Home ဆောင်းပါးသတင်းဆောင်းပါး မုဒိမ်းမှုရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက် မပြင်ဆင်နိုင်ခဲ့ရင်

မုဒိမ်းမှုရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက် မပြင်ဆင်နိုင်ခဲ့ရင်

ခင်စုကြည်

“အရင်ဥပဒေထဲကအတိုင်း မုဒိမ်းမှုကို အဓိပ္ပာယ်ဖွင့်မယ်ဆိုရင်တော့ မုဒိမ်းကောင်တွေကတော့ လွတ်နေဦးမှာ ပဲ။ အဲဒီတော့ ဒီဥပဒေထွက်လာခြင်းအားဖြင့်လည်း ထူးပြီးတော့ မုဒိမ်းကောင်ကြီးကို အပြစ်ပေးအရေးယူနိုင်မယ် လို့ မျှော်လင့်လို့မရဘူး”

ဒါကတော့ မုဒိမ်းမှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ လိုအပ်ချက်တွေရှိနေသေးတာကို ထောက်ပြပြောဆိုနေတာပဲ ဖြစ်ပါတယ်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေမူကြမ်းမှာ ပါဝင်တဲ့ မုဒိမ်းမှုရဲ့ အဓိပ္ပါယ်ဖွင့် ဆိုချက်မှာ လက်ရှိကျင့်သုံးနေဆဲဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေထဲက အတိုင်းသာ ပါရှိခဲ့မယ်ဆိုရင် မုဒိမ်းမှုတွေကို ထိထိရောက်ရောက် အရေးယူပေးနိုင်မှာ မဟုတ်သလို အမျိုးသမီးတွေအတွက်လည်း အမှန်တကယ် အကာ အကွယ်ပေးနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

“အဓိကပြောနေရတာကတော့ မုဒိမ်းမှုအဓိပ္ပါယ်ဖွင့်ဆိုချက်ပဲ။ အဲဒါကတော့ ကျမတို့က ပြင်ကိုပြင်ချင်တာ။ ဥပဒေက အရင်တိုင်းပဲဆိုရင်တော့ ဒီဥပဒေမှာလည်း မုဒိမ်းမှုနဲ့ပတ်သတ်တဲ့ပြစ်မှုပြစ်ဒဏ်က သီးခြားပါလာမှာ မဟုတ်ဘူး။ အဲဒါကိုတော့ ကျမတို့က လက်မခံနိုင်ဘူး” လို့ ကျားမတန်းတူညီမျှရေးကွန်ယက်ရဲ့  ဒါရိုက်တာ မမေစံပယ်ဖြူကပြောပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေမူကြမ်းကို လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး ဥပဒေပညာရှင်တွေနဲ့ အမျိုးသမီးအရေး ဆောင်ရွက်နေ တဲ့ အဖွဲ့အစည်းတွေက ရေးဆွဲနေတာပဲဖြစ်ပါတယ်။

ဥပဒေမူကြမ်းထွက်လာဖို့အတွက် ဆွေးနွေးမှုတွေ ပြင်ဆင်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး လွှတ်တော်ကို မတင် ပြမီ ရှေ့နေချုပ်ရုံးကို ဦးစွာတင်ပြရပါတယ်။

“ကျမတို့ကတော့ ဖြစ်စေချင်တာ၊ ပြင်စေချင်တာတွေပြင်ပြီးတော့မှ လွှတ်တော်ကို တင်စေချင်တာလေ။ ဒါပေ မယ့် အဲဒါက အချိန်တွေပဲကြာလာပြီး တကယ့်တကယ်ကျတော့ ဖြစ်မလာဘူး။ ရှေ့နေချုပ်ရုံးကို တင်လိုက်ရင် ကိုယ်လိုချင်တာတွေက ရမလာပဲ ရှိနေတာတွေက ပြန်ပြန်လျော့သွားတယ်။ အဲဒီမှာ အချိန်တွေကြာနေတာ။ သိသိသာသာ ကောင်းမွန်လာတာ မရှိဘူး” လို့ ဥပဒေကြမ်းရေးဆွဲရမှာ ကြန့်ကြာနေမှုအပိုင်းကို မမေစံပယ်ဖြူ က ပြောပါတယ်။

