Home ဆောင်းပါး ကုန်ဈေးနှုန်းအတက်ကြမ်းလို့ ပူပန်သောကရောက်နေကြတဲ့ ပူတာအိုဒေသခံများ

ကုန်ဈေးနှုန်းအတက်ကြမ်းလို့ ပူပန်သောကရောက်နေကြတဲ့ ပူတာအိုဒေသခံများ

ဒေဝီ

“စားစရာပြတ်လပ်တာ၊ တချို့တွေဆန်ပြုတ်သောက်နေရတာကြာပြီ၊ ကျွန်တော်တို့သားဖတွေ ဆန်ပြုတ်သောက်ဖို့ ကလေးတွေကို ပြောထားတယ်။ မနက်ပဲထမင်းစားမယ် ညနေ ဆန်ပြုတ်သောက်မယ်ဆိုပြီး “လို့ ပူတာအိုဒေသခံ ကလေးသုံးဦးဖခင်ဖြစ်တဲ့ ကိုလုရမ်ကပြောပါတယ်။

မြန်မာနိုင်ငံရဲ့မြောက်ဖက်အစွန်ဆုံးမြို့ဖြစ်တဲ့ ပူတာအိုဒေသကဆီးနှင်းဖုံးတောင်တန်းတွေ ဝန်းရံထားပြီး အေးချမ်းသာယာတဲ့ဒေသပေမယ့် ‌လက်ရှိကြုံနေရတဲ့ ကုန်စျေးနှုန်းအကြပ်အတည်းတွေကြောင့် ဒေသခံတွေမှာမအေး ချမ်းတော့တဲ့အခြေအနေပါ။

ပူတာအိုဒေသမှာ  တိုက်ပွဲတွေကြောင့် ကားလမ်းပိတ်ရာကနေအစပြုပြီး  ကုန်စျေးနှုန်းတရိပ်ရိပ်တက်လာခဲ့တာ  လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံရဲ့ ကုန်စျေးနှုန်းအမြင့်ဆုံးမြို့ဖြစ်လာတာကြောင့် အိမ်ထောင်စုအများအပြား စားစရာ ပြတ်လပ်တဲ့ ဒဏ်ကြုံနေကြရပါတယ်။

စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေကြောင့် မြစ်ကြီးနား-ပူ တာအို ကားလမ်းပိုင်းကိုနှစ်ဖက်တပ်တွေက မတ်လတည်းက ပိတ်လိုက်တာဖြစ်ပြီး လက်ရှိ အချိန်ထိလည်း ပြန် မဖွင့်သေးတာကြောင့် အောက်ဘက်(မြစ်ကြီးနား)ကလာတဲ့ကုန်စည်တွေရပ်တန့်ပြီး ကုန်စျေးနှုန်းအဆမတန် ကြီး မြင့်လာခဲ့တာပါ။

တကြိမ်တခါမျှမကြုံတွေ့ဖူးတဲ့ ကုန်စျေးနှုန်အကြပ်အတည်းကြောင့် ပူတာအိုဒေသခံတွေ စားရေးသောက်ရေးကစလို့ သွားရေးလာရေးအထိဒုက္ခရောက်နေကြရသလိုဒီဒဏ်ကိုကိုလုရမ်တို့မိသားစုတွေလည်းရင်ဆိုင်နေရပါတယ်။

သူတို့မိသားစုက အာဏာသိမ်းပြီးနောက်ကြုံရတဲ့ စီပွားရေးအကြပ်အတည်းတွေကြောင့်ဇနီးဖြစ်သူက ပြည်ပ နိုင်ငံ တခုမှာသွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး၊ သူကတော့ကလေးတွေကို စောင့်ရှောက်ရင်း ကြုံရာကျပန်းအလုပ် လုပ်လို့ သားအဖတွေဖြတ်သန်းနေတာပါ။

“အိမ်မှာတော့ ကျွန်တော်ကပဲ လုပ်ရတော့နေ့စဉ်နဲ့အမျှ ခေါင်းကိုက်ရတယ် အခြားအမျိုးသမီးတွေတော့မသိဘူး၊ ချက်ပြုတ်ရင် ဘယ်လိုချက်ပြုတ်ရမလဲ၊ အကုန်လုံးကခက်ခဲတဲ့ အခြေအနေပဲ”လို့ သူကဆိုပါတယ်။

