ရှင်ငြိမ်း
အာဏာသိမ်းပြီးနောက် HIV ရောဂါပိုးကူးစက်မှု အဖြစ်များလာတယ်လို့ HIVနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေတဲ့ INGO တွေနဲ့ အဖွဲ့အစည်းတွေကထောက်ပြနေပါတယ်။
တိကျစွာစာရင်းကောက်ယူထားတာမရှိတဲ့အတွက် ကိန်းဂဏန်းမပြနိုင်ပေမယ့် ဆေးစစ်လာသူ၊ ဆေးယူသူနဲ့ ကုသမှုခံယူဖို့ လာတဲ့သူတွေရဲ့ အရေအတွက်ကိုကြည့်ရင် များလာတယ်ဆိုတာကို ပြောနိုင်ကြောင်း HIV (စေတနာ့ဝန်ထမ်း) ကိုသန့်ဇင် (အမည်လွှဲ)က ပြောပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ HIV/AIDS ရောဂါဖြစ်ပွားနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး အမျိုးသမီးတွေရောဂါ ကူးစက်ခံရနှုန်းဟာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်တယ်လို့ UN WOMEN ကလည်းထုတ်ပြန်ထားပါတယ်။
အဓိကကူးစက်ရတဲ့ အကြောင်းကတော့ အမျိုးသမီးတွေဟာ လက်တွဲဖော်တွေရဲ့ ရောဂါပိုးကူးစက်ခံရမှုကို မထိန်းချုပ်နိုင် တာကလည်း သူတို့ကိုပိုအားနည်းစေပြီး၊ ရောဂါပိုးကူးစက်ခံရဖို့ အခွင့်အရေးပိုများစေတာဖြစ်ပါတယ်။ ဒါအပြင် HIV ကူး စက်မှုတွေရဲ့ ၃ ရာခိုင်နှုန်း နီးပါးဟာမိခင်ကတဆင့် ကလေးကိုကူးစက်ခြင်းကြောင့်လို့လည်း ဆိုထားပါတယ်။
အမျိုးသမီးတွေဟာ မိသားစုထဲမှာ ဦးစားပေးမခံရတာ၊ အတန်းပညာရေး နိမ့်ပါးတာ၊ အထူးသဖြင့် မျိုးဆက်ပွားကျန်းမာ ရေးနဲ့ ပတ်သက်ပြီး လေ့လာခွင့်မရတာ၊ အမြစ်တွယ်နေတဲ့ လူမှုရေးဆိုင်ရာခွဲခြားဆက်ဆံမှု စတာတွေဟာ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ကျား၊ မ တန်းတူညီမျှမှုမရှိတာတွေဖြစ်ပါတယ်။
ဒီလိုမညီမျှမှုတွေက HIV ရောဂါကုသရေး ဝန်ဆောင်မှုတွေကိုရယူတဲ့နေရာမှာ အမျိုးသမီးတွေအတွက် အတားအဆီးတွေ ဖြစ်စေကြောင်း UN WOMEN ထုတ်ပြန်ချက်က ဆိုထားပါတယ်။
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲ စိန်ခေါ်မှုတွေကြား ကျန်းမာရေးဆိုတဲ့ ဝန်ထုပ် ဝန်ပိုးကြီးကိုလည်း ထမ်းယူထားရတာဖြစ်ပါတယ်။
ကူးစက်ခံရသူတွေထဲမှာ အသက် ၁၈ နှစ် အောက်တွေပါဝင်သလို အသက် ၇၀ ကျော် အရွယ်တွေပါ ကူးစက်ခံရမှုရှိလာတာ ဖြစ်ပါတယ်။
ယခင်ကတော့ HIV ပိုးကူးစက်ခံရသူအများစုဟာ လိင်လုပ်သားတွေ၊ မူးယစ်ဆေးကို အကြောထဲထိုးသွင်းသူတွေနဲ့ လိင်တူ ဆက်ဆံတာတွေကြောင့် ဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ ONE NIGHT STAND (တစ်ညတာအတူနေ)သူ များလာတဲ့ အတွက် ပိုးကူးသူများလာရတယ်လို့ ကိုသန့်ဇင်က ရှင်းပြပါတယ်။
