မေ
“အပြင်လောကမှာ ဝတုတ်လေးတွေဆိုအနည်းအများBody shame လုပ်ခံရတက်ပါတယ်။ ဒါပေမယ့်ပန်းချီရေးသူတယောက်က ချစ်စရာကောင်းတဲ့ ရှုထောင့်ကနေ တင်ပြရင်ချစ်စရာဖြစ်လာနိုင်တာပဲဆိုပြီး ဝတုတ်လေးတွေ စရေးတော့တာပါ”လို့ အမျိုးသမီးတစ်ဦးက သူ့ပန်းချီကားတွေနဲ့ ပတ်သက်ပြီးပြောပါတယ်။
သူကတော့ အသက်(၄၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ပန်းချီဆရာမလွင်လွင်လှိုင်ရွှေပဲဖြစ်ပါတယ်။
ဆရာမလွင်လွင်လှိုင်ရွှေဟာ“သူမ”လို့အမည်ပေးထားတဲ့ခန္ဓာကိုယ်ဝဝအမျိုးသမီးပန်းချီကားလေးတွေရဲ့ လက်ရာပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။
အစပိုင်းမှာတော့သူဟာ လူပုံကိုလူပုံမဟုတ်ဘဲရုပ်ပြပုံစံမျိုးသာရေးတက်ခဲ့တဲ့အတွက် လူပုံတွေ မရေးရဲခဲ့ပါဘူး ။ ဒါပေမယ့်အတွေးစိတ်ကူးထဲမှာတော့ အမျိုးသမီးတွေကိုအလှသက်သက်ပုံမျိုးမဟုတ်ပဲ “သူမ” ဘာတွေခံစားနေမလဲ၊ မျှော်လင့်နေမလဲ၊ တွေးနေမလဲဆိုတာပါအောင်လေးရေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ စရေးခဲ့တာပါ။
စရေးတဲ့ သုံးကားလောက်ကတော့ အမျိုးသမီးပိန်ပိန်လေးတွေရဲ့ပန်းချီကားဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ဝဝလေးတွေကို စရေးဖြစ်ခဲ့ပါတယ်။
“သူမ” လို့အမည်ပေးထားတဲ့ပန်းချီကားတွေမှာ အမျိုးသမီးခပ်ဝဝပုံလေးတွေက ကြာရွက်လေးတွေပေါ်မှာ ထိုင်နေတာ၊ လမ်းလျှောက်နေတာစသဖြင့်စုံလို့ပါပဲ။
“အမျိုးသမီးတယောက်ရဲ့စိတ်ကူးတွေဟာ လက်တွေ့မှာဖြစ်လာချင်မှဖြစ်မယ် ဒါပေမယ့်ပန်းချီကားထဲမှာတော့ ဖြစ်နေတာမျိုးပါ၊ အထူးသဖြင့်ကြာရွက်လေးတွေပေါ် ထိုင်နေတာ အိပ်နေတာ လမ်းလျှောက်နေတာပေါ့။ ပေါ့ပါးလွတ်လပ်နေတဲ့ စိတ်တွေခံစားမိအောင်လို့ပါ”လို့ပန်းချီဆရာမကပြောပါတယ်။
“သူမ” ပန်းချီကားကိုကြည့်မိသူတိုင်း ကိုယ်တိုင်ကြာရွက်လေးပေါ်ထိုင်သလို၊ အိပ်နေသလို စိတ်ပေါ့ပါးစေချင်တယ်လို့ ဆိုပါတယ်။
“သူမ”ပန်းချီကားထဲကအမျိုးသမီးတွေရဲ့ဝတ်စားဆင်ယင်မှုဟာရတနာပုံခေတ်ကအမျိုးသမီးတွေရဲ့ ဝတ်စား ဆင်ယင်မှုမျိုးပါ။ “သူမ”ကားတွေစရေးတော့ nude တွေစရေးဖို့စဉ်းစားခဲ့ပေမယ့် မော်ဒယ်ထိုင်ပေးမယ့် သူမရှိသေးပေမယ့် သူကိုယ်တိုင်လည်း ခန္ဓာဗေဒ (Anatomy)အချိုးလေးတွေ သိထားတော့ “သူမ” တွေကို ရေထဲမှာရေချိုး နေတာ၊ ရေခပ်နေတာ၊ နားနေတာလေးတွေစိတ်ကူးမိပြီး တချို့ကားလေးတွေကို nude အပြည့်ရေးခဲ့သလို တချို့ ကိုလည်း လုံချည်ရင်လျား၊ တချို့ခါးတစ်ဝတ် nude တွေဖွဲ့နွဲ့ရေးခဲ့ပါတယ်။
