Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇူလိုင် ၇ ရက်ကနေ ၁၃ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာ တွေ ကို  HI ကစုစည်း ဖော်ပြပေးလိုက်ပါတယ်။

မဲဆောက်မြို့မှာ ဇနီးဖြစ်သူကို သေဆုံးသည်အထိ အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်ခဲ့သူအမျိုးသားကို ထိုင်းရဲတပ်ဖွဲ့ထံအပ်နှံ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဥ်မှာ ဇနီးဖြစ်သူကို ဦးခေါင်းကွဲအက်ဒဏ်ရာနဲ့ သေဆုံးတဲ့အထိ ကျူးလွန်ခဲ့တဲ့ အမျိုးသားဖြစ်သူ ဇော်ဝင်းထွဋ် (ခ) ဝဠာကို Sisters2Sisters အမျိုးသမီးအဖွဲ့နဲ့အတူ Lion Battalion Commando စစ်ကြောင်းက တာဝန်ရှိသူတွေက ဇူလိုင် ၇ ရက်မှာ ထိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံပြီးဖြစ်တယ်လို့ Lion Battalion Commando ကထုတ်ပြန်ပါတယ်၊

အမှုမှန်ပေါ်ပေါက်ရေး စတင်ဖော်ထုတ်ခဲ့ပြီး သေဆုံးသူအမျိုးသမီးဘက်က တရားမျှတမှု ရရှိရေး ကူညီဆောင်ရွက်ခဲ့သူ Sisters2Sisters အဖွဲ့မှ မထိပ်ထားက ကျောက်ခတ်ရွာ ထိုင်း-မြန်မာနယ်စပ် နယ်ခြားစောင့်တပ်တွေရှိရာကို သွားရောက် တွေ့ဆုံကာ ဖုတ်ဖရရဲစခန်းကနေ တဆင့် မဲဆောက်ရဲစခန်းကို တခါတည်းအပ်နှံပြီး အမှုဖွင့်စုံစမ်းမှုကို နေ့တွင်းပဲ လုပ်နိုင်ခဲ့ သ လို မဲဆောက်ရဲစခန်းက တာဝန်ရှိရဲအရာရှိ ပြောကြားချက်အရ အနည်းဆုံးထောင်နှစ် ၂၀ ကျခံရနိုင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ မထက်ထက်ဇော်ရဲ့ မိဘတွေက ပြည်ပကိုလာရောက်ဖို့ အခက်အခဲတွေရှိတဲ့အတွက် အလောင်းထုတ်ယူ သင်္ဂြိုဟ်တာနဲ့ နာရေးကိစ္စတို့ကို မဲဆောက်ဘက်က အရပ်ဘက်အဖွဲ့တွေကပဲ ဆက်လက်လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

Source – DVB

ဂျိုင်းမြစ်ဝှမ်းဒေသကအမျိုးသမီးတွေကို စစ်ကောင်စီတပ်သားတွေက လိင်ပိုင်းဆိုင်ရာကျူးလွန်

မွန်-ကရင်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသမှာ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်လာပြီးတဲ့နောက် နေရပ်ပြန်လာတဲ့ ဒေသခံ အမျိုး သမီးတွေကို စစ်ကောင်စီတပ်သားတွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေ ရှိနေတယ်လို့ မွန်ဖက်ဒရယ်ကောင်စီ(MSFC) ကပြောပါတယ်။

 မွန်ပြည်နယ်နဲ့ကရင်နယ်စပ် ဂျိုင်းမြစ်ဝှမ်းဒေသမှာရှိတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေက စစ်သင်္ဘောတွေကနေ လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မတ်လ နောက်ဆုံး ပတ်ကစပြီး ဒေသခံတွေ စစ်ရှောင်ခဲ့ရပါတယ်။

တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်ပြီးနောက် နေရပ်ပြန်လာတဲ့ ဒေသခံအမျိုးသမီးတွေကို စစ်ကောင်စီတပ်သားတွေက သူတို့ စားသောက်ဖို့ ထမင်းဟင်းနဲ့ စားသောက်ဖွယ်ရာတွေ တောင်းဆိုတာ၊ ညအချိန်မတော် အိမ်တံခါးခေါက်ပြီး လိုက် နှောင့် ယှက်တာ၊ လမ်းသွား‌လမ်းလာ အမျိုးသမီးငယ်တွေကို စစ်ဆေးတာကို အကြောင်းပြပြီး နှုတ်နဲ့နှောင့်ယှက်တာ၊ အမျိုး သမီး တွေကို ဖျော်ဖြေခိုင်းတာနဲ့ မုဒိမ်းကျင့်တာတွေ လုပ်နေတယ်လို့ဆိုတယ်။

 မွန်-ကရင်အစပ်ဂျိုင်းမြစ်ဝှမ်းဒေသအတွင်း စစ်ကောင်စီက အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေ သိ သိသာသာ မြင့်တက်လာတဲ့အတွက် နေရပ်ပြန်ဒေသခံတွေဟာ ကျေးရွာတွေထဲက နောက်ထပ်တကြိမ် အများအပြား ထွက် ခွာနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

Source –  DVB

 ကျောက်မဲမြို့တိုက်ပွဲအတွင်း CDM သူနာပြုဆရာမကြီးနဲ့ မိခင်ဖြစ်သူ လက်နက်ကြီးကြောင့်သေဆုံး

စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာပါဝင်ထားတဲ့ လားရှိုးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သူနာပြု ဆရာမကြီး နန်းမွေလင်းစံနဲ့ မိခင်တို့ဟာ ရှမ်းပြည်နယ်ကျောက်မဲမြို့မှာဖြစ်ပွားနေတဲ့ တအာင်းတပ်TNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် သေဆုံးသွားတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနကသိရပါတယ်။

 ကျောက်မဲမြို့ ရပ်ကွက်(၈)မှာနေထိုင်တဲ့ အသက် ငါးဆယ်ကျော်အရွယ် သူနာပြုဆရာမကြီး နန်းမွေလင်းစံနဲ့ အသက် ၇၃နှစ် အရွယ် မိခင်ဖြစ်သူ နန်းခင်ဖုန်းတို့ဟာ ဇွန်လ ၂၉ရက်မနက်ပိုင်းက နေအိမ်ပေါ်လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲ ပြီးသေဆုံးခဲ့တာဖြစ်ပါတယ်။

သူနာပြုဆရာမကြီး နန်းမွေလင်းစံကို CDM အာဇာနည်သူရဲကောင်းတဦးအဖြစ် အသိအမှတ်ပြုပြီး စစ်ကောင်စီ လက်ချက် နဲ့ထိခိုက်သေဆုံးခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့အပြစ်မဲ့ပြည်သူတွေအတွက် တရားမျှတမှု ဆောင် ကြဉ်းသွားမယ် လို့ လည်း  NUG ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။

သူနာပြုဆရာမကြီး နန်းမွေလင်းစံဟာ အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေး ဝန်ကြီး ဌာနကဖွင့် လှစ်သင်ကြားတဲ့ သူနာပြုတက္ကသိုလ်-မန္တလေးကနေ သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး)(Off Campus) ၂၀၂၃ ခုနှစ်မှာရရှိထားသူ လည်းဖြစ်ပါတယ်။

 Source –  Delta News Agency

တီးတိန်မြို့၌ စစ်ကောင်စီတပ်သား၂ဦးက အသက်မပြည့်သေးသူ မိန်းကလေးကို မုဒိမ်းကျင့်ဟု CDF ပြော

ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် ၊ မွာလ်ပီးကျေးရွာက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တဦးကို စစ်ကောင်စီ တပ်သား နှစ်ဦးက မုဒိမ်းပြုကျင့်ခဲ့တယ်လို့ CDF( Civic Defense Militia – Siyin )က ဇူလိုင် ၆ရက်က ထုတ်ပြန်ပါတယ်။

