ရှင်ငြိမ်း
“အိုမန်ကိုလာဖို့ဆုံးဖြတ်မယ်ဆိုရင် မုဒိမ်းမကျင့်ရင်၊ သေအောင်မရိုက်နှက်ရင် ဘာဖြစ်ဖြစ်သည်းခံပြီး အလုပ်လုပ်မယ်ဆိုမှ လာစေချင်တယ်။ ဘာလို့ဆိုဒီနိုင်ငံကဝင်ဖို့လွယ်ပေမယ့်ပြန်ထွက်ဖို့ခက်တယ်။”လို့ သတိပေးစကားဆိုလာသူကတော့ အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့မလှစံပါ။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ဇာတိဖြစ်တဲ့မလှစံဟာ စစ်ပြေးနေရတဲ့မိသားစုတွေရဲ့ စားဝတ်နေရေးပြေလည်စေဖို့ အရှေ့ အလယ်ပိုင်းဒေသ၊ အိုမန်နိုင်ငံမှာ အိမ်အကူအနေနဲ့ လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်တယ်။
အိုမန်နိုင်ငံကိုရောက်တာ တစ်နှစ်ကျော်ပြီဖြစ်တဲ့မလှစံအနေနဲ့ အခုလိုသတိပေးစကားဆိုရတာကလည်း အိုမန်ကိုလာတဲ့ အိမ် အကူတွေဟာ နှစ်နှစ်စာချုပ်နဲ့လာရပြီး ဒီသက်တမ်းမပြည့်မခြင်း အလုပ်လုပ်ကိုင်ပေးရပါတယ်။
တကယ်လို့ စာချုပ်သက်တမ်းမပြည့်ဘဲ မြန်မာပြည်ပြန်ချင်တာဖြစ်ဖြစ်၊ အိမ်ရှင်မကောင်းလို့နောက်တစ်အိမ်ပြောင်းချင်တာ ဖြစ်ဖြစ် အိမ်ရှင်နဲ့ ပွဲစားကို လျော်ကြေးပေးပြီးမှ ပြန်ခွင့်ရှိပါတယ်။
ဒါကလည်း အိုမန်ပွဲစားတွေက လေဆိပ်ရောက်တာနဲ့ ပတ်စပို့(passport)တွေကို သိမ်းယူထားလိုက်တာနဲ့ မြန်မာငွေသိန်း ၆၀ နီးပါးရှိတဲ့ လျော်ကြေးငွေပေးရမှာဖြစ်တာကြောင့် အိမ်အကူအများစုဟာ အိမ်မပြန်နိုင်ကြတာပါ။
နောက်တစ်အိမ်ပြောင်းမယ်ဆိုရင်လည်း အလားတူပြဿနာတွေ ထပ်မံကြုံရနိုင်သလို နှစ်နှစ်စာချုပ်ကိုလည်း အစကနေပြန် အလုပ်လုပ်ပေးရမှာဖြစ်လို့ အိုမန်နိုင်ငံဟာ ဝင်ဖို့လွယ်ပေမယ့် ထွက်ဖို့ခက်တဲ့နိုင်ငံလို့ ပြောတာဖြစ်တယ်။
ဒါ့အပြင် အိုမန်နိုင်ငံရောက်နေတဲ့အိမ်အကူအမျိုးသမီးတိုင်းလိုလိုဟာ အိမ်ရှင်တွေရဲ့အလုပ်မတရားခိုင်းစေတာ၊ အစားအ သောက်လုံလောက်အောင်မကျွေးတာ၊ ဖုန်းပေးမသုံးတာနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ အိမ်အကူအမျိုးသမီးတွေက ပြောပါတယ်။
စစ်ပြေးနေရတဲ့မိသားစုစားဝတ်နေရေးပြေလည်စေဖို့ အိုမန်နိုင်ငံမှာ အိမ်အကူအလုပ်လုပ်ကိုင်နေတဲ့မလှစံဆိုလည်း အိမ်ရှင် အမျိုးသားရဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာနဲ့ ကြုံခဲ့ရသူဖြစ်တယ်။
