ဆိုဖီ
တောထဲမှာ ဝါးလုံးတွေနဲ့ ခပ်နဲ့နဲ့ ဆောက်ထားပြီး မိုးကာအစိမ်းရောင် အုပ်မိုးထားတဲ့ ယာယီတဲမှာ စစ်ရှောင်ပြည်သူတွေ နေထိုင်ကြရပြီး ရွာနေတဲ့ မိုးကို ရင်တထိတ်ထိတ် စောင့်ကြည့်နေရတဲ့ အခြေအနေပါ။
ယာယီတဲမှာ နေတဲ့ စစ်ရှောင်တွေအတွက် မိုးသည်းသည်းထန်ထန် ရွာလာရင် တဲထဲကို မိုးယိုစိမ့်လာမှာ စိုးရိမ်နေရပါတယ်။
ဒီလို မိုးရာသီအချိန်ဆိုရင် ချောင်းရေ ရုတ်တရက် မြင့်တက်လာသလို တောင်ကျရေလည်း အရှိန်နဲ့ ကျတတ်တဲ့အတွက် စစ်ရှောင်စခန်းမှာ နေထိုင်တဲ့သူတွေ ညရေးညတာ သွားလာရ ခက်ခဲတာ၊ အိပ်မရတာတွေ ဖြစ်နေကြပါတယ်။
“ဒီလို အချိန်ကတော့ အရမ်းခက်ခဲတယ်။ မိုးဆက်တိုက်ရွာရင် မိုးကာတွေက မလုံဘူးလေ။ ကျမဆိုရင် ကလေးအတွက် ပိုစိတ်ပူရတယ်။ နောက်ပြီး ညအချိန် အိမ်သာသွားလာရတာလည်း ခက်ခဲတယ်။” လို့ မြန်မာ-ထိုင်းနိုင်ငံ နယ်စပ်ဒေသသို့ ရောက်ရှိလာတဲ့ စစ်ရှောင် မမူအဲ(အမည်လွှဲ) က ရင်ဖွင့်ပြောပြလာပါတယ်။
မမူအဲ နေထိုင်တဲ့ ကရင်နီပြည် (ကယားပြည်) မယ်စဲ့မြို့မှာ အခုနှစ် ဇွန်လကုန်ပိုင်းမှာ ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ နေ့စဥ်နဲ့အမျှ စစ်ကောင်စီဘက်က လေကြောင်းကနေ ထိုးစစ်ဆင်တာကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရပါတယ်။
စစ်ကောင်စီဘက်က ညသန်းခေါင်အချိန် လေကြောင်း ပစ်ခတ်တာတွေကြောင့် မမူအဲဟာ ရုတ်တရက် ညတွင်းချင်း ထွက်ပြေးလာခဲ့ရပြီး၊ ထွက်ပြေးလာချိန်မှာ ဓာတ်မီးမပါ၊ အဝတ်မပါနဲ့ မှောင်မဲနေတဲ့ကြား ကလေး နှစ်ယောက် လက်ကို တွဲကာ အသက်လု စစ်ရှောင်လာခဲ့ရပါတယ်။
“ည ၁၂ နာရီ လောက်မှာ လေကြောင်းသံ ဗုံးကြဲသံတွေကြောင့် ထွက်လာတာ၊ ဓာတ်မီးကလည်း မထွန်းရဲ။ ဘာမှလည်း မပါ။ ကလေး နှစ်ယောက်ကိုတွဲပြီး ပုန်းတလှည့်၊ ပြေးတလှည့် လမ်းလျှောက်တလှည့်နဲ့ ရောက်လာတာ။ ကျည် ဗုံးထိမှာတော့ ကြောက်ရတယ်။” လို့ မမူအဲက ထွက်ပြေးလာစဥ်က အကြောင်းကို ပြောပြပါတယ်။
သူတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းဟာ မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်း မယ်စရင်းမြို့နယ်ထဲမှာ တည်ရှိပြီး အဲဒီ စခန်းမှာ စစ်ရှောင် ၅၀၀၀ ကျော် နေထိုင်ကာ အမျိုးသမီးနဲ့ ကလေးငယ်ဦးရေက တဝက်ကျော် ရှိပါတယ်။
လေဒဏ် မိုးဒဏ်ကြားက စစ်ဘေးရှောင်
စစ်ရှောင် ယာယီတဲတွေဟာ ဝါးလုံးတွေနဲ့ ကိုယ်ထူကိုယ်ထ လုပ်ထားပြီး၊ မိုးကာနဲ့ မလုံ့တလုံ အမိုးလုပ်ထားရတာကြောင့် မိုးသည်းသန်းထန်ထန် ရွာရင် လေပြင်းတိုက်ပြီး မိုးကာစ လွှင့်မတတ်ဖြစ်မှာ ရင်တထိတ်ထိတ် ဖြစ်ရပါတယ်။
