Home သတင်း “တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ”

“တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ”

မတ် ၆ မှ ၁၂ အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်တွေထဲက ထူးခြားတဲ့အကြောင်းအရာတွေကို Hi က စုစည်း ဖော်ပြပေးလိုက်ပါတယ်။

  • ယခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကြောင်းထိုးလို့ သေဆုံးသူအမျိုးသမီး ၁၅ ယောက်ရှိ

၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးပစ်ခတ်တာ၊ သတ်ဖြတ်မီးရှို့ တာတွေကြောင့် သေဆုံးရသူ အမျိုးသမီး ၁၅ ယောက်ရှိတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ Burmese Women’s Union က မတ်လ ၆ရက်မှာ ထုတ်ပြန်ပါတယ်။  

အဲ့ဒီ ၁၅ ယောက်ထဲက ရှစ်ယောက်ဟာ ကျေးရွာတွေထဲကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် သေဆုံး တာဖြစ်ပြီး သုံးယောက်ကတော့ သတ်ဖြတ်မီးရှို့ခံရတာကြောင့် သေဆုံးကြရတာလို့ ပြောပါတယ်။

Source- BBC

  • မြန်မာအမျိုးသမီးများ အွန်လိုင်းပေါ် ခြိမ်းခြောက်တိုက်ခိုက်ခံရမှု ကြီးမားလာ

စစ်အာဏာသိမ်းမှုအောက်မှာ မြန်မာအမျိုးသမီးတွေဟာ ဖိနှိပ်မှုမျိုးစုံကြုံနေရပြီး အွန်လိုင်းဆိုရှယ်မီဒီယာတွေပေါ် မှာ စနစ်တကျနဲ့တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှု၊ ကိုယ်ရေးအချက်အလက်တွေ ထုတ်ဖော်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော် ကားပြောဆိုမှုတွေ ခံနေရတယ်လို့ နယူးယောက်က ကုလသမဂ္ဂရုံးချုပ်မှာကျင်းပတဲ့ အမျိုးသမီးဆိုင်ရာဆွေးနွေးပွဲ တစ်ခုမှာ ပြောပါတယ်။

CSW လို့ခေါ်တဲ့ အမျိုးသမီးများအခြေပြကော်မရှင်ရဲ့ ၆၇ ကြိမ်မြောက်ညီလာခံကို မတ် ၆ က စတင် ကျင်းပနေ ရာမှာ မြန်မာအမျိုးသမီးအရေးနဲ့ပတ်သက်ပြီး ညီလာခံပြင်ပမှာ သီးသန့်ခေါင်းစဉ်တစ်ခုနဲ့  COVID-19 ကပ် ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာအမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။

ဒီနှစ် CSW ညီလာခံရဲ့ ဦးစားပေးဆောင်ပုဒ်ဖြစ်တဲ့ နည်းပညာကိုအသုံးချပြီး ကျားမတန်းတူညီမျှရေးနဲ့ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ဆွေးနွေးကြရာမှာ ဒစ်ဂျစ်တယ်လ်ခေတ် နည်းပညာဟာ  အမျိုးသမီးအတွက် အသွားနှစ်ဖက်ပါတဲ့ဓားသွားလို တစ်ဖက်မှာအန္တရာယ်တွေပေးနေကြောင်းကို ဥပမာတွေနဲ့တကွ မြန်မာအမျိုးသမီး ကိုယ်စားလှယ်တွေက ထောက်ပြခဲ့ပါတယ်။

Source – VOA

  • တာတိုင်ရွာသတ်ဖြတ်မှုမှာ အမျိုးသမီးသုံးဦး အဓမ္မပြုကျင့်အသတ်ခံခဲ့ရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ တပ်မ ၉၉ က မတ်လ ၁ နဲ့ ၂ တွေမှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနဲ့ ဒေသခံ ၁၆ ဦးကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်သတ်ဖြတ်ခဲ့သလို အမျိုးသမီးတွေကို အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတယ်လို့ သေဆုံးသူမိသားစုဝင်တွေ၊ ဒေသခံတွေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