“ ရမလားလို့ စမ်းချင်ကြတယ်။ သူ့ဇနီးရှိရင် တစ်မျိုး၊ မရှိရင်တစ်မျိုးလုပ်တယ်။ ဟိုဟာခိုင်း၊ ဒီဟာခိုင်းနဲ့သူ့အနားပဲ ခေါ်ထား တော့တာ။ ပထမတော့မပြောဘူး။ တစ်လလောက်ကြာတော့ အိမ်ရှင်အမ ပြန်လာရင်လုပ်ပေးမယ်။ သူခိုင်းထားတာတွေ မပြီး ရင် ရှင်ခေါ်ခိုင်းလို့ပြောရလိမ့်မယ်ဆိုတော့ မခိုင်းတော့ဘူး။” လို့ မလှစံက ရှင်းပြပါတယ်။
အစပိုင်းမှာ ဒီအကြောင်းကို အိမ်ရှင်အမျိုးသမီးကိုပြောပြတော့ ပွဲစားကိုသူက“နင်တို့လူက အရမ်းပျင်းတယ်။ အလုပ်မလုပ် ချင်။” လို့ အကြောင်းပြတယ်ဆိုပြီး တိုင်ပါတယ်။
ပွဲစားက ဖုန်းဆက်ပြီး “အလုပ်ကိုသေချာမလုပ်ရင် ပြန်လာရမယ်။ ဒီမှာအလုပ်မဖြစ်ရင် တခြားနိုင်ငံကိုပို့မယ်လို့ မလှစံကို ခြိမ်းခြောက်ခဲ့တာဖြစ်တယ်။ အခုလိုခြိမ်းခြောက်တာကို မလှစံအနေနဲ့ ဒုတိယအကြိမ်ထပ်ကြားရတာပါ။
ပထမတစ်ကြိမ်က လေဆိပ်ကနေ ပွဲစားခေါ်လာတဲ့အိမ်မှာ တစ်ညတာခိုနားခဲ့စဉ်ကလည်း အိမ်အကူတွေကို အလုပ်သေချာ မလုပ်ရင် ရောင်းပစ်မယ်လို့ သတိပေးခဲ့ဖူးတာရှိပါတယ်။
အိုမန်နိုင်ငံဟာ အာရပ်စော်ဘွားနိုင်ငံဖြစ်ပြီး အာရှတိုက်အနောက်တောင်ပိုင်း အာရပ်ကျွန်းဆွယ်၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အနောက်မြောက်ဘက်တွင် အာရပ်စော်ဘွားများပြည်ထောင်စု၊ အနောက်ဘက်တွင် ဆော်ဒီ အာရေဗျနိုင်ငံ၊ အနောက်တောင်ဘက်တွင် ယီမင်နိုင်ငံတို့က ဝန်းရံထားပါတယ်။
အိုမာန်နိုင်ငံမှာ စတုရန်းမိုင်ပေါင်း ၈၂,ဝဝဝ ခန့်သာရှိပြီး လူဦးရေ ကိုးသိန်းကျော်ခန့် နေထိုင်ပါတယ်။ အများစုက အာရပ်လူမျိုး တွေဖြစ်ပြီး အိန္ဒိယ၊ဗလူချီ၊နီဂရိုးစသည့် လူမျိုးများလည်း နေထိုင်ကြပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးက ရေနံကို အဓိကထား ပါတယ်။ ဘာသာရေးမှာ လူများစုက အစ္စလမ်ဘာသာကို ကိုးကွယ်ကြပြီး အာရေဗျဘာသာစကားကို ပြောဆိုပါတယ်။ နိုင်ငံ အုပ်ချုပ်တဲ့စနစ်မှာ ဘုရင်အုပ်ချုပ်သော နိုင်ငံဖြစ်ပါတယ်။
ဒေသက သဲကန္တာရလွင်ပြင်ဖြစ်တာကြောင့် သစ်ပင်တွေမရှိဘဲ လွန်ကဲတဲ့ရာသီဥတုရှိပါတယ်။ မလှစံနေတဲ့ဒေသက အပူပိုင်း ဖြစ်ပြီး မိုးနည်းပါတယ်။
ယခုနှစ် ဧပြီလကလည်း မြန်မာမိန်းကလေး သုံးဦးကို မြန်မာပွဲစားက ဒေါ်လာတစ်သောင်းနဲ့ရောင်းပြီးထွက်ပြေးသွားတဲ့ ဖြစ် စဉ်တစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။
