ရှင်ငြိမ်း
“အရင်ကတော့ ရှေးအယူအဆတွေကြောင့် မိန်းကလေးတွေ ကိုယ်ခံပညာသင်ဖို့အခွင့်အရေးမရကြဘူး။ အာဏာသိမ်းပြီးနောက် မိဘတွေကိုယ်တိုင် အမြင်တွေပြောင်းပြီး သမီးမိန်းကလေးတွေကို သင်ပေးဖို့ဆန္ဒရှိလာတယ်။”လို့ကိုဂျိုးဇက်က ပြောပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကိုဂျိုးဇက်ဟာ အမျိုးသမီးတွေကို တန်ဖိုးထားလေးစားသူဖြစ်တာကြောင့် အမျိုးသမီးတွေအကြမ်းဖက်ခံရတာ မြင်တွေ့ကြားသိရတိုင်း စိတ်မကောင်းဖြစ်နေတတ်သူပါ။
ကိုယ်ခံပညာဆိုတာကလည်း ကိုယ်ကာယအားကိုအသုံးပြုပြီး ကာကွယ်တိုက်ခိုက်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ ကိုယ်ခံပညာသင်တာက ကာကွယ်တိုက်ခိုက်တာအပြင် တန်ပြန်တိုက်စစ်ကိုလည်း သုံးနိုင်တဲ့ပညာရပ်တစ်ခုပါ။
ဒါ့အပြင် ကိုယ်ကာယ လှုပ်ရှားရပြီး သန်မာလာအောင်လေ့ကျင့်ရတဲ့အတွက် ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ ကိုယ်ခံပညာတတ်ထားရင် ကိုယ့်ကိုကို ယုံကြည်မှုရှိလာမယ်၊ ရည်မှန်းချက်ခိုင်မာ တည်ကြည်လာမယ်။ လုံခြုံမှုရှိတယ်လို့ ပိုမိုခံစားရမယ် စတဲ့အကျိုးကျေးဇူးတွေ ရနိုင်မှာဖြစ်ပါတယ်။
လက်ရှိနိုင်ငံရဲ့နေရာအနှံအပြားမှာလည်း စစ်အာဏာရှင်ကိုတော်လှန်တဲ့ စစ်ရေးပဋိပက္ခတွေကြားမှာ အမျိုးသမီးတွေဟာ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံနေရတာဖြစ်ပါတယ်။
“အခုချိန်က တရားဥပဒေကလည်း စိုးမိုးမှုမရှိဘူး။ တိုင်းပြည်ကလည်း မအေးချမ်းဘူး။ ဒီထဲအမျိုးသမီးတွေကလည်း နည်းမျိုးစုံနဲ့အကြမ်းဖက်ခံနေရတယ်။ စစ်သားက မုဒိမ်းကျင့်လို့။ ယောကျာ်းကရိုက်လို့။ သမီးရည်စားက ရိုက်လို့စတာတွေကို ကာကွယ်နိုင်ဖို့သင်ပေးချင်တာပါ။”လို့သူသင်တန်းဖွင့်ရတဲ့ရည်ရွယ်ချက်ကို ပြောပါတယ်။
အကြမ်းဖက်မှုတွေကို ခုခံကာကွယ်နိုင်ဖို့နဲ့ တန်ပြန်တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ ကိုယ်ခံပညာ သင်တန်းကို စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ တိတ်တဆိတ်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ကိုဂျိုးဇက်အနေနဲ့ ကိုယ်ခံပညာသင်တန်းကို အခုမှဖွင့်ခဲ့တာမဟုတ်ပါ။ ကိုဗစ်ရောဂါမဖြစ်မီက အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး ကိုယ်ခံပညာသင်တန်းဖွင့်ခဲ့ပေမယ့် ရှေးရိုးစွဲတွေကြောင့် တက်ရောက်သူမရှိသလောက်နည်းတဲ့အတွက် နှစ်လ လောက်ဖွင့်ပြီး နောက်ပိုင်းပိတ်ပစ်ခဲ့ရတာဖြစ်ပါတယ်။
