Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

အောက်တိုဘာလ ၇ ရက်မှ ၁၃ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်း အရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။  

CDM မြှောက်တပ်သားမှ သက်ငယ်မုဒိန်းမှုကျူးလွန်

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ CDM စစ်သား ဆက်ပိုင်မင်း (ခ) ကိုဆက်က အသက် ၁၃ နှစ်အရွယ် မြန်မာ မိန်းကလေးငယ်ကို မုဒိန်းမှုကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

“အမှုက ၂၀၂၄ ခုနှစ်၊ သြဂုတ် ၉ ရက်နေ့ ညခင်း ၁၁ နာရီလောက်က စဖြစ်ပြီးတော့ နံနက် ၂ နာရီလောက် သူ့ကို ဟိုတယ်မှာ ခြေရာခံမိလို့ဆိုပြီး ရဲနဲ့သွားဖမ်းတယ်၊ ဖြစ်စဉ်က မလေးရှား ကလန်တန့်မှာဖြစ်တဲ့အတွက် ရဲက နယ်မြေရဲစခန်းကိုလွှဲပြောင်းပေးတယ်။ ၁၀ ရက်နေ့ ရဲစခန်းမှာ Report ရေးတင်ပြီး ကလေးကို ဆေးရုံတင်တယ်။ ဆေးရုံမှာ ၂ ရက်ကြာနေရပြီး ၁၂ ရက်နေ့မှာ တာဝန်ရှိသူဆရာဝန်တွေက သုတ်ပိုးတွေ့ရှိကြောင်း၊ မုဒိမ်းပြုကျင့် ခံထားရကြောင်း အတည်ပြုတယ်။ ပြုကျင့်ခံရတာက ၅ ကြိမ်လို့ သိရတယ်”လို့ ဒီအမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ကိုအေအန်န်အမ်မ်တီက ပြောပါ တယ်။

ကျူးလွန်သူ CDM စစ်သားဆက်ပိုင်မင်းဟာ မလေးရှားမရောက်ခင် KNU တပ်မဟာ ၇ နယ်မြေမှာပဲ အခုလိုဖြစ် စဉ်မျိုးတွေ ကျူးလွန်ခဲ့တာတွေရှိတယ်လို့ သိရတဲ့အပြင် အခုမလေးရှားမှာလည်း ဆက်လက်ကျူးလွန်ခဲ့ပြီး လက်ရှိမလေးရှားတရားရုံးမှာ အောက်တိုဘာလ ၈ ရက်က အာမခံရသွားတာဖြစ်ပါတယ်။

ဒါ့အပြင် ကျူးလွန်သူရဲ့ မိဘတွေဘက်က ငွေအင်အားသုံးညှိနှိုင်းနေကာ ထောက်ပို့ဆယ်လီတွေဘက်ကလည်း ကျူးလွန်သူကို ဝန်းရံနေကြပြီး လိုအပ်တဲ့အခါ ချပြနိုင်ဖို့ အချက်အလက်တွေပြင်ဆင်ထားတယ်လို့ သူကဆို ပါတယ်။

“ကလေးက စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့အနေအထားရှိတယ်။ ဆေးခန်းသွား သွားပြနေရတယ်။ ကျနော်တို့က တိုင်းတပါးမှာ အာဏာရှင်တော်လှန်နေကြတာပါ၊ သူကလည်း CDM ဆိုတော့ ကျနော်တို့တတ်နိုင်သလောက် ကူညီပေးတယ်။ သူတို့က ပိုက်ဆံရှိပေမဲ့ သူများနိုင်ငံမှာရောက်နေတော့ နေဖို့ထိုင်ဖို့ အစစအရာကူညီပေးပါတယ်။ အရှေ့မှာတုန်းကလည်း အမျိုးသမီးနှစ်ယောက်ကို လိင်အမြတ်ထုတ်တာတွေရှိတယ် ကျနော့်မျက်မြင်ပါ။ အခုတော့ ကလေးကိုပါ အခုလိုလုပ်တာ” လို့ နစ်နာသူ မြန်မာမိန်းကလေးငယ်ရဲ့ အုပ်ထိန်းသူက ပြောပါတယ်။