ပွဲစားကို အိုမန်အိမ်ရှင်ကို အိမ်အကူ ၁၀ ဦးပို့ပေးမယ်ပြောပြီး သုံးဦးပဲပို့လာတဲ့အတွက် ယူသွားတဲ့ဒေါ်လာတစ်သောင်းပြန် မပေးရင် ပါကစ္စတန်ကို ရောင်းစားမှာဖြစ်တယ်ဆိုပြီး လူကုန်ကူးခံခဲ့ရတဲ့အမျိုးသမီးတစ်ဦးက သူရဲ့လူမူကွန်ရက်စာမျက်နှာမှာ ရေး သားအကူအညီတောင်းလာတော့မှ မိသားစုဝင်တွေက သိရှိရတာဖြစ်တယ်။
နောက်ပိုင်းသက်ဆိုင်ရာ တာဝန်ရှိသူတွေက ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းတွေအရ သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် မလှစံလည်း ရောင်းစားခံရမှာကို ကြောက်ရွံ့နေတာပါ။
ပွဲစားခ နှစ်လစာယူထားတဲ့မြန်မာပွဲစားထံ လိင်အမြတ်ထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စာပို့ဆက်သွယ်ပြောကြားပေမယ့် စာ လည်း မဖတ်၊ ပြန်လည်းမပြောဘဲ အဆက်အသွယ်ဖြတ်တောက်သွားတာ ယနေ့ထိပဲလို့ မလှစံက ပြောပါတယ်။
မလှစံဟာ အိုမန်နိုင်ငံကို ရောက်တာ ၂၀၂၂ ခုနှစ်၊ ဇွန်လက ရောက်လာခဲ့တာဖြစ်တယ်။ မိဘတွေက တောင်ယာလုပ်ပြီး အ သက်မွေးကြသူတွေဖြစ်ပြီး သူ့မှာ ရှစ်တန်းကျောင်းသူအရွယ် ညီမတစ်ယောက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် စစ်တပ်နဲ့ ဒေသကာကွယ်တပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတာ နှစ်နှစ်ကျော်ရှိ ပါပြီ။ အာဏာသိမ်းစစ်တပ်က ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ရုံမက ရွာစဉ်တွေကို မီးရှို့တိုက်ခိုက်တဲ့အထဲမှာ မလှစံတို့ရဲ့ ဇီးဖြူကုန်းရွာလည်း ပါဝင်ခဲ့တယ်။
စစ်ပြေးနေရတာကြောင့် မိဘတွေက တောင်ယာမလုပ်နိုင်တော့လို့ ချေးဌားပေါင်နှံစားသောက်နေရသလို ဖခင်ကလည်း အသည်းကင်ဆာဖြစ်နေတာကြောင့် မြို့တက်ဆေးကုနေရတဲ့အတွက် အကြွေးဝန်ပိလာခဲ့တာဖြစ်တယ်။
ချေးဌားထားတဲ့ငွေတွေပြန်ဆပ်ဖို့၊ မိသားစုစားဝတ်နေရေးပြေလည်စေဖို့နဲ့ ဖခင်ကို ဆေးကုသနိုင်ဖို့ ငွေကြေးလိုအပ်တာ ကြောင့် အလုပ်မြန်မြန်ရမယ့်အိုမန်နိုင်ငံကို ဘုမသိ၊ ဘမသိရောက်လာတယ်လို့ မလှစံက အခုလိုပြောပါတယ်။
“ ဒုက္ခရောက်နေတဲ့အချိန်ဆိုတော့ ကောက်ရိုးတမျှင်ဆိုပြီးဆွဲလိုက်တာ။ ပွဲစားပြောသမျှခေါင်းညိမ့်။ အိုမန်က လစာအရမ်း ကောင်းတယ်။ ချမ်းသာတဲ့နိုင်ငံ။ နင်ဘယ်လောက်ရမှာ၊ အကြွေးဆပ်နိုင်မှာဆိုတာနဲ့ရောက်လာတာ။”
ပွဲစားရဲ့မက်လုံးတွေကြောင့် မလှစံဟာ မျှော်လင့်ချက်ကြီးကြီးနဲ့ အိုမန်ကိုရောက်လာခဲ့ပါတယ်။ အိုမန်ရောက်တော့ ၁ ဧက လောက်အကျယ်ရှိတဲ့ခြံဝင်းတစ်ခုလုံးကို ကြွေပြားအပြည့်ခင်းထားပြီး ဒီအပေါ်မှာ ပေ ၈၀ ပတ်လည်ရှိတဲ့နှစ်ထပ်အိမ်မှာ အလုပ်လုပ်ရပါတယ်။
