Home ဆောင်းပါး လှောင်ပြောင်တိုက်ခိုက်မှုတွေကို ချစ်ခြင်းမေတ္တာနဲ့ရင်ဆိုင်နေတဲ့ လိင်တူခြင်းချစ်ခင်စုံမက်သူ ကိုထွေးနဲ့မမေ

လှောင်ပြောင်တိုက်ခိုက်မှုတွေကို ချစ်ခြင်းမေတ္တာနဲ့ရင်ဆိုင်နေတဲ့ လိင်တူခြင်းချစ်ခင်စုံမက်သူ ကိုထွေးနဲ့မမေ

ဒေဝီ

       “ နင်တို့က ဘယ်သူ ကလေးမွေးမှာလဲ။”

ဒီလိုအမေးစကားတွေကြားတိုင်း မသိချင်ယောင်ဆောင်လိုက်ပေမယ့် တခါတရံတော့စိတ်ထဲမကောင်းလှ။ သူတို့နှစ်ဦးရဲ့ ဖြစ်တည်မှုအခြေအနေကို သိရဲ့သားနဲ့ တမင်လှောင်ပြောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ဆိုလာတဲ့ စကားတွေကိုကြားရတာ သူတို့ နှစ် ဦးအတွက်တော့ မထူးဆန်းတော့။

“ကိုယ်တွေအတွက်မရနိုင်မှန်းသိရဲ့သားနဲ့သပ်သပ်ကြီးမေးတာပေါ့။ လူကြားထဲအဲ့ဒီလိုကျတော့တော်တော်ခံရတယ်”လို့ LGBT လိင်တူခြင်းချစ်ခင်စုံမက်သူဖြစ်တဲ့မမေကဆိုပါတယ်။

နှစ်ဦးသားချစ်ခင်စိတ်နဲ့နေကြပေမယ့်ကလေးချစ်တက်တဲ့သူတွေဖြစ်တော့ ငွေကြေးအဆင်ပြေလာတဲ့အချိန်ကျရင်ကလေးတစ်ယောက်တော့မွေးစားချင်ကြောင်းသူကဆိုပါတယ်။

“ရည်မှန်းချက်ကမပြည့်သေးတော့ ကလေးမမွေးစားနိုင်သေးပါဘူး၊ အသက်ကြီးလာရင် ကလေးလေးနဲ့အဖော်လေးလည်းဖြစ်တယ်ဆိုပြီးတွေးတယ်၊ ဒါပေမယ့် အမတို့က ဘာမှမပြည့်စုံဘူးလေ၊ ပြည့်စုံရင်တော့ မွေးစားချင်ပါတယ်လို့ မမေကဆက်ပြောပါတယ်။

အမျိုးသမီးအဖြစ်မွေးဖွားလာပေမယ့် အမျိုးသားတစ်ဦးအဖြစ်‌ခံယူနေထိုင်နေတဲ့အသက် ၃၂နှစ်အရွယ်ကိုထွေးနဲ့ အသက် ၄၀ အရွယ်မမေတို့ဟာ အတူတကွနေထိုင်ကြတဲ့ လိင်တူခြင်းချစ်ခင်စုံမက်ကြတဲ့ချစ်သူစုံတွဲဖြစ်ပါတယ်။   

သူတို့နှစ်ဦးကို မိန်းကလေးချင်းချစ်တဲ့သူတွေရယ်လို့ လှောင်ပြောင်မှုတွေကဲ့ရဲမှုတွေရှိပေမယ့်လည်း သူတို့ကတော့ချစ်ခြင်း မေတ္တာအပြည့်နဲ့ ဘဝခရီးလမ်းကိုလျှောက်လမ်းနေကြပါတယ်။

ကိုထွေးနဲ့မမေတို့ရဲ့ချစ်ခရီးလမ်းက လေးနှစ်ကျော်ပါပြီ။ ပလာဇာတစ်ခုမှာ စက်ချုပ်ဝန်ထမ်းအဖြစ်လုပ်ဆောင်နေတဲ့မမေနဲ့ ဆိုက်ကားသမားလေး ကိုထွေးတို့ကသူငယ်ချင်းတစ်ဦး မိတ်ဆက်ပေးမှုကြောင့် ဆုံတွေ့ခဲ့ကြပြီး ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။

