သတင်းတို
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ရဲ့အချုပ်စခန်း (၂) မှာဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းဖက်မှုကို ၂ နှစ် ကျော်ကြာတဲ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အရေးမယူနိုင်ခဲ့တဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဇန်နဝါရီ လ ၃၁ ရက်နေ့က အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB နဲ့အတူ အမျိုးသမီးအဖွဲ့အစည်း (၇) ဖွဲ့ကထုတ် ပြန်ကြေညာ ခဲ့ပါတယ်။
အမျိုးသမီးများအကြမ်းဖက်မှုကို အဆုံးသတ်မယ်လို့ ကြွေးကြော်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအတွက် ဒီလုပ်ရပ်က လွန်စွာအကျည်းတန်စေတယ်လို့လည်း အမျိုးသမီးအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)ရဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ အကြံပေးအဖွဲ့ဝင် လည်းဖြစ်တဲ့ ဒေါ်တင်တင်ညိုက “တော်လှန်ရေးကာလလည်းဖြစ်တယ်။ အများပြည်သူတွေရဲ့ အကျိုးကို ရှေးရှုပြီး တော့မှ တော်လှန်ရေးလုပ်နေတဲ့သူတွေက အမျိုးသမီးတွေဖြစ်ဖြစ်၊ တခြားသောလိင်စိတ်ခံယူထားသူတွေဖြစ်ဖြစ်၊ လိင်အကြမ်း ဖက်မှုတွေ ကျူးလွန်လာပြီဆိုလို့ရှိရင် ပိုမိုတာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်။ အဲဒီလိုမဟုတ်ဘဲ တော်လှန်ရေးကာလမှာ လိင် အကြမ်းဖက်မှုတွေကို မပြောဘူး၊ ထိန်ချန်ထားမယ်၊ တော်လှန်ရေးပုံရိပ်ကို ထိခိုက်မှာကြောက်လို့ နှုတ်ပိတ်နေမယ် ဆိုရင် ပိုပြီးတော့မှ ဆိုးဝါးတဲ့ အကျိုးဆက်တွေနဲ့ ကြုံရနိုင်တယ်။ အထူးသဖြင့် ဒီလိုဖြစ်ရပ်တွေ ပိုမိုကျူးလွန်နိုင်ဖို့ အခွင့် အရေးပေးနေသလိုလည်း ဖြစ်စေတယ်။ တဖက်ကလည်း ပိုပြီးတော့မှ အမှုတွေများလာလေလေ၊ တော်လှန်ရေးရဲ့ပုံရိပ်ကို ပိုမိုထိခိုက် လေဆိုတဲ့ အကျိုးဆက်တွေကို တော်လှန်ရေးအဖွဲ့အစည်းတွေ နားလည်ထားဖို့ လိုအပ်တယ်လို့ မြင်ပါတယ်”လို့ ဆိုပါတယ်။
ဖြစ်စဉ်တွေကတော့ ၂၀၂၃ ခုနှစ်မှာ Non CDM ကျန်းမာရေးဝန်ထမ်းဖြစ်လို့ အချုပ်ကျနေတဲ့ အမျိုးသမီးတစ်ဦးကို လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကန့်ဘလူမြို့နယ်နဲ့ ခရိုင်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) ခေါင်းဆောင်ဖြစ်တဲ့ ဦးမဲခေါင် (ခ) ဦးမြင့်ဇော်ဦးက ခြိမ်းခြောက်ပြီး သုံးကြိမ်တိုင်တိုင် မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ပါ တယ်။