မနက်ဆို ကျောင်းရှိရင် မနက် ၄ နာရီထရပြီး ကျောင်းပိတ်ရက်ဆိုရင် ၆ နာရီအိပ်ယာထရပါတယ်။ ကလေးတွေကျောင်း အတွက်၊ မိသားစုမနက်စာအတွက်ဆေးကြောလုပ်ကိုင်ပေးပြီးရင် မလှစံမနက်စာစားချိန်ဟာ ၁၀ နာရီရှိပါပြီ။
အိမ်မှာရှိတဲ့အခန်း ၁၅ ခန်းလုံးကို သန့်ရှင်းရေးလုပ်ပြီးတာနဲ့ အိမ်ရှင်မိခင်ကို သန့်ရှင်းရေးလုပ်ပေးရတယ်။ မနက်စာ ကျွေးရပါတယ်။ ဒါပြီးရင် အဝတ်လျှော်ဖို့ ပြင်ရပါတယ်။ အဝတ်လျှော်ရင်လည်း မိသားစု ဝင် ၁၀ ယောက်အတွက် ၁၀ ခါလျှော်ရပါတယ်။ ဒီထဲအဖြူသပ်သပ်၊ အမဲသပ်သပ်ခွဲလျှော်ရပါသေးတယ်။ မီးပူတိုက်ရပါတယ်။
“ သူတို့လည်း အင်္ဂလိပ်လိုမတတ်ဘူး။ ကျမလည်းနားမလည်ဘူးဆိုတော့ ပထမတော့သူနားလည် ကိုယ်နားလည်သလို အင်္ဂ လိပ်လိုပြောကြတယ်။ နားမလည်တော့မှ ခြေဟန်လက်ဟန်နဲ့ပြောတာပေါ့။”လို့ မလှစံက ခပ်ပြုံးပြုံးလေးဆိုပါတယ်။
အင်္ဂလိပ်လိုနှစ်ယောက်လုံးမကျွမ်းကျင်တော့ သိပ်မခက်ခဲပေမယ့် ခြေဟန်လက်ဟန်နဲ့ကျတော့ အိမ်ရှင်တွေအဖို့ နားလည် ဖို့ ခက်ခဲတတ်ကြပါတယ်။ အများအားဖြင့်က ကိုယ်ပြောချင်တာက တခြား၊ သူနားလည်တာက တခြားဖြစ်နေတတ်တယ်။
အဝတ်လျှော်လို့မပြီးသေးခင်မှာပဲ နေ့လယ်စာအတွက် ပြင်ဆင်ချက်ပြုတ်ရပါတယ်။ အိမ်ရှင်တွေရဲ့ပုံမှန်နေ့လယ်စာက ဒံပေါက်လိုမျိုး မဆလာပါတဲ့ထမင်းနဲ့ ကြက်၊ ဆိတ်၊ ငါး ဒီသုံးမျိုးကိုပဲလှည့်ပတ်ချက်စားရတာပါ။ ထမင်းဖြူချက်တဲ့နေ့ က တော့ ရှားပါတယ်။
မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီးပြီး မြန်မာအစားအစာပဲစားသောက်ခဲ့ရတော့ အိမ်ရှင်တွေစားတဲ့ဒံပေါက်ကို မလှစံ အနေနဲ့ နေ့တိုင်းမစားနိုင်တဲ့အတွက် ရောက်စကတည်းက အခုထိညနေစာထမင်းမစားဘူးလို့ ပြောပါတယ်။
နောက် ကြွေပြားခင်းထားတဲ့ ခြံဝင်းတစ်ခုလုံးကိုလည်း ညဘက်မှာ ဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပြီးမှ အိပ်ရတာကြောင့် မလှစံ ပုံမှန်အိပ်ရတဲ့အချိန်ဟာ ညတစ်နာရီလောက်မှဖြစ်တယ်။
အိမ်ရှင်တွေ ခိုင်းတဲ့အလုပ်ကိုနောက်နေ့ရွေ့လို့မရပါ။ ဒီနေ့ခိုင်းတာတွေကို ဘယ်အချိန်ဖြစ်နေပါစေ ပြီးအောင်လုပ်ပြီးမှ အိပ်ရ ပါတယ်။ ညပိုင်းနောက်ကျမှ အလုပ်ပြီးလို့ နောက်နေ့ အိပ်ယာထနောက်ကျလို့မရပါဘူး။