ဒါ့အပြင် မမူအဲတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းမှာ လူ ၁,၀၀၀ ကျော်ရှိပြီး ၊ စစ်ရှောင်ရဲ့ ၃ ပုံ ၂ ပုံလောက်က ကလေးငယ်၊ အမျိုးသမီးနဲ့ ကိုယ်ဝန်သည်တွေ ဖြစ်နေပါတယ်။
“ကျမတို့ ထွက်ပြေးလာတုန်းက ဘာမှ မပါလာဘူးလေ။ ဟင်းချက်စားဖို့လည်း အိုးခွက်မရှိ။ ထိုင်းဘက်က ကူညီ ထောက်ပံ့ပေမယ့် လုံလောက်မှုကတော့ မရှိဘူး။ ကိုယ့်ဘာသာကိုယ်ချက်လို့ မရဘူး။ သူတို့ကျွေးတာ စားရတယ်။” လို့ မမူအဲက ပြောပါတယ်။
လက်ရှိမှာ စစ်ရှောင်လူဦးရေ များပြီး အိမ်သာကို ဘုံအိမ်သာတွေ အသုံးပြုရကာ ညရေးညတာ သွားလာဖို့ ဓာတ်မီးလည်း မရှိတာကြောင့် သွားလာရ ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။
“အဓိက အိမ်သာက အလှမ်းဝေးတော့ ညဆိုရင် သွားရတာ အဆင်မပြေဘူး။ မီးလည်းမရှိတော့ မိုးရွာရင် ချော်လဲမှာလည်း ကြောက်ရတယ်။ လူများတော့ အမျိုးသမီးတွေ ညဘက် အိမ်သာသွားရင် တယောက်တည်း မသွားရဲဘူး။” လို့ မမူအဲက လက်ရှိ ဖြစ်ပျက်နေတာကို ရင်ဖွင့်ပြောလာပါတယ်။
စစ်ကောင်စီရဲ့ ညသန်းခေါင် လေကြောင်း ဗုံးကြဲမှု
အလားတူ စစ်ကောင်စီရဲ့ ညအချိန်မတော် လေကြောင်း ဗုံးကြဲမှုကြောင့် မှောင်မည်းမည်း ဖိနပ် မပါတောင် မစီးချိန်နိုင်ဘဲ ကြောက်စိတ်နဲ့ အသက်လုပြီး ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲကို အလုံးအရင်းထွက်ပြေးလာရတာလည်း ရှိပါသေးတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက် ညသန်းခေါင်ချိန်မှာ စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ၅ ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲတာကြောင့် မြန်မာပြည်ဘက်ခြမ်း ကရင်နီပြည် ဒေါနူးကူ စစ်ရှောင်စခန်းနဲ့ အဲ့အနီးမှာ နေထိုင်တဲ့ စစ်ရှောင် ၄,၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဟောင်ဆောင်မြို့နယ် ကရင်နီ ဒုက္ခသည် စခန်း အမှတ် (၁) သို့ ရုတ်တရက် ရောက်ရှိ လာပါတယ်။
အဲ့ထဲမှာ အသက် ၃၅ နှစ်အရွယ် မမော်သဲတို့ မိသားစုဝင် ၄ ဦးလည်း အပါအဝင်ပါ။
“ကျမတို့က အရင်က မြန်မာဘက်ခြမ်း ဒေါနိုးကူး စစ်ရှောင်စခန်းမှာနေကြတာ။ ဟိုမှာတော့ ကိုယ့်နည်းကိုယ့်ဟန် ရှာစားလို့ ရတာပေါ့၊ ဒီဘက်တော့ မီးမွေးလို့လည်းမရ၊ သူများ ချက်ကျွေးလို့ စားတယ်။ ကလေးငယ်ရှိတော့ အခက်အခဲကတော့ ရှိတာပေါ့” လို့ မမော်သဲက စိတ်မကောင်းစွာ ပြောပါတယ်။
