Home ဆောင်းပါး စစ်ဘေးအပြင် ရေဘေးပါကြုံတွေ့နေရတဲ့ စစ်ရှောင်ဘဝများ

စစ်ဘေးအပြင် ရေဘေးပါကြုံတွေ့နေရတဲ့ စစ်ရှောင်ဘဝများ

နန်းဆိုင်နွမ်

“ မိုးရွာရင် စိတ္တဇလိုပဲ။ မြစ်ရေကိုသွားသွားကြည့်နေရတယ်။ ညဆိုရင် အိပ်ရမှာတောင် ကြောက်နေပြီ” လို့ ဒေါ်ခွန်ဂျာတစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ပြောလာပါတယ်။

ဒေါ်ခွန်ဂျာတို့နေထိုင်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လဘန်ကျေးရွာက စစ်ရှောင်စခန်းဟာ ဇွန်လကုန်ပိုင်းမှာ ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက်မှုကြောင့် စခန်းထဲက ယာယီတည်ဆောက်ထားတဲ့ ဝါးတဲတွေပျက်စီးခဲ့သလို အချို့တဲတွေရေထဲမျှောပါသွားခဲ့ပါတယ်။

“ကျမတို့ရဲ့ တဲရေထဲတော့မျှောမပါပေမယ့် တဲပြိုကျတာတော့ကြုံရတယ်။ မိုးရောလေရောကြီးတော့ တဲကမခိုင်တော့ ပြိုကျတာပေါ့။ မိုးရွာရင်လန့်နေရတယ်” လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

ဒေါ်ခွန်ဂျာတို့ဟာ မတ်လ ၉ရက်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာ နဲ့ ရွှေညောင်ပင်ရွာကြား တိုက်ပွဲပြင်းထန်မှုကြောင့် လဘန်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။

သူတို့မိသားစုဟာ လဘန်ကျေးရွာက စစ်ရှောင်စခန်းကို ရောက်ရှိလာတာ (၃)လကျော်ကြာပြီးနောက်ရေဘေးအန္တရာယ်ကို ထပ်မံကြုံနေရတာပါ။

“ကျမတို့ စစ်ဘေးရှောင် ဒုက္ခရောက်နေတာမပြီးသေး ရေဘေးထပ်လာကြုံတော့ စိတ်တော်တော်ကုန်တယ်။ စိတ်ဓာတ်လည်းကျတယ်။ အခုတဲတွေပြန်ဆောက်နေရတယ်” လို့ သူကဝမ်းနည်း စိတ်ပျက်စွာဆိုပါတယ်။

စစ်ဘေးရှောင်တွေ အားကိုးရာဖြစ်တဲ့ အိမ်သာတွေဟာ အလုံးလိုက် ရေထဲမျှောပါသွားတဲ့အတွက် အိမ်သာပြန်ဆောက်နေရသလို ပြိုကျပျက်စီးသွားတဲ့ စစ်ရှောင်တဲတွေကိုလည်း ပြန်လည်ပြင်ဆင်နေရပါတယ်။

ဒေါ်ခွန်ဂျာဟာ ကလေး၃ယောက်မိခင်ဖြစ်ပြီး၊ ပြင်းထန်တဲ့ တိုက်ပွဲအတွင်းမှာမိသားစုလိုက် ၄ရက်နီးပါးပိတ်မိကာ သေကံမပါဘဲ အသက်ဆက်ရှင်သန်လာကြသူတွေဖြစ်ပါတယ်။

“ တိုက်ပွဲတုန်းက သေပြီလို့ထင်ခဲ့တာ။ ခေါင်းပေါ်မှာ ကျည်တွေပျံ၊ လက်နက်ကြီးသံတွေကြား မိသားစုလိုက်သေပြီလို့ထင်ခဲ့သေးတယ်။ သေကံမပါခဲ့ဘူး။ အခုလည်း မြစ်ရေကြီးတော့ ရေမျှောမပါသွားတာကံကောင်းပြန်ရော၊ ဒုက္ခမျိုးစုံ ကြုံနေရတယ်” လို့ သူက အခက်အခဲတွေကို ပြောလာပါတယ်။ 

ဇူလိုင်လ ၂ရက်နေ့မနက်ပိုင်းမှာ ဧရာဝတီမြစ်ရေ ပြန်ကျဆင်ခဲ့ပေမယ့် ရေကြီးမှုကြောင့် ပျက်စီးသွားတဲ့ စစ်ရှောင်စခန်း ဆောင်တွေရှိသလို အချို့ အဆောင်တွေက ရွှံ့မြေတွေ ပြည့်ကုန်တာကြောင့် စခန်းကို ပြန်လည်ပြင်ဆင်ပြီးမှနေထိုင်ဖို့လိုအပ်ကြောင်း  စစ်ရှောင်တွေကပြောဆိုလာပါတယ်။

