မေ
ထမင်းချက်ရင်းနဲ့ မမျိုးတစ်ယောက် အိမ်ရှေ့ကဖုန်းသံကိုနားစွင့်နေပါတယ်။ ဒီရက်ပိုင်း အလုပ်ကပါးတော့လက်ထဲမှာ ငွေကလည်းသိပ်မကျန်တော့ အလုပ်မရှိဘဲအိမ်မှာထိုင်နေရတဲ့ရက်က များလာတဲ့အခါ မမျိုးရဲ့ ပူပန်စိတ်က ကုန်ဈေးနှုန်းပမာ တရိပ်ရိပ်တိုးနေပါတယ်။
ဆန်ဆေးနေရင်း အိမ်ရှေ့ကဖုန်းသံကြားတော့မှ မမျိုးတစ်ယောက်ပြာ ပြာသလဲနဲ့ ပြေးကိုင်လိုက်ပါတယ်။ ဖုန်းထဲကနေ အလုပ်ကိစ္စအဆင်ပြေတဲ့ အကြောင်းကြားသိရတော့မှ မမျိုးတစ်ယောက်သက်ပြင်းချနိုင်ပါတော့တယ်။
စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်မှာ လူမှုစီးပွားကြပ်တည်းမှုတွေကြောင့် လိင်အလုပ်သမအဖြစ် အသက်မွေးကျောင်းပြုလာကြတဲ့ အမျိုးသမီးတွေလည်းရှိပါတယ်။ အဲဒီအထဲမှာ အသက် (၄၇) နှစ် အရွယ်မမျိုး(အမည်လွှဲ) တစ်ယောက်လည်းပါဝင်ပါတယ်။အရင်ကစတိုးဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ပိုင်းနိုင်ငံရေးအခြေအနေတွေအပြင် ကိုဗစ်ရောဂါတွေဖြစ်တော့ မမျိုးအလုပ်လုပ်တဲ့ဆိုင်ကပိတ်သိမ်း သွားခဲ့ပါတယ်။ အိမ်မှာမကျန်းမာတဲ့ ဖခင်ဖြစ်သူအပြင် မိသားစုတစ်ခုလုံးက မမျိုးဝင်ငွေကို အားကိုးနေကြရတာဖြစ်ပါတယ်။
အလုပ်တွေရသမျှလိုက်ရှာပေမယ့် အသက်အရွယ်အရရော ပညာအရည်အချင်းကြောင့်ပါ အလုပ်ရှာရတာ ထင်သလောက်မလွယ်ကူခဲ့ပါဘူး။ ရရာအလုပ်တွေလုပ်ခဲ့ပေမယ့် ရတဲ့ဝင်ငွေက ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ငွေကြေး ဖောင်းပွမှုတွေကြောင့် ဖခင်ဖြစ်သူရဲ့ ဆေးဖိုးနဲ့ မိသားစုစားဝတ်နေရေးအတွက်မလောက်ငှခဲ့ပါဘူး။ အဲဒီနောက် ၂၀၂၂ ခုနှစ် နှစ်ကုန်လောက်မှာတော့ ဒီအလုပ်ထဲကို အခြေချဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းတစ်ဦးက ဒီအလုပ်လုပ် ကိုင်နေခဲ့တာပါ။ မမျိုးကတော့ ဒီလုပ်ငန်းအကြောင်း ဒီလောကနဲ့အစိမ်းသက်သက်ဖြစ်ပါတယ်။ သူငယ်ချင်းရဲ့ ချိတ်ဆက်မှုနဲ့ ဒီလောကထဲကိုရောက်လာခဲ့တာလို့ ဆိုပါတယ်။
“ကျမပိုက်ဆံအရမ်းလိုတော့ ဒီအလုပ်ကိုလုပ်ချင်လားဆိုတော့ ပထမတော့ မလုပ်ရဲဘူးပေါ့။ သူကတစ်ကြိမ်ပဲ နင် အရမ်းပိုက်ဆံလိုနေတာပဲ ဘယ်သူမှလဲမသိဘူး။ လုပ်လိုက်ပါဆိုပြီး သူချိတ်ပေးလို့ ပထမဆုံးအကြိမ် စလုပ်တာ” လို့ မမျိုးကပြောပြပါတယ်။
