ရှင်ငြိမ်း
အာဏာသိမ်းပြီးနောက်စစ်တပ်ကသတင်းသမားတွေကို ပစ်မှတ်ထားလိုက်လံဖမ်းဆီးသတ်ဖြတ်နေတဲ့အတွက် ထိုင်းနိုင်ငံထဲ ဝင်ရောက်ခိုလှုံနေကြရတဲ့ သတင်းထောက်တွေ အများအပြားရှိနေပါတယ်။
တချို့ကလည်း ပြည်တွင်းမှာ အခက်အခဲမျိုးစုံဖိနှိပ်မှုတွေကြားက ပုန်းလျိုးကွယ်လျိုးနဲ့သတင်းတွေ ဆက်လက်လုပ်နေတာရှိသလို ဒေသကာကွယ်ရေးတပ်တွေထံခိုလှုံပြီးစစ်သတင်းတွေရယူနေတဲ့ရဲရဲတောက်သတင်းထောက်တွေလည်း မနည်းပေ။
ဒေသကာကွယ်ရေးတပ်တွေနဲ့အတူ သတင်းလိုက်ယူတဲ့ စစ်သတင်းထောက်အများစုကအမျိုးသားတွေဖြစ်လေ့ရှိပေမယ့် ထူးထူးခြားခြားဆိုရမလား အမျိုးသမီးစစ်သတင်းထောက်တချို့လည်း ရှိနေပါတယ်။
ဒါဟာအမျိုးသမီးတွေလည်း အမျိုးသားတွေနည်းတူ စွန့်လွှတ်နိုင်တယ်။ စွန့်စားနိုင်တယ်။ အတူတူလုပ်နိုင်တယ်ဆိုတဲ့သတ္တိနဲ့ အရည်အချင်းကို ပြသနေတာပဲဖြစ်ပါတယ်။
အဲ့ဒီလိုလူနည်းစုထဲက တစ်ယောက်ဖြစ်တဲ့ အမျိုးသမီးစစ်သတင်းထောက် အက်စတာဂျေဟာဆိုရင် စစ်ရေးပြင်းထန်နေတဲ့ ကရင်နီပြည်နယ်က အရပ်သားထိခိုက်သေဆုံးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုသတင်းတွေရယူရေးသားနေသူတစ်ဦးပါ။
“သတင်းသမားတစ်ယောက်ဟာ သတင်းဖြစ်နေတဲ့နေရာမှာ အနီးဆုံးရှိသင့်တယ်လို့ ခံယူထားတယ်။”လို့ အက်စ တာဂျေက သူ့ခံယူချက်အတိုင်း စစ်မြေပြင်မှာ သတင်းရယူနေတာဖြစ်ပါတယ်။
သတင်းသမားတွေဟာ အသက်အန္တရာယ်များတဲ့စစ်မြေပြင်မှာ ဗုံးသံ၊ ကျည်ဆန်နဲ့လေယာဉ်တွေကြားကနေ စွန့် စွန့်စားစားသတင်းတွေပေးပို့နေကြရတာပါ။
“အဓိကကတော့ စစ်မြေပြင်ထဲမှာ ဘာတွေဖြစ်နေလဲ။ စစ်ဖြစ်နေတဲ့ဒေသမှာ ဘာတွေဖြစ်နေလဲဆိုတာ ပြည်သူကိုချပြချင်တာ။ ကမ္ဘာကို သိအောင်လုပ်ချင်တာ၊ ကိုယ်တိုင်လည်း ကြုံချင်တာပါတယ်။ စစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ရဖို့ လိုက်လံစုံစမ်းဖော်ထုတ်ချင်လို့ပါ။”လို့ သူ့ရည်ရွယ်ချက်ကို ပြောပြပါတယ်။
တကယ်တော့ စစ်မြေပြင်မှာ သတင်းရယူတယ်ဆိုတာက အမျိုးသားအတွက်ပဲ စိန်ခေါ်မှုရှိတာမဟုတ်ပါ။အမျိုးသမီးတွေမှာလည်း စိန်ခေါ်ချက်အပြည့်နဲ့ပါ။