“အရင်ကတော့ မိန်းကလေးဆိုတာ သိမ်သိမ်မွေ့မွေ့နေရမယ်။ ကိုယ်ခံပညာသင်ဖို့ မလိုဘူးဆိုပြီး တားတာပေါ့။ နောက်တော့ သူတို့ကိုယ်တိုင် လိုလိုလားလားနဲ့သွားတက်ခိုင်းတာ။”လို့ ကိုယ်ခံပညာသင်ဖို့ ကန့်ကွက်ခံခဲ့ရတဲ့ မိဆုက ဆိုပါတယ်။
အသက် ၁၉ နှစ်အရွယ် မိဆုဟာ ကိုဂျိုးဇက် ပထမဆုံးဖွင့်တဲ့ကိုယ်ခံပညာသင်တန်းကို မိဘတွေခွင့်မပြုတဲ့ကြားက ရအောင် ကြိုးစားတက်ရောက်ခဲ့တဲ့ သင်တန်းသူ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
“မိန်းကလေးဆိုတာ အချိန်တန်လို့ယောကျာ်းယူရင် လုံခြုံပြီလို့ထင်တာ အဲ့လိုအတွေးလောက်ရှိတဲ့ ပတ်ဝန်းကျင်ပေါ့။ မိန်းကလေးတယောက်က သူ့ကိုယ်သူကာကွယ်နိုင်ရင် ပိုလုံခြုံမယ်ဆိုတဲ့အတွေးမျိုး သူတို့မှာ ရှိမနေဘူး။ အဲ့ကြောင့် ညီမ ဒီသင် တန်းတက်ချင်တာ။ ဘာတွေပြောင်းသွားလဲဆိုတာ မိဘတွေကိုပြချင်တယ်။”လို့ မိဆုက ဆိုပါတယ်။
ရှေးဆန်တဲ့အတွေးအခေါ်တွေရှိနေသေးတဲ့ မြန်မာနိုင်ငံမှာတော့ ကိုယ်ခံပညာ၊ မြန်မာ့သိုင်း၊ လက်ဝှေ့နဲ့ ကရာတေး စတဲ့ တိုက်ခိုက်ရေးသင်တန်းတွေကို အမျိုးသားတွေသာ အများဆုံးသင်ယူလေ့ရှိပြီး သူတို့နဲ့ယှဉ်ရင်တော့ အမျိုးသမီးအရေအတွက်က လွန်စွာနည်းနေသေးတာဖြစ်ပါတယ်။
ဒီလိုအယူအဆတွေရှိနေတဲ့ မိဆုရဲ့မိဘတွေကလည်း အမျိုးသမီးတွေဟာ တိုက်ခိုက်ရေးသင်တာထက် အိမ်မှုကိစ္စကျွမ်းကျင် ရေးကိုသာအဓိကလို့ ယုံကြည်တဲ့အတွက် မတက်ခိုင်းတာပါ။
မိခင်ကတော့ မထောက်ခံသလို ကန့်ကွက်တာလည်းမရှိပေမယ့် ဖခင်ဖြစ်သူကတော့ ခါးခါးသီးသီးကန့်ကွက်နေတဲ့ကြားက “သမီးအဖြစ် စွန့်ပစ်လည်းပစ်။ ဒါမှမဟုတ် ရိုက်လည်းရိုက်။”ဆိုပြီး ဘယ်သူမှမပြောဘဲ သင်တန်းသွားတက်ခဲ့တယ်လို့ ဆိုပါတယ်။
အစပိုင်းမှာတော့ မိဘတွေက သူတို့စကားနားမထောင်ဘဲ သွားတက်ရမလားဆိုပြီး ရိုက်နှက်တာ၊ အခန်းထဲပိတ်လှောင် တာမျိုးလည်း မကြာခဏဆိုသလို ကြုံခဲ့ရတာဖြစ်ပါတယ်။
“ဆရာနဲ့ ဆရာမက ညီမအရိုက်ခံရတာသိတော့ ငါတို့လည်းမဖွင့်တော့ဘူး။ နင်လည်းမလာနဲ့တော့။ ငါတို့ပြန်ဖွင့်ရင် နင့်ကို အကြောင်းကြားမယ်ဆိုပြီး ညီမကို ပြန်လွှတ်လိုက်လို့ နားလိုက်ရတာပေါ့။”လို့ မိဆုက ပြောပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက် စစ်တပ်က နည်းမျိုးစုံနဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ၊ ခေတ်အခြေအနေအရ လုံခြုံမှုမရှိတော့တာတွေကို မြင်တွေ့တဲ့အခါမှာတော့ မိဆုမိဘတွေရဲ့အတွေးပြောင်းလဲလာပုံရပါတယ်။ နောက်တကြိမ် ပြန်ဖွင့်တဲ့အခါမှာတော့ မိဘတွေကိုယ်တိုင်က လိုလိုလားလားနဲ့ သင်တန်းလိုက်အပ်ပေးခဲ့တာဖြစ်ပါတယ်။