အစပိုင်းမှာတော့ အဆင်ပြေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဆင်မပြေတော့ပါဘူး။ မမျိုးတို့အလုပ်ကနေရာတစ် နေရာထဲမှာပဲ ကျင်လည်ရင် ဈေးကျသွားတာမျိုးရှိတဲ့အတွက် တခြားနေရာကို ရွေ့ပြောင်းလုပ်ကိုင်ရပါတယ်။ ရွေ့ပြောင်းပေမယ့်လည်း ရွေ့ပြောင်းတုန်း ခဏသာဖြစ်ပြီးအချိန်ကြာလာရင် ထပ်မံရွေ့ပြောင်းရပြန်ပါတယ်။
၂၀၂၄ ခုနှစ်နောက်ပိုင်းမှာတော့ ကုန်ဈေးနှုန်းသိသိသာသာမြင့်တက်လာတဲ့အပြင် မမျိုးအလုပ်ကလည်း ရှာသလောက်မရတော့ပါဘူး။ မနက်မိုးလင်းတဲ့အချိန်ကနေမိုးချုပ်အထိ အလုပ်လုပ်ရင်တောင် ဖောက်သည်က (၃) ဦး လောက်ပဲရတဲ့ နေ့တွေရှိပါတယ်။ အဲဒါကလည်း ကိုယ်လိုချင်တဲ့ ကြေးမျိုးအတိအကျရတာမဟုတ်ပါဘူး။ ထက်ဝက်ဈေးနဲ့ လိုက်ရတဲ့အကြိမ်တွေလည်းရှိပါတယ်။
“နာရီဝက်ပဲ ဈေးတဝတ်လျော့ အဲ့လိုမှမရရင် သူတို့တခြားပဲရှာတော့မယ်ဆိုပြီး ကျွန်မတို့လည်းလက်လွတ်သွားမှာကြောက်တော့ အဲ့လိုမျိုးလေးတွေနဲ့ လုပ်ခဲ့ရတယ်”လို့ မမျိုးကပြောပြပါတယ်။
ကြေးလည်းထက်ဝက်ပဲရသလို နေ့တိုင်းလည်းအလုပ်ကရှိမနေပါဘူး။ အလုပ်ရှားလာတဲ့အတွက်ရသလောက် ပိုက်ဆံကိုရှာဖွေနေရတာပါ။ အလုပ်ကနေ့တိုင်း ဖောက်သည်ရနေတာမျိုးမဟုတ်ပဲ တစ်လမှာ (၁၀) ရက်လောက် သာအလုပ်လုပ်ရတော့ ရတဲ့ဝင်ငွေနဲ့ စားဝတ်နေရေးက ရှာလိုက်ကုန်လိုက်ပဲလို့ ဆိုပါတယ်။ ကိုယ့်ဒေသမှာ လူသိ မခံချင်တော့ တခြားဒေသကိုသွားလာလုပ်ကိုင်ရပါတယ်။ မိသားစုကိုတော့ သူငယ်ချင်းဖြစ်သူထံ အလုပ်သွားရှာ မယ်လို့ဆိုကာ ဒီအလုပ်ကိုလုပ်ကိုင်နေပါတယ်။ သူတို့မိသားစုမှာ အဖေ၊ အမေ၊ အစ်မဖြစ်သူနဲ့ မမျိုးရဲ့ ကျောင်းနေအရွယ်ကလေးနှစ်ယောက်လည်းရှိပါတယ်။ သူတို့အားလုံးရဲ့ စားဝတ်နေရေးကို မမျိုးတစ်ယောက်ထဲ ဝင်ငွေ နဲ့ဖြေရှင်းနေရတာပါ။
တခြားအချိန်ပြည့်လုပ်ကိုင်ရတဲ့ အလုပ်တွေလုပ်ဖို့ဆိုတဲ့အခါမှာလည်း မကျန်းမာတဲ့ဖခင်ကိုပြုစုဖို့နဲ့ ကလေးတွေရဲ့ ကျောင်းကိစ္စတွေရှိတဲ့အတွက် အဆင်မပြေဘူးလို့ မမျိုးကပြောပါတယ်။