“စစ်မြေပြင်ဆိုတာက အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တယ်။ လက်နက်ကြီးကျနိုင်တယ်။ ဗုံးလာကြဲနိုင်တယ်။ အပစ်ခံရနိုင်တယ် စစ်ကြောင်းနဲ့လည်း တိုးနိုင်တယ်။ ရှေ့တန်းမှာ သတင်းလိုက်ယူပြီဆိုလည်း ကိုယ့်လုံခြုံရေးအတွက် အရင်ကြည့်ရတယ်။ ဘယ်နေရာတွေက လက်နက်ကွယ်နိုင်မလဲ။ လုံခြုံနိုင်မလဲ။ လေယာဉ်လာရင် ဘယ်လိုလုပ်လို့ရမလဲ။ ဘယ်နေရာဝပ်ရမလဲ။ အဲ့ဒါတွေ အရင်ရှာရတာပေါ့။”လို့ အက်စတာဂျေကဆက်ပြောပါတယ်။
ကရင်နီဒေသကို စရောက်ကတည်းက မနက်ပိုင်း သတင်းယူ၊ ညနေပိုင်း ပြန်ရောက်လို့ စားသောက်ပြီးတာနဲ့ လပ်တော့၊ ဖုန်းနဲ့ ကင်မရာတွေပါ ဗုံးခိုကျင်းထဲတပါထဲယူသွားကာ သတင်းတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
သူ့အနေနဲ့ စစ်မြေပြင်မှာ သတင်းယူနေပေမယ့် ဒေသကာကွယ်ရေးတပ်တွေထက် စစ်တပ်နဲ့ထိပ်တိုက်တိုးမှာကို တော့အကြောက်ဆုံးပါ။ ဖမ်းဆီးခံရမှာမကြောက်ပေမယ့် မသေမရှင်နှိပ်စက်တာ၊ မုဒိမ်းကျင့်မှာကို ကြောက်တာ ဖြစ်လို့ လက်တွေ့ကြုံလာရင် ဘယ်လိုဖြေရှင်းမလဲဆိုတာ အမြဲတွေးပူနေရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျူးလွန်တာတွေကို သတင်းယူရတဲ့အခါမှာ စစ်အုပ်စုနဲ့ မတွေ့အောင် ရှောင်ကွင်းသွားရတဲ့အခြေအနေတွေရှိတယ်လို့ အက်စတာဂျေက ပြောပါတယ်။
သို့ပေမဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လလောက်က သတင်းတခုသွားယူရင်း စစ်တပ်စစ်ကြောင်းနဲ့တိုးခဲ့ဖူးကြောင်း အခုလို ပြောပြပါတယ်။ မိုးဗြဲမှာ စစ်တပ်က လူနေအိမ်တချို့နဲ့ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတော့ တချို့ ဒေသခံတွေလည်း စစ်ရှောင်သူရှိသလို မရှောင်ဘဲ နေအိမ်တွေမှာ ကျန်ရစ်သူတွေလည်းရှိပါတယ်။
အဲ့ဒီအချိန်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ခြိမ်းခြောက်ပစ်ခတ်ပြီး လမ်းသွားလမ်းလာပြည်သူတွေကိုလည်း အကြောင်းမဲ့ပစ်ခတ်တာတွေကြောင့် သေဆုံးတာတွေရှိတဲ့သတင်းကို သူရရှိခဲ့ပါတယ်။
“အလောင်းတွေကို ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့တွေက သွားသယ်မယ်လို့ သတင်းကြားတော့ စစ်တပ်က သယ်ခွင့်ပြုတယ်ပေါ့။ ကျမတို့ကလည်း ဒေသခံတွေသေဆုံးတာနဲ့ပတ်သက်ပြီး မှတ်တမ်းယူဖို့ သက်သေထွက် တာတွေရနိုင်မလားဆိုပြီးတော့ အဲ့ဒီကယ်ဆယ်ရေး ထွက်မယ့်တဲ့လမ်းကြောင်းကနေ သွားစောင့်တယ်။”လို့ အက်စတာဂျေကပြောပြပါတယ်။
