ဒေဝီ
“ထောင်ကျနေတဲ့အကျဉ်းသူအကျဉ်းသားလည်းလူပါပဲ၊ အချိန်တန်ရင်ကိုယ့်အိမ်ကိုယ်ပြန်ရမှာ၊ ဒီလူတွေကို ဒီတိုင်းထားပစ်ခဲ့တယ်ဆိုကတည်းက စိတ်ထဲမှာလေဘယ်လိုမှစဉ်းစားလို့တောင်မရဘူး၊ ဘယ်လိုတောင်ရက်စက်တာလဲ လုပ်ရက်လိုက်တာ လို့အံသြတယ်”လို့ ပန်းချီဆရာမ ဒေးဒေးကပြောပါတယ်။
ဒေးဒေးက သံတွဲမြို့ဇာတိရခိုင်လူမျိုးပန်းချီဆရာမတစ်ဦးဖြစ်ပြီး သံတွဲမြို့အကျဉ်းထောင်မှာ အကျဉ်းကျနေစဉ်အတွင်း စစ်ကောင်စီနဲ့အာရက္ခတပ်တော်(AA)တို့ကြား ဖြစ်ပွားနေတဲ့မြို့သိမ်းတိုက်ပွဲအတွင်း ငရဲခန်းလိုအကျဉ်းထောင်ကနေလွတ်မြောက်လာသူဖြစ်ပါတယ်။
သံတွဲမြို့ကိုအာရက္ခတပ်တော် (AA) ကမြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် စစ်ကောင်စီကအကျဉ်းသားတွေကို လူသား တံတိုင်းအဖြစ်ထားရှိခဲ့တာကြောင့် ဗုံးကြဲလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြား မျက်စိရှေ့တင်အကျဉ်းသူ နှစ်ဦးသေဆုံးခဲ့သလို သူလည်း သေရာပါမယ့် စိတ်ဒါဏ်ရာတွေ ရခဲ့ပါတယ်။
ဒေးဒေးကအာဏာမသိမ်းခင်ကာလတွေမှာ ပန်းချီဆွဲတာနဲ့အသက်မွေးဝမ်းကြောင်းပြုခဲ့သလို ကိုရီးယားအစားစာနဲ့ လက်မှုပစ္စည်းလေးတွေရောင်းတဲ့ဆိုင်တစ်ဆိုင်ကို သံတွဲမြို့ပေါ်မှာဖွင့်လှစ်ခဲ့ပြီးလူငယ်တွေအတွက် စာဖတ်ရာပန်း ချီဆွဲရာလက်မှုရပ်ဝန်းလေးဖြစ်ခဲ့ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်မှ ာကိုယ်တိုင်လည်းဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သလို သူ့ဆိုင်ကလည်း လူငယ်တွေဝင်ထွက်သွားလာရာဆုံရပ်လို ဖြစ်နေခဲ့တာကြောင့် အများအမြင်မှာမျက်စိစူးစရာလို ဖြစ်ခဲ့ပါတယ်။
ဒီလိုကိစ္စရပ်တွေကြောင့် ၂၀၂၂ဇူလိုင်လမှာအရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်တချို့က ဒေးဒေးကိုစစ်ဆေးစရာရှိလို့ဆိုကာ ခေါ် ဆောင်သွားခဲ့ပြီး သူသုံးတဲ့ လူမှုကွန်ယက်အကောင့်ကရှဲထားတဲ့ ပိုစ့်တစ်ချို့နဲ့ သူ့ရဲ့ ဖုန်းထဲကဓာတ်ပုံတချို့ကိုပြကာ ထောက်ပို့လုပ်တယ်ဆိုတဲ့အချက်တွေနဲ့ စွပ်စွဲခဲ့ပါတယ်။
တော်လှန်ရေးအတွက် ထောက်ပံ့တယ်ဆိုတဲ့သက်သေကတိတိကျကျမရှိပေမယ့် သူ့ဖုန်းထဲဆန္ဒပြပွဲတုန်းက လက်သုံးချောင်းထောင်ထားတဲ့ဓာတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်ပန်းချီကားကိုရေးဆွဲပြီး ဝယ်သူကိုရောင်းချထားတာ၊ ၂၀၁၉ခုနှစ်တုန်းကရခိုင်စစ်ဘေးရှောင်တွေကို လှုဒါန်းဖို့ပြောဆိုထားတာတွေကိုတွေ့ပြီး ပုဒ်မတွေတပ်၊ တရားစွဲဆိုခဲ့တာလို့ သူကဆိုပါတယ်။
