Home ဆောင်းပါး သမ္မတ၏ နှစ်သစ်မိန့်ခွန်းအပေါ် သူမတို့၏ အမြင်များ

သမ္မတ၏ နှစ်သစ်မိန့်ခွန်းအပေါ် သူမတို့၏ အမြင်များ

မယ်လွန်း။      ။

(၂၀၁၈ ခုနှစ် မြန်မာနှစ်သစ်ကူး အခါသမယမှာ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ နှစ်သစ်မိန့်ခွန်း ထွက်ပေါ်လာခဲ့ပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာ လူ့အခွင့်အရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး၊ လယ်သမားရေး၊ အလုပ်သမားရေး၊ ပညာရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အဂတိတိုက်ဖျက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရာ မှာ အရေးပါလှတဲ့ ဗဟိုထိန်းချုပ်မှုစနစ် လျော့ချရေးအပြင် နိုင်ငံရဲ့ အခြေခံအုတ်မြစ်တွေ ပြုပြင်ပြောင်းလဲ ရေးအတွက် စုံလင်စွာ ထောက်ပြပြောဆိုပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ဖို့ ကတိကဝတ်တွေ ပြုခဲ့ပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းထွက်ပေါ်လာပြီးတာနဲ့တပြိုင်တည်း မိန့်ခွန်းအပေါ် သုံးသပ်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီထဲမှာမှ အမျိုးသမီးခေါင်းဆောင်များ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အမျိုး သမီးများ၏ အမြင်သဘောထားများကို စုစည်းတင်ပြလိုက်ပါတယ်။)

ပဒို နော်စီဖိုးရာစိန် (ဒုဥက္ကဌဟောင်း – ကရင်အမျိုးသားအစည်းအရုံး)

သမ္မကြီးရဲ့မိန့်ခွန်းက အားလုံးခြုံကြည့်ရင် ကောင်းပါတယ်။ သူ့ပြောကြားချက်အပေါ်မှာ ပြည်သူလူထုတွေ မျှော်လင့်ချက်တွေ ပိုပိုပြီးတော့ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ အထူးသဖြင့် ပြောနေတဲ့ဟာတွေက ပြည်သူလူထုအတွက်ဖြစ်တယ်။ အဲဒီထဲမှာ ဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ တောင်သူလယ်သမားတွေအတွက် ဒါတွေကို ပိုပြီးအလေးထားပြီးပြောတာရှိတယ်။ တခုလုံးပြန်ကြည့်မယ်ဆိုရင် ဒါတွေက တိုင်းပြည်တပြည် အတွက် မလုပ်မဖြစ် လုပ်ရမယ့် အလုပ်ဖြစ်တယ်။ တကယ်တော့ ဒါက မဆန်းဘူးပေါ့လေ။ ဒါပေမဲ့ မြန်မာ နိုင်ငံအခြေအနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ တခြားနိုင်ငံလို မဖြစ်တဲ့အတွက်ကြောင့် သမ္မတက ဒါကိုဖော်ပြ ပြောဆိုတာဖြစ်တယ်လို့ မြင်တယ်။ ဒါပေမယ့် အထူးသဖြင့် ကျမတို့ မျှော်လင့်ထားတာက  ငြိမ်းချမ်းရေးကိစ္စ တိုင်းရင်းသားအရေးကိစ္စပေါ့။ ဒါတွေက လုံး၀ မပါတာတွေ့ရတော့ ဒါက နည်းနည်းတော့ စိတ်မကောင်း စရာဖြစ်တယ်။ ပြန်ကြည့်မယ်ဆိုရင်တော့ သူက သမ္မတအသစ်တယောက်ဖြစ်လာတယ်။ နှစ်သစ်အခါသမယ လည်းဖြစ်တာပေါ့လေ။ အဲဒါကြောင့် သူ့ရဲ့ သမ္မတတက်တဲ့အချိန်မှာလည်း ကျမတို့ ကြားချင်တယ်၊ ရှေ့ဆက် သွားရမယ့် ငြိမ်းချမ်းရေးခရီးစဉ်ကို ဘယ်လိုသုံးသွားမလဲဆိုတာကတော့ ကျမကြားချင်တာ။ ဒါပေမဲ့ အခုသူ ပြောတဲ့ဟာမှာ ဒါတွေ တခုမှမပါဘူး။ အဲဒီလိုမပါတဲ့အပေါ်မှာ ကျမတို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့အစည်းတွေက ပြန်ကြည့်မယ်ဆိုရင် သမ္မတရဲ့ ပြောတဲ့ ကတိကဝတ်တွေ၊ သမ္မတရဲ့ လုပ်ရမယ့် ရှေ့လုပ်ငန်းစဉ်တွေကို တိုင်းရင်းသားတွေအတွက် ပုံဖော်တာ မရှိဘူးလို့ ကျမ သုံးသပ်မိတယ်။ ကျမအနေနဲ့ ဖြစ်စေချင်တာကတော့ အခုဆိုရင် တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်ကာလ၊ အထူးသဖြင့် ကရင်ပြည်နယ် ဖာပွန်မှာလည်း ဖြစ်နေတယ်။ ပြီးတော့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ အကြီး အကျယ်ဖြစ်နေတာမှာ သူကလည်း အသံလေးတော့ တခုခုပြောဖို့ လိုအပ်တယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့အပေါ် မှာ ဘယ်လို ငြိမ်းချမ်းရေး ဆက်လက်သွားမလဲဆိုတာကိုလည်း တခုခုဖော်ပြဖို့လိုတယ်။ ဒီလိုပုံစံနဲ့ပဲ ပြောတဲ့အ ခါမှာ ကျမအနေနဲ့ စိုးရိမ်မှုအများကြီးရှိတယ်။

