သန့်ရှင်းထွန်း
ရခိုင်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီးတိုက်ပွဲဧရိယာ ကျယ်လာတာနဲ့အမျှ ကျောင်းသားအရွယ် သား သမီးသုံးဦးရဲ့မိခင် ဒေါ်ညိုရဲ့မျှော်လင့်ချက်တွေဟာလည်း တဖြည်းဖြည်းဝေဝါးလာတယ်လို့ ဆိုပါတယ်။
စားနိုင်သောက်နိုင် လူလတ်တန်းစားဖြစ်တဲ့ ဒေါ်ညိုဟာ မချမ်းသာပေမယ့် သားသမီးတွေကို ကောင်းကောင်းမွန်မွန် ကျောင်းထားနိုင်တဲ့ မိခင်တစ်ယောက်ပါ။
“သားသမီးတွေ ကျောင်းဘယ်လို ဆက်တက်မလဲဆိုတာ နေ့တိုင်းတွေးနေတယ်။ စီးပွားဥစ္စာအမွေမပေးနိုင်ပေမယ့် ပညာအမွေဖြစ်အောင်ပေးမယ်ဆိုတဲ့ ခံယူချက်က လက်ရှိမှာ ဘာမှန်းမသိဖြစ်နေတယ်”လို့ ဒေါ်ညိုက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောင်းဖွင့်ရာသီမှာလည်း ကျောင်းမဖွင့်နိုင်ဘဲ မြို့နယ်အများစု ကျောင်းတွေ ပိတ်ထားရပြီး ကလေးတွေရဲ့ ပညာရေးဟာလည်း ဦးတည်ချက်မရှိဖြစ်နေပါတယ်။
၁၁ တန်းတက်ရမယ့် သားတစ်ဦး၊ ၄ တန်းတက်ရမယ့် သားတစ်ဦးနှင့် KG တန်းစတက်ရမယ့် သမီးတစ်ဦးရှိတဲ့ဒေါ် ညိုဟာမောင်တောမြို့ပေါ်ရပ်ကွက်တခုမှာနေထိုင်ခဲ့သူဖြစ်ပြီးသူကိုယ်တိုင်လည်းအလယ်တန်းပြကျောင်းဆရာမ တစ်ဦးဖြစ်ပါတယ်။
ဒေါ်ညိုတို့နေထိုင်တဲ့ မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လလောက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် မြို့ပေါ်ကအိမ်ကို စွန့်ခွာပြီး မောင်တောမြို့နယ်ထဲက ဘေးလွတ်မယ့်ကျေးရွာတခုကို တိမ်းရှောင်ခဲ့ရတာလို့ဆိုပါတယ်။
“အခုချိန်မှာ အသက်ထက်အရေးကြီးတာ ဘာမှမရှိဘူးဆိုပြီး အိမ်ကိုစွန့်ခဲ့တယ်။ အိမ်မှာလူမရှိတော့ သူခိုးတွေက အိမ်ကိုဖောက်ကြတယ်။ ကျမကတော့ ပစ္စည်းတွေအကုန်ကုန်သွားပေမယ့် အိမ်တဆောင်ကျန်ခဲ့ရင် တော်ပြီဆိုပြီး တော့ဆုံးဖြတ်ထားတယ်”လို့ သူကဆက်ပြောပါတယ်။
ကျောင်းတက်ရမယ့်အချိန် ဇွန်လကို ရောက်လာချိန်မှာတော့ ကျောင်းမတက်ရတဲ့ သူ့သမီးတွေကို ကြည့်ပြီး ရင်ထဲ တမျိုးခံစားရတယ်လို့ ဒေါ်ညိုက ပြောပါတယ်။
“အငယ်ဆုံးသမီးလေးက အမေကျောင်းမသွားရဘူးလား။ ကိုကိုကျောင်းမတက်ရဘူးလား။ အကိုလတ် ကျောင်း မ တက်ရဘူးလားလို့ ခဏခဏမေးတယ်။ သူလည်း လွယ်အိတ်လေးလွယ်ပြီး ကျောင်းတက်ချင်တယ်လို့ ပြောတယ်” လို့ ဒေါ်ညိုက ပြန်ပြောပြပါတယ်။
ယခုနှစ် ကျောင်းဖွင့်ရာသီမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၇ မြို့နယ်မှာ ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်တဲ့ စစ်တွေ မြို့တခုတည်းမှာသာ စစ်တပ်ကျောင်းတချို့ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်တဲ့ကျောင်းတွေအကုန်လုံး ပိတ်ထားရပါတယ်။
တစ်နှစ်ကျောင်းပိတ်ထားတဲ့အတွက် သားသမီးတွေ အသက်တစ်နှစ်ကြီးသွားတာကို အောင့်အီးသည်းခံချင်ပေမယ့် လာမယ့်နှစ် ကျောင်းဖွင့်ရာသီမှာ ကျောင်းပြန်ဖွင့်နိုင်မလားဆိုတာလည်း မရေရာ မသေချာသေးဘူးလို့ ဒေါ်ညိုက ပြောပါတယ်။