သူတို့ စောင့်တဲ့နေရာဟာ တပ်စွဲထားတဲ့နေရာနဲ့ အနည်းငယ်သာကွာတာကြောင့် လှမ်းပစ်နိုင် တာကြောင့်သူဟာ အနီးကခြုံပုတ်တွေထဲအလျှင်အမြန်ပုန်းကွယ်ခဲ့ရပါတယ်။ အဲ့ဒီနေ့ကသတင်းကိုအသိအိမ်ကနေစောင့်ပြီး သတင်းယူခဲ့ရတာဖြစ်ပါတယ်။
သတင်းထောက်လုပ်သက် ၆ နှစ်ရှိပြီဖြစ်တဲ့ အက်စတာဂျေဟာ ကရင်နီဒေသခံမဟုတ်ပေမယ့် ဒီဒေသနဲ့တော့ သိပ်မစိမ်းလှပါဘူး။ ပြည်တွင်းမှာရှိနေတဲ့အချိန် ဒီမော့ဆိုမှာ လယ်ယာမြေသိမ်းခံရတဲ့ကိစ္စအပြင် တခြားသတင်းတွေနဲ့လည်း သွားရောက်သတင်းယူခဲ့ဖူးတာကြောင့် ကရင်နီဒေသနဲ့ ရင်းနှီးကျွမ်းဝင်နေခဲ့တာဖြစ်ပါတယ်။
သူဟာ သတင်းထောက်တစ်ယောက်ဖြစ်ဖို့ ရန်ကုန်မြို့အခြေစိုက် Yangon journalism school မှာသင်တန်းတက်ခဲ့ပါတယ်။ သင်တန်းဆင်းတော့ နယ်မြို့တစ်ခုမှာရှိတဲ့သတင်းတိုက်မှာ သတင်းထောက်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
အဲ့ဒီသတင်းတိုက်မှာ အနာကြီးရောဂါသည်တွေအကြောင်းအပါအဝင် သတင်းအကြောင်းအရာမျိုးစုံကို တစ်နှစ် ကျော်လောက်ရေးသားလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ ပြည်တွင်းမီဒီယာသတင်းတိုက်ကြီးတစ်ခုကို အလုပ်ပြောင်းသွားပြီး အဲ့ဒီမှာလူ့အခွင့်အရေးနဲ့ စုံစမ်း ဖော်ထုတ်တာတွေကို အဓိကရေးသားသူဖြစ်လာခဲ့တယ်။ ဒီသတင်းတိုက်မှာလုပ်ကိုင်ရင်း စစ်အာဏာသိမ်းမှုနဲ့ ကြုံရတာဖြစ်ပါတယ်။
အာဏာသိမ်းဖို့ကြိုးပမ်းဆဲကာလအတွင်း စစ်တပ်က သတင်းဌာနဆယ်ခုထက်မနည်း လိုင်စင်ပိတ်သိမ်းခဲ့သလို သတင်းထောက် တစ်ရာကျော်နီးပါးလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
နောက်ပိုင်းပြန်လည်လွတ်မြောက်လာသူတွေရှိတဲ့အတွက် ၃ နှစ်ကျော်ကာလအတွင်းမှာ သတင်း သမား ၄၃ ဦးဖမ်းဆီးခံထားရသလို စစ်တပ်လက်ချက်နဲ့ သတင်းသမား ၄ ဦးသေဆုံးခဲ့ရပါတယ်။
သတင်းဌာနတွေ ပိတ်သိမ်းခံရတဲ့အထဲမှာ အက်စတာဂျေရဲ့သတင်းတိုက်လည်း ပါဝင်တဲ့အပြင် သတင်းထောက်တွေရဲ့ နေအိမ်တွေကို ဝင်ရှာတာ၊ ဘဏ်အကောင့်တွေပိတ်ခံရတာနဲ့လည်း ကြုံခဲ့ရတာဖြစ်ပါတယ်။
“လုံခြုံရေးအတွက် နေရာတွေပြောင်း ပြောင်းနေရတယ်။ မြန်မာပြည်ထဲဝင်ပြီး ပုန်းခိုသတင်းလိုက်တာလည်းရှိ တယ်။ အစပိုင်းမှာ အဝေးကနေ သတင်းလိုက်တယ်။ ဒါပေမယ့်အဝေးကနေသတင်းလိုက်ရတာအဆင်မပြေ ဘူး။” လို့ အက်စတာဂျေက သူ့အခက်အခဲကို ပြောပြပါတယ်။