“ဟိုးအရင်တုန်းကပြောခဲ့တဲ့ စာသွားအလာတွေကျန်ခဲ့တယ်။ နောက်CDMတွေကိုဖမ်းတယ်ဆိုတုန်းက အမမိတ်ဆွေနဲ့ပြောထားတာတွေ ကိုယ်ကဖျက်ထားပေမယ့် တချို့ဟာတွေကျတော့ သူတို့ပြန်စစ်ဆေးတော့ တချို့တလေ ပြန်ပေါ် လာတယ်။”လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စွပ်စွဲချက်တွေက သက်သေအချက်အလက်မခိုင်လုံပေမယ့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ်၁၀နှစ်ချမှတ်ခံခဲ့ရပါတယ်။
သံတွဲအကျဉ်းထောင်မှာနှစ်နှစ်လောက်နေပြီးတဲ့နောက်မှာ သူ့အတွက် မျှော်လင့်ချက်တစ်ခုသန်းလာခဲ့ပါတယ်၊ အဲ့ဒါကတော့ သံတွဲမြို့ကို အာရက္ခတပ်တော် (AA)က တိုက်ခိုက်လာတာပါ။
ထောင်တွင်းအကျဉ်းကျနေသူတွေကို အာရက္ခတပ်တော်(AA)ကလာကယ်ဖို့ဆိုတာ သူအပါအဝင် သံတွဲအကျဉ်းထောင်မှာမတရားသဖြင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေမျှော်လင့်နေတဲ့အရာဖြစ်ပြီး သူကိုယ်တိုင်လည်း ထောင်ဒဏ် ဆယ်နှစ်ချမှတ်ခံထားရပေမယ့် နှစ်ပြည့်မနေဘဲ လွတ်မြောက်ချင်ခဲ့ပါတယ်။
ပြင်ပအခြေအနေဘာမှမသိရပေမယ့် ၂၀၂၄ ဧပြီလမှာ ခပ်ဝေးဝေးကပစ်ခတ်တဲ့ လက်နက်သံတွေ စကြားလာရပြီး၊ မေလမှာတော့ ခပ်နီးနီးက ပစ်ခတ်တဲ့အသံတွေကြားလာရပါတယ်။
အကျဉ်းထောင်ထဲမှာ သတင်းအမှောင်ချပြီးနေရပေမယ့် AAကလာတိုက်တော့မယ် ထောင်တံခါးဖွင့်ပြီး အကျဉ်းသားတွေကို ကယ်ထုတ်မယ်ဆိုတဲ့ သတင်းတွေက သူတို့ကြားထဲမှာ တီးတိုးပျံ့နှံ့နေခဲ့တယ်လို့ပြောပါတယ်။
ပစ်ခတ်သံတွေ တနေ့တခြားနီးကပ်လာရာကနေ ရက်အတော်ကြာတိတ်ဆိတ်သွားပြီးနောက် AA စစ်ရှုံး သွားတယ်ဆိုတဲ့ သတင်းကိုထောင်ဝန်ထမ်းတွေဆီကကြားရတော့ မျှော်လင့်ချက်တွေ ပျက်ပြီဆိုပြီး အကျဉ်းသားတွေ စိတ်ဓါတ်ကျခဲ့ရကြောင်း သူကဆက်ပြောပါတယ်။
“ဘာပဲဖြစ်ဖြစ် ကိုယ်မျှော်လင့်ချက်ထားတဲ့အရာက ဖြစ်မလာတော့ဘူးလားပေါ့၊ AAတပ်တော်ကိုမရှုံးစေချင်ဘူး။ အချင်းချင်းပြောပြီး စိတ်မကောင်းတွေဖြစ်တာ ငါတို့က ဒီလိုပဲနေရတော့မှာ”လို့ဒေးဒေး ကပြောပါတယ်။
နောက်နှစ်ပတ်အကြာမှာတော့ ပစ်ခတ်သံတွေပြန်ကြားလာရပြီး လက်နက်ကြီးသံတွေနီးသထက် နီးကပ်လာသလို လေယာဉ်သံ၊ဗုံးကြဲသံတွေပါကြားရကာ မြို့ပေါ်ကသူတွေလည်း စစ်ရှောင်ရတယ်ဆိုတာကြားလာရပါတယ်။