ထို့အပြင် စစ်ကောင်စီကလူငယ်တွေတော်လှန်ရေးမလုပ်ရင်ပြီးရောဆိုတဲ့ သဘောနဲ့ မူးယစ်ဆေးတွေ အလွယ်တကူသုံးစွဲ နိုင်အောင် လွတ်ပေးထားတာ၊ စားသောက်ဆိုင်တွေ၊ ကလပ်တွေမှာဆိုလည်း ညနက်တဲ့အထိပျော်ပါးခွင့်ပြုထားတာကလည်း အခုလိုပိုးကူစက်သူများလာရတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။
ONE NIGHT STAND များလာတယ်ဆိုပေမယ့် ယခုခေတ်မှာ ကိုယ်ဝန်အတွက် အရေးပေါ်တားဆေး၊ HIV ကာ ကွယ်ဆေး တွေရှိရက်နဲ့ ပိုးကူးစက်မှုများလာတာက တကယ့်ကို စိတ်မကောင်းစရာပဲ။ အဓိကကတော့ ကွန်ဒုံးမသုံးလို့ ကူးကြတာလို့ ကိုသန့်ဇင်က ပြောပါတယ်။
“ကွန်ဒုံး ဝယ်ရမှာရှက်တာတွေ၊ ကွန်ဒုံးသုံးရတာ မကြိုက်တာတွေ အဲဒါတွေကြောင့် ပိုးကူးကြတာပေါ့။ ကွန်ဒုံးလို့ပြောရင် ဟားစရာ၊ ရီစရာလို နောက်ပြောင်တော့ လူငယ်တွေက ကွန်ဒုံးဆောင်ရမှာ ရှက်လာတယ်။ ကွန်ဒုံးရှောင်ပြီး အတူနေတဲ့အခါ မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ ကူးစက်ရောဂါကိုရစေတာပါပဲ”လို့ သူက ဆိုပါတယ်။
မြန်မာ့ယဉ်ကျေးမှုအရ အမျိုးသမီးတွေမဆိုထားနဲ့ အမျိုးသားတွေတောင် ကွန်ဒုံးဝယ်ဖို့အများစုက ရှက်ရွံ့တတ်ကြပါတယ်။ အမျိုးသမီးတွေဆိုလည်း အရေးပေါ်တားဆေးဝယ်သောက်ဖို့ လိင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြသဆွေးနွေးဖို့တွေမှာရှက် ကြောက်တာတွေကြောင့် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေနဲ့ ကြုံနေကြရပါတယ်။
“အဲဒီတော့ လူအများစုက လိင်ပညာပေးအသိမရှိဘဲ ခိုးကြောင်ခိုးဝှက်လုပ်ကြတော့ အန္တရာယ်တွေဖြစ်ရော။ အဓိကက ဘာ လဲဆိုရင် ကျနော်တို့က လိင်ကိစ္စကိုဘယ်လောက်ပဲ ပညာပေးပေး ကိုယ်တိုင်လေ့လာမှုမလုပ်တဲ့အခါ ပိုပြီးကူးစက်တာဖြစ် လာတယ်”လို့ ကိုသန့်ဇင်က ဆက်ပြောပါတယ်။
အသက် ၂၂ နှစ် အရွယ်သာရှိသေးတဲ့ နန့်မေဆိုလည်း ရည်စားမရှိတဲ့အပြင် (Sex Worker) လိင်လုပ်သမလည်း မဟုတ်သလို Date Girl လို့ခေါ်တဲ့ ငွေကြေးနဲ့ အတူနေတတ်သူမဟုတ်ပေမယ့် HIV ပိုးကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။
နန့်မေ HIV ပိုးကူးစက်ခံရမှုက တကယ့်ကို ဖြစ်တောင့်ဖြစ်ခဲအခြေအနေဖြစ်သလို အမျိုးသမီးတိုင်း သတိထားသင့်တဲ့အခြေ အနေတစ်ခုဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း အမျိုးသမီးတိုင်း သူလိုအမှားမျိုး မတွေ့ကြုံရအောင် အခုလိုပြောပြထားပါ တယ်။