ပဒို နော်စီဖိုးရာစိန် (ဒုဥက္ကဌဟောင်း – ကရင်အမျိုးသားအစည်းအရုံး)

 

ရဲဘော်မိဆူးပွင့် (အဖွဲ့ဝင် – ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ)

အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို လက်လျော့လိုက်ပြီလား၊ စိတ်အား ထက်သန်မှုမရှိတော့ဘူးလားဆိုတာတော့ စိတ်ပူမိတယ်။ ဒါပေမယ့် သမတရဲ့နှစ်သစ်ကူးမိန့်ခွန်းတခုလုံးကို ခြုံပြီးသုံးသပ်ကြည့်မယ်ဆိုရင် ပြည်သူလူထုတရပ်လုံးရဲ့ လက်ရှိဘဝတွေကို ထင်ဟပ်တယ်။ အခြေခံကျတဲ့ဘ၀ တွေကို လက်တွေ့ချဉ်းကပ်နိုင်မယ်လို့မြင်တယ်။ တည်ငြိမ်ရေးနဲ့ ပြောင်းလဲရေးတို့ အတူတူ အရေးပါနေတဲ့ ဒီ ကာလမှာ ဘယ်လိုနည်းနာကြွယ်ကြွယ်နဲ့ သွားကြမလဲ၊ ဘယ်လောက်အထိ အောင်မြင်နိုင်မလဲဆိုတာကတော့ ကျမတို့ ပြည်သူတရပ်လုံး လိုက်ပါနိုင်မှုအပေါ်မှာသာ ပိုပြီးမူတည်ပါလိမ့်မယ်။

ရဲဘော်မိဆူးပွင့် (အဖွဲ့ဝင် – ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ)

 

ဒေါ်ခခ (LHEO သင်တန်းရေးရာ တာဝန်ခံ)

သမ္မတမိန့်ခွန်းမှာ အလုပ်သမားတွေအတွက်ဆိုတာ ပါလာတဲ့အတွက် ဝမ်းသာမိပါတယ်။  လူမှုဖူလုံရေးစနစ်ကို ခိုင်မာအောင်လုပ်မယ်ဆိုရင်တော့ နိုင်ငံတော်အနေနဲ့ အသေအချာစနစ်တကျ လုပ်စရာတွေအများကြီးရှိလာ လိမ့်မယ်လို့ ထင်ပါတယ်။ လူမှုဖူလုံရေး ခံစားခွင့်တွေ အလုပ်သမားတွေသိရှိဖို့။ သက်ဆိုင်ရာ ဖူလုံရေး ဆေးခန်း တွေ အလုပ်သမားဆေးရုံတွေ အခုထက်ပိုပြီး ကောင်းမွန်လာဖို့။ ဖူလုံရေးကဒ်တွေ အလုပ်သမားတွေရဲ့ လက် ဝယ်ကိုင်ဆောင်ထားရှိနိုင်ဖို့။ ဖူလုံရေးအကျိုးခံစားခွင့်တွေကို လျှင်မြန်စွာ ရရှိခံစားနိုင်ဖို့ဆိုတဲ့အချက်တွေ အများ ကြီးလုပ်ဖို့ လိုပါတယ် ဒါပေမယ့် အလုပ်သမားတွေရဲ့ ဘဝသာယာစိုပြေဖို့အတွက် ဆိုရင်တော့ တိုးမြှင့်ရရှိ ထားတဲ့ အခကြေးငွေနဲ့ ညီမျှတဲ့ ကုန်ကျစရိတ်ရှိနေမှလည်း ဖြစ်မှာပါ။ ကုန်ဈေးနှုန်းတွေ အဆမတန် ထိုးတက်လာမယ်ဆိုရင်တော့ အလုပ်သမားတွေရဲ့ စားဝတ်နေရေးဟာ သာယာစိုပြေမှာ မဟုတ်ပါဘူးရှင့်။