အခြေအနေတွေဘာမှန်းမသိရပေမယ့် ထောင်ဝန်ထမ်းတွေဆီက တစွန်းတစကြားရတာနဲ့မှန်းဆပြီး ပြင်ပကမိသားစုတွေအတွက် စိတ်ပူရသလို ထောင်တွင်းတပ်စွဲမယ်၊ အကျဉ်းသားတွေကိုထောင်ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေလည်းထွက်လာခဲ့ပါတယ်။
“ဒီသတင်းတွေကြားတော့ တုန်လှုပ်မိတယ်၊ AA က လာတိုက်ဖို့မျှော်လင့်ထားပေမယ့် တကယ်တမ်းစစ် ဖြစ်လာတဲ့အခါ စိတ်ထဲတော့ တုန်လှုပ်မိတယ်။”လို့ သူကဆိုပါတယ်။
အကျဉ်းသားတွေကို ထောင်ရွှေ့မယ့်အစီအစဉ်ပျက်သွားပေမယ့် စစ်တပ်ကတော့အကျဉ်းထောင်အတွင်း တပ်စွဲဖို့ရောက်လာကြတယ်။ ထောင်ဝန်းထဲမှာလက်နက်ကြီးတွေတပ်ဆင်သလို သဲအိတ်တွေကာရံပြီး အကာကွယ်ယူထားကြတယ်။ ထောင်ဝန်ထမ်းတွေကလည်း ထွက်ပြေးကြတဲ့အတွက် သူတို့အမျိုးသမီးအဆောင်မှာ ဝန်ထမ်းနှစ်ယောက် သုံးယောက်သာကျန်ခဲ့တယ်လို့ ပြောပြပါတယ်။
အဲ့ချိန်ကစလို့ လက်နက်ကြီးလက်နက်ငယ်တွေ စမ်းသပ်ကြတဲ့အခါ သူတို့အကျဉ်းသူတသိုက်စိုးရိမ်ပူပန်စပြုလာတယ်။ သူတို့အဆောင်ကနှစ်ထပ်ဆောင်ဆိုတော့ အောက်ထပ်မှာပဲ အကျဉ်းသူတွေစုဝေးပြီး အချင်းချင်းအားပေးပြီး နေကြရတယ်လို့ဆိုပါတယ်။
“နေ့နေ့ညည ငါတို့ ဘာဖြစ်မလဲ မသိနိုင်ဘူးလေ၊ လူတွေက ပုံမှန်စိတ်တောင်မဟုတ်တော့ဘူး ကြောက်လန့် ပြီး ကြောင်တောင်တောင် ဖြစ်ကုန်ကြတာ”လို့ ဒေးဒေးကပြောပါတယ်။
တိုက်ပွဲတွေပြင်းထန်လာပြီး ဇူလိုင်လ၁၁ရက်နေ့မနက်ပိုင်းအချိန်မှာ ထောင်အတွင်းလက်နက်ကြီးကျလာပြီး တိုက်ပွဲလည်းပြင်းထန်လာသလို အကျဉ်းသားတွေလည်း ထိတ်လန့်တာကြောင့်ရော အစားအသောက်ပုံမှန်မစားသောက်နိုင်ကြတာကြောင့်ပါ ဖျားနာပြီး နေမကောင်းကြ၊ ထောင်မှာတပ်စွဲကတည်းကအပြင် ထောင်ဝင်စာမရတာ၊ ထောင်တွင်းစျေးဆိုင်လည်းမရှိတော့ အစားအသောက်ကိုဖြစ်သလိုကျွေးမွေးနေတာတွေကြောင့် ကောင်းကောင်းမွန်မွန်မစားရဘူးလို့ ဆိုပါတယ်။
“ဒီတိုင်းသာနေရရင်ကျည်ဆန်ထိပြီးမသေပဲ အစာငတ်ပြီးသေမှာလို့ ကိုယ့်ဟာကိုပြောနေကြတယ်။ ခေါက်ဆွဲခြောက်ဆိုလည်း မာမီးခေါက်ဆွဲလိုဟာကို လက်မလောက်အပိုင်းလေးတွေဖဲ့ပြီး တယောက်နဲ့ တယောက်လိုက်ခွံ့ ပြီး ရေသောက်ကြပေါ့”လို့ ဒေးဒေးကပြောပါတယ်။