ချစ်သူရည်းစားဘဝမှာလည်းကိုထွေးရဲ့ ဂရုစိုက်မှု၊ ချစ်ခြင်းမေတ္တာတွေကြောင့်နှစ်ဦးသားအတူနေထိုင်ဖို့ဆုံးဖြတ်ပြီး ၂၀၂၀ မှာ အတူနေထိုင်ခဲ့ကြပါတယ်။

နှစ်ဦးသားအတူနေထိုင်မယ့်ဆုံးဖြတ်ချက်ကို နှစ်ဖက်မိဘအသိုင်းအဝိုင်းကသဘောတူလက်မခံချင်ကြ၊ ကိုထွေးရဲ့အမေတွေ အဒေါ်တွေကလည်းကိုထွေးရဲ့ဖြစ်တည်မှုကိုလက်ခံပေမယ့် အခြားအမျိုးသမီးတစ်ဦးကိုမိန်းမအဖြစ်ယူမယ်ဆိုတာကိုလက်သင့်မခံချင်ကြတာကြောင့် နှစ်ဦးသား အခြားနေရာတစ်ခုမှာ အိမ်ငှားနေထိုင်ပြီး ဘဝအတွက် ရုန်းကန်ကြိုးစားခဲ့ကြပါတယ်။

သူတို့နှစ်ဦးမှာ ကိုထွေးက မနက်ပိုင်း ဆိုက်ကားနင်းသလို  မမေက အိမ်မှု့ကိစ္စတွေလုပ်ရင်း  နေ့လည်ပိုင်းနဲ့ညနေပိုင်းတွေမှာ မုန့်လင်မယား၊ မုန့်အိုးလေးကိုနှစ်ဦးသားအတူတကွ လှည့်လည်ရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။

 သူတို့နှစ်ဦးသားပေါင်းဖက်မှုကို ပတ်ဝန်းကျင်မှာ ကူညီသူတွေရှိသလို လှောင်ပြောင်ကဲ့ရဲ့သူတွေလည်းရှိပါတယ်။ အများစု ကအမျိုးသမီးချင်း အတူတကွနေထိုင်တာကို လှောင်ပြောင်ကြတယ်။

 “နင်တို့ကဘာအရည်အချင်းရှိလဲမေးကြတာ။ သူတို့နှစ်ယောက်ကတော့အာပလာပါ။ ဒီလိုတွေပြောလည်းမသိချင်ယောင်ဆောင်ပြီးကျော်ဖြတ်ကြတာပဲ”လို့ ကိုထွေးကဆိုပါတယ်။

ပြောဆိုမှုတွေကြုံလာတိုင်းလူတစ်ဦးရဲ့ဖြစ်တည်မှုနဲ့ခံယူချက်ကိုနားမလည်လက်မခံသူတွေဖြစ်တဲ့အတွက် အထူးအထွေ ရှင်းပြမနေဘဲ လျစ်လျူရှု့ထားလိုက်တယ်လို့ မမေကပြောပါတယ်။

 နှစ်ဦးသားနေထိုင်မှုကို မိဘအသိုင်းအဝိုင်းတွေက မနှစ်သက်ကြပေမယ့်  သူတို့က ချစ်ချစ်ခင်ခင်နဲ့ အတူတကွ ကြိုးစားရုန်းကန်နေကြတဲ့အတွက် တဖြည်းဖြည်း လက်ခံလာကြတယ်လို့ဆိုပါတယ်။

မမေပျိုရွယ်စဉ်ကတည်းက အမျိုးသားတွေကို စိတ်ဝင်မစားဘဲ Tom Boyလို့ ခေါ်တဲ့ မိန်းကလေးက ယောကျာ်းလေးစိတ်ဖြစ်သူတွေနဲ့သာ ရင်းနှီးခင်မင်တယ်လို့ဆိုပါတယ်။