လိုအပ်တဲ့မှီငြမ်းပုံတွေကိုတော့ လူမှုကွန်ရက်ပေါ်က အသုံးတည့်မယ့်ပုံလေးတွေကို ကိုးကားခဲ့တယ်လို့ဆိုပါတယ်။
မှီငြမ်း “ပန်းချီကားတွေမှာ Nude Art က အမျိုးသမီးရဲ့ body အလှပန်းချီဘာသာဗေဒလိုဆို tone တွေ texture တွေ color တွေရေးဆွဲသူရဲ့စုတ်ချက်တွေရေးချက်တွေ stoke တွေကို သေချာလေးခံစားမိရင် သိပ်ကိုလေးလေး နက်နက်တင်ပြထားမှန်းသိကြမှာပါ။ တကယ့်ပန်းချီသင်ရိုးမှာက လူပုံဆိုတာကို အမျိုးသမီး အမျိုးသားကလေး လူကြီးဆိုပြီး အချိုးအစားတွေ လှုပ်ရှားမှုတွေကို အခြေခံအားဖြင့်နားလည်ပြီးရင် သဘာဝအတိုင်း တင်ပြမလား ဖန်တီးမလား ဆိုတာရဲ့အဖြေက Nude Art ပါပဲ”လို့ ပန်းချီဆရာမ လွင်လွင်လှိုင်ရွှေကရှင်းပြပါတယ်။
“သူမ”ပန်းချီကားတွေက လွတ်လပ်ပေါ့ပါးပြီး ချစ်စရာကောင်းကာ အတွေးကထူးဆန်းတဲ့အတွက် တခါတရံမျောလွင့်နေမိတယ်လို့ ကြည့်ရှုသူတွေကတုန့်ပြန်ကြတယ်လို့သူကဆက်ပြောပါတယ်။
“သူမ”ပန်းချီကားတွေအပြင် ရှုမျှော်ခင်းကားတွေပိုရေးဖြစ်တယ်လို့ ဆိုပါတယ်။ ရှုမျှော်ခင်းကားတွေမှာတော့မြန် မာရှုခင်းတွေကိုအများဆုံးရေးဖြစ်နေပါတယ်။ ဒီကားတွေအပေါ် ကြည့်ရှု့သူတွေမှတ်ချက်ပေးကြတာကတော့ အရောင်တွေကစိတ်ဝင်စားမှုဖြစ်စေပြီး အမြဲပန်း ရောင်ပါတက်တယ်လို့ မှတ်ချက်ပေးကြကြောင်း ဆရာမလွင် လွင် လှိုင်ရွှေကပြောပြပါတယ်။
အမျိုးသမီးပန်းချီဆရာတွေရဲ့ ပန်းချီကားတွေက နူးညံ့တာများပြီး တစ်ယောက်နဲ့တစ်ယောက်တွေးပုံတွေကွာသလို ဝါသနာအရရေးဆွဲတဲ့အများစုမှာဆို ပန်းချီကားအရေအတွက်များများမတွေ့ရပေမယ့် တစ်ကားဆိုတစ်ကား အစွမ်း ကုန်ကြိုးစားထားတာတွေ့ရတက်တယ်လို့ အမျိုးသမီးပန်းချီဆရာမတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။
အမျိုးသားပန်းချီဆရာတွေကတော့ တင်ပြပုံလက်တွေ့ပိုကျတာမျိုးတွေ့ရသလို ပိုပြီးအားရှိတာမျိုးလည်း တွေ့ရ တယ်လို့ဆိုပါတယ်။အမျိုးသမီးတွေရဲ့ခံစားမှုတွေကိုဖော်ပြတဲ့အခါမှာတော့အမျိုးသမီးပန်းချီဆရာမတွေကပိုတွေး ပိုမြင်တက်ကြပါတယ်။
“အဲ့ဒါက Group Show တွေမှာဆိုပိုပြီး သိသာတယ်လေ အမျိုးသမီး(၁၀)ယောက်ပြရင် (၁၀)မျိုးတွေ့ရပြီး အမျိုး သား (၁၀)ယောက်ပြရင်(၅)မျိုးလောက်ပဲပေါ့။ အမျိုးသမီးတွေကပိုပြီး အမျိုးသမီးတွေရဲ့အသံတွေခံစားမှုတွေ အ ကြည့်တွေကိုအမျိုးသားတွေထက်ပိုပြီးအကင်းပါးပါးနဲ့သိတာပါပဲ”လို့ဆရာမလွင်လွင်လှိုင်ရွှေကသူ့အမြင်ကိုပြောပြ ပါတယ်။