ဒေါ်ခခ (အလုပ်သမားအချင်းချင်းရိုင်းပင်ကူညီပေးရေးအဖွဲ့(LHEO) သင်တန်းရေးရာတာဝန်ခံ)

 

ဒေါ်တင်တင်ညို (မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် – WLB)

ဥပဒေတွေလို့ ပြောတဲ့နေရာမှာ အထူးသဖြင့် အမျိုးသမီးတွေနဲ့ အမျိုးသမီးငယ်တွေကို အမှန်တကယ် ကာကွယ် စောင့်ရှောက်ပေးနိုင်မယ့် ဥပဒေတွေ ထွက်ရှိဖို့လိုတယ်။ တရားစီရင်ရေးတွေမှာ တိကျမှန်ကန် ဘက်မလိုက်တာ တခုတည်းမဟုတ်ပဲ ကျားမတန်းတူရေးကိုအခြေခံတဲ့ ထိရှလွယ်တဲ့ (အကဲဆတ်တဲ့) ကိစ္စရပ်တွေကို နား လည်ပြီးတော့ မှန်မှန်ကန်ကန် ရပ်တည်ပေးနိုင်မယ့် ဥပဒေဘက်တော်သားတွေ လိုအပ်တယ်။ အဲဒီလိုပုံစံမျိုး တွေကအစ ဖြစ်လာအောင်လုပ်ဖို့ အများကြီးလိုအပ်နေသေးတယ်။  အဲဒီလိုကိစ္စတွေမှာဆိုရင် ရဲတွေရဲ့ ကိုင် တွယ်ဖြေရှင်းမှုပုံစံတွေ မမှန်တာတွေအများကြီးရှိတယ်။ မမှန်တဲ့အပြင် အဲဒီအမျိုးသမီးတွေကိုတောင် ပြန် လှောင်ပြောင်တာမျိုးတွေ၊ အလေးမထားတဲ့ပုံစံတွေ ပိုမိုပြီးအရှက်ရစေမယ့် အပြုအမူတွေ လုပ်ဆောင်တာရှိ တယ်။ အဲဒါမျိုးတွေကအစ ပြုပြင်ပြောင်းလဲဖို့လိုတယ်။ အဲဒီလိုမှမဟုတ်ပဲ တရားသူကြီးတွေ၊ ရှေ့နေတွေ၊ ရဲတွေရဲ့ မမှန်ကန်တဲ့ ပြုမူဆက်ဆံမှုတွေက တဖက်က အကြမ်းဖက်ခံရတဲ့သူတွေအတွက် သိမ်ငယ်မှုတွေ အရှက်တရားတွေရတယ်ဆိုရင် ဥပဒေရှုထောင့်ကနေ အမှန်တရားရရှိဖို့ မကြိုးစားလာတော့တဲ့ အနေအထား တွေဖြစ်လာတယ်ဆိုရင် သမ္မတကြီးအနေနဲ့ ဖော်ဆောင်ချင်တဲ့ တရားမျှတမှုရှိတဲ့၊ ဘက်မလိုက်တဲ့ တရားစီရင် ရေးတွေဖြစ်လာဖို့ ဆိုတဲ့နေရာမှာ အများကြီး အဟန့်အတားတွေ နှောင့်နှေးမှုတွေ ဖြစ်လာမယ်။

သမ္မတပြောသွားတဲ့ထဲမှာ ပါဝါ(အာဏာ) အရှိန်အဝါရှိသူတွေကနေ ဝင်ရောက်စွက်ဖက်မှုတွေ။ ငွေကြေး တတ်နိုင်တဲ့သူတွေကနေ ငွေနဲ့ ဖြေရှင်းတဲ့ကိစ္စရပ်တွေကိုလည်း ကြပ်မတ်သွားမယ်ဆိုရင်တော့ အရမ်းကောင်း တယ်။ ပါဝါအရှိန်အဝါရှိတဲ့သူလို့ ပြောတဲ့နေရာမှာလည်း ဘယ်သူ့ကိုပဲ ပစ်မှတ်ထားပြီးလုပ်မလဲဆိုတာထက် ဘယ်သူမဆိုဆိုတဲ့ အနေအထားမျိုးဖြစ်ရမယ်။ လက်နက်ကိုင်ထားတဲ့သူတွေက ကျူးလွန်တဲ့အမှုတွေဆိုရင် လည်း အမှန်တရား တရားမျှတမှုရရှိအောင် ကြိုးစားဆောင်ရွက်မှုအပိုင်းမှာ မှန်မှန်ကန်ကန် ဘက်မလိုက်ပဲ ကြိုးစားဆောင်ရွက်မှုရှိရမယ်။