 ဇူလိုင်လ ၄ရက်နေ့မှာ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ကနေ ကားခြောက်စီးနဲ့ ချင်းပြည်နယ်ကို တက်လာတဲ့ စစ်ကြောင်းက ဇူ လိုင်လ ၅ရက်မှာ စီးယင်းဒေသ၊ မွာလ်ပီးကျေးရွာကို ရောက်ခဲ့ချိန် ဒေသခံတွေက တိမ်းရှောင်ခဲ့ကြပြီး စစ်ကောင်စီတပ်က ရွာကိုဖြတ်ကျော်သွား၊ မသွားသိရှိရန် သွားရောက်စဥ် လူသူမတွေ့ရှိရတာကြောင့် အိမ်သို့ပြန်လာကာ ထမင်းချက်ရန် ပြင် ဆင်နေချိန် ပြုကျင့်ခံရခြင်းဖြစ်တယ်လို့ဆိုတယ်။

 မုဒိမ်းကျင့်မှုနဲ့ ပတ်သက်လို့ ဒေသခံတွေက စစ်ကြောင်းတာဝန်ရှိသူတွေထံ သွားရောက်တိုင်ကြားရာ စစ်ကောင်စီတပ် ဘက်က ငွေကြေးနဲ့ဖြေရှင်းပေးမယ်ဟု နိုင်ထက်စီးနင်းပြောကြားပြီး ကလေးမြို့ဘက်သို့ စစ်ကြောင်းပြန်လှည့်သွား ပါတယ်။

လက်ရှိမှာ ယင်းမိန်းကလေးကို နီးစပ်ရာ ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ဖို့ ဒေသခံတွေက စီစဥ်လျက်ရှိ တယ်လို့ တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ယင်းဖြစ်စဥ်မတိုင်ခင်က မွာလ်ပီးကျေးရွာမှာ ကလေးအမေ တဦးနဲ့ ၁၃နှစ်အရွယ် မိန်းကလေးတဦးတို့ကို စစ်ကောင်စီ တပ် သားက မုဒိမ်းကျင့်ရန် ကြိုးစားခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိခဲ့ပြီးအမျိုးသမီးနှစ်ဦးက ရုန်းထွက်လွတ်မြောက်လာခဲ့တယ်လို့ CDF Siyin ထုတ်ပြန်ထားပါတယ်။

 Source –  Mizzima News

ကော့ဘိန်းမှာ ဒရုန်းဗုံးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲတဲ့အတွက် အမျိုးသမီးတစ်ဦး ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 ဇူလိုင် ၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ကော့ဘိန်းကျေးရွာ နယ်မြေ ၁၀ အပိုင်ရှိ ဒေသခံနေအိမ်တဝိုက်ကို ဒရုန်းနှစ်စီး ပျံဝဲ ပြီးနောက် ဒရုန်းဗုံးလေးလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၀ အရွယ် ဒေါ်ခွားမိဟာ ဝမ်းဗိုက်ဗုံးစဖောက်ဝင် ဒဏ်ရာနဲ့ အူထွက်ဒဏ်ရာတွေရရှိပြီး မော်လမြိုင်ဆေးရုံသို့ ပို့ဆောာင်ကုသစဉ် သေဆုံးသွားပါတယ်။

ဒေါ်ခွားမိရဲ့ကိုယ်ပိုင်အိမ်ဟာ သစ်သားအိမ်ဖြစ်တဲ့အတွက် လက်နက်ကြီးနဲ့ ဒရုန်းဗုံး အန္တရာယ်စိုးရိမ်တာကြောင့် တိုက်အိမ် ဖြစ် တဲ့ အသိနေအိမ်မှာ ညတိုင်းသွားအိပ်ရာမှ အခုလိုဖြစ်ပွားခဲ့ရတာဖြစ်ပြီး ယင်းရဲ့ အလောင်းကိုတော့ ဒီနေ့ ဇူလိုင် ၉ ရက် နေ့ နေ့လည်ပိုင်းမှာ မော်လမြိုင်ကနေ နေအိမ်ပြန်သယ်ပြီး နာရေးပြုလုပ်သွားမယ်လို့ သိရပါတယ်။

