Home ဆောင်းပါး ပန်းသပိတ်မှာ ငုံ့မခံဘဲတုံ့ပြန်ခဲ့ကြတဲ့ သံမဏိနှင်းဆီတွေ

ပန်းသပိတ်မှာ ငုံ့မခံဘဲတုံ့ပြန်ခဲ့ကြတဲ့ သံမဏိနှင်းဆီတွေ

ရှင်ငြိမ်း 

“သူတို့(စစ်သား)ပဲဖမ်းပြီး ပြန်လွတ်တော့ သိန်းသုံးဆယ်ပေးရမယ်တဲ့။ မပေးနိုင်ရင် စစ်မှုထမ်းရမယ်ဆိုတော့ မိသားစုဝင်တွေကရှာရပြီပေါ့။ သေနတ်ကိုင်ပြီး ပန်းပန်သူကို ကြောက်နေတယ်။”လို့ ပြောလာသူကတော့ မရတနာမိုးပါ။

စစ်မှုထမ်းဖို့အသက်မပြည့်သေးတဲ့သူတွေကိုတော့ ဆူပူအောင်သွေးထိုးလှုံဆော်မှုဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ -ကနဲ့အရေးယူမယ်လို့ ခြိမ်းခြောက်ကြောင်းသူက ရှင်းပြပါတယ်။

မန္တလေးသူဖြစ်တဲ့ မရတနာမိုးကို စစ်တပ်က နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့မှာ ပန်းကိုင်ဆောင်လာမှုနဲ့ ဖမ်းဆီးခံရကာ ငွေပေးပြီး ပြန်လွတ်မြောက်လာသူဖြစ်ပါတယ်။

ဇွန်လ ၁၉ ရက်နေ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့၇၉ နှစ်မြောက် မွေးနေ့ဖြစ်လို့ ပြည်သူတွေက ဂုဏ်ပြုတဲ့အနေနဲ့ “ပန်းသပိတ်”လုပ်ကြတာဖြစ်ပြီး စစ်တပ်ကတော့ ပန်းရောင်းသူ၊ ပန်းပန်သူတွေနဲ့ပန်းကိုင်လာသူ မည်သူမဆို သပိတ်မှာပါဝင်တယ်ဆိုပြီး ဖမ်းဆီးနေတာပါ။

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်စာမျက်နှာတွေမှာတော့ ဇွန်လ ၁၉ ရက်တစ်ရက်ထဲ ပန်းကိုင်လာတဲ့ပြည်သူအယောက် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီထဲမှာအမျိုးသမီးဦးရေထက်ဝက်ကျော်ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ဒူးထောက်လက်မြောက်ထားရပြီး ပန်းပန်ထားသူ အမျိုးသမီးတွေရဲ့ဓါတ်ပုံတွေကိုလည်း အဲ့ဒီစာမျက်နှာတွေမှာတင်ထားတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူတွေကိုသက်ဆိုင်ရာအာဏာပိုင်တွေကငွေကြေးနဲ့ ပြန်ထုတ်ခိုင်းပြီး ငွေကြေးမတတ်နိုင်သူတွေကို စစ်မှုထမ်းရမယ်လို့ အဓမ္မခိုင်းစေမှုတွေရှိနေတာပါ။

ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်က ဖုန်းဆိုင်တစ်ခုမှာဆိုရင် ဘုရားမှာနှင်းဆီပန်းအနီ ထိုးထားတဲ့ ပြစ်မှုနဲ့ဆိုင်ဝန်ထမ်းတချို့နဲ့ ပိုင်ရှင်လူငယ်အမျိုးသားကိုဖမ်းဆီးသွားခဲ့ပါတယ်။

“မနက်ပိုင်း ဆိုင်ဖွင့်နေတဲ့အချိန် ရုတ်တရက် စစ်သားသုံးယောက်ရောက်လာပြီး နင်တို့ပိုင်ရှင်ရှိလားဆိုပြီး ဝင်ဖမ်းတာ။ ကျမတို့ဝန်ထမ်းလေးယောက်နဲ့ ပိုင်ရှင်အကိုပါဖမ်းခေါ်သွားတာ။ ပန်းတင်လို့တဲ့။”လို့ ဝန်ထမ်း အမျိုး သမီး မခိုင်သဇင်က ပြောပါတယ်။