“ အဆောက်အဦးတွေက ပြိုကျတာ၊ ရွှံ့တွေဝင်တာရှိတော့ ပေါင်းပြီး ရှင်းရတာပေါ့။ အဆောင်တွေလည်း အချင်းချင်းကူညီ ပြန်ဆောက်ရတယ်။ အဓိကတော့ အိမ်သာကျင်းပြန်တူးရတာရှိတယ်။ ငွေကြေးလိုအပ်တယ်” လို့ ဒေါ်ခွန်ဂျာကပြောပါတယ်။

အလားတူ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းလည်း ရေနစ် မြုပ်ပျက်စီးမှု ကြုံနေရကြောင်း စစ်ရှောင် ဒေါ်လဖိုင် ကလည်း ပြောလာပါတယ်။

“ အဓိကတော့ တဲတွေပြန်ဆောက်ဖို့နဲ့  သောက်ရေတွေ အရေးပေါ်လိုအပ်တယ်။ စားနပ်ရိက္ခာတွေ ပါသွားတယ်။ အခြေခံအစားအစာတွေ လိုအပ်တယ်။ တချို့ဆိုရင် ဘာမှမယူနိုင်တဲ့အထိ ရေထဲပါသွားတယ်” လို့ ဒေါ်လဖိုင်က လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲကိုပြောပြပါတယ်။

ရေကြီးမှုကြောင့် အခက်အခဲကြုံတွေ့နေရတဲ့ နောင်းချိန်းကျေးရွာမှာ စစ်ဘေးရှောင်စခန်း ၁၄ ခုရှိပြီး စစ်ရှောင် ၂၀၀၀ ကျော်၊ လဘန်ကျေးရွာမှာတော့ စစ်ရှောင်စခန်း ၆ ခုလောက်ရှိပြီး စစ်ရှောင်  ၁၀၀၀ ကျော်ရှိကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချူပ် (KBC) လူမှုကူညီရေးအဖွဲ့ HDD မှ ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

အဲဒီစစ်ရှောင်စခန်းတွေမှာ ဂါးရာယန်၊ ရွှေညောင်ပင်၊ အောင်မြေ ၁၊ အောင်မြေ ၂၊ ဝူယန်၊ လမြန်စတဲ့ကျေးရွာက ဒေသခံပြည်သူတွေ ဖြစ်ကြပါတယ်။

ဧရာဝတီမြစ်ရေ ရုတ်တရက် တက်လာပြီး အခုလို စစ်ရှောင်တဲတွေ ရေထဲမျှောပါသွားမယ်ဆိုတာ မထင်ခဲ့မိကြောင်း၊ မြစ်ရေဘေးမှာ နေထိုင်ဖူးသူမဟုတ်တဲ့အတွက် လက်ရှိမှာ စိုးရိမ်ပူပန်မှုတွေဖြစ်နေရကြောင်းလည်း ဒေါ်လဖိုင်က စိတ်ပူပန်မှုကို ပြောလာပါတယ်။

“ ဒီလို ရေကြီးတာမှမကြုံဖူးတာ၊ စစ်ရှောင်လာတာကလည်း မကြာသေးတော့ ဖြစ်တဲ့ရက်က လန့်တာပေါ့၊ ကြောက်လည်း ကြောက်တယ်၊ ကျမတို့ဆိုရင် စားစရာတွေမိုးရေစို၊ အဝတ်တွေကစိုတော့ဘာလုပ်လို့ လုပ်ရမယ်မသိတော့ဘူး” လို့ ဒေါ်လဖိုင်က ပြောပါတယ်။

လက်ရှိမှာ စစ်ရှောင်စခန်းကို ရောက်လာကြတဲ့ သူတွေဟာ ရေလွှမ်းမိုးမှုဒဏ်ကိုတကြိမ်မှ မကြုံဖူးတဲ့သူများဖြစ်ပြီး၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ၊ ကိုယ်ဝန်သည်အမျိုးသမီးနဲ့ကလေးတွေကို ဦးစားပေးပြီး ကုန်းမြင့်ပိုင်းသို့ ပို့ဆောင်ထားကြောင်းဆိုပါတယ်။

“ ရေကြီးတော့ စစ်ရှောင်တွေကို ဘုရားကျောင်းမှာထားတာ၊ ဘုရားကျောင်းရေထပ်ကြီးတော့ အဲ့ကနေတဆင့် အထက်တန်းကျောင်းကို ပြန်ရွှေ့၊ ကလေးရော မသန်စွမ်းရော အသက်ကြီးတဲ့သူ လေဖြတ်သူတွေ ကျန်းမာရေး မကောင်းတဲ့သူတွေရောပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ဒေါ်လဖိုင်မှာ အသက် ၉နှစ်အရွယ် သမီးနဲ့ အသက် ၇ နှစ်အရွယ်သားတစ်ယောက်အပြင် အသက် ၈၀အရွယ်အမေအိုလည်းရှိတဲ့အတွက် မိခင်ရဲ့ ကျန်းမာရေးကို အလွန်ပင် စိုးရိမ်နေရကြောင်း ပြောပြလာပါတယ်။