ဇနီးဖြစ်သူပြည်ပမှာအလုပ်လုပ်ပြီးငွေပို့ပေးနေပေမယ့်တဖြည်းဖြည်း တက်နေတဲ့ကုန်စျေးနှုန်းကြောင့်  လောက်ငှမှုမရှိတဲ့အခါ  ပိုကြပ်တည်းလာတယ်လို့ သူကငြီးတွားပြောဆိုပါတယ်။

“မိန်းမပို့တာကုန်တာပဲ မလောက်တဲ့အပြင် အကြွေးပါတင်တယ်။ “လို့ ကိုလုရမ်ကပြောပါတယ်။

သူ့နဲ့ကလေးတွေ စားဖို့သောက်ဖို့အပြင် ကလေးတွေရဲ့ ကျောင်းဖွင့်ရာသီကျောင်းစရိတ်သင်တန်းစရိတ်၊ စာရေးကိရိယာစရိတ်တွေ တိုးလာ‌သလို၊ မိသားစုစားအိုးက ဆန်ဖိုးတင် တစ်လ လေးသိန်းကျော်ကုန်ကျနေတာကြောင့် အသားဟင်းစားဖို့ မတွေးနိုင်ဘဲ ထမင်းလျှော့ချက်စားတာတွေလုပ်နေရပါတယ်။

“အရင်က ကျောင်းသွားရင် မနက်ဆန်ငါးဗူး၊ ကျောင်းပိတ်ရက်ဆို မနက်လေးဗူး ညနေသုံးဗူး၊ အခုတော့ မနက်သုံးဗူး ညနေဆန်ပြုတ်တစ်ဗူး အဆင်ပြေတယ် စမ်းကြည့်တာ၊ ဆန်ပြုတ်စားတော့ပေါ့ပေါ့ပါးပါးတောင် ဖြစ်တယ်၊ အခုချိန်က ချွေတာတာ အကောင်းဆုံးပဲလို့” သူကဆိုပါတယ်။

ကျောင်းဖွင့်ကာလဆိုတော့ ကလေးတွေအတွက် မဖြစ်မနေသုံးရမယ့် ကျောင်းစာအုပ်တွေ ဖတ်စာအုပ်တွေလည်းအရင်နှစ်တွေထက်စျေးမြင့်နေတော့ စိတ်ညစ်ရပြန်တယ်။ ဒါ့အပြင် အိမ်နဲ့ကျောင်းနဲ့ကလည်း မိနစ်နှစ်ဆယ်ကျော် ဝေးတဲ့အတွက် ဆီကလည်းမရှိတဲ့အခါ အရင်လို ဆိုင်ကယ်နဲ့ မသွားနိုင်တော့ဘဲ က‌လေးတွေကျောင်းကို လမ်းလျှောက် သွားရတာတွေလည်းရှိတယ်လို့သူကဆက်ပြောပါတယ်။

 ပူတာအိုဒေသမှာ ဆန်နဲ့ အခြားသီးနှံတွေ စိုက်ပျိုးကြပေမယ့် အခြေခံစားသောက်ကုန်တော်တော်များများ ကို အခြားဒေသတွေကအားကိုးရတာပါ၊ အခုလမ်းပိတ်တော့ သွားလာရခက်ခဲပြီး ကုန်‌စျေးနှုန်းတွေ တက်လာတာပါ။

“ဓာတ်ဆီတပုလင်းရှစ်သောင်းလေ၊ အကုန်တက်တာ၊ ဘယ်သူမှ စားမလောက်ဘူး၊ တလဆယ်သိန်းတောင်မလောက်ဘူး” လို့ ကိုလုရမ်ကဆိုပါတယ်။