ဒီဥပဒေမူကြမ်းကို ၂၀၁၃ ခုနစ်တည်းက စတင်ရေးဆွဲနေတာဖြစ်ပြီး အခုနှစ် လွှတ်တော်သက်တမ်းအတွင်း တင်ပြနိုင်အောင် စီစဉ်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ ပြင်ဆင်ချင်တဲ့ အချက်တချို့ရှိနေပေမယ့်လည်း အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ မုဒိမ်းမှုတွေ မြင့်တက်နေတာကြောင့် အဓိကအရေးကြီးတဲ့ မုဒိမ်းမှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သာ ပြင်ဆင်ဖို့ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ ရာဇသတ်ကြီးဥပဒေထဲက မုဒိမ်းမှုရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ  ယောကျ်ားလိင်အင်္ဂါနဲ့ မိန်းမအင်္ဂါအတွင်း ထိုးသွင်းမိပြီး လုံလောက်သော ကာမစပ်ယှက်မှုမြောက်ရင် မုဒိမ်းမှုမြောက်ကြောင်း ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံရဲ့ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၇၆) မှာ မိန်းမက ခွင့်မပြုခြင်း၊ မိန်းမက အလိုမတူငြင်းဆန်းခြင်း စတဲ့ မိန်းမရဲ့ခွင့်ပြုချက် မပါပဲ  ကာမစပ်ယှက်မှုမြောက်ရင် မုဒိမ်းမှုမြောက်ကြောင်း၊ မိန်းမရဲ့ ခွင့်ပြုချက် ဆန္ဒ သဘောထားအပေါ် အခြေခံပြီး ပြဌာန်းထားပေမယ့် အားနည်ချက်ရှိနေတာက လက်ရှိဖြစ်ပျက်နေတဲ့ အခြေ အနေတွေအပေါ် မလွှမ်းခြုံနိုင်တာပဲဖြစ်ပါတယ်။

လက်ရှိကာလမှာ လိင်ဆက်ဆံမှုတွေဟာ မိန်းမရဲ့အင်္ဂါဇာတ်နဲ့ ယောကျာ်းရဲ့အင်္ဂါဇာတ်ကိုသာ အသုံးပြုကြတာ မဟုတ်ပဲ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို အသုံးပြုပြီး လိင်ဆက်ဆံတာတွေလည်း ရှိနေတာကြောင့် ဘယ်လိုလိင်ဆက်ဆံမှုမျိုးကိုမဆို မုဒိမ်းမှုမြောက်ကြောင်း ပြည့်ပြည့်စုံစုံထည့်သွင်းရေးဆွဲထားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

“မုဒိမ်းမှုလို့ပြောရင် အခုခေတ်လိင်ဆက်ဆံတာတွေနဲ့မကိုက်ညီတာ၊ ဥပဒေကအရမ်းကြာနေပြီ။ လွန်ခဲ့တဲ့ နှစ် ပေါင်း(၁၅၀)ကျော်လောက်ကဆိုတော့ ခုခေတ်နဲ့မကိုက်ညီတော့ဘူး။ ကျမတို့အတွေ့အကြုံအရ ၂၀၁၆ ခုနစ် တုန်းက (၄)နှစ်အရွယ် ကလေးလေးကို အနောက်ဖက်ကနေ လိင်ဆက်ဆံတာ။ အဲဒါ မုဒိမ်းပဲလေ။ အဲဒီလိုမျိုး ကို မုဒိမ်းလို့ မသတ်မှတ်ပဲ တခြားပုဒ်မနဲ့ တပ်လိုက်တဲ့အတွက် အရေးယူ အပြစ်ပေးမှု၊ ကျူးလွန်တဲ့ပြစ်မှု ပြစ်ဒဏ်ရော၊ လူတွေရဲ့ ယူဆချက်တွေ ဦးစားပေးအဆင့်တွေ ကွာသွားတယ်” လို့ အခရာ အမျိုးသမီးအဖွဲ့ တည်ထောင်သူ မထားထားကပြောပါတယ်။

အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့ မုဒိမ်းမှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လက်ရှိ ဖြစ်ပျက်နေတဲ့ ခေတ်အခြေအနေနဲ့ ကိုက်ညီမှုရှိအောင် ပြင်ဆင်ချင်နေကြတာဖြစ်ပါတယ်။