အာဏာသိမ်းပြီးနောက် ကရင်နီဒေသမှာဖြစ်ပွားခဲ့တဲ့ စစ်တပ်က ရွာသားတွေအစုလိုက်အပုံလိုက် မီးရှို့သတ်ဖြတ်တဲ့ မူဆိုသတင်းကိုတော့ သူက အကောင်းဆုံးစုံစမ်းရေးသားနိုင်ခဲ့တဲ့သတင်းတစ်ခုဖြစ်ပါတယ်။
သူ့အနေနဲ့ သတင်းတွေကို အခုလိုကိုယ်တိုင်သွားယူချင်တဲ့ဆန္ဒကြောင့် ၂၀၂၃ ခုနှစ်၊ ဧပြီလမှာ ကရင်နီဒေသကိုရောက်လာခဲ့တယ်။
“သမိုင်းမှတ်တမ်းမှာဆိုရင် အကြီးမားဆုံးကာလလို့ ပြောရမှာပေါ့။ ဒီလိုအချိန်ကာလမှာ ကျမက အဝေးမှာရှိနေ တာထက် စစ်ပွဲအတွေ့အကြုံရချင်တယ်။ ကိုယ်တိုင်လည်း ကြုံချင်တယ်။ ဒါက ကျမအတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံဖြစ်တယ်။ ဒီအခြေအနေမှာ ကိုယ်တိုင်ရှိနေတာက သတင်းသမားအတွက်ပိုပြီးတော့ကောင်းတယ် လေ။”လို့ သူထွက်လာရတဲ့ အကြောင်းအရင်းကို ပြောပြပါတယ်။
သတင်းသမားတစ်ယောက်အတွက် ဘာကြောင့်ပိုကောင်းသလဲဆိုတော့ သတင်းထောက်တစ်ယောက်ဖြစ်ပြီး သမိုင်းရဲ့ အရေးကြီးဆုံး အချိန်ကာလတွေမှာ ကိုယ်တိုင်မဖြတ်သန်းခဲ့ဖူး၊ ကိုယ်တိုင်မကြုံတွေ့ခဲ့ဖူးဆိုလို့ရှိရင် အဓိပ္ပါယ်မရှိဘူးလို့ထင်မှတ်တဲ့အတွက်ကြောင့်လို့ သူကရှင်းပြပါတယ်။
“နောင်တချိန်ပြန်စဉ်းစားတဲ့အခါ ဒါတွေမလုပ်ခဲ့မိလေခြင်းဆိုပြီးတော့ နောင်တရမှာစိုးတဲ့အတွက် စစ်မြေပြင်ကို ရွေးချယ်ခဲ့တာပါ။”လို့ အက်စတာဂျေက ဆိုပါတယ်။
ကရင်နီဒေသကို ရောက်တော့သူဟာ အလွတ်တန်းသတင်းထောက်(Freelance)အဖြစ်နဲ့ သူရရှိတဲ့သတင်းတွေ ကို The Guardian၊ AL JAZEERA စတဲ့နိုင်ငံခြားသတင်းဌာနတွေကို သတင်းပေးပို့နေခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ သူတွေးထင်မထားတဲ့အတွေ့အကြုံတွေနဲ့ စတင်ခဲ့ရတယ်လို့သူကဆက်ပြောပါတယ်။
“စစ်တပ်က စစ်မြေပြင်သာမက နောက်တန်းနေရာလို စစ်ရှောင်စခန်းတွေ၊ ပြည်သူတွေရှိတဲ့နေရာ၊ ဆေးရုံ၊ ဆေး ခန်း၊ စာသင်ကျောင်းတွေပါ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေတော့ အသက်အန္တရာယ်ကတော့ အမြဲရှိနေတယ်။” လို့ အက်စတာဂျေ ကဆိုပါတယ်။
သတင်းပို့ဖို့အတွက် ဗုံးသံ၊ သေနတ်သံ၊ လက်နက်ကြီးသံတွေကို ရှောင်ရင်းတိမ်းရင်းနဲ့ အင်တာနက်လိုင်းရှိတဲ့ နေရာကိုရှာကာ သတင်းပို့ကြရတာဖြစ်ပါတယ်။