 ဆန်၊ ဆီ၊ ဆား၊ မီးဖိုးချောင်စားနပ်ရိက္ခာကစလို့ သွားရေးလာရေးအတွက်အဓိကကျတဲ့ ဓာတ်ဆီ အထိတက်တဲ့အ ပြင်၊ ဟင်းသီးဟင်းရွက်တွေလည်း တစ်ပုံကို ငါးရာတစ်ထောင်ပေးနေရတော့ အချို့အိမ်ထောင်စုတွေမှာ စား စရာ လုံးဝမရှိလို့ ဆန်ပြုတ်တောင် နပ်မမှန်သူတွေလည်းရှိနေပြီး သူတို့ကို ပရဟိတအဖွဲ့တွေက အခြားကနေ အလှုခံ ပြီး  ဆန်ဝေရတာတွေလည်းရှိနေပါတယ်။

“အိမ်ရှင်မတွေဆို မနက်စျေးသွားရင် ပိုက်ဆံတသောင်းတောင် ဘာမှဝယ်လို့မရဘူး၊ ဆန်နို့ဆီဗူးငါးလုံးကို ငွေတစ်သောင်းဖြစ်နေပြီ၊ ဒီထက်ရက်ကြာလာရင် ကျွန်မတို့အငတ်ဘေးဆိုက်တော့မယ်” လို့ ပူတာအိုဒေသခံ အသက် ၄၄ နှစ်အရွယ် ဒေါ်လုဂျာ(အမည်လွှဲ)ကပြောတယ်။

စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်လုဂျာက ပူတာအိုဒေသခံစစ်စစ် ဖြစ်ပေမယ့် လက်ရှိကြုံနေရတဲ့ ကုန်စျေးနှုန်း အဆမတန် မြင့်တက်မှုကို အရင်ကတကြိမ်တခါမှမကြုံတွေ့ဖူးဘူးလို့ဆိုပါတယ်။

မြန်မာပြည်မြောက်ဖျားစွန်းဒေသဖြစ်ပြီး မြစ်ကြီးနားနဲ့( ၂၁၈ )မိုင်ကွာဝေးတဲ့  ပူတာအိုဒေက ဟိုးယခင်နှစ်တွေတုန်းကလမ်းပန်းဆက်သွယ်ရေး မကောင်းတော့ မိုးတွင်းဆို သွားရေးလာရေးခက်ခဲပြီး ကုန်စည်စျေးနှုန်းတွေ တက်လေ့ရှိပါတယ်။

ကုန်သည်တွေကလည်း မိုးကာလအတွက်ရည်ရွယ်ပြီး တမိုးစာကုန်ပစ္စည်းတွေ ဝယ်ယူသိုလှောင်ပြီးရောင်းချလေ့ရှိပေမယ့် အရပ်သားအစိုးရတက်လာပြီးနောက်လမ်းပန်းဆက်သွယ်ရေးတွေကောင်းလာပြီးလိုအပ်တဲ့ကုန် ပစ္စည်းတွေမနက်မှာရင်ညနေ ပစ္စည်းရောက်တော့ အရင်လို   အများအပြားမသိုလှောင်ကြတော့ဘဲ လအနည်းငယ်စာ သာ သိုလှောင်ရောင်းချနေကြတာလို့ဆိုပါတယ်။

 တိုက်ပွဲတွေကြောင့် မတ်လကတည်းက လမ်းတွေပိတ်လိုက်တော့ ကုန်စျေးနှုန်းအကြပ်အတည်းက သင်္ကြန်ပြီး နောက်ပိုင်းကစ သိသိသာသာဖြစ်လာတာလို့ဆိုတယ်။အထူးသဖြင့် အခြေခံ စားသောက် ကုန်တွေက ယခင်ထက် လေးဆကျော် ငါးဆနီးပါးတက်လာတာကြောင့် အချို့မိသားစုတွေမှာ စားစရာဆန် မရှိတော့ တဲ့အတွက် ဆန် ကြမ်းကို ဆန်ပြုတ်ပြုတ်သောက်ရင်းဖြေရှင်းနေကြရတာပါ။

ကားလမ်းမပိတ်ခင်က  တစ်အိတ် ကိုးသောင်းကျပ်ပေးဝယ်ရတဲ့ ဆန်က အခုဆို သုံးသိန်းခွဲ လေးသိန်း၊ ဆားတစ် ထုတ်ကို ၅၀၀ ကျပ်ကနေ တစ်သောင်းကျပ်၊စားဆီ ၁.၆ လီတာတစ်ဘူးကို ရှစ်ထောင်ကျပ်ကနေ သုံးသောင်း ကျပ်နဲ့ ဓာတ်ဆီ ၁ဂါလံကို တစ်သောင်းရှစ်ထောင်ကနေ လက်ရှိမှာ နှစ်သိန်းခွဲအထိ ရှိလာပါတယ်။  