ဒေါ်တင်တင်ညို- မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် (အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ))

 

နော်အုန်းလှ (ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့)

ပြောချင်တာကတော့ အရင်အစိုးရတုန်းကလည်း မြေပြဿနာကို ရှင်းဖို့ဆိုပြီးတော့ ဦးသိန်းစိန် အစိုးရလက် ထက်ကလည်း လယ်စည်အဖွဲ့ ဖွဲ့ခဲ့တာရှိတယ်၊ လယ်စည်ကနေ မြေစီအဖွဲ့ဆိုပြီးတော့ တခါရှင်းပေးတယ် ပေါ့နော်။ ဒါပေမဲ့ အမှုတွေအများကြီးကို မရှင်းနိုင်ပဲနဲ့ ဦးသိန်းစိန်အစိုးရက နောက်ဆုံး ၂၀၁၅ မှာ ရွေးကောက်ပွဲ ရှုံးတဲ့အခါကျတော့ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) တက်လာတယ်။ တက်လာပြီးတော့ နောက်ပိုင်း သမ္မတ ဦးထင်ကျော်ကနေပြီး ၁၅/၁၆၊ ၁၄/၁၆ တွေ ထုတ်တယ်။ အဲဒါတွေထုတ်ပြီးတော့မှ လယ်သမား တွေကိစ္စ စီစဉ်ဆောင်ရွက်မယ်ဆိုပြီးတော့မှ ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ NLD (၂)နှစ်တာ ကာလမှာပေါ့နော်။ မြေပြဿနာတွေက ပိုရှုပ်ထွေးလာတယ်။ ပိုပြီးတော့တောင်မှ လယ်သမားတွေ ဒုက္ခတွေ ပိုလာတာတွေ့ရတယ်။ အခု ဦးဝင်းမြင့်အစိုးရကလည်း လက်ရှိသွားမယ့်အကြောင်းအရာတွေက အရင်သမ္မတတွေတုန်းကလည်း ဒီလိုပဲ ပြောခဲ့တာပဲပေါ့နော်။ ပြောတာနဲ့ အလုပ်နဲ့တော့ ညီစေချင်တယ်။ အပြောနဲ့အလုပ်မညီဘူးဆိုရင်တော့ ကျမတို့ နိုင်ငံမှာ တက်လာတဲ့အစိုးရ အကုန်လုံး ဒီလိုချည်းပဲဆိုရင်တော့ လူထုကတော့ မျှော်လင့်ချက် ပိုပြီးတော့ ကင်းမဲ့သလို ဖြစ်သွားမယ်။ ဦးဝင်းမြင့်သမ္မတက တက်လာပြီး ဒီလိုမျိုးပြောတဲ့အတွက် ကြိုဆိုပါတယ်။ ဒါပေမဲ့ တကယ်လက်တွေ့လုပ်ဖို့တော့လိုတာပေ့ါလေ။ နောက် လယ်ယာမြေတွေနဲ့ပတ်သက်ပြီးတော့လည်း ဒီလယ်ယာ တွေကို မူရင်းပိုင်ရှင်တွေကို ပြန်ပေးဖို့ဆိုတာက သမ္မတက ပြောထားတယ်။ တကယ့်တကယ် မြေယာဥပဒေ တွေမှာတော့ ပိုဆိုးလာတာတွေ့ရတယ်။ ဒါတွေကိုရော အရင် လွှတ်တော်ဥက္ကဌ တစ်ယောက်ဖြစ်စဉ်တုန်း ကလည်း လွှတ်တော်မှာပြုခဲ့တဲ့ လယ်ယာမြေဥပဒေတွေမှာ အကောင်းထက် အဆိုးတွေက ပိုများနေတယ်ပေါ့ နော်။ ပြောချင်တာက။ အဲဒီအခါကျတော့ သမ္မတဖြစ်တဲ့အချိန်မှာ ဒါ လုပ်ပေးမယ်ဆိုတော့ မြေဥပဒေတွေကို ပြန်ပြင်ဆင်ဖို့လိုတယ်ပေါ့နော်။

နော်အုန်းလှ (ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့)

 

ဒေါ်ခင်ဥမ္မာ (ဦးဆောင်အဖွဲ့ဝင် – BWU)