ထောင်အတွင်းလက်နက်ကြီးလက်နက်ငယ်တွေက တစ်ချိန်လုံးကျပြီး ပေါက်ကွဲနေတော့ တိုက်ပွဲဖြစ်နေတဲ့အချိန်တွေမှာနေတဲ့နေရာကနေမထရဲ၊ ခေါင်းနဲ့တမံတလင်း ထိထားပြီးတစ်ချိန်လုံးဝပ်နေရတယ်လို့ သူကဆက်ပြောပါတယ်။
ပြင်ပမှာတချိန်လုံးပစ်ခတ်နေသလို ကိုယ်တိုင်လည်း အာဟာရမပြည့်ဝတော့ ဖျားတာ၊ လက်တွေခြေတွေ ယောင်ယမ်းတာ၊ ခန္နာကိုယ်မှာလည်း အနာတွေအပြည့်နဲ့စားဖို့တင်မက ရေပါသောက်ဖို့ မရှိတာကြောင့် အိမ်သာထဲက ရေသောက်ရတဲ့အနေအထားပါဖြစ်လာတယ်လို့ ပြောပါတယ်။
တဖြည်းဖြည်းတိုက်ပွဲကပြင်းထန်လာသလို သူတို့နေတဲ့အဆောင်ထဲလည်း လက်နက်ကြီးအစတွေကျပြီး ဟိုနေရာဒီနေရာပေါက်ကွဲလာတယ်။ သူအပါအဝင်အကျဉ်းသူတွေလည်း ကိုယ်စီနေရာလေးမှာစုပြီး ဝပ်နေရင်းကျည်လွတ်မယ်ထင်တဲ့ နေရာကို ရွှေ့ပြီးဝပ်နေရတာပါ။
“နေစရာမရှိတော့သလိုဖြစ်နေတာ အဆောင်ထဲမှာ ပတ်ပြေးနေရတာ အော်ကြဟစ်ကြနဲ့ “လို့သူကပြောပါတယ်။
အဲ့ဒီအချိန်မှာပဲ သူ့ရဲ့အခန်းဖော်အကျဉ်းသူနှစ်ဦးကပစ်ခတ်မှုတွေကြောင့် ကျည်ကင်းရာနေရာကိုရွှေ့သွားတဲ့အချိန် လက်နက်ကြီးကျည်စင်ပြီး သူတို့နှစ်ဦးအပေါ်တည့်တည့်ကျခဲ့တယ်လို့ဆိုပါတယ်။
ကျယ်လောင်တဲ့လက်နက်ကြီးကျသံနဲ့အတူ မီးခိုးလုံးတွေအင်္ဂတေစအမှုန့်တွေပြန့်လာပြီးနောက် အကျဉ်းသူနှစ်ဦးကို ကြည့်လိုက်တော့ ငြိမ်သက်နေတယ်၊ အကျဉ်းသူနှစ်ဦးကျည်ထိသွားတာသိပေမယ့် ကျန်အကျဉ်းသူတွေမှာကိုယ့်နေရာကရွှေ့ပြီးသွားမကြည့်နိုင်၊ ရောက်တဲ့နေရာမှာဝပ်ရင်း အခြေအနေကိုစောင့်ကြည့်နေခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။
နာရီဝက်အကြာမှာ အကျဉ်းသူနှစ်ဦးပြန်သတိရလာပြီး တစ်ယောက်ကခေါင်းကိုထိသလို နောက်တယောက်ကတော့ ပေါင်ကိုထိထားပြီး သူ့တို့ဝန်းကျင်မှာလည်း ဒဏ်ရာကနေထွက်လာတဲ့သွေးတွေနဲ့အသားစတွေမြင်ရပါတယ်။ သူတို့လည်းအဲ့ဒီအကျဉ်းသူနှစ်ဦးဒဏ်ရာကိုမြင်နေရပေမယ့် နေရာကမရွှေ့နိုင်သေးတဲ့ အခြေအနေလို့ဆိုပါတယ်။
“သူတို့ကခေါင်းထောင်ပြီး ကိုယ့်ကိုလှမ်းကြည့်တယ် သူ့ကိုအဲ့ဒီနားခေါ်ပါလားပြောတယ် သူ့ကိုလည်းသွားမခေါ်နိုင် အဲ့ဒီနားလည်းမသွားရဲကြဘူး ဆက်တိုက်အသံတွေကြားနေတော့ မျက်စိရှေ့မှာကြည့်ပြီးစိတ်မချမ်းမသာနဲ့ ငိုပြီး ဘယ်လိုလုပ်ပေးရမလဲမသိ တကယ့်ကိုကူကယ်ရာမဲ့အနေအထားပဲ”လို့ ဒေးဒေးကပြောပါတယ်။