ပိုင်ရှင်အမျိုးသားက အသက် ၂၇ နှစ်အရွယ်ဖြစ်ပြီး ဝန်ထမ်းအမျိုးသားကတော့ အသက် ၁၈ နှစ်ကျော် သာရှိပါသေးတယ်။ အမျိုးသမီးဝန်ထမ်းသုံးဦးကတော့ အသက် ၂၀ ဝန်းကျင်တွေဖြစ်ကြပါတယ်။

“သူတို့က အားလုံးအတွက် သိန်းငါးဆယ်တောင်းတယ်။ သမီးတို့သုံးယောက်က ငါးသိန်းစီ၊ ပိုင်ရှင်က သိန်းနှစ်ဆယ်တဲ့။ ဝန်ထမ်းကောင်လေးအတွက်က ဆယ့်ငါးသိန်းတောင်းတာ။ ပိုင်ရှင်က အားလုံးအတွက်ပေးရမှာဖြစ်လို့ သူမတတ်နိုင်ဘူး ပြောတော့ ခင်ဗျားတို့နှစ်ယောက်စစ်မှုထမ်းလိုက်လေတဲ့။”လို့ပြောကြောင်းမခိုင်သဇင်ကရှင်းပြပါတယ်။

ဖုန်းဆိုင်ဆိုပေမယ့် ဆိုင်ကြီးမဟုတ်တဲ့အတွက် သူတို့မှာသိန်းငါးဆယ်ပေးဖို့ ခက်ခဲတာကြောင့် ရှိတဲ့ငွေနဲ့အမျိုးသမီးဝန်ထမ်းသုံးယောက်ကို ဦးစွာထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းအမျိုးသားတွေကတော့ လတ်တလောမှာ မြို့နယ်ရဲစခန်းမှာ အချုပ်ခံထားရတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာလည်း ပန်းကိုင်ဆောင်လာတဲ့အသက် ၅၃ နှစ်အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ငွေသိန်း ၃၀ နဲ့ပြန်ရွေးခိုင်းခဲ့တာဖြစ်ပါတယ်။

“ကျနော်က ဈေးကနေ အိမ်ကို လမ်းလျှောက်ပြန်လာတာ။ သူတို့အရပ်ဝတ်တွေနဲ့ သုံးလေးယောက်ဝိုင်းလာပြီး ဖမ်းတာပေါ့ ကျနော်က အသာတကြည်လိုက်ပေမယ့် သူတို့ကကျောကို ဆောင့်ဆောင့်တွန်းတယ်။ ဟိုမှာတည တော့ အိပ်ရပြီးနောက်နေ့ အိမ်ကငွေပေးပြီးလာခေါ်လို့ ပြန်လွတ်လာတာ။”လို့ ဖမ်းဆီးခံခဲ့ရတဲ့ကိုရဲဇော်ကဆိုပါ တယ်။

ရန်ကုန်မြို့ တွင်းကသံရုံးတချို့ကလည်း လူမူကွန်ရက်စာမျက်နှာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ၊ “ပန်းသပိတ်”လှုပ်ရှားမှုသင်္ကေတဖြစ်တဲ့ပန်းပုံတွေ၊ နှင်းဆီပန်းပုံတွေတင်ခဲ့ပြီး လှုပ်ရှားမှုကိုထောက်ခံကြောင်း ဖော်ပြခဲ့ကြပါတယ်။

ဒါ့အပြင် တော်လှန်ရေးသပိတ်အင်အားစုတွေကလည်း ဒီနှစ်မှာ စစ်တပ်က စောင့်ကြည့်ဖမ်းဆီးတာတွေရှိလာနိုင်တာကြောင့် ပန်းသပိတ်လှုပ်ရှားမှုမှာပါဝင်သူတွေ လုံခြုံရေးသတိထားကြဖို့ သတိပေးထားပါတယ်။

ဒီပန်းသပိတ်လှုပ်ရှားမှုကို အာဏာသိမ်းပြီး ၂ လကျော်ကြာာပြီး ဧပြီ ၂ ရက်နေ့မှာတော့ တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရတဲ့ပြည်သူတွေကို ပန်းတွေနဲ့ ဂုဏ်ပြုတဲ့လှုပ်ရှားမှုကနေ စတင်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်က အင်အားသုံးပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် ဘတ်စ်ကားမှတ်တိုင်တွေနဲ့ ဆန္ဒပြသပိတ်ရှိရာ နေရာတွေအပါအဝင် လမ်းလျှောက်သပိတ်တွေမှာလည်း ပန်းတွေကိုင်ဆောင်ပြီး အာဏာရှင်ကျဆုံးရေးအတွက်ဆန္ဒပြရင်း စတင်ခဲ့တာပါ။