“ကိုဗစ်ဖြစ်တုန်းကတစ်နှစ် ကျောင်းနားလိုက်ရတယ်။ တကယ်လို့ ကျောင်းမနားခဲ့ရဘူးဆိုရင် ကျမသားအကြီးကဒီ နှစ်မှာဆယ်တန်းအောင်ပြီးသွားပြီ”လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၇ လကျော်တည်းက တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်ထားတဲ့အတွက် သားသမီးတွေ ကျောင်းဆက်တက် နိုင်မယ့် ရန်ကုန်မြို့ကိုလည်း မပြောင်းရွေ့နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ရန်ကုန်မြို့ကို ထွက်ခွာဖို့ လမ်းကြောင်းသင့်တဲ့ စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ သံတွဲမြို့နယ်ထဲက မိသားစုတွေကတော့ ရန်ကုန်မြို့ကို ပြောင်းရွေ့သွားကြပြီး သားသမီး ပညာရေး ဆုံးခန်းတိုင်ဖို့ အခွင့်အရေး ရသွားတယ်လို့ ပြောပါတယ်။
“ကျောင်းတက်ရမယ့်အချိန်မှာ ကျောင်းမတက်ရတော့ ကလေးတွေက စိတ်လွှင့်သွားကြတယ်။ တခြားလုပ်စရာ လည်းမရှိတော့ ဖုန်းကြည့်ပြီးတော့ အချိန်ကုန်နေတယ်။ တခြားသူတွေလို ရန်ကုန်မြို့ကို ရောက်အောင်ထွက်သွားနိုင်ရင် ကျမရဲ့သားသမီးတွေ ပညာဆက်သင်နိုင်မယ်”လို့ ဒေါ်ညိုက အားမလိုအားမရ ဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနေတဲ့ အာရက္ခတပ်တော်(AA)ကတော့ လက်ကျန်မြို့တွေကို ဆက်တိုက်နေပြီး အာရက္ခ တပ်တော်(AA) သိမ်းပိုက်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာလည်း ကျောင်းတွေမဖွင့်နိုင်သေးပါဘူး။
အာရက္ခတပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ လုံခြုံရေးအခြေအနေကြောင့် AA ထိန်းချုပ်နယ်မြေတွေမှာ စာသင်ကျောင်းတွေမဖွင့်လှစ်နိုင်သေးဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“ပြည်သူလူထုရဲ့ ပညာရေးကို တန်ဖိုးထားတယ်ဆိုရင်လည်း စစ်ကောင်စီဟာ အခုချိန်မှာ တစ်နိုင်ငံလုံးကိုပတ်ပြီး ဗုံးကြဲတာတွေ၊ ဒရုန်းကို အများကြီးအသုံးပြုလာပြီး ပစ်ခတ်တိုက်ခိုက်မှုအများကြီး လုပ်လာတဲ့အတွက် အရပ်သားသေဆုံးမှုဟာ တိုးလာနေတယ်”လို့ ပြောခဲ့ပါတယ်။
၁၁ တန်းတက်ရမယ့် ဒေါ်ညိုရဲ့သားကြီးဖြစ်သူကတော့ ကျောင်းဆက်တက်ချင်စိတ်ရှိပေမယ့် ဘယ်နေ့ဘယ်အချိန် မှာ ကျောင်းပြန်တက်ရမယ်ဆိုတာကို မသိဘူးလို့ ဆိုပါတယ်။
“ကျောင်းမတက်ရတော့ တအားပျင်းနေတယ်။ စိတ်တွေက မငြိမ်ဘူး။ တခုခုကို မကျေနပ်သလို စိတ်အလို မကျ ဘူး ။ တခါတလေရှိတဲ့ စာအုပ်လေးတွေ ကိုင်ဖတ်ကြည့်တယ်။ ဒါပေမယ့် စိတ်မဝင်စားဘူး”လို့ စစ်ဘေးရှောင်နေရချိန် ဖြစ်ပေါ်နေတဲ့ သူရဲ့စိတ်ကို ပြောပြခဲ့ပါတယ်။
အခုလို ကျောင်းတက်ရမယ့်အချိန်မှာ ကျောင်းမတက်ရဘဲ နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်သံ၊ သေနတ်ပစ်သံတွေကိုသာကြားနေရလို့ အာရက္ခတပ်တော်(AA)ထဲကို ဝင်ချင်စိတ်ပေါက်လာတယ်လို့ ဒေါ်ညိုရဲ့ သားကြီးက သူ့အတွေးကို ပြောခဲ့ပါတယ်။