ဒါ့အပြင် အသက်အရွယ်ကွာခြားမှုကလည်းတော်တော်လေးအရေးပါပါတယ်။
ဥပမာ အုပ်စုပြပွဲတွေမှာ (၁၀)ကျော်သက်တွေ၊ ၂၀၊ ၃၀ ဝန်းကျင်တွေ၊ ၅၀ ကျော်၊ ၆၀ ပန်းချီဆရာမတွေရဲ့ အတွေးတွေ နားလည်မှုတွေ မတူတာကြောင့်ပန်းချီကားအမျိုးအစားတွေကွဲပြားသွားတာတွေ့ရတယ်လို့ဆိုပါတယ်။
အခုကာလရဲ့ရှေ့ ၁၅နှစ်လောက်ကစပြီး တိုင်းပြည်ရဲ့ ပန်းချီလောကထဲမှာ အမျိုးသမီးပန်းချီဆရာတွေ အသက် အရွယ်အစုံ ခပ်များများပေါ်ပေါက်လာတာ၊ အုပ်စုပြပွဲတွေ တကိုယ်တော်ပြပွဲတွေ နဲ့ ပန်းချီလောကထဲ ပန်းချီဆိုတာကို အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုအဖြစ် တစိုက်မက်မက် ရပ်တည်လာကြတာ သိပ်ကိုဝမ်းသာစရာပါပဲ လို့ ဝမ်းသာအားရဆိုပါတယ်။
“ကျွန်မကတော့လေ ဘာကြောင့်ဖြစ်ဖြစ် ပန်းချီရေးတဲ့သူဆို ချစ်ရတာပါပဲ။ ကိုယ်တခြားဘာအလုပ်လုပ်လို့ရမလည်း တွေးကြည့်မိရင် ဟယ်ပန်းချီပဲရေးတက်တာပါ့လေ ဆိုပြီးအခါခွင့်သင့်ရင် ရေးနေတက်ပါတယ်။ ရောင်းရတဲ့ အခါတော့ပျော်ရတာပေါ့ ပန်းချီဆက်ရေးဖို့ ပန်းချီပစ္စည်းလေးတွေဝယ်ရတာပေါ့”လို့သူကဆက်ပြောပါတယ်။
သူ့အတွက် အိမ်ရှင်မတာဝန်တွေလည်းရှိတော့ ပန်းချီကိုအချိန်များများမပေးနိုင်တာက အခက်အခဲတစ်ခုပဲလို့ဆို ပါတယ်။
“ကိုယ်ရဲ့နောက်ထပ်အဆင်မပြေတာတစ်ခုက ခရီးတွေသိပ်မထွက်ဖြစ်တာပါပဲ။ ပန်းချီရေးတဲ့သူတယောက်က ပြင်ပလောကဆီကနေပဲ သင်ယူရတာ စုပ်ယူရတာမျိုးကလိုအပ်တာမို့ပါ”လို့သူ့အခက်အခဲကိုပြောပြပါတယ်။
ပန်းချီဆရာမ လွင်လွင်လှိုင်ရွှေဟာ သထုံဇာတိဖြစ်ပါတယ်။ ဖခင်ဖြစ်သူက သားသမီးတွေဝါသနာပါရာကိုပဲ သင်ယူစေခဲ့တဲ့အတွက် ပန်းချီကျောင်းတက်ကာ ပန်းချီပညာကိုသင်ယူခွင့်ရခဲ့တယ်။
ငယ်ဘဝရဲ့အချိန်တော်တော်များများကကျောင်းချိန်ပြီးတဲ့အခါ သူငယ်ချင်းတွေ၊ မောင်နှမတွေနဲ့ဆော့ကစားတာ တစ်ယောက်ထဲရှိတဲ့အချိန်ဆို ပန်းချီရေးတာ၊ စာအုပ်ဖတ်တာတွေပြုလုပ်ရင်းဖြတ်သန်းခဲ့ပါတယ်။
“သာမာန်ကလေးဘဝအတိုင်းလေးပါပဲ”လို့ဆိုပါတယ်။
အသက်သုံးနှစ်လောက်အရွယ်ကတည်းက ကျောက်သင်ပုန်းပေါ်မှာ လူပုံတွေစရေးတာ မြေကြီးပေါ်မှာ တုတ်ချောင်းနဲ့ပုံတွေရေးတာ အိမ်နံရံတွေပေါ်မှာ ရေးတာအားတဲ့အချိန်တိုင်း ပုံတွေရေးတာကစလို့ ပန်းချီဝါသနာပိုးပါခဲ့တာဖြစ်ပါတယ်။