အရင်ကဆို ငွေငါးထောင်နဲ့ မိသားစုတစ်ခုလုံးစားသောက်လို့ရပေမယ့် အခုငွေငါးထောင်ကတစ်နပ်စာပဲရပါတယ်။
ကုန်ဈေးနှုန်းကြပ်တည်းမှုတွေကလည်း မမျိုးတို့လို လိင်အလုပ်သမတွေကို တခြားအသက်မွေးဝမ်းကျောင်း ပြောင်းလဲလုပ်ကိုင်စေဖို့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ဒါတွေအပြင် လုယက်တာတွေ၊ ညမထွက်ရအမိန့်တွေ၊ လုံခြုံမှု မရှိတာတွေကြောင့်လည်း လုပ်ကိုင်ရတာပိုပြီး အကြပ်အတည်းတွေရှိတယ်လို့ဆိုပါတယ်။
“အရမ်းစိတ်ညစ်တဲ့အချိန်တွေရှိတယ် ကျမကတော့ တစ်ယောက်ထဲ တစ်နေရာလေးသွားပြီးနေလိုက်တယ် လူသူ မရှိတဲ့နေရာမှာ ငိုချင်လည်းငိုနေလိုက်တယ် ကိုယ့်အကြောင်းကိုယ်တွေးပြီးတော့ ကိုယ်ဖြစ်ချင်နေတဲ့ ဘဝမဟုတ်ပါဘူး”လို့ မမျိုးကဖွင့်ဟပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးကြပ်တည်းမှုတွေကြားမှာ ဒီအသက်မွေးဝမ်းကျောင်းလောကထဲကိုဝင် ရောက်လာကြတဲ့အမျိုးသမီးတွေ များလာတာတွေ့ရတယ်လို့ မမျိုးကဆိုပါတယ်။
“စီးပွားရေးခက်ခဲတာနဲ့ မျက်စိမှိတ်ပြီးလုပ်မယ်ဆိုပြီး ကျမစလုပ်ဖြစ်သွားသလို အမျိုးသမီးတွေများလာတယ်”လို့ မမျိုးကပြောပြပါတယ်။
အများစုက အိမ်ထောင်ကွဲသွားတာကြောင့် ကလေးတစ်ဖက်နဲ့ ပညာအရည်အချင်း မိသားစုအဆင်မပြေမှုတွေ ကြောင့်သာ မလွှဲသာပဲဒီလမ်းကိုလျှောက်လိုက်ကြရတာဖြစ်တယ်လို့ မမျိုးကပြောပြပါတယ်။
သူကိုယ်တိုင်လည်း လက်ရှိဘဝကို ကျေနပ်လို့မဟုတ်ဘဲ မတတ်သာလို့လျှောက်နေရတယ်လို့ ဆိုပါတယ်။
“ဒါပေမယ့်လည်း ဒီဘဝကိုလက်ခံနေရတယ် ပြန်နုတ်လို့မရတော့ဘူးလေ ဒီဟာက။ ကိုယ့်အတွက်ပိုက်ဆံဝင်ငွေလေးက ဒါလေးပဲရှိနေတာဆိုတော့ ဒါလေးနဲ့ဘဲဆက်လုပ်ရမယ်လေဆိုပြီး အရမ်းဝမ်းနည်းတဲ့အခါမျိုးတွေ အားငယ်တဲ့အခါမျိုးတွေရှိတာပေါ့” မမျိုးကဖွင့်ဟခဲ့ပါတယ်။
မမျိုးနည်းတူ လိင်အလုပ်သမအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူကတော့ အသက် (၂၅) နှစ် အရွယ် ရွှန်းရွှန်းပါ။