မနက်ကတည်းက ညနေအထိ ဒဏ်ရာရနေတဲ့သူတွေကို ဘာကုသစောင့်ရှောက်မှုမှ လာမလုပ်သလိုသူတို့လည်းဘာ မှမကူညီနိုင်ဘဲ ရင်နာနာနဲ့ မလှမ်းမကမ်းကနေပဲ ကြည့်နေရတယ်လို့ဆိုပါတယ်။
“သူတို့ကကိုယ်တွေနားလာချင်တယ်၊ သွားဆွဲရင်လည်း သွေးကပိုထွက်မှာဒီတိုင်းကြည့်နေရတယ်။ တော်တော်လည်းစိတ်မကောင်းဝမ်းနည်းရတယ်။ အဲ့အချိန်ကဘယ်လိုခံစားရမှန်းမသိဘဝမှာ အဆိုးဆုံးအချိန်လို့တောင်ထင်တယ်။” လို့ သူကပြောပါတယ်။
အဲ့ဒီအချိန်မှာသူတို့လုပ်နိုင်တာက ဒဏ်ရာရနေတဲ့အကျဉ်းသူနှစ်ဦးစိတ်သက်သာရအောင် စကားပြောပေးတာ ဘုရားစာရွတ်ဆိုပေးတာဖြစ်ပြီး ညအချိန်မှာတော့ အကျဉ်းသူနှစ်ယောက်လည်း တဖြည်းဖြည်းသေဆုံးသွားခဲ့ပါတယ်။
အကျဉ်းကျနေတဲ့ကာလအတွင်း အတူနေအတူစားရိုင်းပင်းခဲ့ကြတဲ့ သူတွေအချင်းချင်းဒဏ်ရာရသေဆုံးသွားတာကိုကြည့်ပြီး အကျဉ်းသားတွေကို လူသားတံတိုင်းလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် စိတ်နာမိတယ်လို့သူက ဆက်ပြောပါတယ်။
တိုက်ပွဲတွေငြိမ်သွားပေမယ့် သူတို့ကိုလာကြည့်မယ့်သူမရှိတာကြောင့် သေဆုံးသွားတဲ့အကျဉ်းသူနှစ်ဦးကို စောင်နဲ့အုပ်ပြီးထားရတယ်၊ တစ်ရက်လုံးလည်းဘာမှမစားမသောက်ရတဲ့အပြင် ဗုံးသံသေနတ်သံတွေကြားတနေကုန်နေခဲ့ရပြီး ရှေ့ရက်တွေကတည်းက အစားအသောက်မယ်မယ်ရရ မစားခဲ့ရတော့ လူတွေလည်း အာဟာရချို့ တဲ့နေကြ ပြီလို့ဆက်ပြောပြပါတယ်။
နောက်တနေ့နံနက်စောစောမှာတော့ ထောင်ဝန်ထမ်းက အကျဉ်းသူလေးဦးကို ချန်ထားပြီး ကျန်အကျဉ်းသူတွေကို လွှတ်ပေးခဲ့ပါတယ်။
“လွှတ်ပေးတယ်ဆိုတာကလည်း စေတနာရှိလို့မဟုတ်ဘူးလေ ဒီလူတွေကို ကျွေးဖို့စောင့်ရှောက်ဖို့ ဒီတိုင်း အသေခံပြီးထားဖို့လည်းအဆင်မပြေဘူး၊ အကုန်လုံးလည်းပျက်စီးကုန်ပြီ သူတို့လည်းမရှိတော့ဘူးဆိုတော့ အဓိက သူတို့ တာဝန်မယူချင်လို့ပေါ့”လို့ သူကပြောပါတယ်။
အကျဉ်းသားတွေကို လွှတ်လိုက်ပေမယ့် ဘယ်သွားရမှန်းလဲမသိကြ၊ စစ်ဖြစ်နေတော့ မြို့ပျက်သဖွယ် တိတ်ဆိတ်နေပြီး မိသားစုဝင်တွေလည်း မရှိတော့ အိမ်ပြန်ဖို့လည်းမလွယ်တဲ့အခြေအနေလို့ဆိုပါတယ်။
သေဆုံးသွားတဲ့ အကျဉ်းသူနှစ်ဦးကို စောင်နဲ့ပတ်ပြီး သယ်ဆောင်လာကာအပြင်ထွက်လာပြီး ထောင်နဲ့မလှမ်းမကမ်းရောက်တဲ့အခါ သေနတ်သံတွေကြားလာရပြန်တာကြောင့် အကျဉ်းသူနှစ်ဦးရဲ့အလောင်းကို ဆက်သယ်ဖို့မလွယ်ကူတော့ဘဲ သံတွဲစာတိုက်ရှေ့လေးမှာပဲထားခဲ့ရတယ်လို့ ဆိုပါတယ်။