အသားငါးတွေကလည်း တပိသာတစ်သောင်းကျော်ကနေ နှစ်သောင်းခွဲသုံသောင်းအထိတက်လာတဲ့အတွက် အ များစုက ဝယ်မစားနိုင်ကြတော့ဘူးလို့သူကဆက်ပြောပါတယ်။

သူတို့မိသားစုလည်း စားသောက်ဆိုင်ဖွင့်လှစ်တာဖြစ်ပေမယ့် ကုန်စျေးနှုန်းတွေ အဆမတန်တက်တော့ ဆိုင်ကို လည်းရပ်နားထားရပါတယ်။ ဆိုင်အတွက် ကြိုတင်သိုလှောင်ယူထားတဲ့ စားသောက်ကုန်တွေကို မိသားစုတွေ ချွေတာ စားသုံးရင်း၊ လိုအပ်နေတဲ့ အိမ်နီနားချင်းတွေကို မျှဝေတာ၊ မူရင်းစျေးနဲ့ ‌ရောင်းချတာတွေ လုပ်နေရတယ် လို့ဆိုပါတယ်။

 “အသိတွေကိုလည်း နောက်မှပြန်ပေးဆိုပြီး ချေးပေးတယ်။ ငွေထက်ကို ပစ္စည်းအရမ်းတန်ဖိုးရှိနေတော့ ပိုက်ဆံ ငါးထောင် တစ်သောင်း လက်ဆောင်ပေးတာကိုပျော်ရတဲ့အချိန် မဟုတ်တော့ဘူး၊ မုန့်လေးတထုတ်၊ လစဉ်သုံး လေးတစ်ခုပေးရင်လည်း ဖေးမတယ်ဆိုတဲ့ စိတ်နဲ့ပီတိဖြစ်ရတယ်”လို့ဒေါ်လုဂျာက ပြောပါတယ်။

လက်တလောမှာ ရှိတဲ့ စားနပ်ရိက္ခာတွေကို မျှဝေပြီး ကျန်တာကိုစားသောက်နေရတဲ့အတွက် ရပ်တည်လို့ရသေးပေမယ့် ရက်ကြာလာမယ်ဆိုရင်တော့ စားရေးသောက်ရေးခက်ခဲတော့မှာလို့ဆိုပါတယ်။

 “ဆန်ရှိနေသေးတော့ ဒုက္ခမရောက်သေးပေမယ့်၊ ရောက်တော့မယ်ဆိုတာသိနေတယ်။ “လို့ဒေါ်လုဂျာကပြောပါ တယ်။

ပူတာအိုဒေသမှာအာဏာသိမ်းပြီးချိန်နောက်ပိုင်းကစပြီး ဆယ်တန်းအောင်ဘွဲ့ရတဲ့ လူငယ်အများစုက နိုင်ငံရပ်ခြား ကိုထွက်ခွာပြီး အလုပ်လုပ်တာတွေများလာသလို၊လက်ရှိကြုံနေရတဲ့ ကုန်စျေးနှုန်း အကြပ်အတည်းကြောင့် ငွေကြေးတက်နိုင်သူတွေက အခြားအရပ်ဒေသကိုရွှေ့ပြောင်းသွားကြတာတွေလည်းရှိပါတယ်။

“မြစ်ကြီနားဘက်ကို ကလေးပညာရေးဟိုမှာပဲ သွားထားတယ်။ ကျောင်းဆရာမတွေလည်း မလာကြတော့ဘူး ကြားတယ်၊ ဒီကုန်စျေးနှုန်းနဲ့မခံနိုင်တော့ ရှိတဲ့ဆိုင်ကယ်လေး ဘာလေးတွေရောင်းပြီး ပြန်ကုန်ပြီ။”လို့ ကိုလုရမ် ကပြောပါတယ်။