နေ့ခင်းလည်း အဝတ်လျှော်၊ သန့်ရှင်းရေးအပြင် အိမ်ရှင်တွေစားချင်တာရှိရင် လုပ်ပေးရတာတွေ၊ ဧည့်သည်လာလို့ လုပ်ပေးရ တာတွေကြောင့် မလှစံအနေနဲ့ နေ့ခင်းကျောဆန့်ဖို့တောင် အချိန်မရပါ။
ဒါ့အပြင် အိမ်ရှင်တွေက သူတို့အတွက်တင်ခိုင်းတာမဟုတ်ဘဲ သူ့မိဘ၊ ဆွေမျိုးတွေအိမ်တွေ အလည်သွားရင်လည်း မလှစံက လိုက်သွားရပြီး အားလုံးအတွက် ချက်ပြုတ်သန့်ရှင်းရေးလုပ်ပေးရတာဖြစ်တယ်။
“ဧည့်သည်ကလည်း မပြတ်ဘူး။ မိဘဆွေမျိုးတွေကလည်းမပြတ်ဘူးလာတာ။ ကလေးတွေပါလာရင်ပိုဆိုး။ အိမ်ပေါ်က ပစ္စည်းတွေယူဆော့လို့ ရှင်းမနိုင်ဘူး။ နောက်သောကြာနေ့ဆို အသေပင်ပန်းတယ်။”လို့ မလှစံက ပြောပါတယ်။
သောကြာနေ့တင်မကပါဘူး။ သူတို့ဘာသာအရ ဥပုဒ်ကာလတွေဆိုလည်း သေမတတ်ပင်ပန်းရတယ်လို့ ဆိုပါတယ်။
နေ့စဉ်လည်း အစားအသောက်ကို တစ်နေ့တစ်မျိုးမရိုးအောင် အိုးကြီးအိုးငယ်တွေနဲ့ ချက်ပေးရသလို နေ့ခင်းဘက် ဆွေမျိုး တွေလာလည်ရင်လည်း မရိုးနိုင်တဲ့မုန့်မျိုးစုံလုပ်ကိုင်ကျွေးရပြီး ကလေးတွေလည်း ထိန်းပေးရတာဖြစ်တယ်။
မလှစံအနေနဲ့ အိုမန်မှာဘယ်လောက်ထိ ပင်ပင်ပန်းပန်းလုပ်ကိုင်နေရသလဲဆိုရင် အိမ်ရှင်လင်မယားနဲ့ ကလေး ၅ ဦးအပါ အဝင်မိသားစုဝင် ၁၀ ဦးရှိပြီး စုစုပေါင်းအခန်း ၁၅ ခန်းရှိတဲ့အိမ်အတွက် အိမ်အကူတစ်ယောက်ထဲထားတယ်ဆိုတာက သက် သေခံနေတာဖြစ်တယ်။
အလားတူအခက်အခဲတွေကို အိုမန်နိုင်ငံမှာ အိမ်အကူအလုပ်လုပ်ကိုင်နေတာ ၆ လလောက်ရှိပြီဖြစ်တဲ့မေအိဇော်လည်း ကြုံ တွေ့နေရတာဖြစ်တယ်။
“ အလုပ်ခိုင်းတဲ့နေရာမှာ အရမ်းရက်စက်ပါတယ်။ ညှာတာမှုဆိုတာမရှိဘူး။ အချိန်အခါမရွေးလည်းခိုင်းပါတယ်။ ပင်ပန်း လွန်း တော့ ဖျားတာကို ဆေးမကုဘဲ အလုပ်လုပ်ခိုင်းတယ်။ အဲ့ဒါကို စိတ်မပါသလို အလုပ်လုပ်တယ်ဆိုပြီး လစာထဲက ၂၀ ဖြတ် တယ်။” လို့ အသက် ၂၀ အရွယ် မေအိဇော်က ပြောပါတယ်။
သူရတဲ့လစာက အိုမန်ငွေ (ရီရယ် ၁၀၀ – မြန်မာငွေ ၅ သိန်းကျော်) ရတဲ့အထဲမှာ ၂၀ နုတ်လိုက်တော့ မြန်မာငွေ ၄ သိန်း လောက် သာရပါတော့တယ်။ ဒီထဲအိမ်ရှင်က ဝိုင်ဖိုင်ပေးမသုံးသလို အမျိုးသမီးတွေအတွက်လိုအပ်တဲ့အတွင်းခံတွေ၊ pad တွေကအစ ကိုယ့်ငွေနဲ့ကိုယ်ဝယ်သုံးနေရလို့ အိမ်တောင်ပြန်မပို့နိုင်ဘူးလို့ ပြောပါတယ်။
ဒီဝိုင်ဖိုင်ဆိုတာက အိမ်ထဲကအပြင်မထွက်ရဘဲ အလုပ်တွေတရစပ်လုပ်ကိုင်နေရတဲ့သူတို့တွေအတွက် စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ မဖြစ်မနေသုံးကြတာဖြစ်တယ်။