အဲ့ဒီအချိန်ကလည်း YBS ကားတွေကိုရပ်ခိုင်းတော့ ကားပေါ်ပါလူတွေကို စစ်ဆေးတာရှိသလို ဆန္ဒပြသပိတ်တွေကိုလည်း ပစ်ခတ်တာတွေရှိခဲ့ပါတယ်။ ထိခိုက်သေဆုံးအရေအတွက်ကိုတော့ စစ်တပ်ဘက်က ထုတ်ပြန်တာမရှိလို့ အရေအတွက်ကို မသိခဲ့ရပါဘူး။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာလည်း ပစ်ခတ် ဖမ်းဆီးသတ်ဖြတ်မှုတွေကြားက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဆိုရှယ်လူမှုကွန်ရက်မှာ စာရေးပြီး ဆုတောင်းပေးခဲ့ကြပါတယ်။

ဒီကာလဟာ ပြည်သူတွေဖမ်းဆီးခံရမှုနဲ့ သတ်ဖြတ်ခံရမှုအမြင့်ဆုံးကာလဖြစ်လို့ စာတစ်ကြောင်းနဲ့ အသက်ပါသွားနိုင်ပေမယ့် အန္တရာယ်ရှိတဲ့အနေအထားကနေ ပြည်သူတွေက ဆုတောင်းပေးခဲ့ကြတာဖြစ်ပါတယ်။

ဆုတောင်းစာနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရမှုကို စစ်တပ်မှမထုတ်ပြန်ပေမယ့် ဝါဒဖြန့်တဲ့စာမျက်နှာတွေမှာတော့ မန္တလေးမြို့မှာ ဇွန်လ ၁၉ ရက်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ အမျိုးသမီးတချို့ကို ဖမ်းဆီးထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ကို နိုင်ငံတစ်ဝန်းပြည်သူတွေ ပန်းသပိတ်လူထုလှုပ်ရှားမှုအဖြစ် ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာ ဘုရားပန်းတင်တာ၊ ပန်ဆင်တာ၊ အလှပန်းအိုးထိုးတာ၊ အပြန်အလှန်လက် ဆောင်ပေးတာ၊ အွန်လိုင်း ပေါ်တင်တာစတဲ့လှုပ်ရှားမှုတွေလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။

လူထုသပိတ်ခေါင်းဆောင့်ဒေါက်တာတေဇာဆန်းက “ပန်းသပိတ်က ဘာကိုရည်ရွယ်ရသလဲဆိုရင် စစ်အာဏာရူးတွေက ကျနော်တို့ပြည်သူတွေကို ကြောက်ရွံတုန်လှုပ်သွေးပျက်သွားစေချင်တယ်။ ဒါကြောင့် နည်းလမ်းပေါင်း စုံနဲ့ အကြမ်းဖက်ပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်၊ ရွာတွေကို မီးရှို့နေတယ်။ ဒါပေမဲ့ ကျနော်တို့ ပြည် သူတွေရဲ့တော်လှန်သွေးက ရဲရဲနီတယ်။ သွေးကြောင်မသွားဘူး။ ကျနော်တို့က ဖိလေကြွလေဖြစ်တယ်။ တော်လှန်နေတဲ့ ပန်းတွေရဲရဲနီပြီး ဖွေးဖွေးလှုပ်လို့ ‘ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ’ ရှိတယ်ဆိုတဲ့ ပြည်သူတွေ ဖြစ်တယ် ဆိုတာပြချင်တာ။”လို့ ပြောပါတယ်။

ဒီနှိုးဆော်စာတွေကြောင့် စစ်တပ်က အဲ့ဒီနေ့မနက်ပိုင်း ကလေးမြို့ရှိဈေးထဲဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ပန်းရောင်းသူ၊ ဝယ်သူ၊ ပန်ဆင်သူနဲ့ ကိုင်ဆောင်သူ စုစုပေါင်း ၂၀ ဦးကို တချိန်ထဲဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီနှစ်မှာတော့ ဧရာဝတီ၊ ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းတို့ရှိ အရပ်သား ၁၃၀ နီးပါးကို ပန်းသပိတ်မှာပါဝင်တယ်ဆိုပြီး ဖမ်းဆီးခဲ့သလို လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေးသူတွေကိုပါ ဖမ်းဆီးခဲ့ တာပါ။