ဒီလိုအခြေအနေဆက်ကြာရှည်နေရင် အလုပ်လက်မဲ့တွေများလာမှာဖြစ်သလို စားဖို့သောက်ဖို့ ပိုခက်ခဲလာပြီး ခိုးဆိုးလုယက်မှုနဲ့ ရာဇဝတ်အမှုအခင်းတွေ ပိုများလာမှာ တွေးပူတယ်လို့သူကဆက်ပြောပါတယ်။

 ပြီးခဲ့တဲမေလ ၁၀ရက်နေ့ကလည်း ပူတာအိုဒေသခံ အသက် ၁၅နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး  ဒုတ္တန်ရပ် ကွက်မှာရှိတဲ့ လူသွားလူလာနည်းတဲ့ သက်ကယ်တောမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ကျူးလွန်သူကရွှေ့ပြောင်း လုပ်သားတစ်ဦးဖြစ်ပြီး မိန်းကလေးငယ်ရဲ့ ဖုန်းကို ဆိုင်မှာ ပေါင်နှံရာမှတစ်ဆင့် ဖမ်းဆီးရမိခဲ့တဲ့အတွက် ဒီဖြစ်ရပ်က ကုန်စျေးနှုန်းကြပ်တည်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့်လို့ ထင်မြင် ယူဆ ရတယ်လို့ ဒေသခံ တွေကပြောပါတယ်။

 စားဝတ်နေရေးခက်ခဲတာအပြင် ကုန်စျေးနှုန်းတွေ မြင့်တက်ပြီး ခက်ခဲနေတဲ့အခြေအနေကြောင့်မို့ ခိုးဆိုးလုနှိုက်တွေ ရှိလာပြီး၊ အမျိုးသမီးတွေအတွက် လုံခြုံမှုလုံး၀မရှိတော့တဲ့ အခြေအနေဖြစ်လာနေတယ်လို့ ပူတာအို ဒေသခံ အသက်၂၀ကျော်အရွယ် အမျိုးသမီးငယ် ရာဇီကဆိုပါတယ်။

“အမျိုးသမီးတွေလည်း အရင်လိုမလုံခြုံတော့ဘဲ အကြောက်တရားနဲ့သတိထားသွားလာနေရတယ်”လို့ သူကပြောပါတယ်။

ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်လာတာက နိုင်ငံရေးအခြေအနေကြောင့် ကားလမ်းပိတ်တာကို အခွင့်ကောင်းယူနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ကြောင့် ဒီအခြေအနေထိသက်ရောက်သွားတာဖြစ်ပြီး၊ ကြပ်တည်းနေချိန်မှာ ရှိတဲ့ကုန်ပစ္စည်းတွေကို အချင်းချင်းမျှဝေပြီး ရောင်းချရမယ့် အစားလောဘကြောင့် အခြေအနေတွေ ပိုမိုဆိုးရွားလာတာလို့သူကဆက်ပြောပါတယ်။

သူ့အနေနဲ့လည်း လစဉ်အသုံးပြုနေရတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေက ၁၀၀၀ ကျပ်ကနေ ငါးထောင်ကျပ် အထိရှိနေတဲ့အပြင် လက်တလောပစ္စည်းတွေပြတ်လပ်နေတော့ စိတ်ညစ်နေရပါတယ်။

 အခြေခံဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား ဈေးတွေ အဆမတန်မြင့်တက်နေတော့ ပြည်သူတွေ၊ ဒေသခံ လက်လုပ်လက်စားတွေက မဝယ်စားနိုင်ကြဘဲ  မိသားစု၀မ်းရေးအတွက် ပူပန်နေရသလို အချို့မိသားစုတွေမှာ ဆန်ပြုတ်သောက်ရင်း နောက်ရက်တွေအတွက် အမြဲပူပန်နေရတယ်လို့သူကဆိုပါတယ်။

ဒါ့အပြင် လောင်စာဆီ စျေးတက်တာကြောင့် ယာဉ်မောင်းတဲ့သူတွေလည်း မရှိသလောက်ရှားပါးလာပြီး ဖျားနာနေတဲ့လူနာဆေးရုံပို့ဖို့အတွက်တောင် ဆီအခက်အခဲကြောင့်အချိန်မှီမပို့နိုင်ဘဲ အသက်ဆုံးရှုံးတာတွေကြုံတွေ့နေရပါတယ်။