မိဆုရဲ့ဖခင်ဖြစ်သူက“သမီးတစ်ယောက်ထဲရှိတာဆိုတော့ စိတ်ပူတယ်။ အစကတော့ ဒါတွေမလိုဘူးလို့ထင်ခဲ့တာ။ နောက်တော့ ငါတို့မရှိရင် တစ်ယောက်ထဲခက်မယ်ဆိုပြီး ခေတ်အခြေအနေအရလည်း စိုးရိမ်စရာဖြစ်နေလို့ မတရားမှုနဲ့ကြုံခဲ့ရင် ကာကွယ်နိုင်အောင်ဆိုပြီး တက်ခိုင်းတာပါ။”လို့ ပြောပါတယ်။
“ဒီလိုခေတ်ပျက်ကြီးမှာ မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုကိုယ်ခုခံကာကွယ်နိုင်အောင် ကိုယ်ခံပညာတတ်တတ်ထားရင်တော့ အကောင်းဆုံးပဲ။ ညီမဆိုရင် အရင်က လူကြောက်တယ်။ အခုတော့ ဘာမှမကြောက်ဘူး။”လို့ မိဆုက ဆိုပါတယ်။
ကိုဂျိုးဇက်အနေနဲ့ အခုလိုအမျိုးသမီးတွေကို အဓိကထားပြီး ကိုယ်ခံပညာသင်ပေးရတဲ့ အကြောင်းအရင်းက သူ့မှာ ရှိနေတာဖြစ်ပါတယ်။ ပြောမယ်ဆိုရင် သူ့ငယ်စဉ်ဘဝကနေ စတင်ရမှာပါ။
သူဟာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA)ကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့က ကျေးရွာလေးတစ်ခုမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပါတယ်။
ငယ်စဉ်ထဲက စစ်ပဋိပက္ခကြားမှာ မွေးဖွားလာပြီး သူတို့မိသားစုဟာ အကြိမ်ကြိမ်စစ်ဘေးရှောင်ရင်း ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ဖြတ်သန်းခဲ့ရပါတယ်။ အကြိမ်ကြိမ်စစ်ပြေးနေရတဲ့အတွက် ကိုဂျိုးဇက်နဲ့ အစ်မဖြစ်သူတို့ဟာ စာမသင်ခဲ့ရပါဘူး။
ဒီပြည်တွင်းစစ်ကြောင့် ဖခင်ဖြစ်သူလည်း မိုင်းထိကာဆုံးပါးသွားခဲ့ရသလို အစ်မဖြစ်သူကလည်း စစ်ကြားမှာ ပျောက်ဆုံးခဲ့ရပါတယ်။ ဒါကြောင့် သူဟာ စစ်ကို အလိုမရှိသလို ရွာထဲဝင်ပြီး အမျိုးသမီးတွေကို အနိုင်ကျင့်စော်ကားနေတဲ့ စစ်သားတွေ ကိုလည်း ရွံ့ရှာမုန်းတီးနေခဲ့သူဖြစ်ပါတယ်။
သူဟာ ငယ်စဉ်ထဲက မုဆိုးဖြစ်တဲ့ဖခင်ထံမှာ ရိုးရာသိုင်းနဲ့ သေနတ်ပစ်တာကိုကောင်းကောင်းသင်ယူတတ်မြောက်ခဲ့သူပါ။
ဖခင်မရှိတော့တဲ့နောက် အသက်ငယ်ငယ်နဲ့ မုဆိုးမဖြစ်သွားတဲ့သူ့မိခင်ကို ရွာထဲခဏဝင်နားတဲ့ စစ်ကြောင်းမှ စစ်သားတချို့ က မုဒိမ်းကျင့်ဖို့ကြံတော့ သူတတ်တဲ့သိုင်းပညာနဲ့ ခုခံကာကွယ်ခဲ့တာဖြစ်ပါတယ်။
