ထနောင်းမေ
မြန်မာ့လူ့မှုအသိုင်းအဝိုင်းမှာသုံးနှုန်းနေတဲ့ “မိန်းမဖျက် ပြည်ပျက်”၊ “ကြက်မတွန်လို့မိုးမလင်း” စတဲ့အမျိုးသမီး တွေကိုနှိမ့်ချတဲ့ စကားပုံတွေကို ရှေးအစဉ်အဆက်ကတည်းက သုံးစွဲလာကြပါတယ်။
လူတစ်ဦးတစ်ယောက်က မကောင်းတဲ့ကိစ္စရပ်တခုခုကို ကျူးလွန်လို့ အပြစ်တင်ကြတဲ့အခါ “ထဘီဝတ် ပေးထားရမှာ”၊ “မိန်းမကျင့် မိန်းမကြံနဲ့”၊ “မိန်းမလိုမိန်းမရနဲ့” ၊“အခြောက်ကြီးကျနေတာပဲ”၊“မင်းကအခြောက်လား” “အခြောက်လုပ်ရမှာ”စတဲ့ စကားအသုံးအနှုန်းတွေကို တွင်တွင်ကျယ်ကျယ်သုံးနေကြတာ တွေ့ရပါတယ်။
ကျူးလွန်သူကိုသာ ပြစ်တင်ဝေဖန်တဲ့အသုံးအနှုန်းမျိုးကို မသုံးနှုန်းကြပဲ အပျက်သဘောဆောင်တဲ့ အမျိုးသမီးနာမ်၊ အမျိုးသမီးတွေက မကောင်းတဲ့အကျင့်အကြံပြုသူအဖြစ် ပုံစံခွက်သွတ်သွင်းကာသုံးနှုန်းနေကြတာပါ။
လူမှုအသိုင်းအဝိုင်းရဲ့ စံနှုန်း၊ အတွေးတွေထဲမှာ အမျိုးသမီးတွေ၊ LGBT တွေဟာ အမြဲတစ်ဆင့်နိမ့်နေတတ်ပြီး နှိမ့်ချရမယ့်အသိုင်းအဝိုင်းလို့ မြင်နေကြတာ၊ အသားကျနေတဲ့ လူမှုစံနှုန်းတွေထဲ ထပ်တလဲလဲအမျိုးသမီးတွေကို စကားလုံးတွေနဲ့ ဖိနှိပ်တာ၊ ခေတ်စနစ်နဲ့ ယဉ်ကျေးမှုတွေပြောင်းလဲလာပေမယ့် ဖိုဝါဒကြီးစိုးလွှမ်းမိုးခံရတဲ့အခြေအနေတွေကြောင့် ဒီလိုအပြုအမူတွေကို ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်တာနဲ့အတူ အတွေးအခေါ်တော်လှန်ရေးကိုပါ တစ်ပါတည်းဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေနဲ့ LGBT တွေကို ခွဲခြားနှိမ့်ချတဲ့ ရှေးရိုးစွဲအယူ အဆတွေ၊အတွေးအခေါ်တွေကို တွန်းလှန်နေချိန်မှာ အသေးအမွှားလို့ထင်ရတဲ့ အသုံးအနှုန်း ကိစ္စရပ်တွေကိုပါ ချန်ထားလို့မရပါဘူး။
ဒီအသုံးအနှုန်းတွေကို ခုချိန်ထိဘာရည်ရွယ်ချက်တွေနဲ့သုံးနေကြလဲ၊ ဘာကြောင့် ပြောင်းလဲဖို့လိုအပ်နေပြီလဲဆိုတာ ဆန်းစစ်ကြည့်ဖို့အချိန်ရောက်ပြီပဲဖြစ်ပါတယ်။
ဒီအသုံးအနှုန်းတွေကို လူမှုအသိုင်းအဝိုင်းမှာသုံးနေကြတာဘာကြောင့်လဲ