 Source – Thanlwin Times

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ  စစ်မှုထမ်းဖို့ အမျိုးသမီးတွေကိုပါ စတင်စုဆောင်းနေ

 စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ တတိယအသုတ် စစ်မှုထမ်းဖို့အတွက် လူငယ်တွေရှိတဲ့ မိသားစုနေအိမ်တွေကို ညသန်း ခေါင်အချိန် ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်တာ လူငယ်လူရွယ်တွေကို သွားလာနေချိန် လမ်းခုလတ်မှာ ရပ်ကွက်အုပ်ချုပ် ရေးမှူးနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက ဖမ်းဆီးတာတွေလည်း ရှိနေပြီး၊ အဲဒီထဲမှာ အမျိုးသမီးတွေလည်း ပါ၀င် လာတယ် လို့သိ ရပါတယ်။

 စစ်မှုထမ်းဖို့အတွက် လူစုဆောင်းတာကို ထန်းတော၊ နန္ဒဝန်နဲ့ သလ္လာ မြို့ပေါ်ရပ်ကွက်တွေမှာ ဖမ်းဆီးတာများပြီး      ဖမ်းဆီး ခံထားရသူတွေကို မိသားစုဝင်တွေက သွားရောက်ထုတ်ယူပေမယ့် ပြန်မလွှတ်ပေးဘူးလို့ သိရပါတယ်။

 ဒါ့အပြင်    လူသစ်စုဆောင်းမှုထဲ အသက် ၁၈ကနေ ၂၀ကျော်အရွယ် အမျိုးသမီး ၄-၅ ဦးပါဝင်နေပြီး မိဘတွေက လိုက် ရွေး တဲ့အခါ ထုတ်မပေးဘဲ စစ်သင်တန်းဆင်းရမယ် စာရင်းအင်းကိုင်ရမယ် ဆိုတာ ပြောဆိုခဲ့တယ်လို့ ကာယကံရှင် မိဘ တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အတည်ပြုခဲ့တဲ့ စစ်မှုထမ်းဥပဒေမှာ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း အမျိုးသမီးတွေ စစ်မှု ထမ်းရမှာဖြစ်ပြီး၊ ပညာရှင်ဖြစ်ရင် အသက် ၃၅ နှစ်အထိ အကျုံးဝင်တယ်လို့ သတ်မှတ်ထားပါတယ်။ အမျိုးသမီးတွေကို အပတ်စဥ် (၅) မှာစပြီး ခေါ်ယူမယ်လို့လည်း ပြောထားပါတယ်။ အခု မုံရွာမြို့မှာ စစ်မှုထမ်း တတိယအသုတ် လူစုနေတဲ့အထဲ အမျိုးသမီးတွေလည်း ပါဝင်နေတယ်လို့ ပြောကြပေမဲ့ အတည်ပြုနိုင်ဖို့ ခက်နေတယ်လို့ ဒေသခံလူငယ်တဦးကလည်း ပြောပါတယ်။

 Source – VOA

စစ်ကောင်စီက ၆ လအတွင်း အသက် ၈၂ နှစ်အရွယ် အဘွားအို အပါအဝင် အမျိုးသမီး ၈ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့

စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အထိ ၆ လအတွင်း အသက် ၈၂ နှစ်အရွယ် အဘွားအို အပါအဝင် အမျိုးသမီး ၈ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တယ်လို့ Spring Revolution Database (SRD)က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ပြင်မှာစစ်ရှောင်နေတဲ့လူငယ်ဇနီး မောင်နှံ ၂ ဦးက မိုးမိတ်မြို့ပေါ်ရှိနေအိမ်သို့ပြန်ကာ ဝက်စာကျွေးပြီး စစ်ရှောင်စခန်းသို့ပြန်လာစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး အမျိုးသမီးကို မုဒိမ်းပြုကျင့်ပြီးသတ်ဖြတ်ခဲ့ပါတယ်။

ထို့အတူ မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ အင်အား ၁၀၀ ခန့်ပါရှိတဲ့ စစ်တပ် စစ်ကြောင်းက ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် အသက် ၈၂ နှစ်အရွယ် ဒေါ်ကြည်အောင် နဲ့ အသက် ၄၂ နှစ်အရွယ် ဒေါ်မိခိုင် တို့ ၂ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ပြီး လည်လှီးသတ်ဖြတ်ခဲ့ကာ၊ မတ်လ ၁၂ ရက်နေ့မှာ မမိုးစန္ဒာ (ခ) နိုးဒစ် (အသက် ၂၀)နှစ်ဆိုသူက မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ကုန်းကျေးရွာရှိ နေအိမ်မှာ ပစ္စည်းများလာရောက်ယူဆောင်စဉ် စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်း ကိုခံခဲ့ရပြီးနောက် အုပ်စုဖွဲ့ မုဒိမ်းကျင့်ကာ မသေမရှင်ဖြစ်နေချိန်တွင် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။  

 ဧပြီလ ၂၇ ရက်နေ့မှာလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ အနီးမှာ အသက် ၅၀အရွယ် ဒေါ်ခင်ဝင်း ဆိုသူကို မုဒိမ်း ကျင့်သတ်ဖြတ်ခဲ့သလို ၊မေလ ၂၉ ရက်နေ့က လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာက အမျိုးသမီး ၃ ဦး ကို စစ်ကောင်စီတပ်များနှင် ALP တပ်ဖွဲ့ဝင်များပူးပေါင်းကာ အဓမ္မပြုကျင့်ပြီးသတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။

 Source –   Khit Thit

လားရှိုးတွင် လက်နက်ကြီးကြောင့် ၁၃နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ပြည်သူ၄ဦးသေဆုံး

 ရှမ်းပြည်နယ် လားရှိုးမြို့ ရပ်ကွက်(၉) ၊ နယ်မြေ (၃) ဘူတာရုံ သံလမ်းအနီးမှာ ဇူလိုင်၁၀ရက်နေ့နံနက်ပိုင်းက လက်နက် ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသား တစ်ဦးသေဆုံးခဲ့ကာ ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

 စစ်ကောင်စီခြေမြန်တပ်ရင်း ၅၀၇ အနီးရှိ ရပ်ကွက်(၇)နှင့် ရပ်ကွက်(၉)နေရာများသို့ လက်နက်ကြီး မကြာခဏ ကျရောက် လေ့ရှိသော်လည်း ပြည်သူအချို့က ငွေကြေးအခက်အခဲရှိသဖြင့် မတိမ်းရှောင်နိုင်ကြကာ လက်နက်ကြီးထိမှန် သေဆုံးနေရ သည်ဟု လူမှုကူညီရေးအသင်းဝင် အမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။

လားရှိုးမြို့ ဆေးရုံကြီးရှိ ဆရာဝန်အချို့ကလည်း နေရပ်စွန့်ခွာတိမ်းရှောင်နေသောကြောင့် ဒဏ်ရာရရှိသူများကို စစ်ဆေးရုံနှင့် ပြင်ပဆေးခန်းများတွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

Source – Than Lwin Khet

ဘုတလင်တွင် ကျေးလက်ဆေးခန်း စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၍ ဆရာမတစ်ဦးနှင့် ကလေးငယ်အပါအဝင် ၆ ဦးသေဆုံး

 စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာရှိ ကျေးလက်ဆေးပေးခန်းကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် ဆေးကုသပေးနေတဲ့ ဆရာမတစ်ဦးနဲ့ ၎င်း၏ကလေးငယ်အပါအဝင် လူ၆ဦးသေဆုံးခဲ့တယ်လို့ သိရပါ တယ်။

ဇူလိုင်၁၀ရက် နံနက် ၁၁ နာရီမှာ ထနောင်းကုန်းကျေးရွာအနီးမှာရှိတဲ့ PDF အဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီးယင်းတို့ကို ကျေးရွာရှိ ဆေးပေးခန်းမှာ ဆေးကု သပေးနေစဥ် စစ်ကောင်စီက ဒရုန်းဖြင့် နောက်တစ်​ကြိမ် ဗုံးကြဲရာ ဆေးခန်းအတွင်းမှာရှိတဲ့ PDF ရဲဘော် လေးဦး၊ ဆေးကုသ ပေးနေသော ဆရာမတစ်ဦးနဲ့ ၎င်း၏ (၂)နှစ်သားအရွယ် ကလေးငယ် တို့သေဆုံးခဲ့တာပါ။

 ဒ့ါအပြင် ဒေသခံပြည်သူ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့တဲ့အတွက် ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။

Source – People’s Spring

၁၆နှစ်သမီးကို စစ်ကောင်စီတပ် ပစ်ခတ်သတ်ပြီး ရွှေနှင့် အဖိုး တန်ပစ္စည်းများ လုယက်သွား

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အိမ်ဗုံးခိုကျင်းထဲမှ ပြေးထွက်လာသော ၁၆နှစ်သမီးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ခဲ့ပြီး ရွှေနှင့် အဖိုးတန်ပစ္စည်းများ လုယက်သွားတယ်လို့ Democracy Movement Strike Committee – Dawei က သတင်းထုတ်ပြန်ပါတယ်။

 ဇူလိုင် ၁၀ရက် ၊ မွန်းလွဲ သုံးနာရီခန့်က လောင်းလုံးမြို့နယ်၊သဗျာရွာတွင် PDF နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်သား အချို့က မသက်ထားခိုင်(ခ)ဝိုင်းလေးရဲ့ အိမ်ထဲသို့ ဝင်လာကာ သူ့ရဲ့မိဘနှစ်ပါးကို ဖမ်းဆီးခဲ့တာကြောင့် ဗုံးခိုကျင်း ထဲရောက် နေတဲ့ မသက်ထားခိုင် က မိဘများထံ ပြေးထွက်လာစဉ်စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်ခဲ့ တာဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် မသက်ထားခိုင်ရဲ့ လက်မောင်းဆုံကို ကျည်ဆန်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီးသူ့ရဲ့ မိဘတွေကို တော့ စစ် ကောင်စီက ပြန်လွှတ်ပေးခဲ့ကာ  နေအိမ်ကနေ ‌ရွှေတွေနဲ့ တခြားအဖိုးတန်ပစ္စည်းတွေ ယူ‌ဆောင်သွားတယ်လို့သိရပါတယ်။

Source –  Myanmar Pressphoto Agency

သံတွဲတိုက်ပွဲအတွင်း အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင်အရပ်သားအချို့ပျောက်ဆုံးနေ

တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့နယ်မှာ အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် ဒေသခံအရပ်သားအချို့ ပျောက်ဆုံးနေ တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

 နာမည်ကျော်ခရီးသွားဒေသဖြစ်တဲ့ ရခိုင်တောင်ပိုင်းသံတွဲမြို့နယ်က စစ်ကောင်စီတပ်ရင်းနဲ့တပ်စခန်းတွေကို အာရက္ခ တပ် တော် AAကပြီးခဲ့တဲ့လပိုင်းကစလို့ ထိုးစစ်ဆင်နေတာကြောင့် ဘေးကင်းမယ်ယူဆတဲ့နေရာတွေဆီ ဒေသခံတွေ တိမ်းရှောင် နေကြရတာဖြစ်ပါတယ်။