သမ္မတရဲ့ မိန့်ခွန်းက သူ့သက်တမ်းကာလ လုပ်ငန်းစဉ် ဦးတည်ချက်တွေကို ချမှတ်ပေးလိုက်တဲ့သဘောပါပဲ။ မိန့်ခွန်းကကောင်းပါတယ်။ ဖွဲ့စည်းပုံပြင်ရေးထပ်ကတိပေးတာ အပါအဝင်ပေါ့… ဒါပေမယ့် အစိုးရက ဘယ်လို အကောင်အထည်ဖော်မလဲ၊ ပြီးရင် ပြည်ထဲရေးနဲ့ စစ်တပ်လက်အောက်ခံတွေကလည်း ဘယ်လိုပုံစံနဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေရှိမလဲဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာပေါ့။ သမ္မတရဲ့ မိန့်ခွန်းမှာ အဓိက အရေးကြီးတဲ့ အချက်တစ်ချက်ကျန်ခဲ့တာကို တွေ့ရတယ်။ အဲ့ဒါက ငြိမ်းချမ်းရေးကိစ္စပဲ။ ဖြစ်နိုင်တာကတော့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ အလုပ်ခွဲပြီး လုပ်ကြတာလည်းဖြစ်နိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို တာဝန်ယူအကောင်အထည်ဖော်မဲ့ သဘောလားဘဲ ။ အဲဒီလိုသာဆိုရင်တော့ ဒေါ်စုကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာအစီအစဉ်တွေရှိလဲ၊ ဘယ်လိုဦးချက်တွေချမှတ်ပြီး လုပ်ဆောင်နေသလဲ အထူးသဖြင့် စစ်ဘေးသင့်ပြည်သူတွေအတွက် ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတာကို သမ္မတလိုပဲ မိန့်ခွန်း ပြောပြီး အသိပေးနိုင်ရင်ကောင်းမယ်ထင်ပါတယ်။

အထူးသဖြင့် ကျမတို့ ဗုဒ္ဓဘာသာဝင်တွေ နှစ်သစ်ကူးသြင်္ကန်ပွဲဆင်နွဲနေချိန် ကချင်ဘက်မှာ တိုက်ပွဲတွေဖြစ်နေ တာ၊ ကချင်ပြည်သူတွေ စစ်ဘေးရှောင်ရင်း ပိတ်မိနေတဲ့ကိစ္စ၊ ပြီးတော့ လူသားချင်းစာနာတဲ့ အကူအညီတွေ မရတဲ့ကိစ္စတွေကြားနေရတာ ဘယ်လိုမှ စိတ်ချမ်းသာစရာမကောင်းပါဘူး ပြည်သူတွေရဲ့ စစ်ပွဲတွေအတွင်းမှာ ပိတ်မိနေရတဲ့ ဒုက္ခဆင်းရဲတွေ၊ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပေးမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထည့်ပြောပေးနိုင်မယ်ဆိုရင် အင်မတန်မှ ကောင်းမွန်မယ်လို့ မြင်ပါတယ်။

ဒေါ်ခင်ဥမ္မာ (မြန်မာ့အမျိုးသမီးသမဂ္ဂ- ဦးဆောင်အဖွဲ့ဝင်)

 

နော်ဆဲဆဲ (တွဲဖက်အထွေထွေအတွင်းရေးမှူး ၁- WLB)