“ ကျမမှာက အသက်ကြီးတဲ့အမေရှိတော့ စိတ်ပိုပူရတယ်။ မိုးကြီးလာရင် အမေကိုတဖက် ကလေးကိုတဖက် ပူတာပေါ့။ တဲကလည်း ခိုင်အောင်ဆောက်ထားတာမဟုတ်တော့ လေပြင်းတချက်တိုက်ရင် မိုးသဲရင် ပြိုမှာပဲလေ” လို့ ဒေါ်လဖိုင်က ဝမ်းနည်းတဲ့လေသံနဲ့ဆိုပါတယ်။

လက်ရှိမှာ ရေလွှမ်းမိုးမှုခံရတဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတွေဟာ  ရေပြန်ကျသွားပေမယ့် ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လိုအပ်နေသေးကြောင်း စစ်ရှောင်ကူညီပေးနေတဲ့ ဆရာမ မရမ် ပြောပါတယ်။

“ စစ်ရှောင်နေတဲ့တဲတွေက ရစရာမရှိအောင်ပဲ။ စစ်ရှောင်လာတာ မကြာသေးဘူး ရေဘေးဒဏ်ကထပ်ဖြစ်တော့ ပိုဆိုးတာပေါ့။ စစ်ရှောင်စခန်းက မြစ်ဘေးမှာပဲဖြစ်တော့ မိုးကာရောတဲရော အားလုံးပါသွားတယ်။ အရေးပေါ် လိုအပ်ချက်ကတော့များတယ်” လို့ ဆရာမ မရမ်က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ ရွှေတူးဖော်မှုတွေ၊ သတ္တုတူးဖော်မှုတွေဟာ အရင်ကထက် ပိုများလာပြီး၊ ထိန်းချုပ်မှုကင်းမဲ့နေတဲ့အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့အတူ သဘာဝဘေးဒဏ်ကို ပြည်သူတွေ ပိုကြုံလာရတဲ့အနေအထားဖြစ်နေကြောင်း  ဆရာမ မရမ်ကပြောပါတယ်။

“ အခုနောက်ပိုင်းမှာ ရွှေတွေလည်း အဆမတန်တူး၊ မြေရှားသတ္တုလည်း တူးဖော်နေတော့ သဘာဝပတ်ဝန်းကျင်က ဒီထက်ပိုပျက်စီးဖို့ပဲရှိတယ်။ နောက်ပြီး သစ်ခုတ်တာကတပိုင်း၊ တစ်ရှူးငှက်ပျောစိုက်တာက တမျိုး၊ ရှေ့ဆက် ဒီထက်ပိုဆိုး ဖို့ပဲရှိမယ်” လို့ သူကဆက်ပြောပါတယ်။

၂၀၀၄ ခုနှစ်တုန်းက မြစ်ကြီးနား၊ ဝိုင်းမော်ဘက်မှာ ရေကြီးရေလျှံမှုတွေ ကြုံတွေ့ခဲ့ဖူးပေမယ့် အခုကဲ့သို့ ဆိုးဆိုးရွားရွား မရှိ ခဲ့ဖူးကြောင်း ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေက ပြောဆိုပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ စက်ယန္တရားကြီးနဲ့ ရွှေတူးတာတွေ ဆိုးရွားလာတယ်။ ပန်ဝါဘက်မှာလည်း မြေရှားသတ္တု လုပ်ကွက်တွေ ပိုများလာတယ်။ သစ်တောထုတ်လုပ်မှုတွေကြောင့် ကချင်ပြည်ရဲ့သဘာဝဘေးက ပိုပြီး ရင်ဆိုင်ရမယ်” လို့ သဘာာဝပတ်ဝန်းကျင် လှုပ်ရှားနေတဲ့ အမျိုးသားတစ်ဦးက ပြောလာပါတယ်။​

သဘာဝဘေးအန္တရာယ်ဆိုးရွားမှုကို တကြိမ်တခါမျှ မကြုံဖူးတဲ့အပြင် စစ်ရှောင်လာတဲ့ ၃လ ကျော်အတွင်းမှာ ရေကြီးမှု စတင်ကြုံလာတော့  ညအချိန်တွေမှာ အိပ်စက်ဖို့အတွက် စိုးရိမ်နေရသလို မိုးရွာချိန်တိုင်း ဧရာဝတီမြစ်ရေကို ထကြည့်ဖို့ အလှည့်ကျကင်းစောင့်အိပ်ကြရကြောင်း  ဒေါ်ခွန်ဂျာက လက်ရှိ ကြုံတွေ့နေရတာကို ပြောပြလာပါတယ်။

“ တဲတွေ ရေထဲဆက်မျှောတာ၊ တဲတွေပျက်စီးတာ ဆက်ဖြစ်မှာကြောက်တယ်။ ညအချိန် မြစ်ရေတက်ပြီး စစ်ရှောင်စခန်း ထပ်ရေလွှမ်းမိုးမှာ အကြောက်ဆုံးပဲ၊ ကျမတို့ ဘဝက ဘယ်တော့မှကောင်းမွန်စွာ အိပ်စက်ရမှာလဲ” လို့ ဒေါ်ခွန်ဂျာကဝမ်းနည်းစွာနဲ့ ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

Author:

Related Articles