နိုင်ငံခြားထွက်ဖို့အတွက် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ နန့်မေ ဆေးစစ်ပြီးနောက် အဖြေအားလုံးက ကောင်းတဲ့အတွက် ထွက်ခွာဖို့ လိုအပ်တာတွေ ပြင်ဆင်နေတဲ့အချိန် အရာအားလုံးဟာ သူ့အတွက်အဆင်ပြေနေခဲ့ပါတယ်။ နိုင်ငံခြားမထွက်မီမှာ သူငယ်ချင်းတွေနဲ့ နှုတ်ဆက်ပါတီလုပ်ရင်း သောက်စားကြရာ လူငယ်သဘာဝအပျော်လွန်ပြီးပါတီလာတဲ့ အသိအမျိုးသား တစ်ယောက်နဲ့ တစ်ညတာအတူနေဖြစ်သွားပါတယ်။အတူနေတဲ့အချိန်မှာ နှစ်ယောက်လုံးမူးနေတဲ့အတွက် အကာအကွယ် မသုံးမိကြဘူးလို့ဆိုပါတယ်။
နိုင်ငံခြားထွက်ရတော့မယ့်အချိန်မှာ ကိုယ်ဝန်တစ်လကျော်ဖြစ်နေခဲ့ပြီး မြန်မာပြည်ကနေ ထွက်ခွာရမှာက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဖြစ်တော့ကိုယ်ဝန် ဖျက်ချဖို့လုပ်ခဲ့တာလို့ပြောပါတယ်။
သူနဲ့အတူနေခဲ့တဲ့သူက ချစ်သူလည်းမဟုတ်သလို ရင်းနှီးခင်မင်ကြသူတွေလည်း မဟုတ်တဲ့အတွက် ကိုယ်ဝန်ဖျက်ချဖို့ကို တစ်ယောက်ထဲ စီစဉ်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
“လှိုင်သာယာဘက်မှာ အရပ်လက်သည်လို မိန်းမကြီးက ဖျက်ပေးတယ်ပြောတော့ သွားလိုက်တယ်။ အဲဒီမှာ လာဖျက်ကြ တဲ့မိန်းကလေးတွေအများကြီးပဲ။ ထိုင်စောင့်ရတယ်။ တစ်ယောက်ထွက်လာ တစ်ယောက်ဝင်သွားနဲ့ ဖျက်နေကြတာ”လို့ နန့်မေက ပြောပါတယ်။
ကိုယ်ဝန်ဖျက်ပြီးနောက်နေ့မှာ နိုင်ငံခြားထွက်သွားပြီးနိုင်ငံခြားရောက်တော့ ကိုယ်ဝန်ဖျက်လို့ဖြစ်လာတဲ့ နောက်ဆက်တွဲ သွေးတွေဆင်းလာတာဖြစ်ပါတယ်။ ဆေးရုံတင်လိုက်မှ “HIV Positive” ဆိုတဲ့အတွက် နန့်မေတစ်ယောက် မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ အတူနေတဲ့ အမျိုးသားကိုဖုန်းဆက်အကျိုးအကြောင်းပြောပြတော့ ဆေးသွားစစ်တဲ့အခါမှာ “HIV Negative” ဖြစ်နေလို့ အကြိမ်ကြိမ် ပြန်စစ်ပေမယ့်လည်း Negative လို့သာ အဖြေထွက်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒါနဲ့ ညီမလည်း သေချာအောင်လို့ မြန်မာပြည်ပြန်လာပြီး ထပ်စစ်တယ်။ အဲဒီမှာ positive ဆိုတာ သေချာသွားတယ်။ ၁၀ လပိုင်းအထိက အဖြေကောင်းထားတော့ ကြားမှာကူးနိုင်တာဆိုရင် အတူနေတာနဲ့ ကိုယ်ဝန်ဖျက်တာပဲရှိတာဆိုတော့ ကိုယ်ဝန် ဖျက်တဲ့နေရာကနေ ကူးတယ်ဆိုတာ သေချာသွားတာပေါ့”လို့ နန့်မေက ပြောပါတယ်။
