ရှင်ငြိမ်း
အသားညိုညို ချည်ဂါဝန်ဖြူလေးဝတ်ထားတဲ့အမျိုးသမီးတစ်ဦးဟာ အသဲယားစရာ ဖြူဖြူသေးသေးနဲ့ ရွစိရွစိ အကောင်လေးတွေကို ခြင်းထဲကအုန်းဆံမှုန့်တွေအပေါ် တစ်လွှာတစ်ထပ်စီဖြန့်ခင်းရင်း အလုပ်ရှုတ်နေပါတယ်။
ဒီအမျိုးသမီးရဲ့နာမည်က မအိဖြူဖြစ်ပြီး သူက ယင်မဲစစ်သည်ကောင်လို့ခေါ်တဲ့ Black Soldier Fly (BSF)အင်းဆက်တွေကို မွေးမြူစမ်းသပ်ရေးလုပ်နေသူပါ။ ဖြူဖြူလုံးလုံးနဲ့ အသဲယားစရာ ဒီအကောင်လေးတွေကတော့ ယင်မဲကောင်ဖြစ်လာမယ့် သားလောင်းလေးတွေဖြစ်ပါတယ်။
ဥကပေါက်တဲ့ဒီသားလောင်းလေးတွေဟာ အများရဲ့အမြင်ကတော့ ဘတ္တီးရီးယားပိုးများစွာပါတဲ့ “လောက်” တွေ လို့ထင်ကြမှာပါ။ အင်းဆက်အကြောင်းနားလည်သူတွေကတော့ “လောက်” မဟုတ်ဘူးဆိုတာအသေအချာသိထားကြပါတယ်။
“အမတို့မွေးနေတဲ့ယင်မဲကောင်က ပေါက်တဲ့သားလောင်းတွေဟာ ပရိုတိန်းဓါတ်ပြည့်ဝလို့ လူတွေစားနိုင်တယ်။ တိရိစ္ဆာန်အစာလည်း သုံးလို့ရတယ်။ သူ့မှာပါတဲ့ပရိုတိန်းဓါတ်က ဝက်သား၊ အမဲသားတွေမှာပါဝင်တဲ့ ပရိုတိန်းဓါတ်ထက် ပမာဏများစွာပိုပါတယ်။”လို့ မအိဖြူက ပြောပါတယ်။
အသက် ၃၆ နှစ်အရွယ်မအိဖြူဟာ အင်းဆက်မွေးမြူရေးကို ဂျာမဏီမှာသင်ယူခဲ့ပြီး မြန်မာပြည်မှာ အိမ်ထောင်ရှင်အမျိုးသမီးတွေ အပိုဝင်ငွေရဖို့အတွက် အင်းဆက်မွေးမြူရေးပညာကို မျှဝေပေးနေတဲ့ အင်းဆက်သုတေသနပညာရှင်ဖြစ်ပါတယ်။
ဒါပေမဲ့ အင်းဆက်သုတေသနပညာရှင်ဆိုတာ မြန်မာနိုင်ငံမှာမရှိသလောက်နည်းတဲ့အပြင် အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် ဒီလုပ်ငန်းလုပ်ကိုင်လာတဲ့ ၁၂ နှစ်ကာလတလျှောက်လုံး စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။
“အင်းဆက်ကို လေ့လာဖို့ နယ်ကိုဆင်းတော့ အဲ့တုန်းက အသက်က ၂၀ ကျော်ဆိုတော့ငယ်သေးတယ်လေ။ အဲ့မှာ နယ်က လူတွေက မိန်းကလေးတယောက်ထဲလာရင် ဘာလဲဆိုတဲ့အကြည့်နဲ့ ကြည့်ခံရတယ်။”လို့ သူကဆက်ပြော ပါတယ်။
ကရင်ပြည်နယ်က ရွာလေးတစ်ရွာရဲ့ဈေးထဲသွားစဉ်က ဘာတွေရောင်းကြလဲ။ ဘယ်လိုအင်းဆက်တွေစားလဲ စသဖြင့် မေးမြန်းနေစဉ်မှာ အမျိုးသားကြီးတွေက“နင်က ဘယ်သူလဲ။ ဘယ်အဖွဲ့အစည်းကလဲ။ ဘာလုပ်ဖို့မေးတာလဲ။” စတဲ့ မေးခွန်းတွေနဲ့ ခြောက်လှန်တာတွေလည်း ကြုံခဲ့ရတာဖြစ်ပါတယ်။