အစပိုင်းမှာတော့ စစ်တပ်က လေယာဉ်နဲ့ မကြာခဏဗုံးလာကြဲနေတာကြောင့် မပစ်နိုင်လောက်တဲ့နေရာရွေ့လုပ် ရင်ကောင်းမယ် ဆိုပြီး လုံခြုံမယ်လို့ထင်ရတဲ့တောတွေ၊ တောင်တွေထဲ ရွေ့ကာ သတင်းတွေလုပ်ခဲ့ရတယ်။
နောက်ပိုင်းခဏခဏပြေးနေရတော့ မဖြစ်ဘူးဆိုပြီး ကိုယ်အိမ်ဝိုင်းလေးထဲမှာ ဗုံးခိုကျင်းဆောက်လုပ် နေထိုင် တော့မှ စိတ်အနည်းငယ်သက်သာရပြီး အလုပ်လည်းကောင်းကောင်းလုပ်ကိုင်နိုင်ခဲ့တယ်လို့ အက်စတာဂျေက ဆိုပါတယ်။
သတင်းသမားဆိုတာကလည်း ပြည်သူထဲက ပြည်သူတွေဖြစ်တာကြောင့် အများနည်းတူ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်မီး၊ ဖုန်းနဲ့ အင်တာနက်လိုင်းပြတ်တောက်မှုတွေအပြင်စစ်မြေပြင်ဖြစ်လို့ အသက်အန္တရာယ်နဲ့ပါ ရင်ဆိုင် နေကြရတာပါ။
“စစ်မြေပြင်ဆိုတော့ အစစအရာရာခက်ခဲတယ်။ လျှပ်စစ်မီးကအစ မရှိဘူး။ သွားလာရေးလည်း ခက်တယ်။ ကုန်ဈေးနှုန်းကလည်း မြို့ပေါ်မှာထက် အဆမတန်ကြီးမြင့်နေတာ။ ဒီလိုအခြေအနေတွေ အကုန်ုလုံးရင်ဆိုင်ရတာပေါ့” လို့ သူကပြောပါ တယ်။
အဲ့ဒါတွေအပြင် စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှု၊ ရမ်းသမ်းပစ်ခတ်မှုတွေကိုလည်း အက်စတာဂျေလို စစ်မြေပြင်ကသတင်းသမားတိုင်း ကြုံတွေ့နေရတာဖြစ်ပါတယ်။
သတင်းတွေပို့နိုင်ဖို့အတွက် သတင်းသမားတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ လျှပ်စစ်မီးမရတာကြောင့် ဆိုလာတွေ၊ ဘထ္တရီတွေဝယ်သုံးရတယ်။ ဒါတွေက မိုးတွင်းမှာ သုံးလို့မရတဲ့အတွက် မီးစက်နှိုးရတဲ့အခါ ဆီဖိုးငွေကများစွာကုန်ကျတယ်လို့ အက်စတာဂျေက ဆိုပါတယ်။
တခါတရံမိုးများတဲ့အတွက် လမ်းတွေပျက်ရင် ကားဌားသတင်းယူရတဲ့အခြေအနေတွေလည်းရှိပါတယ်။ ဓါတ်ဆီဈေးကလည်း အဆမတန်မြင့်နေတာကြောင့် သတင်းတစ်ပုဒ်ရဖို့ ကုန်ကျစရိတ်က များစွာရှိနေတာဖြစ်ပါတယ်။
“ထမင်းတခါချက်ပြီဆိုရင် ထင်းနဲ့မီးမွှေးရတယ်။ ဒီမှာက ရေချိုး၊ မျက်နှာသစ်တာကအစ အချိန်ပေးရတယ်။ အလွယ်တကူလည် ဘာမှမရှိဘူး။သုံးရေလည်း တအားရှားတော့ ရေတစည်ကို ၅၀၀၀၀ ပေးဝယ်သုံးရတယ်။ အဲ့ဒါတွေမပေးနိုင်တော့ ချောင်းတွေမှာ ရေချိုး၊ အဝတ်လျော်ရတယ်။”လို့သူကဆိုပါတယ်။
ဒါ့အပြင် ရှေ့တန်းသတင်းသွားယူရတဲ့အခါမှာလည်း တိုက်ပွဲကြားညှပ်တဲ့အဖြစ်အပျက်တွေလည်း မကြာခဏ ရှိတတ်ကြောင်း အခုလိုပြောပြပါတယ်။