“ငယ်ဘဝကတော့တားတာတွေရှိတာပေါ့၊ လူကြီးတွေကျတော့လက်မခံနိုင်ဘူးလေ၊ နင်ကောင်းကောင်းမွန်မွန်ယောကျ်ားတစ်ယောက်ရှာယူရင်လည်းနင့်ကိုရှာကျွေးမှာပဲ။ အဲ့ခါကျရင်သမီးကနဂိုကမှယောကျာ်းလေးစိတ်မဝင်စားတာဆိုပြီးပြန်ပြော တယ်” လို့ မမေက ပြောပါတယ်။

ကိုထွေးကတော့သိတက်စအရွယ်ကတည်းက ယောကျာ်းလေးလို့သာစိတ်ကခံယူခဲ့ပြီး သူ့အကိုလတ်ဖြစ်သူကလည်း သူ့ကိုယောကျာ်းလေးပုံစံသာဝတ်ဆင်စေခဲ့သလိုယောကျာ်းလေးတစ်ဦးလိုသာပြုမှုစေခဲ့တယ်။ ငယ်စဉ်ကတည်းကယောကျာ်းလေးပုံစံရှိခဲ့တဲ့အတွက် မိသားစုကလည်း အထူးအထွေပြောဆိုခြင်းမရှိခဲ့။

သူကိုယ်တိုင်လည်း ယောကျာ်းလေးတွေလုပ်ရတဲ့ အရာတွေကိုသာစိတ်ဝင်စားခဲ့ပြီး ခွန်အားသုံးပြီး လုပ်ရတဲ့ ဆိုက်ကားနင်းတဲ့အလုပ်ကို  အသက်၂၀ အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပါတယ်။

“ဆိုက်ကာနင်းချင်တယ်ဆိုပြီး သူငယ်ချင်းကိုပြောတော့ နင်းလေဆိုပြီး သင်ပေးတာတစ်ရက်ပဲကြာတယ်။ နောက်နေ့ ကျတော့တက်နင်းတာအခုချိန်ထိပဲ၊ ပင်ပန်းတာတော့ရှိတယ်၊ တခါတလေငှက်ပျောသီးတို့ဆွဲခြင်းတောင်းတို့ကို အပေါ်ထပ်တွေထိတင်ပေးရတော့ ပင်ပန်းတာပေါ့”လို့ ကိုထွေးကပြောပါတယ်။

ယောကျာ်းလေးလိုနေထိုင်ပေမယ့် အမျိုးသမီးခန္ဓာကိုယ်ပဲဆိုတော့ ဆိုက်ကားနင်းရတာသူ့အတွက်ပင်ပန်းပါတယ်။ တနေကုန် ဆိုက်ကားနင်းရ၊ ခရီးသည်တွေရဲ့ အထုတ်အပိုးတွေကိုသယ်ပေးရ၊ တိုက်ခန်းအပေါ်တွေထိပစ္စည်းတင်ပေးရနဲ့ဆိုတော့ခန္ဓာကိုယ်က ညောင်းညာကိုက်ခဲနာကျင်မှုဒဏ်ခံရတာတွေလည်းရှိပါတယ်။

ဒါ့အပြင်ခရီးသည်တွေကလည်း အမျိုးသမီးနင်းတဲ့အခါပိုစိတ်ချရတယ်ဆိုတဲ့သဘောနဲ့ သူ့ဆိုက်ကားကိုရွေးချယ်စီးနင်းကြတော့ ကျန်အမျိုးသားဆိုက်ကားနင်းသူအချို့ရဲ့ မကျေနပ်တာတွေလည်းကြုံရပြန်‌သေးတယ်။

 “အထင်သေးတဲ့သူတွေလည်းရှိတယ်။ မိန်းကလေးကဘာလို့ဆိုက်ကားနင်းလည်း မင်းလုပ်စရာမရှိတော့ဘူးလားဆိုပြီး အချို့ ယောကျာ်းလေးတွေကပြောတယ်။ ကိုယ်ကတော့ ဂရုမစိုက်ပါဘူး။ အရမ်းပင်ပန်းရင်သာ တခြားအလုပ်ပြောင်းလုပ်ချင်တာ” လို့ကိုထွေးကပြောပါတယ်။