ရွှန်းရွှန်းဟာ ၂၀၂၂ ခုနှစ် ကစကာ ဒီအလုပ်ကိုစတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်ကွဲသွားပြီးတဲ့နောက် ကလေးတစ်ဖက်နဲ့ ပညာအရည်အချင်းကလည်း (၈) တန်းအထိသာ ကျောင်းနေခဲ့ရတဲ့အတွက် တခြားအလုပ်အ ကိုင် အဆင်မပြေတဲ့အတွက် KTV မှာ ဦးစွာလုပ်ကိုင်ခဲ့ပါတယ်။
နောက်ပိုင်း ကိုဗစ်ရောဂါတွေစဖြစ်တော့ ရွှန်းရွှန်းအလုပ်လုပ်တဲ့ ဆိုင်ကလည်းပိတ်သိမ်းလိုက်တဲ့အခါ ဒီလောကထဲရောက်လာခဲ့ပါတော့တယ်။
ရွှန်းရွှန်းတို့မိသားစုမှာလည်း သူ့ရဲ့ဝင်ငွေကိုသာ မိသားစုတစ်ခုလုံးကအားကိုးနေကြတာဖြစ်ပါတယ်။ သူငယ်ချင်း ဖြစ်သူရဲ့ အချိတ်အဆက်နဲ့ စတင်လုပ်ကိုင်ဖြစ်ပြီးအဖေ၊ အမေနဲ့ သားဖြစ်သူဟာ ရွှန်းရွှန်းရဲ့ ဝင်ငွေနဲ့သာရှင်သန်နေ ကြရတာဖြစ်ပါတယ်။
အစပိုင်းတုန်းက ခေါင်းလို့ခေါ်တဲ့ ချိတ်ဆက်ပေးသူနဲ့ လုပ်ကိုင်ခဲ့ပေမယ့် သူတို့ကပိုက်ဆံတွေခေါင်းပုံဖြတ်တာ ကြောင့် နောက်ပိုင်းမှာကိုယ့်ဘာသာဖုန်းနဲ့ ချိတ်ဆက်ပြီးလုပ်ကိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ စီးပွားရေးကြပ်တည်းမှုကြောင့် အရင်ကလောက် အလုပ်လုပ်ရတာ အဆင်မပြေတော့ဘူးလို့ ရွှန်းရွှန်းကဆိုပါတယ်။ အလုပ်ကနေ့တိုင်းမရှိသလို ရှိတဲ့နေ့တွေမှာလည်း ပိုက်ဆံက အပြည့်မရပါဘူး။
“ခေါင်းတွေနဲ့ အချိတ်အဆက်မရှိဘဲ တစ်ယောက်ထဲလုပ်တော့ တခါတလေကျရင်သူတို့က မူးပြီးခေါ်သွားပြီး တော့ပိုက်ဆံမပေးတာတွေရှိတယ် ကိုယ်ကကြောက်တော့ ငိုပြီးပြန်လာရတယ်”လို့ ရွှန်းရွှန်းကဆိုပါတယ်။
မိသားစုကိုတော့ ညဘက်ထမင်းကြော်ဆိုင်မှာ အလုပ်ဆင်းနေရတယ်လို့ အသိပေးပြီးလုပ်ကိုင်နေရတာလို့ ဆိုပါတယ်။ လက်ရှိကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် မိသားစုစားဝတ်နေရေးအတွက်သူ့ရဲ့ တစ်နေ့တာဝင်ငွေဟာ မိသားစု တစ်နေ့တစ်နပ်စာ အတွက်သာ လောက်ငှပါတယ်။
“ဒီနေ့ပိုက်ဆံရလာရင် နောက်နေ့ကုန်သွားပြီ ဆန်ကတပြည်လောက်ချက်ရတယ် မိသားစုတွေကလည်းရှိတော့ ဝင်ငွေမရှိတဲ့နေ့တွေဆို နေမကောင်းလို့အလုပ်မလုပ်နိုင်ရင် ဆွေမျိုးတွေဆီက သွားချေးငှား နောက်နေ့ကျ ပြန်ဆပ်ပေါ့”လို့ ရွှန်းရွှန်းကပြောပြပါတယ်။