ဦးမဲခေါင် အဓိက တာဝန်ယူထားတဲ့နေရာမှာဖြစ်လို့ မုဒိမ်းကျင့်ခံရမှုကို မထုတ်ဖော်နိုင်ခဲ့ပေမယ့် အချုပ်ဆောင်ပြောင်း သွား ရတဲ့အချိန်မှာ တိုင်ကြားနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မုဒိမ်းကျင့်ခံရတာဟာ သူတစ်ယောက်ထဲ မဟုတ်ဘဲ နောက်ထပ် အချုပ် သူ ၂ ဦး လည်း မုဒိမ်းကျင့်ခံခဲ့ရတယ်လို့သိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ တလင်တမယားဥပဒေနဲ့ အချုပ်ကျနေတဲ့ ထမင်းချက်တာဝန်ယူတဲ့ အချုပ်သူ မဝေဝေကိုလည်း စခန်းမှူးဖြစ်သူ ဦးရဲရင့်က အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု၊ ပဇီကြီးဖြစ်ရပ်နဲ့ ပတ်သက်ပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးခံရတဲ့ ၁၀ တန်းကျောင်းသူ မရတနာ(အမည်လွှဲ)ကို လည်း ပလဖအဖွဲ့ဝင် ဦးအာကာက မုဒိမ်းကျင့်မှုတွေ ဖြစ်ပွားခဲ့တာပါ။
ထို့အပြင် စခန်းမှူး ဦးရဲရင့်နဲ့ ပလဖ ခေါင်းဆောင် ဉီးမဲခေါင် (ခေါ် ) ဦးမြင့်ဇော်ဦးတို့ဟာ စခန်းနေရာက ညဘက်အရက် ဝိုင်း တွေမှာ အချုပ်သူတွေကို အရက်ငှဲ့ခိုင်းတာ၊ ဘီယာဗူးဖောက်ခိုင်းတာ၊ အမြည်းလုပ်ခိုင်းတာတွေလည်း ရှိခဲ့တာဖြစ်ပါ တယ်။
ဒီဖြစ်စဉ် ၃ ခုလုံးကို ဖြစ်စဉ်မှန် ပေါ်ပေါက်ရေး စစ်ဆေးဖော်ထုတ်ပေးဖို့ ကန့်ဘလူမြို့နယ်၊ တရားရေးဌာန မြို့နယ်တရားသူ ကြီး ၂ ဦးက NUG အကျဉ်းဦးစီးဌာနကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်မှာ တင်ပြတိုင်ကြားခဲ့သလို ဦးအာကာရဲ့ ဖြစ်စဉ်ကို လည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ပလဖ အဖွဲ့ဝင် ကိုကကြီးက ဩဂုတ်လ ၁၁ ရက်မှာ တိုင်ကြားထားခဲ့ပါတယ်။
တိုင်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက မြေပြင်ဆင်းစစ်ဆေးမှု နှစ်ကြိမ်ပြုလုပ်ပေမယ့် စစ်ဆေးမှုမှာ ကျူးလွန်သူ အဖြစ် စွတ်စွဲထားသူတွေကို ပုံမှန်ရာထူးတွေအောက်မှာ စစ်ဆေးခဲ့ရပြီး ထွက်ရှိလာတဲ့ရလဒ်ကိုလည်း တိုင်ကြားသူတွေနဲ့ သက်ဆိုင်ရာတွေက မသိရှိခဲ့ရသလို ဘယ်လိုအရေးယူဆောင်ရွက်မှုမျိုးမှလည်း ထွက်ပေါ်လာတာ မရှိခဲ့ဘူးလို့ဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှာတော့ လိင်အကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီးနှစ်ဦးကိုယ်တိုင် အမှုဖွင့်တိုင်ကြားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခုလိုမုဒိမ်းမှုတိုင်ကြားရာမှာ အလျင်အမြန် အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ရမှာ ဖြစ်ပေမယ့် ကျူးလွန်သူအဖြစ် စွတ်စွဲထားသူတွေကို ဖမ်းဆီးစစ်ဆေးဖို့ ပြည်ထဲရေးဝန်ကြီးရဲ့ ခွင့်ပြုချက်ကို အချိန်ကြာ မြင့်စွာ စောင့်ဆိုင်း နေရဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို ကျူးလွန်သူကို NUG က ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးနေတဲ့အပေါ် အမျိုးသမီးအဖွဲ့အစည်းတွေက ရှုတ်ချလိုက်ပြီး ကာယကံရှင်တွေရဲ့ မုဒိမ်းမှုအဖြစ် အမှုဖွင့်တိုင်ကြားချက်တွေကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့လည်း အမျိုးသမီး အဖွဲ့အစည်းများက တောင်းဆိုထားပါတယ်။