“တချို့ရွာတွေဆိုရင် အင်းဆက်ကို မွေးရအောင်ရှုးနေလို့လားလို့ ပြောကြတယ်။ ဒါက သဘာဝကဖြစ်တာမွေးလို့ မရဘူး။ အဲ့လိုတွေလည်း အမကို ဘလိမ်းကြတယ်။”လို့ မအိဖြူက ဆိုပါတယ်။
ဒါ့အပြင် သတ္တဝါတွေအသက်နဲ့ ရင်းပြီး စီးပွားရှာလို့ အကုသိုလ်အလုပ်လုပ်တယ်လို့ ဝေဖန်ခံခဲ့ရသလို ဒါကို အပင်မြင့်လို့ လေတိုက်ခံရတာပါလို့ ခံယူထားတော့လည်း ရွံ့စရာလောက်တွေမွေးလို့ “နံနံပင်”ဆိုပြီး သရော်ခံရပြန် တယ်လို့ပြောပါတယ်။
တခြားသူတွေမဆိုထားနဲ့ မိဘတွေကိုယ်တိုင်က ရှုးနေလို့ ဒီ“လောက်”တွေမွေးတာလားလို့ ပြောခံခဲ့ရတဲ့အထိပါ။ ဒါပေမဲ့ သူက ဘယ်လိုဝေဖန်လှောင်ပြောင်မှုကိုမှ ဂရုမစိုက်ဘဲ ဝါသနာပါရာကို ရဲရဲရင့်ရင့်လျှောက်လှမ်းနေခဲ့တာ ဖြစ်ပါတယ်။
အစပိုင်းမှာ မအိဖြူဟာ အင်းဆက်တွေကို စိတ်ဝင်စားသူ၊ ကြိုက်နှစ်သက်သူတစ်ယောက်မဟုတ်ခဲ့ပါ။ သို့ပေမဲ့ အင်းဆက်တွေကို နှစ်ခြိုက်စွာစားသုံးတတ်တဲ့သူငယ်ချင်းနဲ့ တွေ့တော့မှ အင်းဆက်တွေကိုစိတ်ဝင်စားလာတာဖြစ်ပါတယ်။
ဒီသူငယ်ချင်းနဲ့ မတွေ့မှီကသူဟာ သူရဲ့မွေးချင်းမောင်နှမသုံးယောက်၊ မိဘနှစ်ပါးနဲ့အတူ ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ်မှာအေးချမ်းစွာနေထိုင်ဖြတ်သန်းခဲ့တာပါ။
သူတက္ကသိုလ်ဝင်တန်းအောင်တဲ့အချိန်ကစလို့ ရန်ကုန်မြို့ထဲမှာ တစ်ယောက်ထဲအခန်းဌားနေရင်း ကျောင်းတစ်ဖက်နဲ့ ကုမ္ပဏီတစ်ခုမှာဝန်ထမ်းလုပ်ကိုင်ခဲ့ပါတယ်။ ဝန်ထမ်းဘဝမှာ ငွေကြေးအနည်းငယ်စုမိလာတော့ ကိုယ်ပိုင် စီးပွားရေးလုပ်ဖို့ အားသန်တဲ့အတွက် ထမင်းဆိုင်လေးဖွင့်ဖြစ်ခဲ့ပါတယ်။
“ပထမတော့ ထမင်းဆိုင်ကို အမဘဝတလျှောက်လုံး ဒါပဲလုပ်တော့မယ်လို့မှန်းထားတာ။ ဆိုင်ကလည်း အရမ်းအောင်မြင်တယ်။ NGO တွေ၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေကနေ ထမင်းဗူးအော်ဒါတွေရတယ်။ မိသားစုကိုထောက်ပံ့နိုင်တယ်။ အမအောက်က ညီမမိသားစုကို ခေါ်စောင့်ရှောက်နိုင်တယ်။”လို့ မအိဖြူက ပြောပါတယ်