အမျိုးသမီးနဲ့ LGBT တွေကိုနှိမ့်ချတဲ့အသုံးအနှုန်းတွေကို စအသုံးပြုလာကြတဲ့သူတွေ ကိုယ်တိုင်က ဖိုဝါဒီကြီးစိုးတဲ့ အတွေးအခေါ်နဲ့ကြီးပြင်းလာတာကြောင့်ဖြစ်နိုင်သလို အမျိုးသမီးတွေကိုနှိမ်တာဟာ သမာရိုးကျ ကိစ္စတစ်ခုလိုပဲ သဘောထားလို့ မသိမသာနဲ့ စအသုံးပြုခဲ့ကြပြီး တွင်ကျယ်လာတာ ဖြစ်နိုင်တယ်လို့ အသက်(၂၂)နှစ် အရွယ် ကျောင်းသူတစ်ဦးဖြစ်တဲ့ လှိုင်းမြတ်က သူ့အမြင်ကိုဖွင့်ဟပါတယ်။
“အဲဒီလို အသုံးနှုန်းတွေက ယောကျာ်းလေးတွေကို နှိမ်ချင်တဲ့အခါ သုံးကြတာများတာမျိုးဆိုတော့ နှိမ်ဖို့အတွက်ဒီ Characteristics အတွက်နဲ့မိန်းကလေးတွေက တစ်ဆင့်နိမ့်ပေးရသလိုခံစားရတယ်။ ပျော့ညံ့တာကို ဆိုလိုချင်တဲ့အခါ တစ်ခြားစကားလုံးတွေ အများကြီးရှိရက်နဲ့ ထမီဝတ်ပေးထားရမှာ ဆိုတာမျိုးက မလိုအပ်ဘူးလို့ ထင်တယ်” လို့ သူ့အမြင်ကိုပြောပါတယ်။
ဘာသာစကားအသုံးပြုမှုမှာစကားပုံတွေကို ဥပမာ- ဥပမေယျအနေနဲ့ ပိုပေါ်လွင်အောင်ဖြစ်ဖြစ်၊ လူမှုစံနှုန်းတွေကို ထင်ဟပ်ဖို့ဖြစ်ဖြစ်၊ ဆိုလိုရင်းပိုထင်ရှားဖို့ပဲဖြစ်ဖြစ်သုံးကြတာ၊ ကိုယ့်ရဲ့စကားဝိုင်းကို ပေါ့ပေါ့ပါးပါး ဖြစ်သွားအောင် အရွှန်းဖောက်တဲ့အချိန်တွေမှာလည်း စကားပုံတွေကအသုံးဝင်ပြီး အရပ်ပြောစကားနဲ့အသုံးအနှုန်းတွေကလည်း စကားလုံးအဓိပ္ပါယ်ပိုထင်ရှားပေါ်လွင်ဖို့ အထောက်အကူပေးတဲ့ ဘာသာစကားရဲ့အစိတ်အပိုင်းတွေပါပဲလို့ စာရေးဆရာမတစ်ဦးဖြစ်တဲ့ Grace (အမည်လွှဲ)ကရှင်းပြပါတယ်။
စကားပုံတွေ၊ အသုံးအနှုန်းတွေကို အထက်ကပြောခဲ့တဲ့ဘာသာစကားရည်ရွယ်ချက်တွေအတွက် ရှေးက သုံးကြတဲ့အခါ ကျားဆန်မှုကို အရေးပေးတဲ့ ရှေးက လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေက သုံးတဲ့ဘာသာစကားမှာ အတူတွဲပါလာတဲ့သဘောဖြစ်ပါတယ်လို့ စာရေးဆရာမက ဆက်ပြောပါတယ်။
“ဥပမာယူပြောရရင် “ မြင်းကမလှုပ် ခုံကလှုပ်” ဆိုတဲ့စကားပုံပဲဆိုပါတော့။ဒီစကားပုံရဲ့ အဓိပ္ပါယ်ကို စဥ်းစားကြည့်ရင် အကြောင်းကိစ္စတခုခုဆောင်ရွက်ဖို့ လိုအပ်တဲ့သူက အရင်မစဘဲ တည်တည်ငြိမ်ငြိမ်နေရမယ့်သူကစတယ်ဆိုတဲ့ သဘောရှိတဲ့ ဘယ်လိုအခြေအနေမှာမဆို သုံးလို့ရတဲ့စကားပုံလို့ ဆိုနိုင်ပါတယ်။ တကယ်တမ်း အမျိုးသမီး တစ်ယောက်ယောက်ကို မြန်မာ့လူမှုစံနှုန်းဖြစ်တဲ့ အိန္ဒြေစောင့်ထိန်း မှုမရှိဘူးလို့ အပြစ်တင်ချင်တဲ့အခါမှာ ဒီစကားပုံ သုံးကြတယ်။ ဆိုလိုတာက စကားလုံးရဲ့နောက်ကွယ်မှာ ဒီစကားလုံးနဲ့ပတ်သက်ပြီး မှတ်ယူသဘောပေါက်ထားမှုရှိတဲ့အကြောင်း ထောက်ပြချင်တာပါ”လို့ ရှင်းပြပါတယ်။