“လူသွားလူလာရှိတဲ့နေရာလေးဆိုတော့ မြို့မှာကျန်နေသေးတဲ့တယောက်နှစ်ယောက်က သူတို့ကိုမြင်လို့ရှိရင် ကောင်းကောင်းမွန်မွန်သင်္ဂြိုလ်ပေးနိုင်မှာပဲဆိုပြီး တွေးလိုက်တာပေါ့”လို့စိတ်မကောင်းစွာဆိုပါတယ်။
သံတွဲမီးပွိုင့်နားရောက်တော့ ခြောက်ကပ်တိတ်ဆိတ်ပြီး အိမ်တွေမှာလည်း လူမရှိ၊ ကံကောင်းစွာနဲ့ လူစောင့်ကျန်ခဲ့တဲ့နေအိမ်တအိမ်က သူတို့ကို နားခိုခွင့်ပေးတာကြောင့် အဆင်ပြေခဲ့တာလို့ပြောပါတယ်။
အဲ့ဒီမနက်မှာပဲ အကျဉ်းသူ အချို့ ကို မြို့မှာကျန်နေတဲ့မိသားစုတွေကလာခေါ်သွားခဲ့သလို သူလည်း နေခဲ့တဲ့ ရပ်ကွက်ကို နေကောင်း လမ်းမလျှောက် နိုင်တဲ့ကြားက အားယူပြီး ပြန်သွားခဲ့သလို မိသားစုစစ်ရှောင်သွားတာ သိပေမယ့်ကျန်ခဲ့တဲ့နေအိမ်တချို့က အသိမိတ်ဆွေတွေကိုတွေ့ခဲ့ပြီး ဆေးတိုက်အစာကျွေးနဲ့ သူ့ကိုကူညီကြခဲ့ကြတာလို့ပြောပါတယ်။
အဲ့ဒီနေ့မှာပဲ သူတို့နေတဲ့နေအိမ်အနီးကို လေယာဉ်ဗုံးကြဲတာနဲ့ ကြုံရပြန်တာကြောင့် အသိမိတ်ဆွေအိမ်မှာလည်း ဆက်နေဖိုမလုံခြုံတော့တာကြောင့် အိမ်ရှင်သားအမိနဲ့အတူ မြို့အနီးကဘုန်းကြီးကျောင်းမှာ စစ်ရှောင်ဖို့ထွက်လာခဲ့ရပြန်ပါတယ်။
စစ်ရှောင်စခန်းမှာလည်း စစ်ရှောင်တွေများပြားသလိုကိုယ်တိုင်လည်း ထောင်ကလွတ်လာကတည်းက အဝတ်တထည်ကိုယ်တစ်ခုသာပါလာပြီး၊ တောက်လျှောက်နေမကောင်းဖြစ်နေတာ၊ အမျိုးသမီးဓမ္မတာကိစ္စတွေကြုံရတာနဲ့ စိတ်ပင်ပန်းသလိုလူလည်းဒုက္ခရောက်နေရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
“လူကအဲဒီမှာတင် တော်တော်ဆိုးဆိုးရွားရွားဖြစ်နေတာ ခြေထောက်တွေလက်တွေယောင်လာတယ်။ အဖျားတွေကလည်း တစ်ရက်ကို လေးကြိမ်ငါးကြိမ်ဆက်တိုက်တက်လာတယ်။”လို့ ဒေးဒေးကဆက်ပြောပါတယ်။
စစ်ရှောင်စခန်းမှာတပတ်လောက်နေပြီးတော့ မိခင်ဆီသွားဖို့ပြင်ခဲ့ပါတယ်။ သူထောင်ကထွက်လာတဲ့မနက်ပိုင်းမှာ ပဲမိခင်နဲ့အဆက်အသွယ်ရခဲ့ပြီးနောက်ပိုင်း ဖုန်းလိုင်းတွေပြတ်တောက်တော့ ကြားထဲမှာအဆက်အသွယ်မရတော့ဘူးလို့ ဆိုပါတယ်။
မိခင်ဖြစ်သူကလည်း ကျန်မိသားစုတွေအားလုံးအခြားမြို့ကိုစစ်ရှောင်သွားခဲ့ပေမယ့် သမီးဖြစ်သူကိုစိတ်မချတာကြောင့် အခြားအရပ်ဒေသကိုမသွားနိုင်ဘဲ သံတွဲမြို့အနီးကရွာတရွာမှာပဲနေထိုင်ရင်း စောင့်နေခဲ့တယ်လို့ ဒေးဒေးကဆက်ပြောပါတယ်။