ထမင်းဆိုင်က ရောင်းကောင်းတာမှန်ပေမယ့် သူတကယ့်ဝါသနာပါတဲ့အလုပ်က ဒီအလုပ်မဟုတ်ဘူးဆိုတာလည်း သူ့ကိုယ်သူ သိနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အင်းဆက်တွေစားသောက်ရတာကြိုက်တဲ့ သူငယ်ချင်းနဲ့ဆုံခဲ့တာပါ။
“အဲ့ဒီအချိန်မှာပဲ Spectrum ကနေ သုတေသနပြုဖို့အတွက် မြန်မာပြည်မှာ အင်းဆက်ဘယ်နှမျိုးရှိလဲ။ ဘယ် အင်းဆက်တွေက စားသုံးလို့ရလဲ။ အဲ့ဒီအတွက်အလုပ်ခေါ်တယ်။ အဲ့ဒီမှာ အမအလုပ်လျှောက်ရင်းနဲ့ အင်းဆက်တွေစလေ့လာဖြစ်ခဲ့တယ်။”လို့ သူက ဆိုပါတယ်။
Spectrum Sustainable Development Knowledge Network ဆိုတာ မြန်မာမှာ အင်းဆက်စားသုံးတဲ့အလေ့အထကို ပိုပြီးကျယ်ပြန့်လာအောင် အသိပညာပေးတာ၊ အင်းဆက်မွေးတာနဲ့ပတ်သက်တဲ့ Business Model တွေ၊ တိရစ္ဆာန်အစာ ဈေးကွက်တွေအကြောင်းနဲ့ သင်တန်းပို့ချပေးတာတွေပြုလုပ်ပေးနေတဲ့ Non-profit Organization တစ်ခုဖြစ်ပါတယ်။
အဲ့ဒီမှာအလုပ်ရတော့ ထမင်းဆိုင်ကို ညီမလင်မယားနဲ့ လွှဲထားလိုက်ပြီး မအိဖြူကတော့ အင်းဆက်တွေနဲ့ စားသုံးမှုလေ့လာဖို့ ခရီးထွက်ရင်း အချိန်ကုန်နေခဲ့ပါတယ်။ ဒါပေမဲ့ သူအလုပ်ဝင်ပြီး ၆ လအကြာမှာတော့ ညီမလင် မယားလည်းရောင်းမနိုင်တော့တဲ့အတွက် ဆိုင်ကို ပိတ်လိုက်ရပါတယ်။
“ဆိုင်က စီးပွားရေးတစ်ခုအနေနဲ့ အောင်မြင်တာမှန်ပေမယ့် အမလုပ်ချင်တဲ့ အမရဲ့အိပ်မက် အမတကယ်ဝါသနာ ပါတဲ့ဟာ မဟုတ်တော့ မပျော်ဘူး။ အင်းဆက်ကတော့ ရှိသမျှစိန်ခေါ်မှုတွေကို လက်ခံတယ်။ အကောင်းဆုံးပြင်ဆင်တယ်။ ရင်ဆိုင်တယ်ပေါ့။ ဒါကြောင့် အမဘဝကို အင်းဆက်ထဲမှာနှစ်ထားလိုက်တယ်။”လို့ မအိဖြူကရင်ဖွင့် ပါတယ်။
အင်းဆက်တွေကို လေ့လာရေးဆင်းတဲ့အခါမှာလည်း အမျိုးသမီးတစ်ယောက်ထဲ အမျိုးသားတွေနဲ့အတူ လုပ်ကိုင်ရတဲ့အတွက် စိန်ခေါ်မှုရှိခဲ့တာဖြစ်ပါတယ်။ အင်းဆက်စလေ့လာစဉ်က မအိဖြူအသက်ဟာ ၂၀ ဝန်းကျင်သာ ရှိပါသေးတယ်။
“ရှမ်းပြည်မှာဆိုရင် တဲသေးသေးလေးထဲ စပါးတောထဲမှာ မိန်းကလေးတယောက်ထဲ အိပ်ရတာတွေလည်းရှိတယ်။ ကချင်မှာ ပုရစ်ဖမ်းတာ ည ၂ နာရီလှေနဲ့ သွားဖမ်းရတာလည်းကြုံရတယ်။ အဲ့လိုစိန်ခေါ်မှုတွေအများကြီး ရှိခဲ့ဖူးတယ်။”လို့ သူကဆိုပါတယ်။