“ကျနော့်အမေကို စော်ကားဖို့ကြံတဲ့စစ်သားတွေကို ထင်းတုံးနဲ့ကောက်ရိုက်ခဲ့တာ။ အဲ့တုန်းက ကျနော်က ဆယ်နှစ်နှစ်သားပဲရှိသေးတာ။ သူတို့ကလည်း သေနတ်နဲ့ပြန်ပစ်လို့ ကျွန်တော်လက်မောင်းထိသွားတယ်။”လို့ ကိုဂျိုးဇက်က ဆိုပါတယ်။
ဒီသေနတ်သံကြောင့် ကျန်တဲ့စစ်သားတွေရောက်လာပြီး ခေါင်းဆောင်ဖြစ်သူက သူ့တပ်သားတွေကိုခေါ်ကာ ရွာကနေ ထွက်သွားခဲ့တာဖြစ်ပါတယ်။ အခုလိုဖြစ်ပြီး တစ်ပတ်အကြာမှာတော့ မိခင်က သားဖြစ်သူရဲ့နောင်ရေးကို စိတ်ပူတဲ့အတွက် ဆွေမျိုးတွေရှိတဲ့ ကလေးမြို့ကို ပြောင်းလာခဲ့တာဖြစ်ပါတယ်။
“ကလေးကိုရောက်တော့ ကျနော်တို့မှာ ငွေဆိုတာတပြားတကျပ်တောင်မပါလာဘူး။ ဘုရားကျောင်းမှာ ခိုကပ်နေရင်း အလုပ်လုပ်ပြီး ငွေရှာရတယ်။ အရွယ်ငယ်တဲ့အချိန်ရတဲ့စိတ်ဒဏ်ရာကကြီးတော့ ဘယ်အရာမှ ကျနော်မေ့လို့မရခဲ့ဘူး။”လို့ သူက ဆက်ပြောပါတယ်။
မြို့ပေါ်ရောက်တော့လည်း နေ့တိုင်းလိုလို တစ်နေရာမဟုတ် တစ်နေရာမှာ အမျိုးသမီးတွေအကြမ်းဖက်ခံရတဲ့သတင်းတွေ၊ ထိကပါးရိကပါး စနောက်တာတွေ မြင်တွေ့ကြားသိရတိုင်း စိတ်မသက်မသာဖြစ်နေခဲ့တာပါ။
အမျိုးသမီးတွေ အကြမ်းဖက်မခံရအောင် တစ်ခုခုလုပ်ပေးနိုင်ရင်ကောင်းမယ်ဆိုပြီးသူတွေးမိပေမယ့် သားအမိနှစ်ယောက် ရပ်တည်ရေးက အခြေမကျသေးတာကြောင့် ၁၅ နှစ်အတွင်းဘာမှ မလုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။
သူအိမ်ထောင်ကျပြီးတော့ ကလေးတွေကို ရိုးရာသိုင်းကို အခမဲ့သင်ပေးဖို့ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမဲ့ သူနေထိုင်တဲ့ ပတ်ဝန်းကျင်က နွမ်းပါးသူတွေများတဲ့အတွက် သင်ဖို့အချိန်မပေးနိုင်ခဲ့ကြပါဘူး။
ဒါနဲ့ သူဆန္ဒရှိနေတဲ့ အမျိုးသမီးတွေကို ကိုယ်ခံပညာသင်ပေးဖို့ အစီအစဉ်ကို စတင်ပါတော့တယ်။ ဒါပေမဲ့ သင်တန်းလာ တက်တဲ့သုံးယောက်မှာ နှစ်ယောက်က မိဘခွင့်ပြုချက်မရဘဲ လာတက်ကြတဲ့သူတွေဖြစ်ပါတယ်။
သင်တန်းရဲ့စည်းကမ်းအရ မိဘတွေရဲ့ခွင့်ပြုချက်နဲ့ လက်ခံတာဖြစ်တဲ့အတွက် ရေရှည်မှာပြဿနာရှိလာနိုင်တာကြောင့် နှစ်လအကြာမှာတော့ ပိတ်လိုက်ရပါတယ်။