“စစ်ရှောင်စခန်းမှာနေရင်း AAကရဲဘော်တွေတွေ့ရင်ပြောတယ် အမသွားချင်ပါတယ် အမေကအဲ့ဒီရွာမှာရှိတယ် ဒီမှာအဆင်မပြေလို့ပါပေါ့၊ သူတို့ကမသွားနဲ့ ဦးကျန်နေတာတွေကိုနယ်မြေရှင်းလင်းရေးလုပ်နေတယ်၊ အမသွားမယ့်နေရာမှာ အန္တရာယ်ရှိသေးတယ်ဆိုပြီး”လို့ပြောပါတယ်။
မြို့တွေရွာတွေကိုသွားလာခွင့်ပိတ်ထားတော့ သွားဖို့ကအခက်အခဲရှိပေမယ့် ဖြစ်ချင်ရာဖြစ်ပါစေရောက်အောင်သွားမယ်ဆိုကာ စစ်ရှောင်စခန်းကနေခွင့်တောင်းပြီး တစ်ဦးတည်းထွက်လာခဲ့ပါတယ်။
လူသွားအလာမရှိတော့တဲ့ မြို့ကတိတ်ဆိတ်နေသလိုကိုယ်တိုင်လည်း ကျန်းမာရေးမကောင်း ခြေထောက်လည်းယောင်ယမ်းနေတော့ လမ်းလျှောက်တိုင်းမောပန်းပြီး ခြေလှမ်းတွေကတုန့်ဆိုင်းနေခဲ့ပေမယ့် အခက်အခဲတွေကြားကနေ သူ့မိခင်ရှိတဲ့ရွာကိုရောက်သွားခဲ့တယ်လို့ပြောပါတယ်၊ သူ့မိခင်ကလည်းဒေးဒေးသာရောက်မလာရင် သူကိုယ်တိုင်တောထဲကနေ ဖြတ်ပြီးသွားရှာဖို့ပြင်ဆင်နေတာလို့ ဆိုပါတယ်။
မိခင်ရှိတဲ့ရွာမှာနေရင်းမလုံခြုံတဲ့အခြေနေတွေကြောင့် ဟိုရွာပြောင်းရွှေ့ဒီရွာပြောင်းရွှေ့နဲ့ရန်ကုန် ရောက်ဖို့အတွက် စီစဉ်ရပြန်ပါတယ်။ ဆေးကုသဖို့လိုတဲ့အတွက်သာရန်ကုန်ကိုထွက်ခဲ့ရပေမယ့် အကျဉ်းထောင်ကနေတရားဝင် လွတ်လာတာမျိုးမဟုတ်တော့ လမ်းခရီးတလျှောက် စိုးရိမ်းစိတ်ကရှိနေသေးတယ်။
“ထောင်ကလွှတ်တယ်ဆိုတဲ့စာလည်းမရဘူး ဘယ်လိုမှန်းတောင် ကိုယ့်အခြေအနေကိုယ်နားမလည်နိုင်ဘူး၊ အဲ့ဒီတုန်းကဆိုဂွမှာ စစ်တပ်ဂိတ်စခန်းတွေရှိတယ် စခန်းတွေမဆုတ်ရသေးဘူး တကယ်လို့ငါတို့ကိုလွှတ်ပေးပြီး ပြန်ဖမ်းရင်ဆိုတဲ့အတွေးကရှိနေတယ်။” လို့ ဒေးဒေးကပြောပါတယ်။
ရန်ကုန်ရောက်တဲ့အခါ အကျဉ်းထောင်မှာရလာတဲ့ အရေပြားရောဂါ၊ တိုက်ပွဲကာလအတွင်း တမံတလင်းမှာတချိန်လုံးဝပ်နေရတော့ အအေးပတ်ချိနဲ့ပြီး၊ ထောင်ကလွတ်တော့လည်းပြေးလွှားနေရတော့ ပိုဆိုးကာခြေထောက်အရွတ်ဒဏ်ဖြစ်ပြီး လအတန်ကြာထိ ချိုင်းထောက်နဲ့သွားလာခဲ့ရတယ်လို့ဆိုပါတယ်။
ခန္ဓာကိုယ်ဒဏ်ရာအပြင်စိတ်ဒဏ်ရာကတော့အနာကျင်ဆုံးပဲလို့ပြောပါတယ်။အကျဉ်းထောင်အတွင်းအဆောင်လေးထဲမှာအကျဉ်းသူတွေအကုန်လုံး ဗုံးသံသေနတ်သံတွေကြား ကူကယ်ရာမဲ့နဲ့ နေခဲ့တဲ့အပြင်လက်နက်ကြီးစ ထိ ထားတဲ့အခန်းဖော်အကျဉ်းသူနှစ်ဦးကိုဘာမှမကူညီနိုင်ဘဲမျက်စိရှေ့မှာလက်လွတ်ဆုံးရှုံးလိုက်ရမှုကသူ့အတွက် အိမ်မက်ဆိုးတစ်ခုလိုဖြစ်နေဆဲလို့ပြောခဲ့ပါတယ်။