ဒါကြောင့် ခွဲခြားနှိမ်ချတဲ့စကားအသုံးအနှုန်းတွေကို မသိလိုက်မသိဘာသာသုံးနေတာဟုတ်ရဲ့လားဆိုတာကို တစ်ဦး တစ်ယောက်ချင်းစီတိုင်းက ကိုယ့်ဘာသာ ပြန်လည်ဆန်းစစ်ကြသင့်တယ်လို့ စာရေးဆရာမ Grace ကထောက်ပြပါတယ်။
အရင်တုန်းက ဒီလိုစကားလုံးအသုံးအနှုန်းတွေက ခွဲခြားမှုကိုဖြစ်စေတယ်ဆိုတာကို သိရှိသူလက်လှမ်းမှီ သူနည်းခဲ့ကြသလို ဒီလိုခွဲခြားနှိမ့်ချတဲ့အသုံးအနှုန်း၊ အပြုအမူတွေကို မလုပ်ရ၊ မပြောရဆိုပြီး အသိပညာပေးမှုတွေလည်း အားနည်းခဲ့တာကြောင့် ဒီလိုအသုံးအနှုန်းတွေကိုသုံးစွဲခဲ့ကြတာဖြစ်တယ်လို့ LGBT အခွင့်အရေးလှုပ်ရှားသူ မမြတ်နိုးဖြူကပြောပါတယ်။
လက်ရှိအချိန်ထိ နှုတ်ကျိုးပြီးအသုံးပြုနေကြတာကိုတော့ အပြစ်မမြင်ပေမယ့် မသိလို့သုံးမိတဲ့အခါ ခွဲခြားမှုကိုဖြစ်စေတယ်ဆိုတဲ့ အကြောင်းရှင်းပြလိုက်ရင် တချို့ကတော့လက်ခံပြောင်းလဲလာပေမယ့် တချို့ကတော့ တမင်ကို ရည် ရွယ်ချက်ရှိရှိအသုံးပြုနေကြတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။
“ယနေ့ခေတ်မှာ လူ့အခွင့်အရေးဆိုတဲ့ ဗဟုသုတ၊ ကျား-မတန်းတူရေး၊ မတူကွဲပြားသူတွေကို အတူတကွယှဉ်တွဲ နေထိုင်ရေးဆိုတာတွေက IT ခတ်တိုးတက်လာတာနဲ့အမျှ အသိအမြင်တွေပွင့်လာကြပြီ ဒါကိုမှ ဒီလို စကားလုံးတွေ၊ အပြုအမူတွေက ခွဲခြားမှုကိုဖြစ်စေတယ်ဆိုရင် ပြောင်းလဲစေချင်တယ်”လို့ မမြတ်နိုးဖြူကဆိုပါတယ်။
အတွေးအခေါ်အဟောင်းတွေတိုက်ဖျက်တဲ့အခါ အသုံးအနှုန်းတွေကိုပါ ပြုပြင်ပြောင်းလဲသင့်ပြီလား
တော်လှန်တယ်ဆိုတဲ့နေရာမှာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အတွေးအခေါ်၊အယူအဆ၊ စနစ်တွေ၊ အကုန်လုံးကို ပြောင်းလဲဖို့အတွက် တော်လှန်ရေးဆင်နွှဲနေတဲ့ကာလဖြစ်ပြီး စနစ်ကိုအသစ်ဖန်တီးဖို့အတွက် လူ့အဆောက် အအုံတွေကိုအသစ်ပြန်လည်ဖန်တီးဖို့အတွက် ကြိုးပမ်းနေတာဖြစ်တဲ့အတွက် ဒီလိုအတွေးအခေါ်မျိုးတွေက စွန့်ပစ်လိုက်သင့်ပြီလို့ယူဆကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံကသူ့အမြင်ကိုပြောပါတယ်။
ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတဲ့အခါမှာလည်း အစားထိုးလာတဲ့ အခေါ်အဝေါ်အသုံးအနှုန်းတွေကို ဆန်းစစ်ပြီးမှ ကိုယ်ပိုင်လူမှုဘဝ၊ ဘာသာစကားအပေါ်သဘောထားတွေကို ချိန်ထိုးစဥ်းစားပြီး အဖြေရှာဖို့လည်းလိုတယ်လို့ စာရေးဆရာမ Grace ကလည်း ထောက်ပြပါတယ်။
“ပြီးခဲ့တဲ့တလောက လူတွေတော်တော်သတိထားမိသွားကြတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေကို နှိမ်ချခေါ်တဲ့ အသုံးအနှုန်းအကြောင်းပဲ ပြန်စဥ်းစားရင် ကျွန်မတို့က ဒီအသုံးကို မကြိုက်တဲ့အတွက် နောက်ပိုင်းတင်သွင်းလာတဲ့ LGBTQIA+ ဆိုတဲ့ အသုံးမျိုးတွေကို တကယ်ပဲ လက်ခံမွေးစားလိုက်မှာလား။ ဒါက တကယ်ပဲ ကျွန်မတို့ မြန်မာလူ့ အဖွဲ့အစည်းအတွက် အဖြေဖြစ်နိုင်မလား ဆိုတာတွေအထိ အသေးစိတ်သွားကြည့်ပြီး ဖိနှိပ်တဲ့သဘော အခြေခံ လုံးလုံးမပါတဲ့ အသုံးအနှုန်းတွေကို ဆန်းစစ်ကြည့်နိုင်ရင် ဒီအတွေးအခေါ်တော်လှန်ရေးက ပိုအဓိပ္ပါယ်ရှိမယ်လို့ ယုံကြည်ပါတယ်”လို့ဆိုပါတယ်။
ဒါ့အပြင် အသုံးအနှုန်း ဘာသာစကားပြောင်းလဲမှုကို အာရုံစိုက်ပြောဆိုရုံတင်မကဘဲ တစ်ဦးချင်းစီရဲ့ ဦးနှောက် အတွင်းစိတ် သိနားလည်မှုမှာ ဖိနှိပ်မှုသဘော၊ဖိုဝါဒကြီးစိုးမှုသဘောတွေကို မဖယ်ရှားနိုင်သရွေ့ ဒီအတွင်းစိတ်သိမှု ကလာတဲ့ ဘယ်စကားလုံးက ဘယ်လောက်ပဲကောင်းမွန်နေပါစေထူးခြားလာမှာမဟုတ်ဘူးလို့ စာရေးဆရာမ Grace ကသူ့အမြင်ကိုဖွင့်ဟပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးမှာ လူ့အခွင့်အရေးလို့ အော်နေ၊ တိုက်ပွဲဝင်နေသူတွေ၊ နိုင်ငံရေးကို ဦးဆောင်နေပါတယ်ဆိုတဲ့ သူတွေကိုယ်တိုင်က အမျိုးသမီးအခွင့်အရေး၊ လိင်စိတ်ခံယူမှုကွဲပြားသူတွေအရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး စတဲ့အရေးများစွာကို အခုချိန်မှာ အရေးကြီးနေတယ်လို့ကို မမြင်ကြတဲ့အတွက် အာဏာရှင်စနစ်နဲ့အတူ အခွင့်အရေးတွေ တန်းတူရရှိဖို့ တိုက်ယူရတာက အာဏာရှင်ကို တိုက်ရတာထက် ပိုခက်တယ်လို့ LGBT အခွင့်အရေးလှုပ်ရှားသူ မမြတ်နိုးဖြူကဆိုပါတယ်။