ကိုယ်ဝန်ဖျက်ချရာမှာသုံးတဲ့ မသန့်ရှင်းတဲ့ ပိုက်တံတစ်ခုကို တစ်ယောက်ပြီးတာနဲ့ တစ်ယောက် ချက်ချင်းထိုးသွင်း အသုံးပြု ရာကနေ HIV ပိုးကူးစက်ခံခဲ့ရကြောင်း သူကဝန်ခံစကားဆိုပါတယ်။
နန့်မေရဲ့ ဖြစ်စဉ်ကိုကြည့်ရင် အဓိကကအတူနေမယ်ဆိုတိုင်း ကွန်ဒုံးသုံးရပါမယ်။ မသုံးမိဘူးဆိုရင် ကိုယ်ဝန်မရအောင်အရေး ပေါ်တားဆေးတွေသောက်မယ်။ ဒါမှမဟုတ် HIV ကာကွယ်ဆေးလည်း အတူနေပြီး သုံးရက်အတွင်းသောက်မယ်ဆိုရင် ဒီပြဿနာက အခုလောက်ကြီးလာမှာမဟုတ်ကြောင်းသိနိုင်ပါတယ်။
“ကွန်ဒုံးမသုံးတာကြောင့် ကွန်ဒုံးသုံးတဲ့ အသိပညာမရှိတာ၊ နောက်တစ်ခုက ကိုယ်ဝန်ရလာရင် ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အသိပညာမရှိတာတွေကြောင့်လဲပါတယ်။ တကယ်လို့ အရေးပေါ်တားဆေးသာသောက်ခဲ့မယ်ဆို ဒီမသန့်ရှင်းတဲ့ ကိုယ်ဝန် ဖျက်တာကို လုပ်ဖြစ်မှာမဟုတ်ဘူး”လို့ CDM သားဖွားနဲ့ မီးယပ်ဆရာဝန် ဒေါက်တာ နန်းသူသူက ထောက်ပြထားပါတယ်။
ကွန်ဒုံးလို့ ပြောရင် အရင်ကတော့ အမျိုးသားတွေအတွက်ပဲရှိတာပါ။ အခုနောက်ပိုင်းမှာတော့ အမျိုးသမီးတွေသုံးတဲ့ ကွန်ဒုံး လည်း ပေါ်နေပြီဖြစ်ပါတယ်။ HIV volunteer ကိုသန့်ဇင်ကလည်း ဒီဖြစ်ရပ်ဟာ ကွန်ဒုံးမသုံးတာရဲ့ နောက်ဆက်တွဲဆိုး ကျိုးဖြစ်ပြီး ကွန်ဒုံးလို့ ပြောရင် ရှက်စရာ၊ ဟားစရာလို အထင်သေးတတ်တဲ့ လူ့အသိုင်းအဝိုင်းရှိနေသရွေ့ ဒီလိုပြဿနာတွေ ကတော့ ရှိနေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တကယ်တမ်းတော့ လိင်ကိစ္စက ဟိုးကမ္ဘာဦးအစထဲက တားမြစ်လို့ ရတဲ့ကိစ္စထဲမှာ လုံးဝမပါသလို လိင်ကိစ္စမှာ နှစ်ဦးသဘော တူ လိင်ဆက်ဆံမှုတိုင်းဟာ အပြစ်မရှိတဲ့ကိစ္စလို့ ကိုသန့်ဇင်ကတော့ ယူဆထားတာဖြစ်ပါတယ်။
“အဲဒီတော့ အပြစ်မရှိတဲ့ကိစ္စတွေမှာ တချို့မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင်လို့ ကျနော်ကတော့ ကွန်ဒုံးကို သုံးစေ ချင်တာ။ ကွန်ဒုံးက ကူးစက်ရောဂါတွေအပြင် မလိုလားအပ်တဲ့ကိုယ်ဝန်ကိုလည်း တားဆီးပေးတယ်။ ဒါကို ရှက်လို့မသုံး တော့ ဒီလိုဆိုးကျိုးတွေ ခံစားရတာပေါ့”လို့ သူက ရှင်းပြပါတယ်။
လိင်ကိစ္စ၊ လိင်မူရေးရာလို့ပြောရင် ရှေးရိုးစွဲအယူအဆတွေရှိနေသေးတဲ့ မြန်မာနိုင်ငံမှာတော့ ရှက်စရာလို့ မြင်လေ့ရှိပါတယ်။ အမျိုးသားတွေကတော့ လွတ်လပ်စွာပြောလို့ရပြီး အမျိုးသမီးတွေပြောရင်တော့ ပြည့်တန်ဆာလား၊ ရိုင်းပြီးအရှက်မရှိတဲ့ မိန်းမလို့ မြင်ကြ၊ ပုတ်ခတ်ကြသလိုနောက်ဆုံး လူအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခံရတာတွေပြုလုပ်လေ့ရှိကြပါတယ်။