ရန်ကုန်အနုပညာကျောင်း University of Culture ( Yangon) မှာ ၁၉၉၅ ခုနှစ်ကနေ ၁၉၉၉ ခုနှစ် ပန်းချီ အထူးပြုဘာသာရပ်ဖြင့် ပန်းချီပညာကို စတင်သင်ယူခဲ့ပါတယ်။၁၉၉၉ ခုနှစ်က စတင်ကာ Pupame အမည်နဲ့ အုပ်စုပန်း ချီပြပွဲစတင်ပြသခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာတော့ Eight Ladies အမည်နဲ့ မန္တလေးအခြေစိုက် အုပ်စုပန်းချီပြပွဲစတင်ပြသခဲ့ပြီး ယနေ့အထိ အုပ်စု ပြပွဲပေါင်း (၃၀)ကျော်ပါဝင်ပြသခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ “41” အမည်နဲ့ပထမဆုံး solo ပန်းချီပြပွဲစတင်ပြသခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ M.A Painting, NUAC (Mdy)၊ ၂၀၁၉ ခုနှစ်မှာ မျဉ်းရေးဆေးခြယ်အမည်နဲ့ ဒုတိယ solo ပန်းချီပြပွဲပြသခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ သံတူ ကြောင်းကွဲအမည်နဲ့ ပထမဆုံး Duet ပန်းချီပြပွဲပြသခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ “သူမ”အမည်နဲ့ တတိယ solo ပန်းချီပြပွဲပြသခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ “ Unique 45” အမည်နဲ့ စတုတ္ထ solo ပန်းချီပွဲပြသခဲ့ပါတယ်။
ယခုနှစ် ၂၀၂၄ ခုနှစ် မေလမှာတော့ ၅ ကြိမ်မြောက်“သူမ”အမည်နဲ့ပြတဲ့ပွဲမှာ သူမ ဝတာရော သူမပိန်တာရော ရေးခဲ့ပါတယ်လို့ဆိုပါတယ်။
ကြုံကြိုက်တဲ့အခါတွေမှာတော့ ပန်းချီဝါသနာရှင်လူငယ်တွေကို သိထားတာတွေကိုမျှဝေပေးဖြစ်ပြီး သင်တန်းဖွင့်ဖို့တော့ ပြင်ဆင်နေဆဲလို့ဆိုပါတယ်။ ရှေ့ဆက်ပြီးတော့ “သူမ”နဲ့ဆိုင်တာတွေကိုပဲဆက်ရေးဦးမှာပါလို့ပြောပါတယ်။
ပန်းချီဆိုတာကို အမျိုးသမီးပဲရေးရေးအမျိုးသားပဲရေးရေး ကိုယ့်ပန်းချီအပေါ်ကိုယ်လေးစားယုံကြည်ပြီး သစ္စာမဖောက်ဖို့အရေးကြီးတယ်လို့ဆက်ပြောပါတယ်။
“နောက်တစ်ခုကတော့ ပန်းချီဆိုတာ ခေတ်တစ်ခေတ်ရဲ့ သမိုင်း အထောက်အထားတွေပါပဲ။ လိုအပ်တဲ့အခြားသောအနုပညာတွေအတွက်အသုံးချနိုင်တဲ့ ဂုဏ်ရည်မျိုးရှိတာပါ။ ပန်းချီဆိုတာ ထုတ်ကုန်မဟုတ်ပါဘူး စိတ်ပါ။ စိတ်ရယ်ကိုယ်ရယ် အရာဝတ္ထုရယ်တစ်ထပ်ထဲကျတဲ့ အချိန်တစ်ခုမှာ ပန်းချီဖြစ်တာမျိုးပါ။ သိတိုင်းရေးတိုင်း မရ တက်တဲ့ စိတ်ကိုဖော်ပြနိုင်တဲ့ လက်တွေ့ကျလွန်းသောပညာရပ်ပါ။ လူတိုင်းပန်းချီကိုမချစ်တက်ကြပါဘူး။ တခါ တခါတော့ပန်းချီကိုတောင် အသုံးချတက်ကြပါသေးတယ် ”လို့ဆရာမလွင်လွင်လှိုင်ရွှေကဆိုပါတော့တယ်။