Source – ဖက်ဒရယ် FM

တနင်္သာရီမှာ အငြိမ်းစားကျောင်းဆရာမတစ်ဦး အသတ်ခံရ

တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် အသက် ၆၀အရွယ် အငြိမ်းစားကျောင်းဆရာမ ဒေါ်စီစီနွယ်ဟာ အောက်တိုဘာလ ၈ ရက်၊ ညပိုင်းမှာ အသတ်ခံရကြောင်း ဒေသခံတွေထံမှ သိရပါတယ်။

ဒေါ်စီစီနွယ်ရဲ့ ရုပ်အလောင်းကို ၎င်းနေအိမ်မှ ငါးမိနစ်ခန့်လမ်းလျှောက်ရတဲ့နေရာမှာ တွေ့ရပြီး ဦးခေါင်းနဲ့ မျက် နှာမှာ ပုဆိန်နဲ့ ခုတ်ခံထားရတယ်လို့ ယူဆရတဲ့ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဒေါ်စီစီနွယ်ဟာ ဟင်းရွက်ဟင်းသီးစိုက်ပျိုးပြီး သားဖြစ်သူနဲ့အတူနေထိုင်ပေမယ့် သူသေဆုံးချိန်မှာ သားဖြစ်သူ  အပြင် ရောက်နေချိန်ဖြစ်တယ်။ ဒေါ်စီစီနွယ်ကို ဘယ်သူက ဘယ်လိုအကြောင်းကြောင့် သတ်သွားတယ် ဆိုတာ ကို ဘယ်သူမှ မသိကြသေးပါဘူး။

အခင်းဖြစ်ပွားတဲ့ တကူကျေးရွာသည် တော်လှန်ရေးအဖွဲ့အစည်းတွေ စိုးမိုးထားတဲ့နယ်မြေဖြစ်ပြီး လက်ရှိမှာ တ နင်္သာရီမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စုံစမ်းမှုများလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Source – Dawei Watch

လေးလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ရာနီးပါးသေဆုံး

 ၂၀၂၄ ခုနှစ် မေလမှ ဩဂုတ်လအထိ လေးလအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ကြောင့် အမျိုးသမီး ၉၀ ဦးအပါအဝင် အရပ်သား ၄၅၅ သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့ထုတ်ပြန်ထားပါတယ်။

စစ်တပ်က လေးလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၃၂၁ ပြုလုပ်ခဲ့ပြီး သေဆုံးသူ ၄၅၅ ဦးနဲ့ ဒဏ် ရာရသူ ၈၁၉ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလေးလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၉၀ ဦး၊ ကလေး ၄၀ ဦးနဲ့  ကျား/မ ခွဲခြား မသိရသူ ၂၄၃ ဦး သေဆုံးခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၅ ဦးနဲ့ အများဆုံးသေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်က ၁၀၁ ဦးနဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေပြုကောက်ယူထားတာလို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြောပါတယ်။

Source – RFA

တောင်ကုတ်မှာ ဗုံးကြဲလို့ အမျိုးသမီး နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိသေးတဲ့ တောင်ကုတ်မြို့မှာ စစ်တပ်က နှစ်ကြိမ်ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး နှစ်ဦးအပါအဝင် အရပ်သား လေးဦးသေဆုံးခဲ့ရပါတယ်။

သေဆုံးသွားသူတွေဟာ မောင်ဇင်ဟိန်းကို(၉ နှစ်)၊ ဦးမောင်လှတင်(၆၅ နှစ်)၊ ဒေါ်မြရီ(၅၆နှစ်)နဲ့ ဒေါ်မြကြည် (၇၄နှစ်)တို့ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေကတော့ မောင်ဇင်လင်းထက် (၁၁နှစ်)၊ ကိုပြည်သိမ်းစံ(၂၃ နှစ်)၊ ဦးစိုးထိုက်(၄၈ နှစ်)၊ ဦးထွေး ကြည်  (၇၂နှစ်)၊ မောင်ဝေလွင်ထက်ထက်အောင်(၁၆ နှစ်)၊  ဦးနေထက်လင်း(၃၁ နှစ်)၊ ဦးတင်ထွန်း (၇၇နှစ်)၊ ဒေါ် မြင့်စိန် (၈၀နှစ်)၊ ဒေါ်မတင်ရွှီ(၈၉ နှစ်)၊ ဒေါ်မြင့်မြင့်ကြူ(၅၂ နှစ်)၊  ဒေါ်မြနွယ်(၇၆နှစ်)၊ ဦးစံရွှေ(၇၄နှစ်)နှင့် ဒေါ်မ တင်ညွန့်(၇၈နှစ်) တို့ဖြစ်ပါတယ်။