လိင်အသိပညာပေးစာအုပ်တွေ၊ လိင်မှုကိစ္စအကြောင်းတွေကို သိချင်လို့ ရှာဖတ်တဲ့သူကို တချို့က“တဏှာကြီးတဲ့သူ”လို့ မြင်ကြသလို မိဘတွေဆိုလည်း သူတို့သားသမီးတွေ ဒါတွေကြည့်ရင် စိုးရိမ်စိတ်နဲ့ တားဆီးတာတွေလည်းရှိနေတာ ဖြစ်ပါတယ်။
လူငယ်တွေ အရွယ်ရောက်လာလို့ လိင်ကိစ္စကို စိတ်ဝင်စားလာတဲ့အချိန်မှာ လိင်အသိပညာတွေမရှိနေတဲ့အတွက် အခုလို ရောဂါပိုးကူးစက်ခံရတာတွေဖြစ်လာပါတယ်။
အသက် ၂၃ နှစ်အရွယ် မလေးဆိုလည်း တစ်ယောက်အကြောင်း တစ်ယောက်မသိဘဲ လက်ထပ်လိုက်မိတာကြောင့် HIV ပိုးကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ မလေးကိုဖခင်မရှိတော့တဲ့နောက် မိခင်ဖြစ်သူက ကျောက်စိမ်းအရောင်းအဝယ်လုပ်ပြီး ရှာဖွေကျွေးမွေးခဲ့ပါတယ်။
မိခင်ဖြစ်သူက အိမ်မှာဦးစီးဦးဆောင်တဲ့ အမျိုးသားတစ်ဦးရှိသင့်တယ်ဆိုပြီး တစ်ဦးထဲသော သမီးဖြစ်သူကို အိမ်ထောင်ပြုဖို့ တိုက်တွန်းနေခဲ့တာပါ။ အဲဒီအချိန်မှာ စစ်မှုထမ်းဥပဒေထွက်လာတော့ မိခင်ရဲ့ ဆန္ဒအတိုင်း သူနဲ့လုပ်ငန်းအတူလုပ်ကိုင်နေတဲ့ သူ့ထက်အသက် ၁၅ နှစ်ကျော်ကြီးတဲ့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ရပါတယ်။
“သူကအိမ်မှာမိသားစုတပိုင်းလို ဖြစ်နေတော့ မထင်ထားဘူးပေါ့။ နားလည်းမလည်ဘူးလေ။ အိမ်ထောင်ပြုပြီးမကြာဘူး။ ကိုယ်ဝန်ရှိလာလို့ဆေးစစ်ကြည့်တော့ HIV တဲ့။ သူ့ကိုပြောတော့ ပထမတော့ အရမ်းငြင်းတာ။ ဆေးသွားစစ်ဆိုတော့လည်း ဟိုနေ့ဒီနေ့နဲ့ အချိန်ဆွဲနေတာ”လို့ မလေးက ပြောပါတယ်။
နောက်တော့ မလေးကိုယ်တိုင် ခင်ပွန်းသည်ကို ခေါ်သွားပြီး ဆေးစစ်တဲ့အခါမှာ“HIV Positive”ဖြစ်နေခဲ့တာပါ။ သူ့ရောဂါ ရာဇဝင်ကိုမေးတဲ့အခါ ဖားကန့်ကို သူငယ်ချင်းနဲ့သွားရင်း ထမင်းဆိုင်က အမျိုးသမီးလေးကိုသဘောကျလို့ အတူနေမိရာ ကနေ ကူးစက်ခံခဲ့ရတာလို့ ဆိုပါတယ်။
“သူနဲ့ အတူနေတဲ့ကောင်မလေးက မနှစ်ကအဲဒီရောဂါနဲ့ ဆုံးသွားတာတဲ့။ အဲ့ဒါသိရင် ကျမကိုဘာလို့ ယူလဲဆိုတော့ သူလည်း ကြောက်နေလို့တဲ့။ ပြောရမှာရှက်လို့တဲ့။ ကျမသူ့ကို သတ်ချင်လောက်အောင်ကို စိတ်နာတယ်။ အခုတော့ တအိမ်ထဲပေမယ့် ခွဲနေကြတယ်”လို့ မလေးကပြောပါတယ်။
သူ့ဘဝက“ကျားကြီးကြောက်လို့ ရှင်ကြီးအားကိုးမှ ရှင်ကြီးကျားထက်ဆိုး”ဆိုသလို ဖြစ်နေတယ်လို့သူကဆိုပါတော့တယ်။
ဒါကိုကြည့်ရင် ပထမ အချက်က တစ်ယောက်အကြောင်း တစ်ယောက်မသိဘဲ လက်ထပ်လိုက်တာဖြစ်ပြီး ဒုတိယအချက်က နှစ်ယောက်လုံး ဆေးမစစ်လိုက်မိတဲ့အမှားပါ။