လူမှုကွန်ရက်တွေမှာ ပန်းပန်တဲ့ပုံတင်ခဲ့တဲ့ သရုပ်ဆောင်တွေကို ဖမ်းဆီးတာတွေရှိခဲ့ပြီး ညနေပိုင်းမှာ ပြန်လွတ်လာသူရှိသလိုရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့အမှုဖွင့် ထောင်ဒဏ်ချမှတ်ခံရသူတွေလည်း ရှိခဲ့ပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မှာ ပန်းပန်တဲ့ပရိုဖိုင်ချိန်းတဲ့ မချိုမာဆိုတဲ့အမျိုးသမီး တစ်ဦးကို ဖမ်းဆီးပြီး ၅၀၅-က နဲ့အမှုဖွင့်ကာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

“မွေးနေ့အကြိုပန်းပန်တဲ့ ဓါတ်ပုံနဲ့ ပရိုဖိုင်ချိန်းထားတယ်လို့ စစ်တယ်လီဂရမ်ကတင်လိုက်လို့  ၁၉ ရက် ညနေကပဲ မိုးညိုရဲကလာဖမ်းသွားတာ။”လို့ မိသားစုဝင်ဖြစ်တဲ့မသဲမာက ဆိုပါတယ်။

အခုလိုဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းကိုင်ဆောင်လို့ ဖမ်းဆီးငွေညှစ်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက“သေနတ်ကိုင်ဖို့မပြောနဲ့၊ ပန်းပန်ရင် တောင်မှ ဖမ်းလို့ရတယ်ဆိုတဲ့တကယ်မရှိတဲ့ ဥပဒေတွေကို ဥပဒေလုပ်ပြီး နိုင်ငံရေးပုဒ်မတွေနဲ့ဆွဲတာမျိုးက တကယ်ကိုလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။”လို့ ရှုတ်ချပြောဆိုပါတယ်။

စစ်အစိုးရခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဟာ စစ်တပ်က ကြောက်ရွံ့တုန်လှုပ်ရတဲ့နေ့တွေထဲမှာ တစ်နေ့အပါအဝင်ဖြစ်တယ်ဆိုတာ ငြင်းမရပါဘူးလို့လည်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ အစည်း)ရဲ့ဥက္ကဌဖြစ်သူကိုရေဘဝဲကလည်း ထောက်ပြပါတယ်။

အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့တိုင်းမှာ ပြည်သူတစ်ရပ်လုံးက ပန်းသပိတ်ဆင် နွှဲခဲ့ကြတာဖြစ်ပါတယ်။ သပိတ်ဆိုတာက လက်နက်မဲ့နိုင်ငံရေးအံတုမှုနည်းလမ်းဖြစ်ကြောင်း ကိုရေဘဝဲကရှင်း ပြပါတယ်။

“ပန်းသပိတ်မှမဟုတ်ဘူး။ ဘယ်လိုသပိတ်မျိုးဖြစ်နေပါစေ စစ်အာဏာရှင်ကို ဆန့်ကျင်နေသမျှတော့ အာဏာရှင် တွေကဖိနှိပ်နေမှာပါပဲ။ အဲ့တော့ပန်းပန်တာဖြစ်ဖြစ် တခြားသပိတ်ဖြစ်ဖြစ် လက်နက်မပါတဲ့ပြည်သူလူထုကို စစ်တပ်က သူတို့လုပ်ရိုးလုပ်စဉ်အတိုင်းဖိနှိပ်နေမှာဖြစ်ပါတယ်။”လို့ ကိုရေဘဝဲက ဆိုပါတယ်။

အခုလိုဖိနှိပ်မယ်ဆိုတာ သိသိရက်နဲ့ ပြည်သူတစ်ရပ်လုံးက ကိုယ်ရဲ့ယုံကြည်မှုနဲ့ ယုံကြည်ချက်ကို ပုံဖော်ခဲ့တာဖြစ် ပါတယ်။

စစ်တပ်အနေနဲ့ ပြည်သူတွေကို ဘယ်လောက်ပဲဖိနှိပ်နေပါစေ။ လူထုနဲ့ တော်လှန်ရေးအင်အားစုတွေပါ ငုံ့မခံဘဲနဲ့ တုံ့ပြန်မယ်ဆိုတာကို သူတို့ရဲ့လုပ်ရပ်တွေက သက်သေခံလျှက်ရှိပါတယ်။ ဒါ့ကြောင့် ငုံ့မခံဘဲ တုံ့ပြန်ကြမယ့် သံမဏိနှင်းဆီတွေဆိုပြီးတော့ လူထုတစ်ရပ်လုံးက ပန်းသပိတ်ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။

Author:

Related Articles