“မုဒိမ်းမှုဆိုသည်မှာ အမျိုးသမီး၏ သဘောတူခွင့်ပြုချက်မပါရှိဘဲ အမျိူးသမီး၏လိင်အင်္ဂါကိုသော်လည်းကောင်း စအိုကိုသော်လည်းကောင်း၊ အမျိုးသား၏လိင်အင်္ဂါဖြင့်ဖြစ်စေ၊ အခြားသော ကိုယ်အင်္ဂါတစ်ခုခုဖြင့်ဖြစ်စေ၊ အရာ ဝတ္ထုတခုခုဖြင့်ဖြစ်စေ၊ အနည်းငယ်မျှပင်ဖြစ်စေကာမူ ထိုးသွင်းခြင်းကိုဆိုသည်။ ပါးစပ်အတွင်းသို့ အမျိုးသား၏ လိင်အင်္ဂါဖြင့် ထိုးသွင်းခြင်းကိုလည်း မုဒိမ်းမှုအဖြစ် မှတ်ယူရမည်”  ဆိုသည့် စာသားကတော့ အမျိုးသမီးအဖွဲ့ အစည်းတွေ ထည့်သွင်းရေးဆွဲစေလိုတဲ့ မုဒိမ်းမှုရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။

အခုလက်ရှိကျင့်သုံးနေတဲ့ မြန်မာနိုင်ငံ၊ ရာဇသတ်ကြီးဥပဒေဆိုတာက  ဗြိတိသျှအုပ်စိုးစဉ်ကာလ ၁၈၆၁ ခုနစ်က  ပြဌာန်းခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရာဇသတ်ကြီးဟာ အိန္ဒိယနိုင်ငံရဲ့ ရာဇသတ်ကြီးဥပေဒေနဲ့ အတူတူပဲဖြစ် ပါတယ်။

ဒါပေမယ့် အိန္ဒိယနိုင်ငံမှာ မုဒိမ်းမှုနဲ့ပတ်သက်ပြီး ၁၉၈၃ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေမှာ ရာဇဝတ်ဥပဒေ ပြင်ဆင်ချက် အက်ဥပဒေအရ ပြန်လည်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအိန္ဒိယနိုင်ငံမှာ ကျင့်သုံးနေတဲ့ မုဒိမ်းမှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ ခေတ်ရဲ့အခြေအနေနဲ့ အဖြစ် အပျက်တွေအပေါ် လွှမ်းခြုံနိုင်ပါတယ်။

ယောကျာ်းလိင်အင်္ဂါနဲ့ မိန်းမလိင်အင်္ဂါ ကာမစပ်ယှက်တာ တခုတည်းမဟုတ်ပဲ မိန်းမရဲ့ ပါးစပ်၊ မိန်းမအင်္ဂါ၊ ဆီး လမ်းကြောင်း (သို့မဟုတ်) စအိုအတွင်းသို့ ယောကျာ်းလိင်အင်္ဂါနဲ့ဖြစ်စေ၊ ယောကျာ်းရဲ့လိင်အင်္ဂါမဟုတ်ပဲ အ ခြားပစ္စည်းတခုခုနဲ့ဖြစ်စေ၊ ထိုးသွင်းတာ၊ ယောကျာ်းရဲ့ ပါးစပ်နဲ့ မိန်းမအင်္ဂါ၊ ဆီးလမ်းကြောင်း၊ စအိုနဲ့ ကာမစပ် ယှက်တာကို အိန္ဒိယနိုင်ငံရဲ့ မုဒိမ်းမှုအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ထည့်သွင်းရေးဆွဲထားပါတယ်။

မုဒိမ်းမှုကျူးလွန်ရာမှာလည်း အုပ်စုဖွဲ့မုဒိမ်းမှုနဲ့  အသက်သေဆုံးခြင်း၊ ဆိုးရွားစွာထိခိုက်စေခြင်း၊ စတာတွေဖြစ် ခဲ့ရင် အနှစ်(၂၀)ထက်မနည်းနဲ့ ထောင်ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ၊ ချမှတ်ရ မယ်လို့ ပါရှိပါတယ်။ ဒါဟာ မုဒိမ်းမှုဖြစ်စေတဲ့ အခြေအနေတခုချင်းအပေါ် ပြစ်မှုပြစ်ဒဏ်တွေကို သီးခြားပြဌာန်း ထားတာဖြစ်ပါတယ်။

ဘက်ပေါင်းစုံက အားနည်းချက်မဖြစ်အောင် သက်ငယ်မုဒိမ်းအပါအဝင် ဆေးရုံဆေးခန်း အကျဉ်းထောင်၊ ရုံး ဂေဟာစတဲ့ နေရာတွေပါ မကျန်ရှိစေရအောင် မုဒိမ်းမှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ထည့်သွင်းရေးဆွဲထားပါတယ်။