“ဒါ့ကြောင့်ရှေးရိုးစွဲနောက်ပြန်နေတဲ့ ခွဲခြားနေတဲ့စကားလုံးတွေ၊ ခွဲခြားမှုတွေကိုဖော်ပြတဲ့အပြုအမူတွေဖော်ပြမှုတွေဟာ ဒီလိုအချိန်မှာ မပြင်ဆင်ကြရင် သေချာပါတယ် သူတို့ပြောသလို အာဏာရှင်ကိုသာ တိုက်ထုတ်လို့ရမယ် ရှေးရိုးစွဲနေတဲ့ လူတွေရဲ့ မပြည့်ဝတဲ့ အတွေးအခေါ်တွေကိုတော့ ဘယ်တော့မှ တိုက်ထုတ်လို့ရတော့မှာ မဟုတ်ဘူးဆိုတာပဲ။ အဲ့ဒါရဲ့နောက်ဆက်တွဲဟာ အာဏာရှင်၊ သဘာဝဘေးအန္တရာယ်တွေထက် ပိုဆိုးလာတဲ့ လူမှုအသိုင်းအဝိုင်းပဲဖြစ်နေအုန်းမယ်”လို့မမြတ်နိုးဖြူကထောက်ပြပါတယ်။
ဒီလိုအသုံးအနှုန်းတွေကိုမသုံးသင့်ကြောင်း၊ လက်မခံကြောင်းပြောဆိုတဲ့အခါမှာ တစ်ဖက်မှာလည်းလွတ်လပ်စွာ ပြောဆိုခွင့်အရ စိတ်ကြိုက်ပြောဆိုနိုင်ကြောင်း ပြန်လည်ချေပခုခံတာမျိုးတွေလည်း တွေ့ရတက်ပါတယ်။
ဒါပေမယ့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့နေရာမှာ အကန့်အသတ်ရှိပြီး တပါးသူကိုထိခိုက်စေတာမျိုးကိုတော့ ခွင့်မပြုထားဘူးလို့ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
“ပြောချင်တာ ပြောမှာပေါ့ဆိုတဲ့ဟာက လွတ်လပ်စွာပြောဆိုခွင့်ကိုအသရေဖျက်တယ်။ လွတ်လပ်စွာပြောဆိုခွင့်ကို abuse လုပ်တာဖြစ်တယ်။ ဒါကြောင့် လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ အကန့်အသတ်ရှိတယ်။ ပြောနေတဲ့စကားတွေက အစုအဖွဲ့ ၊ သူတပါး၊ တစ်ဦးတစ်ယောက်သော်လည်းကောင်း အစုအဖွဲ့ကိုသော်လည်းကောင်း ထိခိုက်နစ်နာတာမျိုးလုပ်တယ်ဆိုရင် ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်ကို abuse လုပ်တယ်လို့ခေါ်တယ်”လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) ရဲ့မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက သူ့အမြင်ကိုဖော်ပြပါတယ်။
တော်လှန်ရေးကိုအရင်လုပ် ကျန်တာနောက်မှလုပ်
လက်ရှိကာလမှာအမျိုးသမီးအခွင့်အရေး၊ LGBTအခွင့်အရေးတွေကိုပြောတဲ့အခါမှာ တချို့ကတော်လှန်ရေးကိုအရင်လုပ် ကျန်တဲ့အရာတွေကို နောက်မှလုပ် ဆိုတာမျိူးပြောဆိုမှုတွေလည်း ရှိကြပါတယ်။