Sisters to Sisters ရဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ မသဉ္ဇာရွန်းလဲ့ရည်က “ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အမြစ်ဖြတ်ဖို့ ကြိုးစားနေတဲ့ ဒီတော်လှန်ရေးမှာ NUG ပဲဖြစ်ဖြစ် ဘယ်အစု အဖွဲ့ပဲဖြစ်ဖြစ်၊ လက်ရှိမှာ အာဏာကို တာဝန်ယူထားသူ မှန်သမျှသည် ပြည်သူတွေရဲ့လုံခြုံရေး၊ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေရဲ့ လုံခြုံရေးကိုကာကွယ်ပေးရမယ့် တာဝန်ရှိတယ်။ အဲဒီလို တာဝန်ပျက်ကွက်နေတာဟာ တရက်ဆို တရက်ဆိုသလိုပဲ ကျမတို့ ပြည်သူတွေကြားထဲမှာ မလုံခြုံမှု၊ စိုးရိမ်မှုနဲ့ အုပ်ချုပ်မှုအပေါ်မှာ မေးခွန်းတွေထုတ်လာနိုင်တယ်။ ဒါကတော်လှန်ရေးကို နောက်ပြန်လဲစေနိုင်တဲ့ လုပ်ရပ်တွေ ဖြစ်လာမယ်။ ဒါ့ကြောင့် NUG အပါအဝင် အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူတဲ့သူတိုင်းက ပြစ်ဒဏ်ကင်းလွှတ်ခွင့်ကို ရပ်တန့် နိုင်ဖို့ ကြိုးစားသင့်ပါတယ်”လို့ ပြောပါတယ်။
ဒေါ်တင်တင်ညိုကလည်း “အမှန်တရားဆိုတာ ရင်ဆိုင်ရဲရမယ်။ မတရားမှုတခုဖြစ်ပြီဆိုရင်လည်း ဒီတရားမှုအတွက်ကို လုံးဝ တိုက်ဖျက်ရဲရမယ်။ ဘာလို့လဲဆို ကျမတို့အားလုံးက စစ်အာဏာရှင်ကို မကြိုက်လို့ တော်လှန်နေကြတဲ့အနေအထားမှာ ကိုယ်တိုင်က အာဏာကိုအသုံးချပြီးတော့မှ တဖက်ကအားနည်းတဲ့သူတွေ၊ ပိုထိလွယ်ရှလွယ်တဲ့သူတွေကို ကိုယ့်အကျိုး အတွက် အသုံးချနေတဲ့ပုံစံမျိုး ဖြစ်လို့မရဘူး။ ဒါ့ကြောင့် ဒီလိုပြောရတဲ့အပေါ်မှာ ဝေဖန်တာ၊ ဆဲဆိုတာ၊ ပြစ်တင်ရှုတ်ချ တာတွေ ရှိရင်လည်း ကျမတို့အားလုံးက အမှန်တရားဘက်ကနေ ရဲရဲရပ်တည်ပြီးတော့ ဒီလိုဖြစ်ရပ်တွေကို လုံးဝ ခွင့်မလွှတ် ဘူး၊ လုံးဝလက်မခံဘူးဆိုတာ ဆက်လက်ဆန့်ကျင်နေရဦးမှာပဲ” လို့ ဆိုပါတယ်။
အာဏာရှင်နဲ့ စစ်အာဏာရှင်ကိုတော်လှန်ပြီး ငြိမ်းချမ်းမှု၊ တရားမျှတမှုရှိတဲ့ လူမူအသိုင်းအဝိုင်းတစ်ရပ်ကို တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ပေးနေတာဟာ မိမိတို့ ဖော်ဆောင် လိုတဲ့ အနာဂတ်အတွက် ခြိမ်းခြောက် အကန့်အသတ်ဖြစ်စေတဲ့အပြင် အရပ်သားပြည်သူ အကာအကွယ်ပေးရေးကို မျက် ကွယ်ပြုရာရောက်နေတဲ့အတွက် အပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့်ကျင့်သုံးနေမှုကို ချက်ခြင်းရပ်တန့်ဖို့ အထူးကြိုးပမ်း လုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း အမျိုးသမီးအဖွဲ့အစည်းများရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာလည်း ဖြစ်ပါ တယ်။