စစ်ဘေးတိမ်းရှောင်ကြသူတွေအနက် အခုရက်ပိုင်းအတွင်းမှာပဲ အမျိုးသမီးနဲ့ကလေးတွေအပါအဝင် ဆယ်ဦးနီးပါး အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာနဲ့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူတွေကို ပြန်ရှာတွေ့နိုင်ဖို့ လေးဝတီ FMအပါအဝင် ဒေသအခြေစိုက် သတင်းမီ ဒီယာ တွေနဲ့ စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူတွေက သတင်းအချက်အလက် မျှဝေပေးတာအပြင် အခြားနည်းလမ်းတွေနဲ့ ကူညီဆောင်ရွက်နေတယ်ပါတယ်။

Source – Delta News Agency

မြိုင်မြို့နယ်မှာ အမျိုးသမီးတစ်ဦး မုဒိမ်းကျင်သတ်ဖြတ်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ အိုရင်းကျေးရွာက အမျိုးသမီးတဦးကို စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၇ ရက် နေ့မှာ မုဒိမ်းကျင့် သတ်ဖြတ်ပြီး လူနေအိမ် ၃၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အိုရင်းကျေးရွာကို နံနက်၅ နာရီခွဲခန့်မှာ စစ်သားတွေက ရွာထဲကို သေနတ်ဖောက်ပြီး ဝင်လာကြ ကာ လမ်းမှာ တွေ့တဲ့ လူတွေကိုဖမ်းပြီး ထိုင်ခိုင်းထားသလို ရွာထဲက အသက် ၃၀ ဝန်းကျင်လောက်ရှိတဲ့ ကလေးမလေးတယောက်ကို မုဒိမ်း ကျင့်ပြီး ပစ်သတ်သွားတာဖြစ်တယ်လို့ ဒေသခံတွေကဆိုတယ်။

စစ်ကောင်စီတပ်သားတွေဟာ အိုရင်းကျေးရွာအတွင်းမှာ တနေကုန်နီးပါးနေပြီး ရွာခံပြည်သူတွေရဲ့ နေအိမ်တွေအတွင်းက အဖိုးတန်ပစ္စည်းတွေ၊ ဆန်၊ ဆီ အစရှိတဲ့ စားစရာတွေကို ယူဆောင်သွားကြတဲ့အပြင် ည ၈ နာရီဝန်းကျင်မှာ ကျေးရွာသားတွေရဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြသေးတယ်လို့ သိရပါတယ်။

 ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ဒေသခံပြည်သူတွေနဲ့ အိုရင်းကျေးရွာ ဘုန်းကြီးကျောင်းက သံဃာတော်တွေရဲ့ ဖုန်း တွေကိုပါ သိမ်းဆည်းယူဆောင်သွားကြပြီး ဒေသခံပြည်သူ ၂၀ နီးပါးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားကြ တယ်လို့ ဆိုပါတယ်။

 အိုရင်းကျေးရွာကို ဝင်ရောက်ပြီး အမျိုးသမီးတဦးကို မုဒိမ်းကျင့် သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့သွားကြသူတွေဟာ မြိုင်နယ်တောင်ပိုင်း၊ တွင်းမကျေးရွာ၊ ပျူစောထီးစခန်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဖြစ်ကြတယ်လို့ ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

 Source – DVB

သံတွဲထောင်ပေါက်ကွဲမှုတွင် အကျဥ်းသားအမျိုးသမီး နှစ်ဦး သေဆုံး

ရခိုင်ပြည် သံတွဲမြို့နယ် သံတွဲအကျဥ်းထောင်မှာဇူလိုင်၁၂ရက်နေ့ ညနေက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အကျဥ်းကျခံနေရတဲ့ အမျိုး သမီးနှစ်ဦး ထောင်ဗူးဝအနီးမှာ ထိခိုက်သေဆုံးသွားတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် AA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခြင်းခံထားရသော အကျဥ်းသားများမှ လွဲ၍ ကျန်အကျဥ်း သားအချို့ကို ပြန်လွှတ်ပေးခဲ့ရာ အကျဉ်းသူ အကျဉ်းသား၄၇ယောက်ပြန်လွတ်လာပါတယ်။  