ကုန်သည်အချို့ကတော့လေကြောင်းနဲ့ကုန်စည်အချို့ တင်ပို့တာရှိပေမယ့်၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်တာကြောင့်စျေးကပိုတက်လာပြီး၊ အခြေအနေကြာလာရင်ပြည်သူတွေအများကြီးဒုက္ခရောက်ပြီးမဖြစ်သင့်တဲ့ ဆိုးကျိုးတွေဖြစ်လာမှာစိုးရိမ်နေရတယ်လို့ဒေသခံတွေကဆိုပါတယ်။

 စားဝတ်နေရေးအခက်အခဲဒဏ်ကို ပူတာအိုဒေသခံတိုင်း ကြုံတွေနေရပေမယ့် အမျိုးသမီးတွေကတော့ မိသားစုတွေ အငတ်ဘေးကြုံရမှာအပြင် ကိုယ်တိုင်ရောကိုယ့်ရဲ့သားသမီးတွေမှာရော မသမာသူတွေရဲ့ အန္တရာယ် ပြုခံရမှာကိုလည်း စိုးရိမ်ပူပန်နေကြရတာလို့ ပြောပါတယ်။

“လုယက်မှုတွေဖြစ်လာမယ်၊ ခိုးမှုတွေဖြစ်လာမယ်လို့ တွေးတော့စိုးရိမ်ကြတာပေါ့၊ အောက်ကလူတွေကလည်းများတာကို သမီးပျိုတွေအတွက်စိတ်ပူတာတွေလည်းပါတယ်”လို့ ဒေါ်လုဂျာဆက်ပြောပါတယ်။

ပူတာအိုဒေသမှာ ကြုံနေရတဲ့ အကြပ်အတည်းတွေက လမ်းပိတ်တာကစတဲ့အတွက်  လမ်းပြန်ဖွင့်ရင်တော့ အခြေ အနေတွေကသက်သာလာမှာဖြစ်တဲ့အတွက် အမြန်ဆုံးလမ်းပြန်ဖွင့်ပေးဖို့သာ မျှော်လင့်နေရပြီး၊ ဒါပေမယ့် လတ်တလော ကြုံနေရတဲ့ တိုက်ပွဲအခြေအနေတွေကြောင့်  မလွယ်ကူဘူးလို့ဆိုပါတယ်။

တိုက်ပွဲတွေကြောင့်ကျေးရွာအချို့က ပြည်သူအများအပြားလည်း စစ်ရှောင်နေရပြီး၊ သူတို့မှာဘယ်အခြေအနေထိ အခက်အခဲကြုံနေရလဲဆိုတာမမှန်းဆနိုင်တော့သလို၊ သွားရောက် ကူညီပေးဖို့ရာလည်း ခက်ခဲနေတာပါ။

တိုက်ပွဲတွေက မြို့ပေါ်အထိကူးစက်လာမလားဆိုတာလည်း တွေးပူနေရသလို၊ ကုန်စျေနှုန်းဒီထက်တက်ပြီး စားနပ်ရိက္ခာ ပိုပြတ်လပ်ရင် တမြို့လုံးအငတ်ဘေးကြုံမှာလည်းစိုးရိမ်နေကြတဲ့အတွက် လမ်းပြန်ဖွင့်ဖို့သာ ဆုတောင်းမိတော့တယ်လို့ ရာဇီကပြောပါတယ်။

 “သက်ဆိုင်ရာ နှစ်ဖက်သောအဖွဲ့အစည်းတွေက ပြည်သူတွေရဲ့ အခက်အခဲကို ငဲ့ကွက်ပြီး၊ မေတ္တာထားကာ ကားလမ်း ဖွင့်‌ပေးဖို့ ပြည်သူတွေက အများကြီးမျော်လင့်ထားတယ်။ ကားလမ်းကို ရက်အကန့်အသတ်နဲ့ဖြစ်ဖြစ် ဖွင့် ပေး နိုင်ရင် ပြည်သူတွေအများကြီးကျေးဇူးတင်မိမှာပါ”လို့ သူကဆိုပါတော့တယ်။

Author:

Related Articles