မမော်သဲတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းဟာ ထိုင်းအာဏာပိုင်လက်အောက်မှာ တည်ရှိပေမယ့် ထိုင်းဘက်က နေစရာ နေရာတစ်ခုသာ ဖန်တီးပေးပြီး စားသောက်စရာကို ကိုယ့်လူမျိုးအချင်းချင်း ကူညီထောက်ပံ့ပေးနေပါတယ်။
“ ကျမတို့ ဒီမှာက လူများတော့ သူများချက်ကျွေးတာပဲ စားရတယ်။ တရက်ကို ၂ နပ် စားရတယ်။ ထမင်းမာတာ မကျက်တာ ပျော့တာလည်း ရှိပါတယ်။ ဟင်းကတော့ ကုလားပဲ၊ ငါးသေတ္တာ၊ ငါးအသေးတွေပေါ့၊ ဝဝလင်လင်တော့ မစားရပါဘူး။ မငတ်အောင်ပါပဲ။” လို့ မမော်သဲက စစ်ရှောင်စခန်းအတွင်း စားသောက်ရတာတွေကို ပြောပြပါတယ်။
မမော်သဲတို့ ပြေးလာချိန်တုန်းက ညသန်းခေါင်ချိန် စစ်ကောင်စီဘက်က လေယာဥ်နဲ့ ပစ်ခတ် ဗုံးကြဲမှုကြား အသက်လု ပြေးလာရပြီး ကျည်ထိ သေဆုံးတဲ့ အမျိုးသားတစ်ဦးရှိသလို ကြီးမားတဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။
“အဲ့တုန်းက ကျည်ထိလို့ ပွဲချင်းပြီးသေဆုံးသူ ရှိတယ်။ ကျမကတော့ ပြေးလို့ ထိခိုက်ဒဏ်ရာ ရတာပဲရှိတာ။ အဲ့ဒီလေယာဥ် ဗုံးကြဲသံကြောင့် ထိုင်းဘက်ခြမ်းရောက်ပြီး သေသွားတဲ့သူလည်း ရှိတယ်” လို့ မမော်သဲက ဝမ်းနည်းစွာ ပြောပြပါတယ်။
လက်ရှိ မမော်သဲတို့ နေတဲ့ စစ်ရှောင်စခန်းမှာ ယာယီတဲနဲ့ နေလို့ ရရုံသာ ဆောက်ထားတဲ့အတွက် မိုးရွာချိန် စိုးရိမ်ရသလို သူတို့ နေထိုင်တဲ့ တဲနဲ့ အိမ်သာကလည်း ၅ မိနစ်နီးပါး လမ်းလျှောက်သွားရတဲ့အတွက် ညအချိန် အိမ်သာသွားရမှာကို ကြောက်နေရပါတယ်။
“ အဓိက မီးမရှိတော့ ညအိမ်သာ သွားချင်ရင် ခက်ခဲတယ်လေ။ နောက်အမျိုးသမီးတွေအတွက် အိမ်သာ ပေါင်းသုံးရတာ အဆင်မပြေဘူး။ မိုးရွာရင် ပိုဆိုးတာပေါ့။ အသက်ကြီးသူတွေ၊ ကလေးတွေ ညသွားရင် ချော်လဲတာတွေလည်း ရှိတယ်လေ။” လို့ သူက လက်ရှိ ကြုံတွေ့နေတာကို ပြန်ပြောပြပါတယ်။
ဒါ့အပြင် မမော်သဲတို့ နေတဲ့ ကရင်နီစစ်ရှောင်စခန်းဟာ မြန်မာပြည်ဘက်ခြမ်းနဲ့ အနီးကပ် တည်ရှိတဲ့အတွက် စစ်ကောင်စီရဲ့ ဒရုန်းတွေ၊ လက်နက်ကြီးသံတွေ နေစဥ်နဲ့အမျှ ကြားရပြီး စစ်ရှောင်တွေဟာ လေယာဥ်သံ လက်နက်သံ ကြားရရင် ထပြေးနေရပါတယ်။
နေထိုင် စားသောက်ရေး ခက်ခဲ
ကရင်နီပြည်ဘက် တကြောမှာ အခုချိန်ထိ စစ်ရေးအရှိန်ပြင်းထန်မှုတွေကြောင့် လက်ရှိမှာ မြန်မာ-ထိုင်း နယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းရှိ မယ်စရင်း၊ ခွန်ယွန်းနဲ့ မယ်ဟောင်ဆောင်ခရိုင်ရှိ တောတောင်ထဲမှာ ယာယီတဲနဲ့ နေထိုင်နေရတဲ့ ကရင်နီ စစ်ရှောင် တသောင်းနီးပါး ရှိတယ်လို့ ကရင်နီ လူမှုအဖွဲ့အစည်းတွေထံရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