ဒါပေမဲ့ မအိဖြူကတော့ ဒီစိန်ခေါ်မှုတွေလျစ်လျူရှုရင်း သူဖြစ်ချင်တာကို ဖြစ်အောင်လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ မြန်မာပြည် အနှံလျှောက်သွားရင်း အင်းဆက်တွေလေ့လာပြီး တစ်ဖက်မှာလည်း စမ်းသပ်မွေးမြူတာတွေ စတင်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
“အမရဲ့ဆရာကလည်း အင်းဆက်နဲ့ပတ်သက်ရင် ရူးတဲ့အထဲမှာပါတယ်။ အမလုပ်သမျှ အကုန်လုံးကို နောက်ကနေ ထောက်ပံ့ကူညီပေးတယ်။ ဒီအကောင်တွေရုံးမှာမွေးမယ်ဆိုရင် မွေးဖို့နေရာပါလုပ်ပေးတယ်။”လို့ သူက ဆိုပါတယ်။
အစပိုင်းမှာ မအိဖြူက ပုရစ်၊ ဝါးပိုးနဲ့ ယင်မဲစစ်သည်ကောင်စတဲ့အင်းဆက်တွေကို စမ်းသပ်မွေးမြူခဲ့ပေမယ့် ယင်မဲစစ်သည် ကောင်ကလွှဲလို့ ကျန်တဲ့အင်းဆက်တွေက ကြီးထွားဖို့အချိန်ကြာတဲ့အတွက်မွေးမြူရေးသမားတွေအ တွက်အစာပြန်ထုတ်ဖို့ အဆင်မပြေပါဘူး။
ဒါ့ကြောင့် မအိဖြူက လူတွေကို များစွာအကျိုးပြုတဲ့မြန်မာလို ယင်မဲစစ်သည်ကောင်လို့ခေါ်တဲ့ BSF ကို လက်ရှိ တိုင် မွေးမြူစမ်းသပ်ရေးတွေလုပ်နေခဲ့တာဖြစ်ပါတယ်။
ဥကနေ အကောင်ပေါက်ပြီး သားလောင်းအဖြစ်နဲ့ နှစ်ပတ်ကျော်ကြာမွေးမြူပြီးနောက် အကောင်တွေရွေးချယ်ပြီး တချို့ ကို ယင်မဲကောင်အဖြစ်ပြန်ဖောက်ကာ တချို့ကိုတော့ သားလောင်းအဆင့်မှာ အစာအနေနဲ့ အသုံးချပါ တယ်။
ယင်မဲကောင်တွေရဲ့သက်တမ်းက ၂၂ ရက်ရှိပြီး သေသွားတဲ့အကောင်တွေမှာလည်း ပရိုတိန်းဓါတ်တွေ ကျန်နေသေးတာကြောင့် တိရိစ္ဆာန်အစာအဖြစ်သုံးလို့ရသလို မြေသြဇာအနေနဲ့လည်း သုံးလို့ရပါတယ်။
တိရိစ္ဆာန်ရဲ့အစာအဖြစ်သုံးလို့ရတဲ့အတွက် မွေးမြူရေးသမားတွေအနေနဲ့ ဈေးကြီးပေးဝယ်နေရတဲ့ တိရစ္ဆာန်အစာအဖြစ် အစားထိုးကျွေးမယ်ဆိုရင် ကုန်ကျစရိတ်သက်သွားမှာဖြစ်သလို အိမ်ထောင်ရှင်အမျိုးသမီးတွေအနေနဲ့လည်း တစ်ဖက်တစ်လမ်းကနေ အပိုဝင်ငွေရနိုင်မှာဖြစ်ပါတယ်။
စီးပွားဖြစ် ကြက်မွေးမြူထားတဲ့မစန်းညွှန့်က“ကြက်စာအတွက် ဝယ်ရတဲ့ဆန်ကွဲတို့ ဆန်တို့နေရာ ဒီအကောင်လေးတွေနဲ့ အစားထိုးကျွေးတော့ အနည်းဆုံးတော့ ကျမတို့မိသားစုတွေ ဟင်းတခွက်ပိုစားရတာပေါ့။”လို့ ဆိုပါ တယ်။
မစန်းညွန့်တို့မိသားစု ၆ ယောက်မှာ ခင်ပွန်းဖြစ်သူက ကြက်မွေးမြူတာကို အဓိကလုပ်ကိုင်ပြီး အပြင်အလုပ် သမားမခေါ်နိုင်လို့ မိသားစုအားလုံး ဝိုင်းကူနေရတာဖြစ်ပါတယ်။