တောင်ကုတ်မှာ အာရက္ခတပ်တော်(AA)နဲ့ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ယခုရက်ပိုင်းမှာ စစ်တပ်က အရပ်သား တွေရှိတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

Source – Myanmar Now

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သီပေါက သီလရှင်တစ်ပါး ပျံလွန်၊ နှစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အောက်တိုဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အောက်တိုဘာ ၈ ရက်နေ့ ည ၁၀ နာရီကျော်မှာ သီပေါမြို့နယ် နမ့်ငုံကျေးရွာနဲ့ ရပ်ကွက်သုံးခုကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာမှာ နမ့်ငုံကျေးရွာ ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့ဗုံးကြောင့် သီလရှင်တပါး သေဆုံးရတာဖြစ်ပါတယ်။

အောက်တိုဘာ ၉ ရက် ညနေ ၃ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ရွှေကျောင်းရပ်ကွက်နဲ့ ပန်တိမ် တောင်ရပ်ကွက်တွေထဲကို ဗုံး ၁၀ လုံးလာရောက်ကြဲချခဲ့တာကြောင့် ရွှေကျောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

Source – RFA

ညောင်လေးပင်ရွာကို သုံးနေရာခွဲစီးနင်းခံရလို့ အမျိုးသမီးတချို့ဖမ်းဆီးခံရပြီး နှစ်ဦးဒဏ်ရာရ

မန္တလေးမြို့အနောက်တောင်ဘက် ဧရာဝတီမြစ်ကမ်းဘေး ငါန်းဇွန်-ငါန်းမြှာကြီးလမ်းပေါ်ရှိ  ညောင်လေးပင် ရွာကို စစ်တပ်က သုံးနေရာခွဲစီးနင်းရာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူတစ်ရာကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ဝင်ရောက်စီးနင်းစဉ် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးနှစ်ဦး ကျဉ်စထိမှန် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၈ ရက် နံနက် ၃ နာရီခန့်က စစ်ကားသုံးစီးနဲ့ စစ်တပ်နဲ့ ပြည်သူ့စစ် (ခ) ပျူစောထီးတို့ ပါဝင်တဲ့ အင်အား ၁၀၀ ကျော်က သုံးနေရာခွဲကာ စီးနင်းခဲ့တဲ့အတွက် မပြေးနိုင်တဲ့ဒေသခံတွေက ရွာဘုန်းကြီးကျောင်းသို့ ထွက်ပြေးခိုလှုံခဲ့ပေမယ့် ဖမ်းဆီးခံခဲ့ရပါတယ်။

ဝင်ရောက်စီးနင်းအပြီး မကြီးကြပ်ကျေးရွာအုပ်စုမှ ကျေးရွာ ၄ ရွာ ထက်မနည်းမှ လူထောင်နဲ့ချီပြီး စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။

Source – Myanmar Now

ကန့်ဘလူမှာ  စစ်တပ်က ဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသမီး သုံးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အမျိုးသမီး သုံးဦးသေဆုံးခဲ့ရပါတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ရဲ့တာဝန်ရှိ သူက ပြောပါတယ်။

သေဆုံးသူများမှာ (၄)နှစ်အရွယ် မသိမ့်သိမ့်ဖြူ၊ အသက် (၁၀)နှစ်အရွယ် မငြိမ်းအိစံ၊ အသက် (၃၀)နှစ်အရွယ် မဖြူဝင်းတို့ ဖြစ်ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ငါတို့ရွာပျူစောထီးစခန်းမှ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးသီးသုံးလုံးချ တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတွေဖြစ်တဲ့ကလေးငယ် နှစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ ရှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ကန့်ဘလူမြို့ရှိ အမှတ်(၆၀၀၆)တင့်ကားတပ်မှလာတဲ့စစ်ကြောင်းဟာ ယခင်လိုစစ်ကြောင်းထိုးတာမရှိဘဲ ကျေးရွာတွေထဲ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

