယ်။ ဒါနဲ့ အုပ်ချုပ်ရေးမှူးကို ဆိုင်းငံ့လို့ ရမလားမေးတော့ သုံးလဆိုင်းရင် ငါးသိန်းတဲ့၊ ဆိုင်းတဲ့လအလိုက် ငွေပေးရမယ်ပြောတယ်။ ဘာလို့လဲဆိုတော့ သူ့ နေရာ လူစားဝင်တဲ့သူကို ပေးရမှာလို့ ပြောတယ်”လို့ ဒေါ်ငယ်မက ပြောပါတယ်။

ဒေါ်ငယ်မရဲ့ သမီးဖြစ်သူက နည်းပညာတက္ကသိုလ် ဒုတိယနှစ်တက်နေတဲ့ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ ကျောင်းသားတွေ ကိုမခေါ်ဘူးလို့ ထင်မှတ်ထားပေမယ့် စာရင်းလာကောက်တော့ ထိတ်လန့်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

“မလန့်ပဲနေမလား ပြီးတဲ့ရက်ကပဲ ရပ်ကွက်ထဲက ကောင်လေးစစ်မှုထမ်းအတွက် လာခေါ်တာ မရှိလို့ဆိုပြီး အိမ်မှာရှိတဲ့အဖိုး ကြီးနဲ့ အဖွားကြီးကို ဖမ်းသွားတယ်။ ကျမကို ဖမ်းချင်ဖမ်းပါ၊ သမီးကိုတော့ လာမထိနဲ့”လို့ ဒေါ်ငယ်မက ဆိုပါတယ်။

စစ်အာဏာရှင်ကို မကြိုက်တဲ့အတွက် သမီးဖြစ်သူကိုတော့ သူအသက်ရှင်နေသမျှကာလပတ်လုံး စစ်သင်တန်းပို့မှာ မဟုတ်ဘူးလို့ ပြတ်သားစွာ တုံ့ပြန်ထားပါတယ်။

အလားတူရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာလည်း စစ်မှုထမ်းမပါချင်ဘူးဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို လခသဘောမျိုး တလတခါ ပေးနေရတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးသူရက ဆိုပါတယ်။

“ကျနော့် သားအတွက်လည်း တလတခါပေးရတယ်၊ တခါပေးရင် သုံးသောင်းပေါ့။ ဘာလို့ဆို လူများတယ်၊ နောက်ရပ်ကွက် အလိုက်ပေးရတာ၊ ဒီရပ်ကွက်က ဒီလဆိုရင် နောက်ရပ်ကွက်က နောက်လပေါ့။  အဲဒီလိုပေးတဲ့ထဲက လာခေါ်မယ်ဆိုရင်တော့ ကျနော်တို့တွေ ငြင်းဆန်သွားမှာပါ”လို့ ပြောပါတယ်။

လတ်တလော နာမည်စာရင်းပါဝင်သူတွေအနေနဲ့ ခရီးသွားတာကအစ သက်ဆိုင်ရာကိုအသိပေးရမယ်လို့ ပြောတာရှိသလို တချို့နေရာတွေမှာ အုပ်ထိန်းသူတွေက စစ်မှုထမ်းရမယ့်သူရှိကြောင်း လက်မှတ်ထိုးထားရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

ထို့အပြင် စစ်မှုထမ်းဥပဒေမှာ အိမ်ထောင်သည် အမျိုးသမီးတွေကို ကင်းလွတ်ခွင့်ပြုထားပေမယ့် စာရင်းကောက်ယူရာမှာ တော့ အကြောင်းအမျိုးမျိုးပြပြီး အမျိုးသားမရှိတဲ့ အမျိုးသမီးတွေ၊ သားသမီးမရှိသူတွေစာရင်းလည်း ကောက်ခံနေတာပါ။

အသက် ၄၁ နှစ်အရွယ် အိမ်ထောင်သည်ဖြစ်ပေမယ့် အမျိုးသားက သင်္ဘောလိုက်နေတာကြောင့် တကိုယ်ထဲနေထိုင်တဲ့ မတင်တင်မျိုးကိုလည်း စာရင်းကောက်ယူသွားတာဖြစ်ပါတယ်။

“ကျမက စာရင်းဘာလို့ ပေးရတာလဲမေးတော့ လက်ရှိယောကျာ်းမရှိ၊ ကလေးမရှိဘူးဆိုရင် စစ်မှုထမ်းလို့ ရတယ်တဲ့။ အဲဒါနဲ့ ကျမက ဥပဒေမှာ မပါဘူးလေဆိုတော့ အုပ်ချုပ်ရေးမှူးက ငါတို့ကလူဦးရေစာရင်းပဲယူတာ။  စစ်မှုထမ်းဖို့ မဟုတ်ဘူးတဲ့။ ဒါပေမဲ့ သူတို့ အဲ့လိုကောက်သွားထဲက ညအိပ်မပျော်တော့ဘူး”လို့ မတင်တင်မျိုးက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း အမျိုးသမီးတွေ စာရင်းကောက်တာက လူဦးရေစာရင်းကောက်ယူတာသာဖြစ်ပြီး စစ်မှုထမ်းဖို့ မဟုတ်ဘူးလို့ BBC ရဲ့ မေးမြန်းမှုမှာ ဖြေဆိုထားတာဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့က ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းနည်းဥပဒေမှာ စစ်မှုထမ်းရမယ်လို့ ဆင့်ခေါ်ခံရသူတွေကို ပြည်ပနိုင်ငံ ထွက်ခွာခွင့် ပိတ်ထားပါတယ်။ လက်ရှိ စစ်ကောင်စီကောက်ယူနေတဲ့ လူဦးရေစာရင်းမှာ ပါဝင်တဲ့သူတွေ ပြည်ပထွက်ခွာခွင့်ရ၊ မရ ဆိုတာကတော့ မသေချာကြောင်း ဆိုကြပါတယ်။

တကယ်လို့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြငြင်းဆိုနေမယ်ဆိုရင် ထောင်ဒဏ် ၅ နှစ် အထိ ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမျိုးသမီးနဲ့ ကလေးမိခင်တွေကတော့ စစ်အာဏာရှင်ကိုလည်း တော်လှန်သွားမှာဖြစ်သလို သူတို့ထုတ်ပြန်တဲ့ ဥပဒေ တွေ၊ အမိန့်တွေကိုလည်း “ဘူး”ဆောင်ပြီး အဆုံးထိ ဆန့်ကျင်ကန့်ကွက်သွားဖို့ စဉ်းစားဆုံးဖြတ်ထားကြပါတယ်။

Author:

Related Articles