ယခင်က ကြက်စာအတွက် တစ်နေ့ကုန်ကျငွေဟာ ၂ သိန်းခွဲကျော်လောက်ကုန်ကျခဲ့ပေမယ့် မအိဖြူရဲ့ရုံး မှပေး တဲ့ အင်းဆက် မွေးမြူရေးသင်တန်းတက်ပြီး ရုံးရဲ့အထောက်အပံ့နဲ့ တစ်ပိုင်တစ်နိုင်စမ်းသပ်မွေးမြူရင်း အဆင်ပြေ လာခဲ့တာလို့ဆိုပါတယ်။
လူတွေစားလို့ရတဲ့သားလောင်းတွေကိုတော့ ဌက်ပျောသီးသန့်ကျွေးရပြီး ဒီအကောင်တွေကို ပုရစ်ကြော်သလို စားလို့ရကာ ဟင်းရွက်သုတ်တွေထဲလည်း ထည့်စားတာရှိပါတယ်။ သူ့မှာပရိုတင်းဓါတ်များစွာပါဝင်သလို ဈေးကြီးပေးဝယ်စားစရာမလိုတဲ့အတွက် အိမ်ထောင်ရှင်မတွေအတွက် များစွာအသုံးဝင်ပါတယ်။
ဥပမာ ရခိုင်လို ငရုတ်သီး၊ ငပိနဲ့ချက်မယ်ဆိုရင် ပိုးကောင်တွေကို ကြော်မစားဘဲ ရခိုင်လိုချက်မယ်ဆိုရင် မိသားစုလည်း ဝမ်းဝမယ်။ အဓိကက ကျန်းမာရေးရှုဒေါင့်နဲ့ ဝင်ငွေအရပါ သက်သာမယ်။ အင်းဆက်တွေကနေ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ပရိုတိန်းဓါတ်တွေရမယ်ဆိုရင် သားငါးတွေဝယ်စားမယ့်ငွေကိုလည်း စုမိနိုင်မှာဖြစ်ပါတယ်။
မသင်းနုက အရပ်ထဲအဝတ်လိုက်လျှော်ပြီး အမျိုးသားက ဆိုင်ကယ်ဘေးတွဲအဌားယူမောင်းပါတယ်။ ဆိုင်ကယ် ဆွဲတာကလည်း အုံနာခပေးတာနဲ့ မကျန်သလို အဝတ်လျှော်တဲ့အလုပ်ကလည်း ပုံမှန်မရှိတာကြောင့် သူတို့မိသားစု ၅ ဦးရဲ့ စားဝတ်နေရေးက မပြေလည်ခဲ့ဘူးလို့ဆိုပါတယ်။
“ကျမတို့ဆို အသားဟင်းမစားနိုင်ဘူး။ အမြဲငပိရည်နဲ့သခွားသီးပဲ ငါးခေါင်းစားရတဲ့နေ့က ရက်တရာမှာ တရက်တောင် မရှိဖူးဘူး။ ခုတော့သင်တန်းကပေးတဲ့နည်းနဲ့ အသားဟင်းစားနိုင်ပြီ။”လို့ မသင်းနုက ပြောပါတယ်။
တစ်ရက်မှာ သူ့အဝတ်လျှော်ပေးနေတဲ့အိမ်က အမျိုးသမီးက အင်းဆက်မွေးသင်တန်းတက်ဖို့ သူ့ကိုအဖော်ခေါ် တာနဲ့ လိုက်တက်ဖြစ်ခဲ့ပါတယ်။ သင်တန်းရဲ့ထောက်ပံ့မှုနဲ့ အိမ်မှာတပိုင်တနိုင်မွေးမြူတဲ့အခါမှာ မိသားစုလည်း စားလို့ရတဲ့အပြင် ရောင်းလို့ပါရတဲ့အတွက် နေ့စဉ်ပုံမှန်ဝင်ငွေရပြီး အဆင်ပြေခဲ့တာဖြစ်ပါတယ်။
အင်းဆက်တွေထဲမှာ လူကိုအကျိုးပြုတာက ယင်မဲကောင်တစ်ခုထဲမဟုတ်ပါဘူး။ လူသိနည်းပြီး အမျိုးသမီးတွေကိုအကျိုးပြုတဲ့အင်းဆက်များစွာရှိပါသေးတယ်လို့ မအိဖြူကဆိုပါတယ်။