ရတဲ့လစာထဲက ဖြတ်တောက်မယ်ဆိုရင် အိမ်အကူတွေအနေနဲ့ အိမ်ကို ငွေပို့နိုင်မှာမဟုတ်ပါဘူး။ ဒီအိမ်မကောင်းလို့ နောက် အိမ်ပြောင်းချင်ပေမယ့် စာချုပ်သက်တမ်းဆုံးရှုံးရမှာရယ်၊ ဒီထက်ဆိုးတဲ့အိမ်နဲ့တွေ့ရမှာစိုးတာကြောင့် သည်းခံလုပ်ကိုင်နေ ရတာပါ။
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ နေထိုင်တဲ့မေအိဇော်လည်း ယခုနှစ် မေလ ၁၀ ရက်မှာ အိုမန်နိုင်ငံကို ရောက်လာခဲ့သူ ဖြစ်တယ်။ မိဘတွေက စပါးစိုက်တောင်သူတွေဖြစ်ပြီး သူ့မှာ ကျောင်းတက်နေတဲ့မောင်နဲ့ ညီမတစ်ယောက်ရှိပါတယ်။
အာဏာသိမ်းပြီးနောက် အလုပ်အကိုင်တွေလည်း အဆင်မပြေ စပါးခင်းကလည်း မီးလောင်သွားတာကြောင့် ဝင်ငွေရပ်ပြီး အကြွေးတင်လာပါတယ်။ ဒီထဲမိခင်ဖြစ်သူ နှလုံးမှာအပေါက်ဖြစ်နေလို့ အစားထိုးကုသရမှာနဲ့ ဖခင်ကလည်း ဆီးချိုဝေဒနာ ခံစားနေရတာဖြစ်တယ်။
မိဘတွေရဲ့ဆေးကုစရိတ်တွေ၊ မောင်နှမတွေရဲ့ပညာရေးနဲ့ မိသားစုစားဝတ်နေရေးအတွက်က သူအလုပ်ထွက်လုပ်မှရမယ့် အခြေအနေဖြစ်လာခဲ့တယ်။ ဒါ့ကြောင့် မေအိဇော်ဟာ ပွဲစားကို သုံးလစာပေးပြီး အိုမန်ကိုရောက်လာခဲ့တာဖြစ်တယ်။
သူလည်း မလှစံလို မနက် ၄ နာရီကနေ ည ၁၂ နာရီအထိ နေ့တိုင်းအလုပ်လုပ်ရတာပါ။ သူတို့အိမ်က သုံးထပ်တိုက်ဖြစ်ပြီး မိသားစုဝင် ၁၄ ယောက်အတွက် သူတစ်ယောက်ထဲ အလုပ်လုပ်ပေးနေရတာဖြစ်တယ်။
“ ရောက်ကတည်းက နင့်အတွက် အမြဲနေထိုင်ခွင့်ကတ်လုပ်ပေးထားတာနော်။ နင်အိမ်ပြောင်းရင် အဲ့ဒါလျော်ပေးရမှာလို့ အိမ် ရှင်ကပြောတယ်။ စားတော့လည်း သူတို့စားတဲ့အတိုင်း၊ ဝတ်တော့လည်း သူတို့လိုဝတ်ရတယ်။ သူတို့အစားအစာ အမြဲမစား နိုင်ဘူး။ အန်တောင်အန်တယ်။”လို့ မေအိဇော်က ပြောပါတယ်။
သူတို့စားတဲ့အတိုင်းမစားရင် ဘယ်အစားအစာကိုမှ စားခွင့်မပေးပါဘူး။ ရေခဲသေတ္တာထဲထည့်ထားတဲ့အအေးတွေ၊ ရေတွေ၊ မုန့်တွေ၊ ခေါက်ဆွဲခြောက်တွေ သူတို့ကလေးယူစားလို့ပျောက်ရင်လည်း အိမ်ရှင်က မေအိဇော်ကို ဆူပူရိုက်တတ်ပါတယ်။
ဧည့်သည်လာလို့ လ္ဘက်ရည်ဖျော်တာကြာလို့ဆိုပြီး ခေါင်းရိုက်လိုက်တာ ခေါင်းမူးသွားတာကို ဟန်ဆောင်တယ်ဆိုကာ အတင်း အဓမ္မအလုပ်လုပ်ခိုင်းခဲ့တာဖြစ်တယ်။
ဥပမာ ဧည့်သည်လာလို့ လ္ဘက်ရည်ကြိုရင်ရေနွေးဆူအောင်စောင့်ရပါတယ်။ ဒါကိုကြာတယ်ဆိုပြီးရိုက်တာနဲ့ နားချိန်မပေးဘဲ မတရားခိုင်းစေတဲ့အပေါ် မေအိဇော်အနေနဲ့ မကျေမနပ်ဖြစ်နေပါတယ်။
