ရှင်ငြိမ်း
တော်လှန်ရေးကာလမှာ သက်ငယ်မုဒိမ်းမှုအပါအဝင် အမျိုးသမီးတွေအပေါ်နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေက ထုတ်ဖော်ပြောသင့်မသင့်ဆိုတာနဲ့ပတ်သက်ပြီး အမျိုးသမီးရေးလှုပ်ရှားသူတွေနဲ့ အမျိုးသားတချို့ကြားအငြင်းပွားစရာ ဖြစ်နေတာကို တွေ့ရပါတယ်။
တချို့ကလည်း ရန်သူစစ်တပ်ရဲ့ပြောစရာ၊ ထောက်ပြစရာဖြစ်လာမှာ စိုးတာကြောင့် ဒါတွေကိုအခုအချိန်မှာ မပြောသင့်ဘူးလို့ ဆိုသလို တချို့ကလည်း ကျူးလွန်သူတွေကို လွှတ်မထားဘဲ ပြောကိုပြောရမယ့် ကိစ္စဆိုပြီးငြင်းခုန်နေကြတာဖြစ်ပါတယ်။
အဲ့ဒီလိုဖြစ်လာတာကတော့ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်က မုံရွာသပိတ်ခေါင်းဆောင် မချောစုဟန်မှ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပွားမှုများလာတာနဲ့ ပတ်သက်ပြီးပြောထားတဲ့ ရုပ်သံဖိုင်တစ်ခုကိုသူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှလာတဲ့အပေါ် အခြေခံပြီး ငြင်းခုန်နေကြတာပါ။
မချောစုဟန်က“ကျနော်တို့အညာမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းဟာ အာဏာသိမ်းပြီးနောက်မှာ အင်မတန်မှများလာတယ်။ အဲ့ဒီသက်ငယ်မုဒိမ်းမှုတွေကို အရေးယူမှုရှိလားလို့မေးရင် ငွေနဲ့ကျေအေးပေးလိုက်တဲ့ကိစ္စရပ်တွေ မိသားစုကိစ္စဆိုပြီး အမှု ပျောက်သွားတာမျိုးတွေ ဒါမျိုးတွေနဲ့ပဲ ကျနော်တို့ကြုံတွေ့နေရတယ်။ အဲ့ဒီတော့ သက်ငယ်မုဒိမ်းမှုတွေကို ထိန်းသိမ်းဖို့ကခက်ခဲလာတဲ့အနေအထားဖြစ်လာပါတယ်။”လို့ ပြောပါတယ်။
စစ်ရေးပြင်းထန်နေတဲ့ အညာဒေသမှာ သက်ငယ်မုဒိမ်းမှုတွေဟာ မိသားစုအချင်းချင်း ကျူးလွန်တာရှိသလို စစ်ရှောင်စခန်းတွေထိ ကျူးလွန်တာတွေရှိလာကြောင်း သူကထည့်သွင်းပြောထားတာဖြစ်ပါတယ်။
ဒီရုပ်သံဖိုင်ကိုသုံးပြီး စစ်တပ်လော်ဘီချန်နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေစိုးမိုးထားတဲ့ဒေသတွေမှာ PDF တွေက အမျိုးသမီးနဲ့ ကလေးငယ်တွေပါမချန် မုဒိမ်းကျင့်တာတွေ လုပ်ဆောင်နေတယ်လို့ ဝါဒဖြန့်လာတာပါ။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတစ်ဦးဖြစ်တဲ့ ကိုသန့်နိုင်ဇော်က “သူတို့(စစ်တပ်)ကနဂိုထဲကအကြောင်းရှာနေတာဆိုတော့ ဒီလိုပြောစရာဖြစ်မယ့်ကိစ္စတွေ၊ စကစ ဝမ်းသာမယ့်ကိစ္စတွေကို ဖြစ်နိုင်ရင်ကျနော်ကတော့ မတင်စေချင်ဘူး။ နောက်ဒါ တွေက တော်လှန်ရေးကိုသွေးကွဲစေတယ်။”လို့ ပြောပါတယ်။