ခါချဉ်ဆိုရင် တောင်ကြီးဈေးမှာ ပေါပေါဝယ်လို့ရပေမယ့် အများစုက သူရဲ့အာနိသင်နဲ့ အကျိုးပြုပုံ မသိရှိတာ ကြောင့်စားသုံးသူနည်းပါတယ်။ ခါချဉ်ဟာဆိုရင် အမျိုးသမီးတွေ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေနဲ့ သံဓါတ် ချို့တဲ့ တဲ့ကလေးငယ်တွေ လွန်စွာသင့်တော်တဲ့အင်းဆက်တစ်မျိုးဖြစ်ပါတယ်။
သူ့မှာသံဓါတ်မြင့်တင်စေတဲ့သတ္တုတွေအများအပြားပါဝင်နေတာကြောင့် ဆေးဝါးမရနိုင်တဲ့ တောတောင်တွေထဲ စစ်ရှောင်နေရတဲ့အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် သစ်ပင်ကြီးတွေမှာရှိတတ်တဲ့ခါချဉ်တွေက အသုံးဝင်နိုင်ပါတယ်။
ခြဆိုလည်း အဖျက်ပိုး အိမ်တွေ သစ်ပင်တွေကို ဖျက်ဆီးတတ်တဲ့အကောင်ဆိုပြီး မစားကြဘူး။ ခြက လူခန္ဓာကိုယ်မှာ လိုအပ်တဲ့အာဟာရအများကြီးရှိတယ်ဆိုတဲ့သတင်းစကားတွေကိုသူက ပေးချင်ခဲ့တာပါ။
“ဆေးဝါးအလွယ်တကူမရနိုင်တဲ့သူတွေမှာ သံဓါတ်ချို့တဲ့တဲ့ရောဂါတွေရှိတတ်ကြတယ်။ သူတို့သာ ဒီလိုမက်ဆေ့ လေးရရင် သိတ်ကောင်းမှာပဲ။ အဲ့လိုလူတွေဖို့ ငါကြိုးစားရမယ်ဆိုတဲ့စိတ်နဲ့ ဒီ Everyday Insects ဟင်းချက်နည်း စာအုပ်ကို ထုတ်ဖြစ်တယ်။”လို့ မအိဖြူက ပြောပါတယ်။
သူအလုပ်ဝင်ပြီး ၃ နှစ်အကြာမှာ ရုံးကနေ ဒေသထွက်အင်းဆက်နဲ့ စားသောက်မှုအကြောင်း စာအုပ်ထုတ်ဖို့ အတွက် ကမ်းလှမ်းလာခဲ့တာဖြစ်ပါတယ်။
မအိဖြူဟာ အင်းဆက်နဲ့ စားသောက်မှုတွေအကြောင်း ချင်း၊ ရခိုင်၊ မြစ်ကြီးနားမြို့တွေသာမက မြန်မာနိုင်ငံတစ် နိုင်ငံလုံးကို နှစ်နဲ့ချီလေ့လာခဲ့တဲ့အပြင် ကမ္ဘောဒီးယားတို့၊ ဗီယက်နမ်တို့၊ ထိုင်း၊ ထိုင်ဝမ်နိုင်ငံတွေပါသွားပြီး လေ့လာခဲ့တာပါ။
သူလေ့လာခဲ့တဲ့နိုင်ငံတွေက အင်းဆက်တွေနဲ့ အစားအသောက်အကြောင်းကိုလည်း စာအုပ်ထုတ်နိုင်ခဲ့သလို အဲ့ဒီ စာအုပ်က ကမ္ဘာမှာ အင်းဆက်နဲ့ အစားအသောက်အကြောင်း သီးသန့်ထုတ်တဲ့ပထမဆုံး စာအုပ်ဖြစ်လာပါတယ်
ဒီစာအုပ်ထွက်လာရင် အနောက်နိုင်ငံတွေက စိတ်ဝင်စားနိုင်တာကြောင့် မြန်မာ့ယဉ်ကျေးမှုအငွေ့ အသက်ပါတဲ့ အင်းဆက်တွေနဲ့ချက်ပြုတ်စားလို့ရတဲ့ဟင်းအမျိုးအစားပေါင်း ၂၂ မျိုးကနေ အမျိုးပေါင်း ၄၀ အထိဖော်ပြနိုင်ခဲ့ ပါတယ်။