စာရေးဆရာမ Grace က“ကျွန်မတို့သွားနေတဲ့တော်လှန်ရေးက တကယ်ပဲ ဖိနှိပ်မှုအလုံးစုံကို သေချာ ဆန်းစစ် ဖျက်ချနိုင်တာမရှိဘဲနဲ့တော့ တော်လှန်ရေးလို့ကို မခေါ်အပ်ပါဘူး။ တော်လှန်ရေးမှာပါဝင်နေတယ်လို့ မိမိကိုယ်ကိုယ် ခံယူသူတိုင်း ဒီသဘောကို ကျင့်သုံးဖို့အရေးကြီးပါတယ်။ တော်လှန်ရေးအတွင်းမှာ အမျိုးသမီးတွေနဲ့ လိင်စိတ်ခံယူမှု ကွဲ ပြားသူတွေအပေါ် ခွဲခြားမှု၊ ဖိနှိပ်မှုတွေရှိနေသေးတာက လုံးဝမဖြစ်သင့်ဘူး။ ဒါကိုလည်း ဘယ်လောက် အခက်အခဲရှိရှိ ထောက်ပြပြောဆိုနေရမှာပါ”လို့ ဆိုပါတယ်။
တော်လှန်ရေးဆိုတာ အစိုးရတရပ်ကိုပြောင်းလဲရုံအတွက် လုပ်တာမဟုတ်ဘဲ စနစ်ကိုပြောင်းလဲတာ၊ အတွေးအခေါ်အယူအဆတွေကို ပြောင်းလဲဖို့ကြိုးစားတာ၊ ဟောင်းနွမ်းနေတဲ့အရာတွေကိုဖယ်ရှားပြီးတော့ အသစ်တည်ဆောက်တာကိုတော်လှန်ရေးလုပ်တာမည်တယ်လို့ ဒေါ်နိုးနိုးထက်စံကလည်း ထောက်ပြပြောဆိုပါတယ်။
“အစိုးရစနစ်ကြီးပြောင်းသွားမယ်။ လူတွေရဲ့ အတွေးအခေါ်အဟောင်းတွေကျန်နေမယ်ဆိုရင်ဒီအစိုးရစနစ်ကြီးဘယ်လောက်ပဲပြောင်းပြောင်းကောင်းမွန်တဲ့လူ့အဖွဲ့အစည်း ကိုဖန်တီးနိုင်မှာမဟုတ်ဘူး။ အစိုးရစနစ်ကို ပြောင်း တယ် ဆိုတာ ကောင်းမွန်တဲ့လူ့အဖွဲ့အစည်းကို ဖန်တီးဖို့ဖြစ်တယ်။ ပြုပြင်ဖို့ဖြစ်တယ်။ လုပ်ကိုင်ဖို့ဖြစ်တယ်။ ဒါကြောင့် ရှေ့ဆက်တိုးနိုင်အောင်ဖြစ်တယ်။ conservative ဖြစ်ပြီးနောက်ပြန်ဆွဲနေတဲ့အတွေးအခေါ် နဲ့ အစိုးရသာ ပြောင်း သွားတယ်။ စနစ်သာပြောင်းသွားတယ်။ အတွေးအခေါ်ကြီးက ဒီအတိုင်းဆို တိုးတက်ဖို့ လမ်းမရှိဘူး။ ဒါကြောင့် တော်လှန်ရေးဆိုတဲ့နေရာမှာ ကိုယ်ယုံကြည်တာဘာလဲ ယုံကြည်တဲ့လမ်းကိုသွားဖို့အတွက် ကိုယ့်ရဲ့အကျင့် တွေကို ပြုပြင်ဖို့လိုတယ်။ ကိုယ့်ရဲ့မလိုလားအပ်ဘဲနဲ့ တပါးသူကိုထိခိုက်နေ တဲ့ကိစ္စတွေကိုပြုပြင်ဖို့လိုတယ်။ အဲ့လိုမပြုပြင် နိုင်ဘူးဆိုရင် ဒါတော်လှန်ရေးလို့ မခေါ်ဘူး”လို့ဒေါ် နိုးနိုးထက်စံကဆိုပါတယ်။
ခွဲခြားဆက်ဆံမှုကင်းပြီး တန်းတူညီမျှတဲ့ လူ့မှုအသိုက်အဝန်းဖြစ်ဖို့ဆိုရင် အသေးအဖွဲ့လို့ထင်ရတဲ့ ဖိနှိပ်မှုတွေက တစ်ဆင့်ပြောင်းလဲကာ ပဋိပက္ခကင်းစင်တဲ့ ငြိမ်းချမ်းတဲ့လူ့ဘောင်တခုကိုတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