အဲ့ဒီမှာ ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်နီးပါးနားလိုက်ရပါတယ်။ ကိုဗစ်ပြီးတော့ တချို့လုပ်ငန်းတွေလည်း ပြန်လည်ပတ်လာတော့ သူလည်း သူ့သင်တန်းကို ပြန်စဖို့ပြင်ဆင်နေတဲ့ကာလမှာ စစ်တပ်က နိုင်ငံတော်အာဏာကိုမတရားသိမ်းယူဖို့ကြိုးပမ်း တဲ့ဖြစ်စဉ်နဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့သပိတ်တွေပေါ်လာတော့ သူကိုယ်တိုင်လည်း အမျိုးသမီးမီးဖွားတာတောင် သွားမကြည့်နိုင်တဲ့အထိ ဆန္ဒပြပွဲတွေနဲ့ အလုပ်ရှုတ်နေခဲ့တာပါ။
နောက်ပိုင်း သပိတ်တွေထွက်ဖို့ခက်လာပြီး လက်နက်ကိုင်လမ်းစဉ်ပြောင်းသွားတော့ သူလည်း တော်လှန်ရေးကို တဖက်တလမ်းကကူညီရင်း အမျိုးသမီးတွေကို ကိုယ်ခံပညာသင်ပေးဖို့ ပြန်လည်လုပ်ဆောင်လာခဲ့တာပါ။
ကိုဂျိုးဇက်က“လုယက်တာတွေ အနိုင်ကျင့်ခံရတာတွေများလာတော့ သူငယ်ချင်းတွေက ငါ့သမီးလေး၊ ငါ့တူမလေးကို သင်ပေးပါလားဆိုတာနဲ့ ကျွန်တော်တို့လည်း သင်တန်းကိုပြန်စလိုက်တယ်။”လို့ ဆိုပါတယ်။
ကိုယ်ခံပညာသင်တန်းကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ သင်တန်းသူ ၅ ဦးနဲ့ တစ်ပတ်ကို ငါးရက်သတ်မှတ်ပြီး သင်တန်းကြေးသုံးသောင်းကျပ်နဲ့ စတင်သင်ပေးခဲ့တာဖြစ်ပါတယ်။
“ဒီသင်တန်းကြေးက လက်ရှိကုန်ဈေးနှုန်းနဲ့ဆိုရင် ဈေးဖိုးတစ်ရက်စာသာရှိတယ်။ နောက်ဒီဝင်ငွေက ကျနော်တို့မိသားစုသုံးဖို့ မဟုတ်ပါဘူး။ သင်တန်းကြေးတဝက်ကို စစ်ရှောင်တွေကို ထောက်ပို့ပေးဖို့ပါ။ ကျန်တာက သင်တန်းအတွက် လိုအပ်တာ ဝယ်ဖို့ပေါ့။”လို့ သူက ရှင်းပြပါတယ်။
သင်တန်းကို ဘယ်သူမှ မသိအောင်ပေးရတာဖြစ်တဲ့အတွက် သင်တန်းသူဟောင်းတွေနဲ့ နီးစပ်တဲ့မိတ်ဆွေအပေါင်းအသင်းတွေရဲ့ထောက်ခံချက်၊ မိဘအုပ်ထိန်းသူရဲ့ခွင့်ပြုချက်နဲ့မှ သင်ပေးမယ်ဆိုတဲ့ စည်းကမ်းကို သတ်မှတ်ထားပါတယ်။
ပထမတော့ သင်တန်းသူ ငါးဦးနဲ့ စတင်ပေမယ့် နောက်ပိုင်းမှာ မိဘတွေကိုယ်တိုင်က လိုလိုလားလားရှိလာတာကြောင့် သင်တန်းတခုကို အနည်းဆုံး သင်တန်းသူ ၁၀ ဦးထိတိုးမြှင့်သင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
သင်တန်းသူတွေထဲမှာ အသက် ၁၀ နှစ်ကျော်မှ အသက် ၅၀ အရွယ်အမျိုးသမီးတွေပါဝင်ပြီး အများစုကတော့ အသက် ၂၀ ဝန်းကျင် တက္ကသိုလ်ကျောင်းသူတွေဖြစ်ကြပါတယ်။
အသက် ၁၂ နှစ်အရွယ်နဲ့ အသက် ၅၀ နှစ်အရွယ်အမျိုးသမီးတွေကတော့ ကျန်းမာရေးနဲ့ ဝါသနာအရ လာတက်ကြတဲ့သူတွေဖြစ်ပြီး အများစုကတော့ အကြမ်းဖက်မှုကို ကာကွယ်ချင်လို့ တက်ရောက်ကြတာဖြစ်ပါတယ်။