စကားအရဖြစ်ဖြစ် စာအရဖြစ်ဖြစ် ဖတ်လိုက်ရင်တော့ တကယ်အားရှိတယ်ပေါ့နော်။ တနိုင်ငံလုံးကို မလွှမ်းခြုံနိုင် ရင်တောင်မှ သူထောက်ပြတဲ့အချက်တွေက အဓိက လက်ရှိမှာ မြန်မာနိုင်ငံက ပြဿနာဖြစ်နေတဲ့ ကိစ္စဖြစ်နေ တော့ ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲအောင် သူလုပ်မှာပေါ့နော်။ အဓိက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အပိုင်းကို ဦးစားပေးပြောသွားတာ များတယ်ပေါ့နော်။ တကယ့်လက်ရှိမှာ တိုင်းရင်းသားဒေသမှာ ဖြစ်သွားတဲ့ စစ်ပွဲတွေ၊ ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည်တွေ၊ စစ်ပြေးဒုက္ခသည်တွေ၊ တကယ်ခံစားနေရတဲ့ ပြဿနာတွေ ကျတော့ သူက ဘယ်လိုဆက်လုပ်မလဲ။ အဲဒါတွေကို ထည့်သွင်းစဉ်းစားပြီးတော့ ပြောတာတို့၊ စဉ်းစားထားတာ တို့ မရှိသေးဘူးလို့မြင်တယ်။ နောက်တခုကျတော့ အမျိုးသမီးတရားမျှတရေးအပိုင်းကနေ ပြောမယ်ဆိုရင်တော့ ကျမတို့ တိုင်းရင်းသားဒေသမှာ ကြုံနေရတာက စစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတွေဖြစ်တဲ့အခါကျတော့ သမ္မတအနေနဲ့ ဘယ်လောက်ထိ လုပ်ပိုင်ခွင့်ရှိသလဲ လုပ်နိုင်သလဲဆိုတာကျတော့ မြန်မာနိုင်ငံရဲ့ အတွေ့ အကြုံအရ သမ္မတဆိုပေမယ့် ဒီလောက်တောင် အာဏာမရှိခဲ့ဘူး၊ ဒီလောက်တောင် မလုပ်နိုင်ခဲ့တဲ့ အနေ အထားတွေလည်း ကြုံတွေ့နေရတဲ့အပေါ်မှာလည်း ယုံကြည်မှုကတော့ အဲဒီလောက်ထိ မရှိဘူးပေါ့နော်။ ဒါပေမဲ့ ပြောနေတဲ့အချက်တွေမှန်သမျှက ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက်သော်လည်းကောင်း၊ နိုင်ငံပြုပြင် ပြောင်းလဲရေးအတွက်သော်လည်းကောင်း ပြောနေတဲ့အချက်မှန်သမျှကို ယေဘုယျအားဖြင့်တော့ မြင်ချင် တယ်၊ ပြုပြင်ပြောင်းလဲစေချင်တယ်။ ဒါပေမဲ့ တကယ်လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလား၊ တကယ်လုပ်သွားမလား၊ မလုပ်သွားဘူးလားဆိုတာကိုတော့ ကျမတို့ စောင့်ကြည့်လေ့လာရမယ့်အနေအထားဖြစ်တယ်။  အထူးဖြင့် ကျမတို့ကို ကြိုဆိုထားတဲ့ CBO CSO တွေကပဲ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ် လာဖို့အတွက် ကျရာကဏ္ဍက ဝန်းပြီးတော့ ပံ့ပိုးပြီးတော့ လုပ်ဆောင်ကြဖို့ဆိုတဲ့နေရာမှာ ကျမတို့ကို ဘယ်လောက်ထိ လမ်းဖွင့်ပေးမလဲဆိုတဲ့အချက်ကိုလည်း စောင့်ကြည့်ရမယ့် အနေအထားတော့ရှိတယ်။ ကျမ အမြင်ကတော့ အပြောပဲမဟုတ်ပဲ တကယ့်လက်တွေ့ကိုလည်း ကျမတို့ မြင်ချင်တယ်။

နော်ဆဲဆဲ (တွဲဖက်အထွေထွေအတွင်းရေးမှူး ၁- အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

 

မချယ်ရီဇာဟောင်း (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

သမ္မတကနေ မြန်မာဗုဒ္ဓဘာသာအများစုရဲ့ နှစ်သစ်ကူးမှာ ပြည်သူလူထုတွေအတွက် အမှာစကားပြောသွားတာ ကောင်းတဲ့အချက်ပေါ့။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးပြောတဲ့နေရာမှာ တော်တော်များများက ပြောတဲ့ဟာ လောက်ပဲရှိတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လိုမျိုး တားမြစ်နိုင်မလဲ၊ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့အတွက် ဘယ်လိုမျိုးလုပ်သင့်တယ်ဆိုတဲ့ဟာတွေ မပါဘူး။ ဥပမာ တကယ်လို့များ ဦးဝင်းမြင့်က လွှတ်တော်ဥက္ကဌ နာယက ဖြစ်နေတဲ့အချိန်မှာ အထူးသဖြင့် နိုင်ငံသားတွေရဲ့ နိုင်ငံရေးနဲ့ နိုင်ငံသားရေးဆိုင်ရာ အခွင့်အရေးတွေကို အဟန့်အတားဖြစ်စေတဲ့ ဥပဒေတွေကို အများကြီးကို မဖြုတ်ချခဲ့ဘူးပေါ့။ ပြင်ဆင်မှုတွေ မလုပ်ခဲ့ဘူး။ လွှတ်တော်နာယက ဖြစ်နေခဲ့တာတောင်မှ ပြုပြင်လို့ရတဲ့ အချိန်မှာ မပြုပြင်ခဲ့ပဲနဲ့ အခု သမ္မတ ဖြစ်နေတဲ့အချိန်ကျမှ ချက်ချင်းဘယ်လိုလုပ်သူပြောင်းလဲသွားမှာလဲဆိုတဲ့ မေးခွန်းတခုတွေ့ရတယ်။ ထိုနည်း လည်းကောင်းပဲ။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ သူလုပ်ခဲ့တဲ့အရာတွေကို ကြည့်မယ်ဆိုရင် သူ့လွှတ်တော် သက်တမ်းကာလမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌတွေရဲ့ လုပ်ပိုင်ခွင့် အင်မတန်မှနည်းတယ်။ တကယ့်ကို ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ သူက ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေကို ညွှန်ကြားခဲ့တယ်။ ဦးဆောင်ခဲ့ တယ်ပေါ့နော်။ အဲဒါကို သူသမ္မတဖြစ်ပြီးတဲ့နောက်ပိုင်းမှာ သူက အခုချက်ချင်း ပြောင်းလဲသွားမှာလားဆိုတာ လည်း ဒုတိယ မေးခွန်းတခုဖြစ်လာတယ်။