စစ်ကောင်စီက သံတွဲမြို့ မကျဆုံးစေရန် သံတွဲအကျဥ်းထောင်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက် ကစတင်ပြီး အကျဥ်းထောင်အတွင်း အမြောက်များအထိုင်ချကာ လက်နက်ကြီးများနဲ့  ပစ်ခတ်နေပြီး သံတွဲမြို့အထွက် စာနီတောင်ဂိတ်အနီးရှိ သူခိုးစမ်း နဲ့ ရေတပ်မှလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်လျက်ရှိနေပါတယ်။ ယခုအခါ စာနီတောင်မှ တပ်များသည် ပြောင်းရွှေ့ သွားကြပြီး ဇလွန်တောင်ပေါ်တွင် တပ်စွဲပြီး ခုခံရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 Source –  လေးဝတီ FM

ဇွန်လအတွင်း အမျိုးသမီး အယောက် ၇၀ နီးပါး သတ်ဖြတ်ခံရ

အာဏာသိမ်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေခြင်းကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်း နိုင်ငံတဝန်းရှိ အမျိုးသမီး အယောက် ၇၀ နီးပါး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဇူလိုင် ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

 သေဆုံးခဲ့ရသူတွေဟာ စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄၄ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၆ ဦး၊ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် ၅ ဦးနဲ့ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ၂ ဦး စုစုပေါင်း ၆၇ ဦး ဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးဦးရေ အရ စစ်ကိုင်းတိုင်းက ၂၈ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်က ၁၃ ဦး၊ ရှမ်းက ၁၁ ဦး၊ မကွေးက ၇ ဦး၊ မန္တလေးက ၄ ဦး၊ ပဲခူးနဲ့ကချင်က ၂ ဦးစီ ဖြစ်ပါတယ်။

 အဲဒီထဲမှာ အသက် ၁၈ နှစ်အောက်အမျိုးသမီး ၁၄ ဦး ပါဝင်ပြီး နောက်ထပ် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ် မိုင်းနင်မိမှု၊လက်နက်ကြီပစ်ခတ်မှု၊ထောင်တွင်းနှိပ်စက်ခံရမှု၊မုဒိမ်းပြုကျင့်ခံရမှုတွေကြောင့် အမျိုးသမီး ၅၇ ဦး ထိခိုက် ဒဏ် ရာရရှိခဲ့တာပါ။

 အမျိုးသမီးသေဆုံးမှုနှုန်းနဲ့ ဒဏ်ရာရရှိမှုစာရင်းဟာ မေလထက် ထက်ဝက်နီးပါးတိုးလာသလို ပြီးခဲ့တဲ့ ဇွန်မှာ စစ်ကိုင်း၊မန္တလေးနဲ့ ပဲခူးတိုင်းက အမျိုးသမီး ၁၀ ဦးလည်း အကြောင်းမဲ့ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ မြန်မာ့အမျိုး သမီး သမဂ္ဂကဆိုပါတယ်။

အဖမ်းခံခဲ့ရတဲ့ အမျိုးသမီးတွေထဲက ၈ ဦးဟာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ပန်းပန်တဲ့အတွက် ဖမ်းဆီးခံရတာဖြစ်ပြီး မြေပြင်မှာ အမျိုးသမီးဖမ်းဆီးခံရမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အရေအတွက်ဟာ အခုထက်ပိုများနိုင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂကထုတ်ပြန်ထားပါတယ်။

Source –   သံလွင်တိုင်းမ်

Author:

Related Articles