“လူအဖွဲ့အစည်းထဲမှာ တခုခုကိုဖိနှိပ်နေတယ်။ ဟာသ လုပ်ခံရတယ်။ဒါမှမဟုတ် မတရားဆက်ဆံခံရတယ်လို့ မြင်ရင် နောက်အစုအဖွဲ့ကလည်းဒါကိုလက်ခံမှာမဟုတ်ဘူးလေ။ အဲ့ဒီအစုအဖွဲ့ နှစ်ခုကွဲပြားနေမှတော့ အငြင်းပွားနေမှတော့ တယောက်နဲ့တယောက် ကြည့်လို့မရနေမှတော့ ငြိမ်းချမ်းရေးဆိုတာမရှိတော့ဘူး ရှင်းရှင်းလေးပါပဲ။ အဲ့တော့ ငြိမ်းချမ်းရေးရဖို့ဆိုတာက respect and responsibility လေးစားမှုနဲ့ တာဝန်ယူ တာဝန်ခံတတ်ဖို့ဆိုတာအရေးကြီးတယ်။ အဲ့တော့ လေးစားမှုမရှိဘဲနဲ့တော့ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းရေးမရှိနိုင်ဘူး။ လူ့အဖွဲ့ အစည်းမှာလည်း သူတပါးရဲ့ဖြစ်တည်မှုအပေါ်မှာ ဟာသလုပ်လို့မရဘူး။ ဟာသလုပ်ရင်လေးစားမှု ပျောက်သွားတယ်။ လေးစားမှုပျောက်သွားရင် ပဋိပက္ခဖြစ်မယ်။ ပဋိပက္ခဖြစ်ရင်ငြိမ်းချမ်းမှု ပြန်ပျောက်သွားတာပါပဲ”လို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) ရဲ့မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ဆိုပါတယ်။
ခွဲခြားဆက်ဆံမှုတွေဟာ လူ့အဖွဲ့အစည်းရဲ့ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေတယ်ဆိုတာ အခုလက်ရှိကာလကော ယခင်တည်းက သာဓကတွေကို ကြည့်ရင်လည်း မြင်သာပြီးဘာသာရေးနဲ့ လူတွေကို ခွဲခြားဆက်ဆံခဲ့လို့ ရှေးရိုးစွဲပုံစံခွက်တွေတည်းကနေ အခုထိ ရုန်းမထွက်နိုင်ကြသလို၊ ခွဲခြားဆက်ဆံမှုတွေကနေ အကြမ်းဖက်မှုတွေအထိ ဖြစ်လာပြီး အဲ့အပေါ်မှာ အာဏာတည်ဆောက်ကြတာ၊ နိုင်ငံရေးတည်ဆောက်ကြပြီး ငြိမ်းချမ်းရေးဆိုတာဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်မဟုတ်ပဲ လူတစ်စုကနေပဲ ချုပ်ကိုင်ထားကြတဲ့ ခေတ်မှီ စကားလုံးနဲ့ ငြိမ်းချမ်းရေးဆိုတာကိုပဲ သုံးနေကြတယ်လို့ မမြတ်နိုးဖြူက သူ့အမြင်ကိုပြောပါတယ်။
ဒါကြောင့် ငြိမ်းချမ်းတဲ့နိုင်ငံတခု၊ လူ့အဖွဲ့အစည်းတခုတည်ဆောက်နိုင်ဖို့ တော်လှန်ရေးကာလမှာ အာဏာရှင်စနစ်နဲ့ အတူအတွေးအခေါ်ဟောင်းတွေကိုပါ ခြေဖျက်ပစ်ကြရမှာပဲဖြစ်ပါတယ်။
“ကျွန်မတို့အနေနဲ့ တကယ်ပဲ တန်းတူညီမျှတဲ့ အသိုက်အဝန်းကို တည်ဆောက်ချင်တယ်ဆိုရင် စကားလုံး အသုံးအနှုန်းတွေကအစ သတိထားပြီး သုံးနှုန်းသင့်တယ်လို့”ကျောင်းသူတစ်ဦးဖြစ်တဲ့ လှိုင်းမြတ်ကဆိုပါတော့တယ်။