တာတိုင်ကျေးရွာကနေ မတ်လ ၂ ရက်နေ့ စစ်ကြောင်းပြန်ထွက်ချိန်မှာ စစ်ကောင်စီက ဒေသခံ ၁၆ ဦးကို လူသား ဒိုင်းအဖြစ်ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲအသက် ၁၇ နှစ်ကနေ ၆၇ အရွယ် အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး သုံးဦးပါဝင်သွားခဲ့ပါတယ်။

လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားတဲ့ ၁၆ ဦးစလုံးလည်း အသတ်ခံခဲ့ရပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို စစ်ကိုင်း မြို့နယ်၊ တာတိုင်ကျေးရွာနဲ့ မြင်းမူမြို့နယ်၊ ညောင်းရင်းကျေးရွာ၊ ညောင်ရင်းကျွန်းမှာ မတ်လ ၂ မှာပဲ ဒေသခံတွေ က သုံးစုကွဲပြီး ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာလို့ ပြောပါတယ်။

Source – RFA

  • “ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများ” ဓာတ်ပုံပြပွဲ ချင်းမိုင်တွင်ပြုလုပ်

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ စကားဝိုင်းဆွေးနွေးပွဲတွေမှာ အမျိုးသားများသာ ပါဝင်နေခြင်းကို မှတ်တမ်းယူ ထောက်ပြထားတဲ့”ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများ” ဓာတ်ပုံပြပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မတ်လ ၅ ရက်မှ ၇ ရက်နေ့အထိ  ကျင်းပခဲ့ပါတယ်။

ပြပွဲအတွင်း ဖိုဝါဒလွှမ်းမိုးတဲ့ စကားဝိုင်းတွေက ဓာတ်ပုံတွေ၊  ပိုစတာတွေကို ခင်းကျင်းပြသထားပြီး အဆိုပါ ဖိုဝါ ဒီစကားဝိုင်းတွေရဲ့အကြောင်းအရာတွေ  ရှင်းပြချက်တွေကိုလည်းပွဲအတွင်း ရှင်းလင်းပြသထားပါတယ်။

ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများကို စောင့်ကြည့်မှတ်တမ်းရယူခြင်းကို ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး ၂၀၂၃ ခုနှစ် အစောပိုင်းလတွေအထိ စောင့်ကြည့်မှတ်တမ်းယူခဲ့တာဖြစ်တယ်လို့  အမျိုးသမီးများ အဖွဲ့ချုပ် – WLB ( မြန်မာနိုင်ငံ) ရဲ့အထွေထွေ အတွင်းရေးမှူး မနန်းမို့မို့က ပြောပါတယ်။

Source – Irrawaddy

  • တန့်ဆည်မြို့မှ NLD ပါတီဝင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီဝင်အမျိုးသမီးတစ်ဦး ဖားကန့်တွင် တိမ်းရှောင်နေစဉ် စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။

တန့်ဆည်မြို့နယ် NLD ပါတီဝင်ဒေါ်မာမာအေးဟာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဆာကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာတွင် မတ်လ ၆ ရက်ညက ဖမ်းဆီးခံရတာဖြစ်ပါတယ်။

အသက် ၄၀ နှစ်အရွယ်ဒေါ်မာမာအေးဟာ ဖားကန့်ရှိ ဆွေမျိုးအိမ်မှာလာရောက်တိမ်းရှောင်နေစဉ် စစ်ကောင်စီ တပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့ မိုးညင်းခရိုင် NLD ပါတီသတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Source – MIZZIMA

  • အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအတွက် မြန်မာနဲ့နိုင်ငံတချို့ကို EU ဒဏ်ခတ်အရေးယူ

အမျိုးသမီးအခွင့်အရေးတွေကို ချိုးဖောက်မူနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုလုပ်ခဲ့သူ မြန်မာနိုင်ငံက ဒုတိယ ပြည်ထဲရေးဝန်ကြီး အပါအဝင် နိုင်ငံတကာက စစ်ဖက်အရာရှိ ကိုးဦးကို ဥရောပသမဂ္ဂ EU က ပိတ်ဆို့ဒဏ်ခတ် လိုက်ကြောင်း မတ် ၇ က ကြေညာပါတယ်။