လက်ရှိမှာ မိဘအုပ်ထိန်းသူအများစုက သူတို့ရဲ့ သားသမီးတွေကို အတင်းအကြပ်အိမ်ထောင်ပြုတဲ့နည်းနဲ့ စစ်မှုထမ်း ဥပဒေ ကို ရှောင်တိမ်းခိုင်းနေတာဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ဒီအဖြစ်အပျက်ကို ကြည့်ပြီး သင်ခန်းစာယူစေချင်တယ်လို့ မလေးက ဆိုပါတယ်။
ရောဂါပိုးကူးသူတွေက အရွယ်စုံကူးနိုင်တယ်။ တကယ်က ကူးစက်လာရတဲ့ အခြေခံအကြောင်းအရင်းကိုက ကူးစက်နိုင်တဲ့ အပြုအမှုကိုလုပ်ဆောင်ခဲ့လို့ပါ။ အခုခေတ်မှာ ကာကွယ်ဆေးတွေလည်း ပေါ်လာပြီဖြစ်တော့ ကူးတာမျိုး မဖြစ်သင့်တော့ ဘူးလို့ HIV volunteer ကိုသန့်ဇင်က ပြောပါတယ်။
နောက် HIV ဝေဒနာခံစားနေရသူတွေကို ဖေးမတာမျိုးမရှိဘဲ ရွံ့စရာလိုလို ကြောက်စရာလိုလို ရှောင်ဖယ်တာတွေ ခွဲခြား ဆက်ဆံတာတွေ မလုပ်သင့်တော့ပါဘူး။ အကြောင်းကတော့ HIV က ကြောက်စရာရောဂါမဟုတ်ပေမယ့် HIV ဖြစ်အောင် လုပ်တဲ့ အပြုအမူကသာတကယ်ကြောက်စရာဖြစ်ပါတယ်။
“အဲဒီတော့ နှာခေါင်းရှုံမယ့်အစား မင်းတို့ဒါလေးတော့ ဆောင်၊ ဒါတော့ရှောင် ဒါဆောင်ထားရင် ဒီလိုဆိုးကျိုးတွေနည်းတယ်။ ဒီလိုအခြေအနေဖြစ်ရင် ဒီလိုဆေးတွေသောက်ရမယ်ဆိုတဲ့ အသိပညာပေးမှုတွေကို လုပ်ရမယ်။ လိင်ကိစ္စကို နှာခေါင်းရှုံစရာ လို့ ပြောနေ၊ မြင်နေသရွေ့ကတော့ ဒီလိုပိုးကူးစက်မှုကတော့ ရှိနေဦးမှာပဲ”လို့ ကိုသန့်ဇင်က ဆိုပါတယ်။
မဖြစ်သေးခင်မှာ ကြိုတင်ကာကွယ်လို့ရတာတွေ ကာကွယ်ပြီးနေသင့်သလို ဖြစ်လာခဲ့ရင်လည်း မရှက်မကြောက်ဖို့ နဲ့ သိ တတ်နားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါလို့လည်း သူက အကြံပြုထားပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်ဟာ International Condom Day ဖြစ်ပြီး ၁၄ ရက်ဟာ ချစ်သူများနေ့ ဖြစ်တာကြောင့် အကာ အကွယ်တွေသုံးကြဖို့လည်း HIV နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။
- အမျိုးသမီးတွေရဲ့ တရားမျှတမှုတွေကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ အမျိုးသမီးများအဖွဲ့ နှစ် (၃၀)ပြည့်ပြီ - 19/02/2025
- အမျိုးသမီးပွဲတွေထဲမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ကယန်းကျားသစ်မယ် ဘရော်နီကာရဲ့ပွဲ - 18/02/2025
- စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်ငွေညှစ်မှုတွေ ပြုလုပ်နေသလား - 18/02/2025