သူတွေးထင်ခဲ့တာက နိုင်ငံခြားသွားအလုပ်လုပ်တာနဲ့ သူ့ဒုက္ခတွေအဆင်ပြေသွားမယ်။ နှစ်အနည်းငယ် အလုပ်လုပ်လိုက်တာနဲ့ ခြံတွေ၊ လယ်တွေနဲ့ နေနိုင်သွားမယ်လို့ မေအိဇော်က တွေးထင်ထားခဲ့တာဖြစ်တယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ သူတွေးထင်သလိုမဖြစ်ဘဲ မေအိဇော်ထင်မထားတဲ့ဒုက္ခမျိုးစုံနဲ့ ကြုံနေရတာဖြစ်ပါတယ်။
“အိုမန်ကိုရောက်ပြီးမှ အဆင်ပြေတယ်ဆိုတာ ၁၀၀ မှာ ၁၀ ယောက်မရှိဘူး။ စကားနားမလည်တော့ ပိုစိတ်ညစ်၊ ပိုပင်ပန်း ရတယ်။ အလုပ်လည်း ခဏခဏပြန်လုပ်ရ၊ ရိုက်လည်းရိုက်ခံရတယ်။”လို့ မေအိဇော်က စိတ်ပျက်သလိုပြောပါတယ်။
အိမ်ရှင်တွေက လွန်စွာအသန့်ကြိုက်တာကြောင့် သူအနေနဲ့ များစွာပင်ပန်းနေရတာဖြစ်တယ်။ မီးဖိုကအစ သုံးပြီးတာနဲ့ ဆေး ပေးရပြီး ကြွေပြားပေါ်မှာ ဆီစင်တာတွေ့ရင် ရိုက်ခံရတာဖြစ်တယ်။
ဟင်းချက်မကောင်းရင်ဖြစ်စေ၊ အလုပ်မပြီးရင်ဖြစ်စေ၊ သူတို့ချက်ခိုင်းတာမျိုးမဖြစ်ရင်လည်း တွေ့တာနဲ့ကောက်ပေါက် ရိုက် တတ်ပြီး ခဏလောက်လေးနားခွင့်မရှိအောင် တစ်အိမ်လုံးကို CCTV နဲ့ စောင်ကြည့်နေတာပါ။
ဒါ့အပြင် လစာပေးခါနီးတိုင်း အိမ်ရှင်ရဲ့လစာငွေ ခေါင်းပုံဖြတ်တာကိုလည်း မေအိဇော်သည်းခံနေရတာဖြစ်တယ်။ ပွဲစားက လစာ ၁၀၀ ရမယ်ပြောပေမယ့် အိမ်ရှင်က သူတို့သဘောမကျရင် ၈၀၊ ၉၀ လောက်တာ ပေးတာကြောင့်ပါ။
ပွဲစားတွေအနေနဲ့ အိုမန်မှာအလုပ်သွားလုပ်မယ့်အိမ်အကူတွေကို တစ်လကို အနည်းဆုံး ၁၂၀ အထိရအောင် တောင်းပေး သင့်ကြောင်း ဒါကလည်း ရတဲ့ငွေနဲ့ မတန်တဆလုပ်ရတဲ့အလုပ်တွေကြောင့် ရသင့်တယ်လို့ မလှစံက အကြံပြုပါတယ်။
ဒီလိုမတရားနှိပ်စက်တဲ့ကိစ္စတွေအတွက် တိုင်ကြားဖို့က အိုမန်နိုင်ငံမှာလည်း မြန်မာသံရုံးမရှိသလို ကူညီပေးနေတဲ့အဖွဲ့ဆို တာလည်း မရှိတဲ့အတွက် အိမ်ရှင်တွေရဲ့နှိပ်စက်မှုတွေကို သည်းခံရုံကလွှဲလို့ သူတို့မှာတခြားနည်းလမ်းမရှိပါ။
“ နောက်တအိမ်ပြောင်းဖို့ကလည်း လျော်ကြေးမတတ်နိုင်။ အဲတော့ သူတို့ဘာလုပ်လုပ် ကျမတို့ကရေငုံနုတ်ပိတ်နေရတယ်။ မုဒိမ်းမကျင့်ရင် သေအောင်မရိုက်ရင်ပြီးတာပဲဆိုတဲ့စိတ်နဲ့အလုပ်လုပ်နေရတယ်။”လို့ မေအိဇော်က ဆိုပါတယ်။
ကျမမိဘတွေသာ ကျမရဲ့လက်ရှိအခြေအနေကို သိသွားရင် ဘယ်လောက်တောင်များစိတ်မကောင်းဖြစ်လိုက်မလဲလို့ သူက တွေးကာ စိတ်မကောင်းဖြစ်နေပုံရပါတယ်။