မြန်မာဒုတိယပြည်ထဲရေးဝန်ကြီးဟာ သူရဲ့စစ်ဆေးရေးဝန်ထမ်းတွေကို နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးထားတဲ့ အမျိုး သမီးတွေ၊ LGBTQ လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုတွေကို လုပ် ဆောင်ပြီး စစ်ဆေးမေးမြန်းခွင့်ပြုထားတဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့ရတာဖြစ်ပါတယ်။ အဲဒီလိုဒဏ်ခတ်ခံရတဲ့ သူ တွေထဲမှာ ရုရှားစစ်ဖက်အရာရှိတွေ၊ အာဖဂန်တာလီဘန်တွေနဲ့တောင်ပိုင်းဆူဒန်က ရဲအရာရှိတွေလည်း ပါဝင်ပါ တယ်။

Source – VOA

  • အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကြောင့် အမျိုးသမီးငါးရာနီးပါး သေဆုံး

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ဖိနှိပ်မှုတွေကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၄၈၃ ဦးသေဆုံးခဲ့တယ် လို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုး သမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနနဲ့  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ဂျန်ဒါမူဝါဒဆိုင် ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီက ပူးတွဲထုတ်ပြန်ပါတယ်။

ဒီအပြင် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အမျိုးသမီး ၃,၁၂၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားပြီး အဲဒီထဲမှာ သေဒဏ်ကျခံနေရသူ ၁၁ ဦးနဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူ ၁၅ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Source – RFA

  • ခင်ဦးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး စစ်ရှောင်ရင်း အမွှာရင်သွေးမွေးဖွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး စစ်ရှောင်ရင်း အမွှာရင်သွေးမွေးဖွားခဲ့ပါတယ်။

ခင်ဦးမြို့နယ်အတွင်း တကျော့ပြန်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ထွက်ပြေးလာရတဲ့ ပြည်သူတွေအနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ ယခုရက်ပိုင်းအတွင်း သမီးတစ်ဦး၊ သားတစ်ဦး အမွှာရင် သွေးမွေးဖွားခဲ့တာဖြစ်တယ်။

အဆိုပါ အမွှာမောင်နှမကို တော်လှန်ရေးကာလ သေနတ်သံများကြား မွေးဖွားခဲ့၍ အုန်းအုန်းနှင့် ဒိုင်းဒိုင်းဟု ချစ်စနိုး ခေါ်တွင်နေကြသည်။

Source – People’s Spring

  • ခင်ဦးတွင် စစ်ရှောင်အဖွားအိုတစ်ဦး အအေးမိသေဆုံး

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ သရက်ကုန်းကျေးရွာမှ အသက် ၉၁ နှစ်အရွယ် ဒေါ်ခင်တုပ်ဟာ တောထဲစစ်ရှောင်ရင်း အအေးပတ်သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံကနေ စုံစမ်းသိရှိရပါတယ်။  

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကိုင်းမြို့အခြေစိုက် အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံစစ်ကြောင်းဟာ မတ်လ ၆ ရက်နေ့ကစပြီး ခင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ နေအိမ်တွေကို မီးလိုက်ရှို့နေတာကြောင့် မုံလှ၊ သာဝတ္ထိ၊ သရက်ကုန်း၊ ရှင်မင်းတွေ၊ ကလုံ၊ ငါးရုံကြီးနဲ့ ရှားတောကျေးရွာက ရွာခံ တွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။