“ရှေ့တန်းစလိုက်တော့ စနိုက်ဘာရဲဘော်တွေနဲ့အတူ ဖယ်ခုံတိုက်ပွဲလိုက်သွားတာပေါ့။ သူတို့ရောက်တော့ တိုက်ပွဲ ကဖြစ်နေပြီ။ ကျမတို့ကတော့ ရောက်တာနဲ့နေရာရှာပုန်းရတာပေါ့။ သူတို့ နေရာမယူရသေးခင် ဒိုင်းဒိုင်းဆိုပြီး နှစ် ဖက်အပြန်အလှန်ပစ်နေကြပြီ။ ပစ်တဲ့နေရာနဲ့ ကျမတို့နဲ့က ပေ ၅၀ လောက်ပဲဝေးတာ။ တိုက်ပွဲကအောက်မှာ ကျမတို့က တောင်စောင်းနားကွေ့လေးနားမှာဆိုတော့ အရမ်းနီးတော့ သေနတ်သံအရမ်းကျယ်တယ်။
အဲ့မှာ ကျမတို့တိုက်ပွဲကြားညှပ်တော့မယ့်အခြေအနေဖြစ်လာတော့ သတင်းထောက်တွေအကုန် နောက်ပြန်ဆုတ် လာရ တယ်။ ဆုတ်တာတောင် မလွယ်ပါဘူး။ အဲ့ကနေဆုတ်ပြီးပြန်လာကြတော့ လမ်းမမှတ်မိဘူး။ တော်သေး..သတင်းထောက်တယောက်က မှတ်မိလို့ပြန်ရောက်တာ။ မဟုတ်ရင် တောထဲမျက်စိလည်နေမှာ။”လို့ ပြောပါတယ်။
ဒီလိုစိန်ခေါ်မှုတွေသာမက ထိခိုက်သေဆုံးတဲ့အရပ်သားတွေနဲ့ နေ့စဉ်ထိတွေ့သတင်းယူနေရတာကြောင့် သူကိုယ်တိုင်လည်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတာဖြစ်ပါတယ်။
“အရပ်သားသေဆုံးမှုသတင်းယူရင် မိသားစုတွေနဲ့ပြောဆိုဆက်ဆံရတော့ သူ့တို့အပူက ကိုယ့်အပူဖြစ်ရတယ်။ သူတို့စိတ် အခြေအနေမကောင်းတဲ့ကြားက ဒီအသံတွေယူရတယ်။ အသံဖိုင်ဖြေရတယ်။ ဒါကိုထပ်ခါ ထပ်ခါ နားထောင်ရတယ်။ ဒါတွေကို အမြဲနားထောင်နေရတာဆိုတော့ ကျမတို့ကိုယ်တိုင်လည်း စိတ်ပိုင်းဆိုင်အရာ အတော်လေးထိခိုက်တယ်။”လို့ သူကဆိုပါတယ်။
အခုဆိုရင် ဒါတွေအမြဲမြင်တွေ့နေရလို့ နေသားကျသွားတာများလားမသိ။ ဆိုးဝါးစွာသေဆုံးနေတဲ့ရုပ်အလောင်းတွေကို တွေ့နေရတာတောင် ခံစားချက်မရှိသလို ပုံမှန်စိတ်မဟုတ်ဘဲ ကြည့်နေနိုင်တဲ့အပေါ်မှာလည်း အက်စတာဂျေက စိတ်မကောင်းဖြစ်နေမိပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေဟာ လွတ်လပ်စွာသတင်းယူခွင့်မရတော့ဘဲ အပြင်သွားရင်တောင် ဖုန်းယူမသွားရဲတဲ့ဘဝ။ ကိုယ့်ကိုကိုယ်လည်း သတင်းသမားပါလို့ မပြောရဲဘဲ ပုန်းလျိုးကွယ်လျိုးနဲ့ သတင်းယူနေရတာဖြစ်ပါတယ်။
သတင်းသမားတိုင်း ဒီလိုအခြေအနေတွေကို ရင်ဆိုင်နေရတယ်ဆိုပေမယ့် စစ်သတင်းထောက်တွေကတော့ အသက်အန္တရာယ်ကြုံရတာအပြင်လက်နက်ကိုင်အဖွဲ့အစည်းတချို့ရဲ့ဟန့်တားမှုတွေနဲ့လည်း ရင်ဆိုင်နေကြရတာပါ။