မြန်မာပွဲစားကလည်း ပြန်မလာနဲ့ပဲ ပြောတာ၊ တစ်ခုခုဖြစ်လို့တိုင်ရင်လည်း အဆင်ပြေအောင်ကြည့်နေဆိုတဲ့စကားကလွဲလို့ ဘာမှလုပ်ပေးပါ။ ပို့လိုက်တဲ့လူကိုလည်း ပြန်ကြည့်ပေးတာမျိုးမရှိပါဘူး။
အိုမန်မှာလည်း အိမ်ရှင်က လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တာတွေ၊ မတရားနှိပ်စက်တာတွေကို သည်းမခံနိုင်တော့လို့ ထွက်ပြေး ကာ ခိုးဝင်အနေနဲ့ ပုန်းလျိုးဝှက်လျိုးနေပြီး တောင်းရမ်းစားသောက်နေရတဲ့အိမ်အကူတွေလည်း ရှိတယ်လို့ မလှစံက ပြောပါ တယ်။
“ ကျမကို မက်စင်ဂျာကနေလာပြောတာ။ သူတို့ဘယ်လိုမှသည်းခံလို့မရလို့ ထွက်ပြေးနေရတယ်။ ကူညီနိုင်တာရှိရင် ကူညီ ပါ လို့ပြောတယ်။ အဖမ်းမခံရအောင်နေပါဆိုတဲ့စကားပဲ ကျမပြောနိုင်တယ်။ ဘာမှမတတ်နိုင်ဘူး။ အခွင့်အရေးလည်းမရှိဘူး။”လို့ ရှင်းပြပါတယ်။
ဒီလိုအခက်အခဲတွေရှိရက်နဲ့ ဘာလို့အိုမန်နိုင်ငံမှာ အလုပ်သွားလုပ်တာလဲ။ တခြားနိုင်ငံမှာ သွားလုပ်ပါလားလို့ မေးစရာရှိပါ တယ်။ ဒါပေမဲ့ အိမ်အကူတွေရဲ့တူညီတဲ့အဖြေကတော့“ရွေးချယ်စရာမရှိလို့ပါ။”ဆိုတဲ့ စကားပါပဲ။
ဘာလို့ဆို အိုမန်နိုင်ငံကို ရောက်နေသူအများစုကို ပွဲစားက စင်္ကာပူ၊ ထိုင်းတို့မှာအလုပ်သွားလုပ်ချင်ရင် ခြောက်လတန်သည်၊ တစ်နှစ်တန်သည်စောင့်ရမှာဖြစ်ပြီး အိုမန်ဆိုရင်တော့ အခုသွားလုပ် အခုငွေရမှာဆိုတာကြောင့်ဖြစ်တယ်။
“ အိုမန်မှာ အိမ်အကူလုပ်တဲ့အမျိုးသမီးလေးတွေ ဟိုမှာနှိပ်စက်၊ စော်ကားခံနေရတယ်။ ဒုက္ခရောက်နေကြတယ်ဆိုတာ သတင်းတွေမှာလည်း ခဏခဏတွေ့နေရတယ်။ ဒါကို မြန်မာဘက်ကပြန်ခေါ်ဖို့ မလုပ်တာက အတော်လေးရင်နာစရာပဲ။” လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြပါတယ်။
အိုမန်နိုင်ငံကို ရောက်နေတဲ့အိမ်အကူအမျိုးသမီးအားလုံးနီးပါးရဲ့ လိုအင်ဆန္ဒဟာ မြန်မာပြည်မှာရှိတဲ့မိဘအိမ်ပြန်ဖို့ပဲဖြစ် တယ်။ လက်ရှိမှာတော့ မတရားနှိပ်စက်ခိုင်းစေမှုတွေကိုသည်းခံပြီး မြန်မာပြည်ကို ပြန်ရမယ့်အချိန်ကို စောင့်မျှော်နေပါ တယ်။
မည်သို့ပင်ဖြစ်စေ အိုမန်နိုင်ငံကို အကြောင်းကြောင်းကြောင့် မဖြစ်မနေလာကြမယ်ဆိုရင်တော့ အမှန်တကယ်သည်းခံနိုင်မှ လာကြဖို့ကို မလှစံက အခုလိုပဲသတိပေးစကားဆိုလိုက်ပါတယ်။
“အေဂျင့်တိုင်းကို ယုံပြီးမလာနဲ့။ ကိုယ့်ကိုကိုယ်ယုံကြည်ပြီး တကယ်သည်းခံအလုပ်လုပ်နိုင်တယ်ဆိုမှ လာစေချင်တယ်။”