တော်လှန်ရေးကိုသွေးကွဲစေတယ်ဆိုတာက ပြည်သူအတွက် အသက်ပေးတိုက်နေတဲ့ ရဲဘော်တွေအနည်းငယ်သာရှိလို့ မုဒိမ်းမှုအတွက်သူတို့ကိုအပြစ်ပေးအရေးယူမယ် ဖယ်ထုတ်လိုက်မယ်ဆိုရင် စစ်အင်အား လူအင်အားလျော့သွားနိုင်တာကို ဆိုလို တာဖြစ်ပါတယ်။
ကိုသန့်နိုင်ဇော်အပါအဝင် အမျိုးသားအများစုကတော့ မုဒိမ်းမှုအပါအဝင် အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေက တော်လှန်ရေးကာလတွေမှာ မပြောသင့်ဘူး၊ မထုတ်ဖော်သင့်ဘူးဆိုတဲ့ အမြင်တွေရှိနေကြတာပါ။
အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူ မမေစံပယ်ဖြူကတော့“ကျမတို့ပြည်သူအားလုံးက ပြစ်မှုကို ပြစ်မှုလို့ပဲမြင်ရမယ်။ မုဒိမ်းမှုကိုလည်း မုဒိမ်းမှုလို့မြင်ရမယ်။ မုဒိမ်းပြုကျင့်တဲ့သူကိုလည်း မုဒိမ်းကောင်လို့ မြင်ရမယ်။ စစ်တပ်ကလုပ်မှမဟုတ်ဘူး။ တော်လှန်ရေးဘက်ကလူလုပ်လည်း မုဒိမ်းကျင့်သူက မုဒိမ်းကောင်ပဲ။ ရာဇဝတ်သားပဲ။ ဥပဒေဆိုတာ ကျောသားရင်သားမခွဲ ခြားဘူး။”လို့ ခွန်းတုံ့ပြန်ခဲ့ပါတယ်။
အခုလိုမျိုး ပြစ်မှုကျူးလွန်တာ မုဒိမ်းမှုဆိုတာက နိုင်ငံတကာမှာဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ဥပဒေမှာဖြစ်ဖြစ် ရာဇဝတ်မှု၊ ပြစ်မှုဖြစ်ကြောင်း သူကရှင်းပြပါတယ်။
“အဲ့ဒီလိုရာဇဝတ်မှု၊ ပြစ်မှုကျူးလွန်တာကို ကျမတို့ကဘယ်အချိန်ကျမှပြောရမယ်။ ဘယ်အချိန်မှာ မပြောရဘူးဆိုတာက အဓိပ္ပါယ်ရှိသလား။”လို့လည်း သူကမေးခွန်းထုတ်ခဲ့ပါတယ်။
မချောစုဟန်ကတော့ သူ့အနေနဲ့ သွေးခွဲနေတာမဟုတ်သလို ကိုယ့်အစိုးရ (NUG) သိအောင် ပြောရတာဖြစ်ပြီး အမျိုးသမီးတွေမြေပြင်မှာ လုံခြုံမှုရှိအောင် ဒါတွေက ပြောသင့်ပြောထိုက်လို့ ပြောရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီကာလမှာ မုဒိမ်းမှုတွေကို ရေငုံနှုတ်ပိတ်နေလိုက်တာနဲ့ တပြိုင်နက်ထဲ မုဒိမ်းကောင်ကပြစ်ဒဏ်လည်းမရှိဘူး။ ငါတို့လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတဲ့ မင်းမဲ့တိုင်းပြည်လိုလုပ်မှာကို ကျနော်တို့ အင်မတန်မှစိုးရိမ်ပါတယ်။”လို့ သူကဆက်ပြောပါတယ်။
တော်လှန်ရေးမှာပါဝင်နိုင်ဖို့ ဒီလမ်းဒီခရီးကို ဆက်လျှောက်နိုင်ဖို့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်း အလုပ်လုပ်နိုင်ဖို့ အမျိုးသမီးတွေလုံခြုံမှုရှိမှဖြစ်မှာပါ။ ဒါကိုတွေးပြီး သူ့အနေနဲ့ မုဒိမ်းမှုတွေကို ထုတ်ဖော်ပြောရတာဖြစ်ကြောင်းဆိုပါတယ်။