Source – Irrawaddy

  • အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးတွေကို ကန်သံရုံးဂုဏ်ပြု

မြန်မာနိုင်ငံမှာ တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဉီးဆောင်လှုပ်ရှားခဲ့တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို ဂုဏ်ပြုတဲ့အကြောင်း မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့မှာ ရန်ကုန် အမေရိကန်သံရုံးက Facebook စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ လူထုဒေါ်အမာ၊ ဒေါ်ဇင်မာအောင်၊ မသီတာ (စမ်းချောင်း)၊ ဒေါက်တာစင်သီယာမောင် တို့ရဲ့ ပုံတွေနဲ့အတူ ဒီမိုကရေစီရေးနဲ့ တန်းတူရေးအတွက် ဉီးဆောင်လှုပ်ရှားခဲ့သူတွေရဲ့ ပုံတွေကို အတူတွဲပြီး လူမှု ကွန်ရက်မှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း Generation Z ဂျန်ဇီလို့ခေါ်တဲ့ မျိုးဆက်သစ် အမျိုးသမီး ငယ်တွေရဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုရှေ့တန်းကအဓိက ပါဝင်ခဲ့တဲ့အကြောင်း အမေရိကန် ငြိမ်းချမ်းရေး ဌာန USIP ရဲ့ အစီရင်ခံစာတွေမှာ ဖေါ်ပြထားပါတယ်။ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေဟာ အန္တရာယ်ကို မကြောက် မရွံ့၊ အဖမ်းဆီးခံ၊ နှိပ်စက်ညှဉ်းပန်းခံရတဲ့အကြား ဒီမိုကရေစီရေးအတွက် ဆက်လက်လှုပ်ရှားခဲ့တာကို အသိအမှတ် ပြုရေးသားထားပါတယ်။  

Source – VOA  

  • ချင်းမိုင်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်လမ်းလျှောက် ချီတက်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့အထိမ်းအမှတ်အဖြစ် ထဘီအလံလွှင့်ထူ လမ်းလျှောက် ချီတက်ပွဲနဲ့အတူ ဟော ပြောပွဲတွေ ၊ ရိုးရာယဉ်ကျေးမှုပြပွဲတွေ၊ သရုပ်ဖော်ပွဲတွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မတ်လ ၈ရက်နေ့ ညနေပိုင်းက  ပြုလုပ်ခဲ့ပါတယ်။

Nawarat  တံတားအနီး Buddhist Center မှ Tha Phae Gate သို့ ထဘီအလံထူကာ လမ်းလျှောက်ချီတက်ခဲ့ကြပြီး အဲ့ဒီအထိမ်းအမှတ်ပွဲကို အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ ( LB)နဲ့ MAP Foundation၊ တခြားသော အဖွဲ့ အစည်း တွေပူးပေါင်းပြုလုပ်ခဲ့တာဖြစ်တယ်။

နှစ်စဉ် မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပြီး ကမ္ဘာတဝန်းလုံးမှာ အမျိုးသမီး အခွင့် အရေးနဲ့ ကျားမတန်းတူညီမျှရေးတို့အတွက် အသိအမြင်မျှဝေရေး လှုပ်ရှားမှုတွေကို နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။

Source – Irrawaddy

  • ကမ္ဘာ့မွေထိုင်းလက်ဝှေ့အဖွဲ့က ဂုဏ်ပြုရွေးချယ်သည့် ထိပ်တန်း အမျိုးသမီးလက်ဝှေ့မယ် ၁၀ဦး တွင် ဘရော်နီကာ ပါဝင်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာမွေထိုင်းလက်ဝှေ့အဖွဲ့(WMO)က ထိပ်တန်းမွေ ထိုင်းလက်ဝှေ့မယ် ၁၀ ဦးကို ရွေးချယ်ဖော်ပြရာမှာ မြန်မာနိုင်ငံက ကယန်းကျားသစ်မယ်ဘရော်နီကာ လည်းပါဝင် ပါတယ်။

ကမ္ဘာမွေထိုင်းလက်ဝှေ့အဖွဲ့ကဂုဏ်ပြုရွေးချယ်ထားတဲ့ အမျိုးသမီးလက်ဝှေ့သမား ၁၀ ယောက်ထဲမှာ အမေရိကန် နှစ်ယောက်၊ ထိုင်းသုံးယောက်၊ ယူကေနှစ်ယောက်၊မြန်မာ၊ပြင်သစ်နဲ့ဩစတြေးလျက မွေထိုင်းလက်ဝှေ့သမား တစ် ဦးစီ ပါဝင်ပါတယ်။

အမေရိကန်နိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ် Sylvie Von Duuglas.lttu က နံပတ် ၁ နေရာမှာ ရွေးချယ်ဖော်ပြထားပြီး မြန်မာနိုင်ငံ ကယန်းကျားသစ်မယ် ဘရော်နီကာကိုတော့ နံပတ် ခုနစ်နေရာမှာဖော်ပြထားပါတယ်။

Source – DVB

Author:

Related Articles