“ကျောင်းမှာရှိတဲ့ သူငယ်ချင်းနေရာမှာ စစ်ဘေးရှောင်တွေ အစားထိုးလာတယ်။ ကျောင်းခေါင်းလောင်းသံနေရာမှာ အမြှောက်သံ၊ သေနတ်သံတွေက အစားထိုးလာတယ်။ ကျောင်းလွတ်ချိန် ခေါင်းလောင်းသံက ပျော်စရာ ဖြစ်ပေမယ့် အမြှောက်သံတွေက စိတ်ညစ်စရာအသံတွေပါ”လို့ သူကဆက်ပြောပါတယ်။
ရခိုင်တပြည်နယ်လုံးမှာ ကျောင်းတွေပိတ်ထားပြီး အသက်ဘေးလွတ်မယ့်နေရာတွေကို တိမ်းရှောင်နေရပေမယ့် ကလေးတွေစာနှင့်မဝေးသွားအောင် အားတဲ့အချိန်မှာ စာပြဖြစ်တယ်လို့မိခင်တဦးဖြစ်တဲ့ ဒေါ်နှင်းနှင်း ကပြောပါတယ်။
“စစ်ဘေးရှောင်ဘဝက အဆင်မပြေတာကို အကုန်လုံးသိကြတယ်။ ဒါပေမယ့် ကိုယ့်ကလေးတွေ စာနဲ့မဝေးသွားဖို့ အားတဲ့အချိန်မှာ စာပြဖြစ်တယ်။ အတန်းထက် စာတတ်ဖို့က အရေးကြီးတယ်”လို့ ပြောပါတယ်။
ဘယ်အချိန်ဘယ်ကာလမှာ ကျောင်းတွေပြန်ဖွင့်နိုင်မယ်ဆိုတာ မသိနိုင်တဲ့အတွက် အဆင်ပြေမယ်ဆိုရင် လွတ် မြောက်နယ်မြေက စစ်ဘေးရှောင်စခန်းတွေမှာ စာသင်ဆောင်တွေဖွင့်လှစ်သင်ကြားပေးသင့်တယ်လို့ ဒေါ်နှင်းနှင်းကအကြံပြုပါတယ်။
ကျေးရွာတရွာ၊ မြို့နယ်တခု၊ နိုင်ငံတနိုင်ငံအဆင့်အတန်းရှိမရှိကို အဲ့ဒီမှာရှိတဲ့ ပညာတတ်သူတွေနဲ့ တိုင်းတာတဲ့အတွက် ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ ဒေါ်နှင်းနှင်းက ပြောပါတယ်။
ဆရာမအများစုက သက်ဆိုင်ရာစစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြပါတယ်။ တပိုင်တနိုင်စာပြတာကို ကိုယ့် ကလေး တွေကိုတချို့ကလုပ်ပေမယ့် မလုပ်သူများပါတယ်။ အထက်တန်းကျောင်းသူ/သားတွေကတော့သူတို့ပညာရေး ဆုံးရှုံးသွာမှာ၊ အသက်တွေကြီးသွားမှာကို စိုးရိမ်နေကြပါတယ်။
ဘယ်လိုမိဘမဆို ကိုယ့်သားသမီးကို ပညာတတ်တွေဖြစ်စေချင်တာကြောင့် မြို့သိမ်းတိုက်ပွဲတွေတိုက်ရင်း အခြားတဖက်ကလွတ်မြောက်နယ်မြေတွေမှာကလေးတွေရဲ့ပညာရေးအတွက်တခုခုစီစဉ်သင့်တယ်လို့ ပညာရေးမှူးဟောင်းတစ်ဦးကလည်းထောက်ပြပြောဆိုခဲ့ပါတယ်။
“ကလေးတွေကျောင်းတက်ရမယ့်အချိန်မှာ ကျောင်းမသွားရရင် တပ်ထဲကိုဝင်ချင်စိတ်ပေါက်လာမယ်။ နိုင်ငံခြားကို သွားချင်စိတ်ပေါက်လာမယ်။ အကုန်လုံးက တပ်ထဲမှာရှိနေလို့ မဖြစ်သလို နိုင်ငံခြားကို ရောက်သွားရင်လည်း လူသားအရင်းအမြစ်ဆုံးရှုံးမယ်”လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံမှာအဆင်းရဲဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အသက်ဆုံးရှုံးမှုတွေ၊ ပစ္စည်းဥစ္စာ ဆုံး ရှုံးမှုတွေ၊ စီးပွားရေးဆုံးရှုံးမှုတွေနှင့်အတူပညာရေးဆုံးရှုံးမှုတွေကိုပါ ဆက်ပြီးခံနေရတာကြောင့် သားသမီးပညာရေးကိုတော့ မဆုံးရှုံးချင်ဘူးလို့ ဒေါ်ညိုက ပြောပါတယ်။
“ရှိသမျှစီးပွားဥစ္စာတွေ ဆုံးရှုံးသွားပေမယ့် ကျမစိတ်ဓာတ်မကျဘူး။ ဒါပေမယ့် သားသမီးပညာရေးကိုတော့ မဆုံးရှုံး စေချင်ဘူး။ ဘာလို့လဲဆိုတော့ ပညာရေးက သားသမီးတွေရဲ့ အနာဂတ်ဖြစ်လို့ပါ”