စစ်အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက်ပိုင်း အမျိုးသမီးနဲ့ ကလေးတွေအပေါ်ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားနှုန်းကပိုမိုများပြားလာတယ်လို့ အမျိုးသမီးရေးလှုပ်ရှားတဲ့ အဖွဲ့တွေကထောက်ပြပါတယ်။
အရပ်သားအချင်းချင်း ကျူးလွန်တဲ့အမှု၊ အကြမ်းဖက်စစ်တပ်က ကျူးလွန်တဲ့အမှုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကကျူးလွန်တဲ့ အမှုဆိုပြီးတော့လည်း မြင်တွေ့လာရကြောင်း အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
အခုလိုဖြစ်ပွားမှုများလာတာဟာ ဥပဒေစနစ် တရားရေးယန္တရားပျက်စီးမှု ပြစ်ဒဏ်ပေးခြင်းကနေ ကင်းလွတ်ခွင့်ရနေတာနဲ့ အကြမ်းဖက်မှုတွေကို တားဆီးတဲ့အစီအစဉ်တွေမရှိတာကြောင့် ဖြစ်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ရဲ့ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က ပြောပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ ကောက်ယူထားတဲ့စာရင်းတွေအရ စစ်အာဏာသိမ်းကာလသုံးနှစ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပေါင်းဟာ ၁၀၉ မှုရှိတယ်လို့ သိရပါတယ်။ ဒီစာရင်းကလက်လှမ်းမီသရွေ့ ကောက်ယူထားတဲ့စာရင်းဖြစ်ပြီး မြေပြင်မှာတော့ ယခုထက် ပိုမိုများပြားနိုင်တဲ့အခြေအနေဖြစ်ပါတယ်။
“ပိုဆိုးလာတာက အစိုးရကနှစ်ရပ်ဖြစ်နေတော့ ဟိုတိုင်ရမှာလိုလို ဒီတိုင်ရမှာလိုလိုဖြစ်တယ်။ နောက်ပြည်သူတွေက အရင်လို ရုံးတွေ စခန်းတွေ သွားပြီး ရဲရဲဝံ့ဝံ့မတိုင်ရဲကြတော့ဘူး။ အဲ့ဒီတော့ ပြည်သူတွေကတိုင်ဖို့မလုပ်တော့ဘဲ ညှိနှိုင်းပြေလည်လိုက်တယ်။ တချို့ဆို နှစ်ဦးနှစ်ဖက် ပေးစားလိုက်ကြတာတွေရှိတယ်။”လို့ သပိတ်ခေါင်းဆောင် မချောစုဟန်က ဆိုပါတယ်။
ဒါပေမဲ့မြေပြင်မှာတော့ NUG ကဖွဲ့ပေးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ အများအခေါ် ပလဖ၊ ပရဖ၊ ပကဖတို့ကအမှုတွေကို ဆောင်ရွက်ဖြေရှင်းတာ ရှိတယ်ဆိုပေမယ့် ပြည်သူတွေလက်လှမ်းမမီနိုင်သေးတာကြောင့် ထိရောက်မှုအား နည်းနေသေးတာဖြစ်ပါတယ်။