Source – People’s Spring

မောင်တောမှာ လူပျောက်မှုအတွက် AA က အမျိုးသမီးတွေအပါအဝင် ရွာသား ၇၀၀ ခန့်ကို ဖမ်းဆီးစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ပျောက်ဆုံးမှုနဲပတ်သက်လို့ အာရက္ခ တပ်တော် (AA) က ကျီးကန်းပြင်ကျေးရွာမှ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ရာနှင့်ချီသောရွာသားတွေကို ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။

AA တပ်ဖွဲ့ဝင် ၅၀ ကျော်က  ရွာသူရွာသား ၇၀၀ ခန့်ကို စာသင်ကျောင်းထဲ စုစည်းထိန်းသိမ်းလိုက်ပြီး ည ၁၀ နာရီ ထိ ရိုက် နှက်စစ်ဆေးခဲ့ပါတယ်။ ဒီနောက် အမျိုးသမီးနဲ့ ကလေးတွေကို လွှတ်ပေးလိုက်ပြီး အမျိုးသား ၂၃၄ ဦးကို ဆက်လက်ဖမ်းဆီးထားခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ ရခိုင် ၂ ဦးကို အခြားလက်နက်ကိုင်အဖွဲ့က  ခေါ်သွားတာ ရှိမရှိနဲ့ ရွာမှာ စစ်ကောင်စီထံမှ စစ်သင်တန်းတက်ရောက်သူတွေနဲ့ တခြားလက်နက်ကိုင်အဖွဲ့ဝင်တွေ ရှိ၊ မရှိ မေးမြန်းခဲ့တာဖြစ်ပါတယ်။

Source – Myanmar Now

ရေဦးနဲ့ကောလင်းမှာ ဗုံးကြဲလို့ အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ ခြောက်ဦးသေဆုံး

စစ်ကိုင်းတိုင်း ရေဦးနဲ့ ကောလင်းမြို့နယ်တို့မှာ စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်လို့ အောက်တိုဘာ ၉ ရက် တစ်နေ့ထဲ အမျိုးသမီးနဲ့ ကလေးနှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတော်လှန်ရေး သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

စစ်ကောင်စီဟာ ကောလင်းမြို့နယ် ကုက္ကိုကုန်းရွာနဲ့ ရေဦးမြို့နယ် တင်းတိမ်ရံရွာတို့ကို ညနေပိုင်းမှာ တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ကောလင်းမြို့နဲ့ ၁၂မိုင်လောက်အကွာ မြို့နယ်အရှေ့ခြမ်းက ကုက္ကိုကုန်းရွာထဲ မနေ့က ညနေသုံးနာရီခွဲ လောက်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ရွာခံအမျိုးသမီးတဦးနဲ့  အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး တင်းတိမ်ရံရွာမှ သားအမိသုံးဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

Source – Delta News Agency 

မန္တလေးမြို့မှာ ခင်ပွန်းက ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်လို့ ပွဲချင်းပြီးသေဆုံး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်မှာ ဇနီးဖြစ်သူအမျိုးသမီးကို ခင်ပွန်းက ဓားနဲ့ထိုး သတ်လို့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သေဆုံးသူမှာ သက်လတ်ပိုင်းအရွယ်ရှိ မဖြူဖြူနှင်း ဆိုသူဖြစ်ပြီး အောက်တိုဘာ ၆ ရက် မနေ့ နေ့လယ် ၁၂ နာရီ လောက်မှာ ၎င်းယာယီလာရောက်နေထိုင်နေတဲ့ အဆိုပါရပ်ကွက်ရှိ အဒေါ်ဖြစ်သူရဲ့နေအိမ်ကနေအပြင်ထွက်လာစဉ် အမျိုးသားဖြစ်သူ ကိုသန့်ဇင်ဦး(ခ)ဘာမီတွန်က ဓားနဲ့ထိုးခဲ့တာဖြစ်ပါတယ်။

ကျူးလွန်သူအမျိုးသားဟာ ဓားနဲ့ထိုးပြီးထွက်ပြေးသွားတာမို့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