သင်တန်းကတော့ ဘယ်နှစ်လပြတ်သင်တန်းရယ်လို့မဟုတ်ဘဲ များများတတ်ချင်တဲ့သူကို များများသင်ပေးဖို့ ရည်ရွယ်ပါတယ်လို့ ပြောပါတယ်။
အဓိကသင်ကြားပေးတာကတော့ အမျိုးသမီးတစ်ယောက်အကြမ်းဖက်ခံရရင် ဘယ်လိုခုခံကာကွယ်မလဲ။ ဘယ်လိုပြန် တိုက်ခိုက်ရမလဲဆိုတဲ့ အခြေခံနည်းစနစ်တွေ သင်ပေးနေတာဖြစ်ပါတယ်။
“တိုက်တာ ခိုက်တာကတော့ ချက်ခြင်းသင်လို့မရဘူး။ အရင်ဆုံး ခန္ဓာကိုယ်ကြံခိုင်လာအောင် လေ့ကျင့်ပေးရတယ်။ သွေးပူ လေ့ကျင့်ခန်းလိုမျိုးကနေ စရတယ်ပေါ့။”လို့သူက ရှင်းပြပါတယ်။
သင်တန်းလာတက်တဲ့အများစုကတော့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ဆိုတာထက် ဘယ်လိုတုံ့ပြန်တိုက်ခိုက်ရမလဲဆိုတာကို ပိုစိတ်ဝင်စားကြကြောင်း သင်တန်းဆရာကိုဂျိုးဇက်က ရှင်းပြပါတယ်။
“အကြမ်းဖက်ဖို့ လက်နဲ့ရွယ်လိုက်တာနဲ့ ကိုယ်က ဦးအောင်ချက်ခြင်းပြန်တိုက်ခိုက်နိုင်ရမယ်။ အဲ့ဒါဆိုရင် အမျိုးသမီးတွေဟာ ဘာကိုမှကြောက်နေစရာမလိုတော့ဘူး။ ရဲရင့်လာမယ်။ ယုံကြည်ချက်ရှိလာမယ်ပေါ့။ အဲ့လို ရည်ရွယ်ပါတယ်။”လို့ ဆို ပါ တယ်။
ကိုယ်ခံပညာသင်တန်းကို ၆ လလောက်တက်ခဲ့ဖူးတဲ့ မစိုးစိုးဆိုရင် သူ့ဆိုင်ကို ထမင်းလာစားတဲ့အမျိုးသားတစ်ဦးက ထိပါး ဖို့ ကြိုးစားတဲ့အတွက် မျက်နှာကို တံတောင်နဲ့တိုက်ကာ ခုခံတိုက်ခိုက်တဲ့အတွက် အဲ့ဒီလူဟာ ဖူးရောင်ညိုမဲကာ ပါးစပ်က သွေးထွက်သွားတဲ့အခြေအနေထိ ကြုံခဲ့ရတာဖြစ်ပါတယ်။
အသက် ၂၀ နှစ်ဝန်းကျင်သာရှိသေးတဲ့ မစိုးစိုးဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ကနေ ကလေးမြို့ကို လိုင်းကားနဲ့လာပြီး သင်တန်းတက်ခဲ့တဲ့သူဖြစ်ပါတယ်။ သူက နေအိမ်မှာ ထမင်းဆိုင်ဖွင့်ပြီး မိသားစုသုံးဦးရပ်တည်နေကြသူတွေပါ။
“သူတို့(စစ်တပ်)က စစ်ကြောင်းဝင်တဲ့ရွာက အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်။ ကျမတို့ရွာဆိုခဏခဏမုဒိမ်းမှုဖြစ်တယ်။ ဒါကြောင့် ဒီသင်တန်းကို စိတ်ဝင်စားပြီး တက်ဖြစ်ခဲ့တယ်။ အခုတော့ရွာက အမျိုးသမီးတွေကို ပြန်သင်ပေးနိုင်ပြီ။”လို့ သူက ပြောပါတယ်။
ယခင်အစိုးရလက်ထက်မှာ အမျိုးသမီးတွေ ကိုယ်ခံပညာသင်ကြားနိုင်ဖို့ အားကစားဝန်ကြီးဌာနက ဖွင့်လှစ်ပေးတာရှိပေမယ့် လူမသိတာနဲ့ သွားဖို့ခက်တဲ့အတွက် တက်ရောက်မယ့်သူမရှိခဲ့ပါဘူး။
ဒါပေမဲ့ “အခရာ” အမျိုးသမီးကွန်ရက်ကတော့ ဒုစရိုက်မှုတွေများပြားတဲ့ ရန်ကုန်မြို့မှာ အမျိုးသမီးတွေ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး ကိုယ်ခံပညာသင်ပေးတာရှိခဲ့ပါတယ်။