“ဒီလိုအားနည်းချက်တွေကြောင့် မုဒိမ်းကောင်တွေလွတ် လွတ်သွားတော့မုဒိမ်းမှုတွေပိုအဖြစ်များလာတာကို ကျနော်တို့တွေ့ ရတယ်။ တိုင်တန်းဖို့ သေချာစီစဉ်ပေးထားမယ်ပြီးတော့ အဓိကက နယ်မြေတိုင်းလိုလိုမှာအရေးယူဆောင်ရွက်မှုတွေထိထိ ရောက်ရောက် ရှိဖို့လိုတာပေါ့။”လို့သူက ရှင်းပြပါတယ်။
မုဒိမ်းမှုကျူးလွန်သူတွေ လွတ်မြောက်နေတာဟာ အမျိုးသမီးတွေအတွက်လုံခြုံမှုမရှိသလိုလွန်စွာလည်း အန္တရာယ်ရှိကြောင်း မချောစုဟန်က ထောက်ပြပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပြည်သူတစ်ဦးဖြစ်တဲ့ ကိုစိုးမြင့်ကတော့ အမျိုးသမီးတွေ အနေအထိုင်မတတ်လို့မုဒိမ်းမှုဖြစ်တာက တော်လှန်ရေးထက် အရေးကြီးလားလို့ ပြောပါတယ်။
အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူ မနော်မာရီကတော့“အနေအထိုင်မတတ်လို့ ဆိုရအောင် အိမ်ထဲက အပြင်မထွက်တဲ့ သူကအိမ်ထဲမှာ မုဒိမ်းကျူးလွန်ခံရတာကရော ဘယ်လိုအကြောင်းပြချက်ပေးမှာလဲ။”လို့ တုံ့ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ကျင့်သုံးလာတဲ့ ရိုးရာယဉ်ကျေးမှုအရ မုဒိမ်းကျင့်ခံလိုက်ရပြီဆိုရင် ယုတ်ညံ့သွားတယ်ဆိုတဲ့အယူအဆတွေရှိတာကြောင့် တချို့အမျိုးသမီးတွေက ထုတ်ဖော်မပြောဝံ့တာတွေလည်း ရှိနေတာဖြစ်ပါတယ်။
အဲဒီအယူအဆတွေကြောင့် မုဒိမ်းမှုကျူးလွန်ခံရသူတွေကို အရှက်ရအောင်ပြောဆိုတာ၊ သိမ်ငယ်အောင်ပြုလုပ်တာ၊ လူမှုအသိုင်းအဝိုင်းကြားကနေ မောင်းထုတ်တာတွေလည်း ရှိပါတယ်။
“ထုတ်ဖော်ပြောလိုက်ရင်လည်း နောက်ဆက်တွဲဆိုးကျိုးတွေက အများကြီးရှိတယ်ဆိုတော့ တော်ရုံ ဒီလိုကိစ္စတွေကို ထုတ်ဖော်ပြောလေ့မရှိဘူး။ ဘာလို့ဆိုတော့ မြန်မာနိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်းကကျူးလွန်သူထက် ကျူးလွန်ခံရသူတွေကို အပြစ်ဖို့ တဲ့စနစ်တစ်ခုက စနစ်တကျဖြစ်နေတယ်။”လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဒေါ်တင်တင်ညိုကရှင်းပြပါတယ်။
သူတို့တွေဟာ ရိုးရာယဉ်ကျေးမှုအရဖိအားတွေရှိသလို တရားဥပဒေစိုးမိုးရေး မရှိတာနဲ့ ယခင်လိုကျူးလွန်ခံရသူတွေကို အကာအကွယ်ပေးတဲ့ အမျိုးသမီးအဖွဲ့တွေမရှိတော့တာကလည်း အကြမ်းဖက်ကျူးလွန်ခံရသူတွေအတွက် ကူကယ်ရာမဲ့တဲ့ အခြေအနေပိုဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။
ဒါတွေကလည်း ထုတ်ဖော်ပြောဆိုဖို့ တရားမျှတမှုရရှိဖို့ ဖော်ဆောင်ဖို့အတွက်က အကြီးမားဆုံးအကန့်အသတ်တွေလို့ ပြောရမှာဖြစ်ပါတယ်။