နောက်တခု စိတ်အနှောက်အယှက်ဖြစ်နေတာက သူပြောသွားတဲ့ လူ့အခွင့်အရေးအပိုင်းကိုကြည့်မယ်ဆိုရင် လူ့အခွင့်အရေးကို လုပ်နေတဲ့ ကျန်တဲ့သူတွေကလည်း တခြားသူတပါးရဲ့ သိက္ခာတို့ မထိအောင်လုပ်ဖို့ အလေးထားရမယ်တို့ ပြောသွားတယ်။ ဒါက လူ့အခွင့်အရေးလှုပ်ရှားတဲ့လူတွေက လူ့အခွင့်အရေး ချိုးဖောက် ခံနေရတဲ့သူဘက်ကနေ အမြဲတမ်းပြောပေးတာပဲရှိတယ်။ ဆိုတော့ အဲဒါ ဘာကိုဆိုလိုချင်တာလဲ။ ဥပမာ ရခိုင် ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို သူရည်ညွှန်းထားသလား။ ရခိုင်ပြည်နယ်မှာဆိုရင် ကျမတို့ နိုင်ငံက သဘောမတူတဲ့ ရိုဟင်ဂျာလူမျိုးတွေပေါ့။ သူတို့တွေသည် လူသားလိုမျိုး ဆက်ဆံခြင်း ပြုမူခြင်း မခံနေရတဲ့အပေါ်မှာ တကမ္ဘာလုံးက မလုပ်သင့်ဘူးလို့ ပြောနေတဲ့အရာကို သူဆိုလိုချင်တာလားပေါ့။ လူ့အခွင့် အရေးကတော့ အသားအရောင်မရွေးဘူး၊ ဘာသာမရွေးဘူး။ လူသည်လူပဲ။ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ သူတွေကတော့ ဒီလိုမျိုး လူသားမဆန်စွာ ပြုလုပ်မှုတွေ တွေ့နေရင် ဒါဟာ ပြောရမှာပဲ။ စိတ်ဝင်စားစရာတခုက သူက လူ့အခွင့်အရေးလို့ ပြောသွားပေမယ့်လည်း မြန်မာနိုင်ငံမှာ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ခုအချိန်ထိ ဒီနှစ်အချိန်ထိ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်။ လူတွေရဲ့ အခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ အသက်ရှင်နေထိုင်ခွင့်၊ လုံခြုံခွင့်တွေက ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ မခံရဘူး။ ဒီဟာတွေနဲ့ ပတ်သက်ပြီး တခွန်းမှ မဟဘူး။ ရခိုင်ပြည်နယ်မှာ ဒီလောက် လူ့အခွင့်အရေးချိုးဖောက်မှု တကမ္ဘာလုံးက သိနေတဲ့ဟာကို တခွန်းမှ မဟဘူး။ ဆိုတော့ ပြောမယ်ဆိုရင်တော့ ဒါက ကျမတို့ မြန်မာနိုင်ငံက လူတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ သိပ်ပြီးတော့ လေးလေးနက်နက် မစဉ်းစားပဲနဲ့ သြော် သူပြောသွားတာပဲ၊ တခွန်းပါတာပဲဆိုပြီး အဲလိုမျိုးနဲ့ တင်းတိမ်နေတဲ့ ပြည်သူလူထုတွေဆိုတော့ အဲဒါကို သိသိနဲ့ ဒီလောက်ကလေးပဲ ထည့်သွားလိုက်တာပဲလို့ ကျမ ထင်တယ်။ အပေါ်ယံလောက်ပဲ ဒါတွေက။ တကယ့်တကယ် လူ့အခွင့်အရေး ဒီနေ့ဒီအချိန်မှာ ကျမတို့ နိုင်ငံမှာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကျန်တဲ့နေရာဒေသတွေမှာ လူ့အခွင့် အရေးချိုးဖောက်မှုတွေ၊ လက်ရှိဖြစ်ပျက်နေတဲ့အရာတွေကို မပြောပဲ မဟပဲနဲ့ လူ့အခွင့်အရေး လုပ်သွားမယ်ဆို တဲ့ဟာမျိုးတွေက သိပ်ပြီးတော့ ယုံစရာအကြောင်းတော့မရှိဘူး/

မချယ်ရီဇာဟောင်း (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

 