“သက်ဆိုင်ရာလက်နက်ကိုင်တွေနဲ့ စကားပြောရတာ၊ သတင်းယူရတဲ့နေရာတွေမှာလည်းအခက်အခဲတွေရှိတယ်။ ဥပမာပြန်ကြားရေးကို ကျမတို့သတင်းသွားယူမယ့်အကြောင်း ကြိုအကြောင်းကြားတယ်။ သူတို့ကရတယ်လို့ ပြောတဲ့တိုင်အောင် တကယ့်မြေပြင်ကတပ်မှူးတွေနဲ့ တွေ့တဲ့အခါ မောင်းထုတ်ခံရတာတွေလည်းရှိတယ်။”လို့ သူ ကပြောပါတယ်။
စစ်ရှောင်စခန်းလိုနေရာတွေမှာတော့ လွတ်လပ်စွာသတင်းရယူခွင့်ရပေမယ့် ရှေ့တန်းလိုအန္တရာယ်များတဲ့နေရာတွေမှာတော့ လုံခြုံရေးအရ သက်ဆိုင်ရာလက်နက်ကိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ သတင်းယူနေရတာဖြစ်ပါတယ်။
“မီဒီယာတွေ သတင်းမယူနဲ့ဓါတ်ပုံမရိုက်နဲ့ ပြောခံရတာတွေလည်းရှိတယ်။ ဘယ်သတင်းကို ဘယ်လိုမရေးပါနဲ့ စသဖြင့်ပေါ့။ အဲလိုအချိန်တွေမှာ သူတို့နဲ့ ညှိနှိုင်းစကားပြောရတာ အရမ်းခက်ခဲတယ်။ ကျမတို့ဒီသတင်းကို ချက် ခြင်းထုတ်ဖို့ မဟုတ်ဘူး။ မှတ်တမ်းအနေနဲ့ ယူထားမှာ။ အဲ့ဒါကို သူတို့ကိုနားလည်အောင်ပြောပြရတာပေါ့။ နားလည်တဲ့သူလည်းရှိတယ်။ နားမလည်တဲ့သူလည်းရှိတယ်။”လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် လက်နက်ကိုင်အဖွဲ့အစည်းကသော်လည်းကောင်း၊ နိုင်ငံရေးအဖွဲ့အစည်းကသော်လည်းကောင်း ထုတ်ပြန်ချက်ထုတ်ပြီး သတင်းသမားတွေကို ကန့်သတ်တားဆီးတာတွေမလုပ်သင့်ကြောင်း အက်စတာဂျေကဆိုပါတယ်။
စစ်ဖြစ်နေတဲ့ယူကရိန်းနိုင်ငံမှာဆိုရင် သတင်းထောက်တွေကို ဘယ်လိုသတင်းယူခွင့်ပေးလဲ။ သတင်းမီဒီယာတွေကို ဘယ်လိုဆက်ဆံကြတယ်။ ဘယ်လိုကိုင်တွယ်ကြလဲဆိုတာတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လေ့လာထားဖို့လိုတယ်လို့ သူကထောက်ပြပါတယ်။
ဒါ့ကြောင့် သတင်းထောက်အလုပ်ကို professional တစ်ခုလို့မြင်ပေးစေလိုပြီး သတင်းမီဒီယာသမားတွေရဲ့လုပ် ငန်းကိုနားလည်ဖို့ အလေးထားဖို့လိုကြောင်း အက်စတာဂျေကဆိုပါတယ်။
အခုလိုစိန်ခေါ်ချက်တွေများပေမယ့် စစ်မြေပြင်သတင်းထောက်တွေကတော့ နောက်လည်းမဆုတ်သွားပါဘူး။ ကြောက်လည်းကြောက်မနေဘဲ သူတို့လုပ်ရမယ့်တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နေကြတာပါ။
အက်စတာဂျေက သူ့အနာဂတ်သူ့ရည်မှန်းချက်ကို အခုလိုဖွင့်ဟပြောခဲ့ပါတယ်။
“ကျမဒီအလုပ်ကိုတော့ လုပ်နိုင်တဲ့အထိဆက်လုပ်သွားမယ်။ ဒီအလုပ်က အရမ်းလည်းစိတ်ပင်ပန်းရတယ်။ စိတ်ဒဏ်ရာတွေလည်းရှိတယ်။”