“အဲ့ဒီလိုမထုတ်ဖော်တာကလည်း တစ်ဖက်ကိုကျူးလွန်ခွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။”လို့ ဒေါ်တင်တင်ညိုက ထောက်ပြပါတယ်။
ကိုစိုးမြင့်ကတော့ “ဒီအချိန်မှာတော်လှန်ရေးက အရေးကြီးဆုံးပဲ။ တော်လှန်ရေးကို နှောင့်နှေးထစ်ငေါ့စေမယ့် စကားတွေကို မပြောသင့်ဘူး။ လူတွေ စစ်ကြားမှာဒုက္ခရောက်နေချိန် မုဒိမ်းကိစ္စတွေကပြောဖို့ လိုလို့လား။”လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးဟာ စနစ်ကိုတော်လှန်တဲ့တော်လှန်ရေးဖြစ်သလို အယူအဆအတွေးအခေါ်ကို တော်လှန်တဲ့ တော်လှန်ရေး ဖိုဝါဒနဲ့ ဗမာလူမျိုးကြီးဝါဒကို တော်လှန်တဲ့တော်လှန်ရေး ဖြစ်ပါတယ်။ အကြမ်းဖက်မှုဖြစ်လို့ ထုတ်ဖော်ပြောဆိုတာဟာ တော်လှန်ရေးကို နှောင့်နှေးစေတာလုံးဝမဟုတ်ဘူးလို့လည်း နာင်းမို့မို့က ခွန်းတုံ့ပြန်ခဲ့ပါတယ်။
တော်လှန်သူအချင်းချင်းက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကသာ တော်လှန်ရေးကိုအမှန်တကယ် နှောင့်နှေးစေကြောင်းသူက ရှင်းပြပါတယ်။
လက်ရှိတော်လှန်ရေးကာလမှာ နိုင်ငံရဲ့ မဏ္ဍိုင်သုံးရပ်လုံးပျက်စီးနေတာကြောင့် ကျူးလွန်သူတွေကို ဥပဒေအရအရေးမယူ နိုင်သေးသလို အမျိုးသမီးတွေဟာ လုံခြုံမှုမရှိတဲ့အနေအထားနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ကိုသန့်နိုင်ဇော်ကတော့ “မလုံခြုံဘူးဆိုတာအမျိုးသမီးတွေမှမဟုတ်ဘူး။ တစ်နိုင်ငံလုံးပဲ။ အခုလိုပြောလိုက်တော့ စကစက ပုံဖျက်ဖို့ အခွင့်အရေးရသွားတာပေါ့။ နောက် ဒီကာလမှာအရေးယူတာမရှိသေးတော့ ပြောလိုက်တဲ့မိန်းကလေးလည်း တစ် ရှက်ကနှစ်ရှက် ဖြစ်ရတယ်။”လို့ ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က မုဒိမ်းမှုဖြစ်မှ ပုံဖျက်တာမဟုတ်သလိုတော်လှန်ရေးကို အရောင်မှိန်စေဖို့ တော်လှန်ရေးကို နာမည်ပျက်စေဖို့အတွက် နည်းလမ်းပေါင်းစုံ ခေါင်းစဉ်ပေါင်းမြောက်များစွာသုံးပြီး စိတ်ဓါတ်စစ်ဆင်ရေးလုပ်နေမှာဖြစ်တယ်လို့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ မမေစံပယ်ဖြူကသတိပေးပါတယ်။
“စကစ ပုံဖျက်မှာစိုးလို့ မုဒိမ်းမှုတွေကို နှုတ်ဆိတ်နေရမယ်ဆိုတဲ့ အတွေးအခေါ်အယူအဆက ကျမတို့လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတယ်။ မုဒိမ်းကောင်တွေကိုဆက်ပြီးတော့မှ မုဒိမ်းကျင့်ခွင့်လိုင်စင်ပေးလိုက်တာနဲ့အတူတူပဲ။”လို့ သူကသတိပေးခဲ့ ပါတယ်။