မဖြူဖြူနှင်းဟာ လွန်ခဲ့တဲ့နှစ်ပတ်က အမျိုးသားဖြစ်သူ ကိုသန့်ဇင်ဦး(ခ)ဘာမီတွန်နဲ့ ရန်ဖြစ်ခဲ့ပြီးနောက် သံလျက်မှော် အနောက်ရပ်ကွက် လမ်း၉၀×၉၁ လမ်း၊ လမ်း၄၀နဲ့၄၁လမ်းကြားရှိ အဒေါ်ဖြစ်သူရဲ့ နေအိမ်ကို ယာယီလာ ရောက်နေထိုင် နေတာဖြစ်ပါတယ်။

Source – မြေလတ်အသံ 

 ဖလမ်းမှာ စာသင်ကျောင်း ဗုံးကြဲခံရပြီး အမျိုးသမီးတစ်ဦး သေဆုံး၊ ကလေးသုံးဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ခြောက်မိုင်အကွာ လိမ်ဆိန် (Relsing) ရွာ စာသင်ကျောင်းနဲ့ ဘောလုံးကွင်းအနီးကို အောက်တို ဘာလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ကလေးသုံးဦး ဒဏ်ရာရ သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံးရှစ်လုံးကြဲချခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး ခဲ့တာ ဖြစ်ပါတယ်။

စာသင်ကျောင်းထဲ ကျရောက်ပေါက်ကွဲတဲ့အတွက် လုံးပီရပ်ကွက်က အမျိုးသမီး တစ်ဦးသေဆုံးပြီး ကလေးသုံးဦးရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။ အရပ်သား ထိခိုက်သေဆုံးတာအပြင် စာသင်ကျောင်းမှာရှိတဲ့ အဆောက်အအုံသုံးလုံးလည်း ပျက်စီးသွားခဲ့ရပါတယ်။

Source – RFA

လေကြောင်းပစ်ခတ်မှုကြောင့် ရခိုင်မှာ နှစ်ရက်အတွင်း အမျိုးသမီးတွေအပါအဝင် အရပ်သား ၁၅ ထက်မနည်း သေဆုံး

အာရက္ခတပ်တော်(AA)က နယ်မြေအများစုသိမ်းပိုက်ထားတဲ့ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူတွေ ဆက်တိုက်ပြုလုပ်လာပြီး အရပ်သားထိခိုက်သေဆုံးမူတွေတိုးမြှင့်လာနေပါတယ်။

အောက်တိုဘာလ ၇ နဲ့ ၈ ရက်အတွင်းမှာ စစ်ကောင်စီက မြို့နယ်လေးခုကို လေကြောင်းတိုက်ခိုက်မူ ၇ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မူတွေအတွင်း ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပါ အဝင် အရပ်သား ၁၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၇ ရက် ည ၁၁ နာရီကျော်မှာ တောင်ကုတ်မြို့ တန်းလွဲရွာမမြို့ကို စစ်ကောင်စီက  လေကြောင်း တိုက်ခိုက်ခဲ့လို့ အရပ်သား ၁၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၆ ဦးလောက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

Source – Delta News Agency   

ဂန့်ဂေါမှာ ဗုံးကြဲလို့ အမျိုးသမီး သုံးဦးအပါအဝင် အရပ်သား ၈ ဦးထက်မနည်းသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နဲ့ ကျောက်ထုမြို့မှ ကျေးရွာတွေကို  စစ်ကောင်စီ လေတပ်က ဗုံး ကြဲတိုက် ခိုက်လို့ အမျိုးသမီးသုံးဦးအပါအဝင် အရပ်သား ရှစ်ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ ပါ တယ်။

စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုပြီးထီးလင်းမြို့နယ်၊ ကျင်းရွာ၊ ဂန့်ဂေါမြို့နယ် ၊ရေရှင်မ ကျေးရွာနဲ့ ကျောက်ထုမြို့၊ ပန်ဆန်းရွာတို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကျင်းရွာ လေကြောင်းတိုက်ခိုက်မှုမှာ အမျိုးသား လေးဦး၊ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး ရေရှင်မကျေးရွာမှာလည်း အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်။ ဒါ့အပြင် ကျောက်ထုမြို့၊ ပန်ဆန်းရွာ တိုက်ခိုက်မှုမှာလည်း အမျိုး သမီးနှစ်ဦး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

Source – Myanmar Now

Author:

Related Articles