၂၀၂၁ ခုနှစ် နောက်ပိုင်း နိုင်ငံရေးအခြေအနေတွေနဲ့ စီးပွားရေးကြပ်တည်းမှုတွေကြောင့် လိင်အလုပ်သမတွေအပေါ် ပိုပြီးရိုက်ခက်မှုတွေရှိတယ်လို့ လိင်အလုပ်သမတွေရဲ့ အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မစန်းလှိုင် (အမည်လွှဲ) ကပြောပါတယ်။
“အစထဲက ညီမလေးတွေက စီးပွားရေးအဆင်မပြေလို့ ဒီလောကထဲကိုရောက်လာကြတယ် ငွေကြေးခက်ခဲတဲ့ သူတွေဖြစ်တယ် အားလုံးခက်ခဲတဲ့အချိန်မှာ ပိုအခက်ခဲဆုံးက သူတို့တွေဖြစ်ကုန်ကြတာပေါ့”လို့ သူကပြောပါတယ်။
စီးပွားရေးအကြပ်အတည်းတွေကြောင့် အိမ်လခတွေ မပေးနိုင်တာ၊ အိမ်ငှားဘဝကနေ လမ်းဘေးမှာ လာနေရတဲ့ အခြေအနေမျိုးတွေ၊ တစ်နေကုန်လို့တောင် ပိုက်ဆံမရတဲ့အခြေအနေမျိုးတွေ၊ ပိုခက်ခဲတဲ့ အနေအထားတွေ ဖြစ် လာတယ်လို့ မစန်းလှိုင်ကဆိုပါတယ်။
စားဝတ်နေရေးအပြင် မိသားစုဝင်တွေရဲ့ကျန်းမာရေး ဆေးကုသစရိတ်တွေကလည်း သူတို့ပခုံးပေါ် ထမ်းထားရတဲ့အခြေအနေမှာ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားဝတ်နေရေးတောင် အနိုင်နိုင်ဖြေရှင်းနေကြရတယ်လို့ဆိုပါတယ်။
“အစထဲကလည်း ဝင်ငွေကပုံမှန်ရှိဘူး အဲဒီအချိန်မှာသူတို့ဆီလာမယ့် ဖောက်သည်တွေကလည်း ဝင်ငွေတွေ ရှားကုန်တဲ့အခါကျတော့ တချို့လာတဲ့လူတွေကလည်း သုံးဖို့ဖြုန်းဖို့မသုံးနိုင်တဲ့အခါ ဝင်ငွေတွေကတော်တော်ကြီးကို ထိုးဆင်းသွားတာပေါ့။ လာတဲ့ဖောက်သည်တွေရဲ့ သုံးနိုင်မှုအပေါ်မှာပဲမူတည်တာ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေတယ်ဆိုရင် ဒီကညီမတွေရဲ့ ပြောတဲ့အပေါ်မှာမူတည်ပြီး ဖောက်သည်တွေကဈေးပေးတယ်။ အခုအခြေအနေမျိုးမှာ လူတိုင်းကစီးပွားရေးကြပ်တည်းနေတာဆိုတော့ မဖြစ်မနေလာကြတဲ့လူတွေတောင်မှ အများကြီး သုံးနိုင်ဖို့ ခဲယဉ်းတယ် မဖြစ်မနေမှလာကြတဲ့အခြေအနေမျိုးပေါ့။”လို့ မစန်းလှိုင်ကပြောပြပါတယ်။
ဒီလိုအကြပ်အတည်းတွေကြားမှာပဲ မျှော်လင့်ချက်လက်တဆုပ်စာနဲ့ လိင်အလုပ်သမတွေဟာ ဖြတ်သန်းနေကြရပါတယ်။
“ဒီအလုပ်ပဲဆက်လုပ်ဖြစ်နေဦးမယ်ထင်တယ် ခေတ်အခြေအနေကောင်းရင် အဆင်ပြေလာရင်လည်း အဆင်ပြေလာမယ့်ဟာကို မျှော်လင့်နေပါတယ်”လို့ မမျိုးကဆိုပါတော့တယ်။