ရာဇသတ်ကြီးဥပဒေကို အတူတူကျင့်သုံးတဲ့နိုင်ငံချင်းတူနေပေမယ့် အိန္ဒိယနိုင်ငံရဲ့ ဥပဒေကတော့ ခေတ်အခြေ အနေနဲ့ လိုက်လျောညီထွေပြီး အမှန်တကယ်ကျင့်သုံးဖို့ အသုံးဝင်တဲ့ဥပဒေအဖြစ် ပြင်ဆင်ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၅၀)ကျော်က ရေးဆွဲခဲ့တဲ့ ဥပဒေအတိုင်းသာ ကျင့်သုံးနေတာဖြစ်ပြီး မုဒိမ်းမှုရဲ့ ပြင်ဆင်ချက်မှာလည်း မိန်းမရဲ့အသက်အပိုင်းအခြားတခုတည်းကိုသာ ၂၀၁၉ ခုနှစ် မတ်လ(၂၅)ရက် နေ့က ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

 “အခုခေတ် လိင်ဆက်ဆံတာတွေက မျိုးစုံတယ်။ အဲဒါတွေကိုပါထည့်ပြီး ရေးဆွဲထားသင့်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ကိုက်ညီတဲ့ ဥပဒေတစ်ခုထွက်လာမယ်ဆိုရင်တော့ အမျိုးသမီးတွေကို အမှန်တကယ် အကာကွယ်ပေးမှာပေါ့။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာတွေပါ ပါလာပြီဆိုရင်တော့လေ။ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့ဥပဒေမျိုးဆိုရင်တော့ အခုလိုပဲ အမျိုးသမီးတွေကို အပြည့်အဝအကာကွယ်ပေးနိုင်မှာ မဟုတ် ဘူးပေါ့” လို့ မထားထားကတော့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဥပေဒ ထွက်ပေါ် လာမယ့်အပေါ် သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် မုဒိမ်းမှုနဲ့ပတ်သက်ရင် ဥပဒေတစ်ခုတည်းပြင်ဆင်ရမှာမဟုတ်ပဲ မုဒိမ်းမှုဆိုတာကို ပြည်သူလူထု အမှန် တကယ် သိရှိနားလည်ထားဖို့ကလည်း အရေးကြီးတယ်လို့ ထောက်ပြပြောဆိုထားပါသေးတယ်။

ပြည်သူတွေအနေနဲ့ မုဒိမ်းမှုဖြစ်တဲ့အခါ ရဲစခန်းကို ချက်ချင်းသွားရောက်တိုင်ကြားသင့်ပြီး အရေးကြီးတဲ့ သက် သေတွေဖြစ်တဲ့ အမှုဖြစ်စဉ်က ဝတ်ထားတဲ့အဝတ်အစားတွေကို သေချာသိမ်းဆည်းထားရမယ်ဆိုတာ သိနေရ မယ်လို့လည်း ဆိုပါတယ်။

“ပြည်သူလူထုက နားမလည်နေတာလည်း အားနည်းချက်တစ်ခုဖြစ်နေတယ်။ ဖြစ်ဖြစ်ချင်း ရဲကိုတိုင်ရင် ရဲက အမှုချက်ချင်းဖွင့်ပေးရမယ့်ဟာ မဖြစ်နိုင်ပါဘူး မဟုတ်လောက်ပါဘူးဆိုပြီး မဖွင့်ပေးသေးပဲ အချိန်ကြာသွားရင် သက်သေတွေကလည်း မရှိတော့ဘူး။ ပြည်သူလူထုအနေနဲ့ အသက်အန္တရာယ် မရှိလောက်တဲ့အခြေအနေမျိုး ဆိုရင် ရဲစခန်းကို ချက်ချင်းသွားဖို့လိုတယ်။ သွေးတွေထွက်ပြီး အသက်အန္တရာယ်ရှိတဲ့အခြေအနေမျိုးဆိုရင်  အခုဥပဒေမှာပါလာမယ်ဆိုရင်တော့ ဆေးရုံကိုတန်းသွားပေါ့။ ပြီးမှ ရဲကိုပြန်ဆက်သွယ်တယ်။ အရေးကြီးတဲ့ အ ချက်က မုဒိမ်းမှုဖြစ်ပြီဆိုတာနဲ့ အဝတ်အစားတွေကို တိုင်ပြီးလို့ အမှုမပြီးမချင်း အဲ့ဒါတွေကို မလျှော်မဖွတ်ပဲ သိမ်းထားရမယ်” လို့ မထားထားက အကြံပြုထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ရာဇသတ်ကြီးဥပဒေမှာ ဖော်ပြထားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အခြားအကြမ်းဖက်မှုတွေအတွက် ပြစ်မှုပြစ်ဒဏ်တွေဟာ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် အမျိုး သမီးတွေလက်တွေ့ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဒီဥပဒေနဲ့ကိုင်တွယ်ဖြေရှင်းတဲ့အခါ အားနည်းချက် တွေ လစ်ဟာချက်တွေရှိနေပြီး ထိရောက်မှုလည်း အားနည်းနေတယ်လို့ ကျားမတန်းတူညီမျှရေးကွန်ယက်က ထုတ်ဝေတဲ့ တိမ်မြှပ်နေသော ဖြည့်ဆည်းရန် ကွက်လပ်များစာတမ်းမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုမှ ကာကွယ်တားဆီးနိုင်ဖို့ ဥပဒေအသစ်တစ်ရပ်ရေးဆွဲရတဲ့ ရည်ရွယ်ချက် ကလည်း တည်ဆဲဥပဒေရဲ့ လစ်ဟာချက်တွေကို ထိရောက်စွာ ဖြည့်စွက်ဖို့ဖြစ်ပြီး အမျိုးသမီးတွေရဲ့ နေ့စဉ်လူ မှုဘဝအတွင်းမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြမ်းဖက်ခြိမ်းခြောက်ခံရမှု အန္တရာယ်တွေကိုပါ လျော့ချနိုင်မှာဖြစ် ပါတယ်။

အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဥပေဒမူကြမ်းမှာတော့ အမျိုးသမီးတွေ အိမ်တွင်းအကြမ်း ဖက်ခံရမှုမှ ကာကွယ်ပေးမယ့်ဥပဒေတွေ၊ ပဋိပက္ခဒေသအတွင်းက အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခံရမှုအတွက် ပြင်းထန်တဲ့ပြစ်မှုပြစ်ဒဏ်တွေနဲ့ အကာအကွယ်ပေးထားတဲ့ဥပဒေတွေ လုပ်ငန်းဆောင်တာ တွေ ပါဝင်ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။

“ဒီဥပဒေကို ကျမတို့က မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုဖြစ်လာတိုင်း ဘယ်မှာပဲဖြစ်ဖြစ်၊ ဘယ်သူကပဲ လုပ်လုပ်၊ ဒီဥပဒေကိုပဲသုံးပြီးတော့ တရားစီရင်ဆုံးဖြတ်စေချင်တာ။ အဲဒီလိုမျိုး ထင်ထင်ရှားရှားရေးထားတဲ့ စာ သားတွေ အခုမပါတော့ဘူး။ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ ကော်မတီတွေကိုတော့ ဆက်ပြီးတွန်းအားပေးလုပ်ဆောင်သွားဖို့ရှိတယ်။ ဥပဒေကိုတင်လာရင် ကျမတို့ဘက်ကဘာတွေ ပြင်စေချင် တယ်၊ ဘာတွေထပ်ဖြည့်ချင်တယ်ဆိုတာကို ဆွေးနွေးမယ်လို့တော့ စီစဉ်ထားတယ်”လို့ မမေစံပယ်ဖြူက ပြော ပါတယ်။

အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ ဒီဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ပြင်ဆင်တာ၊ ဖြည့်စွက်တာတွေကို လွှတ် တော်တင်ပြီးမှသာ ဆက်လက်ကြိုးစားသွားတော့မယ်လို့ပြောပါတယ်။

အချိန်ကာလကြန့်ကြာနေပြီး ထိရောက်တဲ့ပြင်ဆင်မှုတွေဖြစ်မလာတဲ့အတွက် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုမှ တားဆီကာကွယ်ရေးဥပဒေ အမြန်ပေါ်ထွက်လာဖို့အတွက်သာ အရေးတကြီးလုပ်ဆောင်နေကြတာ လည်း ဖြစ်ပါတယ်။

အခုရေးဆွဲနေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေမှာ မုဒိမ်းမှုရဲ့ အဓိပ္ပါယ် ဖွင့်ချက်ဟာ လက်ရှိကျင့်သုံးနေဆဲဖြစ်တဲ့ ရာဇသတ်ကြီးထဲက ဥပဒေအတိုင်းဖြစ်မလား ဒါမှမဟုတ် ပိုမို ပြည့်စုံ မှုရှိတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုဖြစ်လာမလား၊ လက်ရှိအခြေအနေအပေါ် ထိရောက်တဲ့ဥပဒေတစ်ရပ် ဖြစ်လာ မလားဆိုတာကတော့ အမျိုးသမီးအဖွဲ့အစည်းတွေဖက်က အရေးတကြီးစောင့်ကြည့်နေရတဲ့ အနေအထားဖြစ် နေပါတယ်။

Author:

Related Articles