အစိုးရသက်တမ်း နှစ်နှစ်ကာလအတွင်းမှာ တို့နိုင်ငံတော်က အကြွေးတွေကလည်းများတယ်၊ အခက်အခဲတွေ ကလည်း အများကြီးပဲ လိုက်ဖြေရှင်းပေးနေရတယ်။ ကျမက ဒီလစာတိုးမယ်လို့ မမျှော်လင့်ဘူး။ အရင်အစိုးရ လက်ထက်မှာတော့ ကျမတို့က မကြာမကြာလေးတိုးပေးတော့ ဧပြီဆိုရင် ကျမတို့ မျှော်ပြီ။ မတ်လ အခန်းစောင့် ကတည်းက “ဟေ့ တို့တွေလစာဘယ်လောက်တိုးမလဲ” ဘယ်လောက်တိုးတိုးပေါ့နော်။ ကုန်ဈေးနှုန်းပဲ တက်တက် ကျမတို့က တိုးတာလေးကိုပဲ အရသာခံပြီးတော့ ပြောနေတာ။ ဒီအစိုးရလက်ထက်ကျတော့ သူတို့လည်း တကယ်လည်းလုပ်နေတာ တွေ့ရတော့ ကျမရဲ့ ခံယူချက်ကတော့ ဒီ ၂ နှစ်တာလေး အတွင်း မှာတော့ ပေးနိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့လိုမျိုး သတင်းလေးကြားရတော့ ဘယ်လိုပဲဖြစ်ဖြစ် ရင်ထဲမှာ ပျော်နေတယ်။ တချို့ကတော့ ပြောတာတော့ရှိတယ်။ ပေးတာတော့ မစို့မပို့နဲ့၊ ဘယ်လောက်များ ကုန်ဈေးနှုန်းကြီးက တက်ဦးမလဲဆိုပြီး သူတို့ထည့်တွက်ကြတယ်။ ကျမတို့ကတော့ ကုန်ဈေးနှုန်းကို ထည့် မတွက်ဘူး။ သူတို့ ဒီလိုမျိုးလေးပေးလိုက်တာကိုပဲ ရင်ထဲမှာ တကယ်ကျေးဇူးတင်တယ်။ သမ္မတပြော သွားတဲ့စကားတွေကလည်း အားတက်စရာတွေပဲ ဝန်ထမ်းတွေအတွက်။ တိုးမှာက မများပါဘူး။ အများဆုံး ၃ သောင်းလောက်ပေါ့။ ဒါပေမဲ့ ဘယ်လိုပြောမလဲ ဒီလို သူတို့ရဲ့ အခက်အခဲ အကြပ်အတည်းကြားမှာ ဒီလောက် လေးပေးလိုက်တာကိုပဲ ကိုယ်တွေအတွက် ဘယ်လိုပဲဖြစ်ဖြစ် နဂိုထက်ကို ပိုလာတာပဲလေ။ များတာတော့ မများပါဘူး။ ဒါပေမဲ့ ကျမတို့က ကျူရှင်သင်နေရသေးတယ်လေ။ အပိုဝင်ငွေလေးရမှသာ ကိုယ်က နည်းနည်းပို ပြေလည်တဲ့သဘောရှိတယ်။ လစာရင်းသက်သက်နဲ့တော့ မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့လည်း အဲဒီလိုမျိုးလေး ရတာလေးကို ကျမတို့က ဝမ်းသာပါတယ်။ သူပြောသွားတာကလည်း တော်တော်လေးကို တရားမျှတပါတယ်။ ဝန်ထမ်းတွေအားလုံးကို ခြုံပြီးပြောတာပဲလေ။ အိမ်တွေဘာတွေ နေရာထိုင်ခင်းတွေ ပေးမယ်ဆိုတာ ကျမတို့ သဘောကျတယ်။ နောက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို အစိုးရအနေနဲ့ ပံ့ပိုးပေးမယ်ဆိုရင်လည်း ကောင်း ပါတယ်။  ဆရာမတွေဆိုလို့ရှိရင် အသက်ကြီးလာပြီ ရောဂါတွေက ရလာပြီ၊ နောက်ဆုံး ပင်စင်သာယူသွား တယ်၊ ဒုံရင်းဒုံရင်းပဲ။ ဘာမှ ခံစားခွင့်မရှိဘူး။ ပင်စင်လစာက တသိန်းဆိုလည်း ဘယ်လိုသွားပြီး စားလောက်မ လဲ။ အခု အိမ်ကလေးပေးဖို့ စဉ်းစားတယ်ဆိုတော့ ကျေးဇူးတင်ပါတယ်။ ကိုယ့်အတွက် နည်းနည်းအိန္ဒြေရရ လေးပေါ့နော် အသက်ကြီးလာတဲ့အပိုင်းမှာ။ နို့မဟုတ်ရင် ဆရာမတွေက ရိပ်သာပဲခိုရမလား၊ ဘယ်မှာနေရမလဲ ဆိုတာ ပူပန်နေရတယ်လေ။

အထက်တန်းပြကျောင်းဆရာမတဦး၊ မွန်ပြည်နယ်။

Related Articles