ဥရောပနိုင်ငံတွေမှာ အင်းဆက်နဲ့ အစားအသောက်အကြောင်းရေးသားတာတွေရှိပေမယ့် အင်းဆက်ရဲ့သဘော သဘာဝတွေကို အလေးပေးရေးထားပြီး ချက်လို့ရတဲ့မီနူးကိုတော့ နှစ်မျိုးလောက်သာရေးသားလေ့ ရှိပါတယ်။
“အမစာအုပ်ရဲ့နောက်ဆုံးမှာ အင်းဆက်ကို မွေးခြင်းအားဖြင့် အင်းဆက်တွေက လူတွေကို ဘယ်လိုအကျိုးပြုလဲ။ ဘာအာနိသင်တွေပါတယ်ဆိုတာကို ရှင်းပြထားတယ်။”လို့ မအိဖြူကပြောပါတယ်။
ရည်ရွယ်ချက်ကောင်းတဲ့မအိဖြူရဲ့အင်းဆက်မွေးမြူရေးလုပ်ငန်းဟာ အကျိုးအမြတ်များစွာရှိပြီးတော့ စိတ်ဝင် စားစရာလည်း ကောင်းလှပါတယ်။ သူဟာ ယင်မဲကောင်တွေသားဖောက်တဲ့လုပ်ငန်းကို ၁၂ နှစ်လောက် လုပ်ကိုင်ခဲ့ပြီး အခုဆိုရင် သူရဲ့လုပ်ငန်းဟာ အောင်မြင်နေပြီဖြစ်ပါတယ်။
အင်းဆက်တွေကို နှစ်နဲ့ချီလေ့လာမှုပြုခဲ့တဲ့မအိဖြူဆီမှာ အင်းဆက်နဲ့ပတ်သက်တဲ့ အသိအမှတ်ပြုလက်မှတ်တွေ ရရှိထားသလို လက်ရှိမှာလည်း ဂျာမဏီနိုင်ငံမှာရှိတဲ့တက္ကသိုလ်နှစ်ခုအတွက် အချိန်ပိုင်းအလုပ်လုပ်ပေးနေတာပါ။
အခုဆိုရင် အင်းဆက်နဲ့ အစားအသောက်အကြောင်းကို ဂျာမဏီနိုင်ငံမှာ တီဗီစီးရီးနှစ်ခုရိုက်ကူးနေတာဖြစ်ပါတယ်။ ဒါ့အပြင် အင်းဆက်ကွန်ဖရန့်တို့ ဂျာမဏီမှာရှိတဲ့အင်းဆက်မွေးတဲ့စက်ရုံတွေက ဖိတ်ကြားတဲ့အခါတွေမှာလည်း သွားတက်ရောက်ရတာရှိလို့ ရန်ကုန်နဲ့ ဂျာမဏီကို မကြာခဏကူးသန်းသွားလာနေတာပါ။
ဒါကြောင့် မအိဖြူရဲ့မိခင်ဖြစ်သူက“သူ့အလုပ်က နွမ်းပါးသူတွေ၊ မွေးမြူရေးသမားတွေ ခြုံပြောရရင် တခြားလူတွေ အကျိုးများစေတယ်။ ဝင်ငွေလည်းတိုးစေတယ်လေ။ သူအလုပ်ကို ဝေဖန်တိုက်ခိုက်တာတွေအတွက် စိတ် မကောင်းဘူးပေါ့။ ဒါပေမဲ့ သမီးအတွက် အန်တီတို့ကအမြဲဂုဏ်ယူနေရတာပါ။”လို့ ပြောပါတယ်။
အခုအချိန်မှာ ပြစ်တင်ဝေဖန်ခံနေရပေမယ့် အောင်မြင်လာတဲ့အခါကျရင်တော့ နောက်ကနေလိုက်ပြီး လုပ်ကိုင်လာတာတွေ ရှိလာလိမ့်မယ်လို့လည်း တချို့လူတွေက သုံးသပ်နေကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မအိဖြူကတော့“တပိုင်တနိုင်မွေးရင်တော့ ငွေလည်းသိပ်မကုန်တဲ့အတွက် ဝင်ငွေတိုးချင်တယ်။ အလုပ်ရ ချင်တယ်ဆိုရင် ယင်မဲကောင်တွေမွေးကြပါ။”လို့ တိုက်တွန်းနေပါတော့တယ်။