ဒါကလည်း အာဏာသိမ်းပြီးနောက်မှာ ဒီအဖွဲ့တွေက စစ်တပ်ရဲ့ရန်ကိုရှောင်ရှားနေရတဲ့အတွက် သင်တန်းတွေလည်း ရပ်သွားခဲ့တာဖြစ်ပါတယ်။
ယခင်အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ထုတ်ပြန်စာရင်းတွေအရ ၂၀၁၉ ခုနှစ်မှာ အမျိုးသမီးတွေ နည်းမျိုးစုံ နဲ့ အကြမ်းဖက်ခံရတဲ့အမှုပေါင်းဟာ ၆၅၈ မှုရှိခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ ၇၁၇ မှုထိတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းထားတဲ့ သုံးနှစ်တာကာလအတွင်း စစ်တပ်လက်ချက်နဲ့ အမျိုးသမီး ၁၂၀၁ ဦးသေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရေးအသင်း(AAPP)ရဲ့စာရင်းတွေအရ သိရပါတယ်။
အခုလိုခေတ်ပျက်ကြီးမှာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပေါ် ဒုစရိုက်ကျူးလွန်မှုတွေ အများအပြားရှိတာကြောင့် အမျိုးသမီး၊ အမျိုးသား၊ ကလေး၊ လူကြီး အကုန်လုံးတတ်ထားသင့်တဲ့ ပညာလည်းဖြစ်ပါတယ်။
မစိုးစိုးက “ကျမဆန္ဒကတော့ အမျိုးသမီးတွေအနေနဲ့ ဒီကိုယ်ခံပညာကို တတ်ကိုတက်စေချင်တာပါ။ အနည်းဆုံးတော့ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တယ်။ နောက်မှ မိသားစု၊ ပတ်ဝန်းကျင်၊ ရပ်ရွာနဲ့ နိုင်ငံထိပါစောင့်ရှောက်နိုင်မှာပေါ့။”လို့ ဆို ပါတယ်။
ရှေးရိုးစွဲတွေဖြစ်တဲ့ အမျိုးသမီးဆိုရင် အိမ်မှုကိစ္စကျွမ်းကျင်ရုံ၊ အိမ်ထောင်ထိန်းသိမ်းနိုင်ရုံနဲ့လောက် ဘဝကို ကုန်ဆုံးမသွားစေချင်ဘူး။ ကိုယ့်ကိုကိုယ့်လည်း ကြံခိုင်စွာနေနိုင်အောင် လုပ်ဆောင်သင့်တယ်လို့ သူက အကြုံပြုထားပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေအနေနဲ့ အခုလိုတိုက်ခိုက်ရေးတွေကို စိတ်ဝင်စားလာတာကလည်း ကောင်းတဲ့ အချက်ဖြစ်တယ်လို့ ကိုဂျိုးဇက်က အခုလိုမှတ်ချက်ပြုထားပါတယ်။
“အမျိုးသမီးတွေအနေနဲ့ ကိုယ့်လုံခြုံရေးအတွက် ကိုယ်တိုင်တာဝန်ယူနိုင်တဲ့သူတွေဖြစ်လာတာက တကယ့်ကို ဂုဏ်ယူစရာပါပဲ။”
- လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအတွက် တရားမျှတမှုအလှမ်းဝေးနေသေး - 18/12/2024
- စစ်ဘေးရှောင်စခန်းက အမျိုးသမီးနဲ့ကလေးငယ်တွေအတွက် အလင်းတစက် - 17/12/2024
- တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ - 16/12/2024