မုဒိမ်းပြုကျင့်သူတွေဟာ သူတို့ အရေးယူအပြစ်ပေးတာမခံရဘူးဆိုတာကိုသိရင် နောက်ထပ်၊ နောက်ထပ် သားကောင်ရှာပြီး မုဒိမ်းမှုတွေ ဆက်တိုက်ကျူးလွန်နေဦးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“အဲဒီတော့ ကျမတို့ကမုဒိမ်းကောင်ကို မုဒိမ်းကျင့်ခွင့်လိုင်စင်ပေးမလား။ အဲ့ဒီလို မုဒိမ်းကျင့်ခွင့်မရအောင်ကျမတို့ရဲ့ ပြည်သူတွေက တားဆီးကာကွယ်မလား ဆိုတာကိုဆုံးဖြတ်ရမှာဖြစ်တယ်။”လို့ မမေစံပယ်ဖြူကပြောပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကိစ္စရပ်တွေကို ပြန်လည်တည်ဆောက်ရေးလုပ်တဲ့အချိန် တိုင်ကြားအရေးယူမှုတွေ လုပ်လာနိုင်တဲ့အချိန်မှပြောတာကအားလုံးအတွက် ပိုမကောင်းဘူးလားလို့ ကိုသန့်နိုင်ဇော်ကသူ့သဘောထားကိုညှိနှိုင်းလာတာဖြစ်ပါတယ်။
WLB ရဲ့ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့ကတော့“စနစ်သစ်တည်ဆောက်လိုတဲ့အခါမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့လုံခြုံရေးကို ထည့်သွင်းမစဉ်းစားဘူး။ အရေးတယူမဆောင်ရွက်ဘူးဆိုရင်တော့ ဘယ်လိုမှ ကျမတို့မျှော်မှန်းတဲ့ ငြိမ်း ချမ်းပြီး တရားမျှတတဲ့လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်မှာမဟုတ်ဘူး။”လို့ ဆိုပါတယ်။
လက်ရှိတရားဥပဒေစိုးမိုးမှုမရှိတဲ့ ကာလမှာဆိုရင် မုဒိမ်းမှုတွေဟာအမျိုးသမီးတွေပဲ ကျူးလွန်ခံနေရတာ မဟုတ်တော့ဘဲ အမျိုးသားတွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT) တွေပါ ကျူးလွန်ခံရတာတွေရှိလာတာဖြစ်ပါတယ်။
“တော်လှန်ရေးကာလမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ အိုကေတယ်ဆိုတဲ့အတွေး၊ အယူအဆကို ကျမတို့ တော်လှန်စိန်ခေါ်ဖို့လိုတယ်။”လို့ နာင်းမို့မို့က အသိပေးပါတယ်။
ဒီလိုအကြမ်းဖက်မှု မုဒိမ်းမှုတွေကို တွေ့မြင်လျှက်နဲ့ တိုင်ကြားမှုမရှိတာက အမျိုးသမီးတွေ အကြမ်းဖက်ခံရဖို့ ပိုမိုတွန်းအားပေးသလိုဖြစ်စေပြီး တိုင်ကြားသူမရှိဘဲ တိမ်မြုပ်ပျောက်ကွယ်နေတာကလည်း စိုးရိမ်စရာဖြစ်နေပါတယ်။
- လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအတွက် တရားမျှတမှုအလှမ်းဝေးနေသေး - 18/12/2024
- စစ်ဘေးရှောင်စခန်းက အမျိုးသမီးနဲ့ကလေးငယ်တွေအတွက် အလင်းတစက် - 17/12/2024
- တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ - 16/12/2024