“ဝေဖန်ထောက်ပြမှုဆိုတာ အစုအဖွဲ့အတိုင်းအတွက် လိုအပ်တယ်။ စကစရဲ့ ညစ်ပတ်မှု၊ ယုတ်မာမှုကို လူတွေအတော် သိကြ တယ်။ သူတို့ခြေလှမ်းတိုင်းကိုလည်း စောင့်ကြည့်ပြောဆိုနေရမှာဖြစ်သလို၊ အင်အားစုအသီးသီးအထဲမှာ တော်လှန်ရေးနဲ့ သွေဖည်နေတဲ့ ဘယ်ကိစ္စမဆို ပြုပြင်နိုင်ဖို့ ထောက်ပြရမယ့် တာ၀န်မီဒီယာတွေမှာရှိတယ်။ အဖွဲ့အစည်းတွေ ပေါ်လစီအရ ကျူးလွန်ကြတာမဟုတ်ဘူး။ တယောက်ချင်းစီရဲ့ စိတ်ဓါတ်အခြေခံကနေ ဒီလိုဖြစ်ပေါ်လာတာ။ ဒါက ဖုံးဖိထားစရာလို့ မထင် ဘူး” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ စည်းရုံးရေးကော်မတီ၀င် နဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)ရဲ့ မူဝါဒရေးရာဦး ဆောင်အဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောပါတယ်။
ဒါကြောင့် ကန့်ဘလူစခန်းမှာဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းဖက်မှုအပါအဝင် အလားတူအမှုကိစ္စတွေကို ကျူးလွန်သူများအား ထိ ရောက်စွာ အပြစ်ပေးအရေးယူဖို့နဲ့ နစ်နာသူအမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေအတွက် အမှန်တရား၊ တရားမျှတမှု အမြန် ဆုံး ဖော်ဆောင်ပေးဖို့ အမျိုးသမီးအဖွဲ့အစည်းများဖြစ်တဲ့ ပြည်သူ့စစ်သားဇနီးများ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) -WLB၊ Gender Equality Network (GEN)၊ Politic for Women Myanmar ၊ Sisters to Sisters၊ Women Alliance Burma(WAB) ၊ Women Peace Network (WPN)၊ Women Advocacy Coalition-Myanmar (WAC)တို့က ပူးပေါင်း တိုက်တွန်းထားပါတယ်။ ဒီထုတ်ပြန်ချက်မှာပါဝင်တဲ့ အမျိုးသမီးအဖွဲ့အများစုကတော့ အဖွဲ့ချုပ်ပုံစံ စုပေါင်းကွန်ယက်ဖွဲ့ အလုပ်လုပ်နေကြတဲ့ အဖွဲ့အစည်းများဖြစ်ကြပါတယ်။
တော်လှန်ရေးအစိုးရအနေနဲ့ အစိုးရဌာနအသီးသီးမှာ အလားတူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်လက် မဖြစ်ပွားဖို့၊ ကြိုတင်တားဆီးဖို့အတွက် ပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့၊ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဆိုင်ရာ မဟာဗျူဟာ မူဘောင်ကို အမြန်ဆုံးလက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ တိုက် တွန်းထားပါတယ်။