“နားထဲမှာဆုံးသွားတဲ့ ကောင်မလေးတွေရဲ့အသံတွေကြားနေရတယ်၊ ဘေးကနေ အမအမလို့လာခေါ်တဲ့ အသံတွေ ကြားရတယ်။ တခြားသူတွေဆိုဒါခြောက်တယ်ပေါ့ အမကတော့ စိတ်ထဲစွဲနေလို့ပြန်ကြားရတာ တိတ်ဆိတ်ပြီးတော့ အဲ့လိုမျိုးတွေဖြစ်ပြီးနိုး နိုးလာတယ် ပြန်အိပ်လို့လည်း မရဘူး”လို့သူကဆိုပါတယ်။
ဒီအတွက်လည်းစိတ်ပိုင်းဆိုင်ရာကုသမှုတွေ ခံယူခဲ့ရပြီး မိသားစုမိတ်ဆွေတွေရဲ့ ကူညီမှုတွေကြောင့် အဆင်ပြေ သက်သာလာပေမယ့် ကုသမှုတွေတော့လုပ်နေရတုန်းပဲလို့ဆိုပါတယ်။
အပြင်ရောက်စကလူတွေနဲ့ပါစကားမပြောနိုင်တဲ့အထိ ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ သူငယ်ချင်း မိတ်ဆွေတွေရဲ့ ပံ့ပိုးမှုတွေကြောင့် ပုံမှန်လိုပြန်နေထိုင်ဖို့ကြိုးစားနေသလို အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ ပန်းချီပြန်ရေးဖို့အတွက် လည်းလုပ်ဆောင်နေပါတယ်။
လုံခြုံရေးအခြေအနေရ အခြားအရပ်ဒေသကိုရောက်နေပေမယ့် တိုက်ပွဲတွေပြင်းထန်ဆဲဖြစ်တဲ့ မွေးရပ်မြေရခိုင်ပြည်နယ်ကိုစိတ်ပူသလို သေအတူရှင်မကွာလွတ်မြောက်လာတဲ့ တခြားအကျဉ်းသူမိတ်ဆွေတွေကို အန္တရာယ်ကင်းကင်းရှိစေဖို့ မျှော်လင့်နေတယ်လို့ သူကဆက်ပြောပါတယ်။
သူကနိုင်ငံရေးထက် လူ့အခွင့်အရေးကိုပိုစိတ်ဝင်စားတဲ့သူဖြစ်သလို မတရားမှုကိုမုန်းတီးပြီးအာဏာရှင်စနစ်ကို လက်မခံနိုင်တဲ့သာမာန်ပြည်သူတစ်ဦးဖြစ်ပါတယ်။ သူ့ကိုအပြစ်တစုံတရာကြီးကြီးမားမားမရှိဘဲနဲ့ အကြမ်းဖက်ပုဒ်မတပ်ပြီး ထောင်ဆယ်နှစ်ချမှတ်ခဲ့တဲ့ စစ်ကောင်စီကို တစ်သက်လုံးနာကျဉ်းပြီး အစိုးရအဆက်ဆက် ပြည်သူကိုနှိပ်စက်တဲ့အစိုးရနဲ့ မကြုံစေဖို့ဆုတောင်းမိတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ခြေထောက်ဒဏ်ရာကသက်သာပြီး ချိုင်းထောက်လွတ်သွားပေမယ့် စိတ်ပိုင်းဆိုင်ရာအဆင်ပြေဖို့ အချိန်ယူလုပ်ဆောင်နေပြီး အခြေအနေပေးရင်တော့ မွေးရပ်မြေကိုပဲပြန်ကာ ဒေသကကလေးတွေကို ပန်းချီပညာသင်ကြားပေးချင်တယ်လို့ ပြောပါတယ်။
“ကိုယ့်အိမ်ကိုယ်ပြန်ချင်တယ်၊ အမေလည်းအသက်ကြီးနေပြီဆိုတော့ ပြေးရလွှားရတဲ့ဒုက္ခတွေ မခံစားစေချင်တော့ဘူးပေါ့၊ တခြားဘယ်နိုင်ငံကိုမှလဲ မသွားချင်တဲ့အတွက် ရခိုင်ကိုပဲပြန်ချင်ပါတယ်၊ အိမ်ပြန်ရအောင်လည်း အမြဲဆုတောင်းနေပါတယ်။”လို့ ဒေးဒေးကဆိုပါတယ်။