နှစ်ဦးလုံးကအိမ်မှုကိစ္စကအစ စျေးရောင်းတာအထိ သူ့တာဝန်ကိုယ့်တာဝန်မခွဲဘဲ အတူတကွ လုပ်ဆောင်ကြတဲ့အတွက် အလုပ်ကြိုးစားကြတဲ့ စုံတွဲရယ်လို့ ပတ်ဝန်းကျင်ကလည်းဆိုကြတယ်။ ဒါပေမယ့်လည်း ကြပ်တည်းနေတဲ့ စီးပွားရေးကြောင့် တနေ့ထက်တနေ့ ပိုရုန်းကန်ရပါတယ်။

အိမ်ငှားခကစလို့ နေထိုင်စားသောက်တဲ့အထိ ကုန်ကျစရိတ်တွေက တရိပ်ရိပ်တက်နေတော့ သူတို့နှစ်ဉီးလည်း အခက်အခဲကြုံရတယ်။ တခါတရံဆိုက်ကားမထွက်နိုင်တဲ့နေ့တွေ၊ စျေးရောင်းမထွက်နိုင်၊ စျေးရောင်းမကောင်းတဲ့နေ့တွေဆိုနောက်တနေ့ စျေးပြန်ရင်းဖို့အတွက်တောင်ခက်ခဲပါတယ်။

“အဆင်မပြေတဲ့အချိန်တွေလည်းရှိပါတယ်။ အခုခေတ်ကုန်စျေးနှုန်းနဲ့ဆို အဆင်မပြေဘူးလေ၊ အိမ်ငှားခနဲ့ဘာနဲ့ အဲ့ဒီအချိန်ဆို မမေရဲ့ နားကပ်လေးပေါင်ပြီး အိမ်လစာပေး အရင်းအနှီးလေးလုပ်ပြီး ဖြတ်သန်းရတယ်။”လို့ ကိုထွေး ကဆိုပါတယ်။  

ရုန်းကန်လှုပ်ရှားနေရပေမယ့် ချစ်ခြင်းမေတ္တာတွေကြောင့် ပျော်ရွှင်ရတယ်လို့မမေကပြောတယ်။ ကိုထွေးကမိသားစုကိုအစစအရာရာဦးဆောင်နိုင်သလို သူ့ကိုလည်းကာကွယ်မှုပေးနိုင်ပြီး လုံခြုံမှုပေးနိုင်တယ်လို့ပြောပါတယ်။

လက်ရှိမှာတော့ စီးပွား‌ရေးပြေလည်အောင်ရုန်းကန်နေရတော့ အဆင်ပြေရင်တော့ ကားမောင်းသင်ပြီး တက္ကဆီလေးဆွဲချင်တယ်လို့ဆိုတယ်။ ဒါမှသာ ပေါင်နှံလိုက် ပြန်ရွေးလိုက်နဲ့သံသရာလည်နေတဲ့ မမေရဲ့ နားကပ်လေးကို ပြန်ရွေးနိုင်ပြီး  အိမ် လေးတစ်လုံးပိုင်ဆိုင်ချင်တဲ့ဆန္ဒလည်းပြည့်မှာလို့ဆိုပါတယ်။

“သူကတော့ ကိုယ့်ကိုကျန်းမာအောင်ထားချင်တယ် အိမ်တစ်လုံးလည်းပိုင်ချင်တယ်၊ တရားရုံးသွားပြီး လက်ထပ်ချင်တယ်လည်းပြောတယ်၊ ကိုထွေးက လက်ထပ်မယ် တရားရုံးသွားမယ်ဆိုပြီးပြောနေတာ မလုပ်ပါနဲ့ပြောနေရတယ်” လို့မမေ က ရယ် ရင်းပြောပြပါတယ်။

LGBT ဖြစ်ဖြစ် အမျိုးသားနဲ့ အမျိုးသမီးပဲဖြစ်ဖြစ် ချစ်တဲ့သူတိုင်း လက်တွဲစေချင်တယ်လို့ဆိုပါတယ်။

Author:

Related Articles