တိုက်ပွဲ အရှိန်ပြင်းထန်မှုကြောင့် မြန်မာ-ထိုင်းနယ်စပ်သို့ ရောက်ရှိလာတဲ့ စစ်ရှောင်တွေအတွက် လက်ရှိမှာ စားဝတ်နေရေး၊ နေထိုင်ရေး အလွန် ခက်ခဲကြောင်း၊ ထိုင်းနိုင်ငံအာဏာပိုင်တွေက နေခွင့်ပေးပေမယ့် စားသောက်စရာအတွက်က အလှူရှင်ကိုသာ အားကိုးနေရပါတယ်။
အခြားအပြင် စစ်ရှောင်တွေဆီ စားနပ်ရိက္ခာတွေ ပို့ဆောင်တဲ့အခါ ထိုင်းအာဏာပိုင်ရဲ့ ခွင့်ပြုချက်ယူရကြောင်း မြန်မာ-ထိုင်းနယ်စပ် စစ်ရှောင်စခန်းသို့ သွားရောက် ကူညီခဲ့တဲ့ ဆရာမ တစ်ယောက်က ပြောပါတယ်။
“အခြေအနေကတော့ အရမ်းဆိုးရွားတယ်။ မိုးတွေ ဆက်တိုက်ရွာတော့ နေရတာ ခက်ခဲတယ်။ လမ်းကလည်း မကောင်းတော့ စားနပ်ရိက္ခာ ပို့ဖို့တောင် ခက်တယ်။ ထိုင်းပေါ်လစီကလည်းရှိတော့ သွားချင်တိုင်း သွားလို့မရဘူး။” လို့ စစ်ရှောင် ကူညီပေးတဲ့ ဆရာမက ပြောပါတယ်။
ဒါ့အပြင် မြန်မာ-ထိုင်းနယ်စပ် စစ်ရှောင်စခန်းသို့ သွားပြီး ကူညီထောက်ပံ့လိုပါက ထိုင်းအာဏာပိုင်တွေဆီ အကူအညီ တောင်းခံရပြီး ထိုင်းအာဏာပိုင်ဘက်မှ မကြာခဏ လမ်းကြောင်းပိတ်ဆို့မှုကြောင့် သွားရန်လည်း မလွယ်ကူကြောင်း သူက ထပ်လောင်း ပြောပါတယ်။
“ထိုင်းဘက်က လမ်းပိတ်ဆို့တာတွေ ရှိတယ်။ နောက် မိုးအရမ်းကြီးတော့ လမ်းကြောင်းပျက်လို့ သွားရခက်တာ ထိုင်းဘက် က အကန့်အသတ်တွေကြောင့် ကျမတို့ စားနပ်ရိက္ခာတွေ ပို့ဖို့အရမ်းခက်တယ်။” လို့ စစ်ရှောင်ကူညီတဲ့ အမျိုးသမီးက စိတ်မကောင်းစွာ ပြောပါတယ်။
ကျန်းမာရေး ချို့တဲ့မှုလည်း ကြုံနေရ
စစ်ရှောင်စခန်းတစ်ခုမှာ ကိုယ်ဝန်သည်အမျိုးသမီး ၁၂၀ ကျော်၊ ၅ နှစ်အောက် ကလေးငယ် ၅၀၀ ကျော်ရှိတဲ့အတွက် အခုလို မိုးရာသီမှာ မလုံ့တလုံ ယာယီတဲတွေမှာ နေထိုင်ရကာ ကျန်းမာရေး ချို့တဲ့မှုတွေ ရာသီတုပ်ကွေးတွေ အဖြစ်များတယ်လို့ စစ်ရှောင်တွေကို သွားရောက် ကူညီပေးနေတဲ့ ဆရာမက ပြောပါတယ်။
“ကျမ သွားတဲ့ စခန်းတစ်ခုမှာဆိုရင် တုပ်ကွေးဖြစ်တာများပြီး ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ မရကြဘူး။ နောက် မိသားစုတစ်စုမှာ လူဦးရေများတော့ ပြည့်ကျပ်ပြီး နေထိုင်ရတယ်။ တယောက်က ဖျားရင် ကူးကြတာပေါ့။” လို့ ဆရာမက ကြုံတွေ့ခဲ့တာတွေကို ပြန်ပြောပြပါတယ်။
မြန်မာ-ထိုင်း နယ်စပ်တလျှောက်က စစ်ရှောင်အများစုဟာ သက်ကြီးရွယ်အို၊ ကလေးငယ်၊ အမျိုးသမီးနဲ့ ကိုယ်ဝန်သည်တွေ ဖြစ်ပြီး သူတို့တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေ မရှိကြောင်း ကရင်နီ အမျိုးသမီး အစည်းအရုံး (KNOW) မှ ကော်မတီဝင် မူရီးက ပြောပါတယ်။
စစ်ရှောင်တွေဟာ ညအချိန် မိုးရွာပါက တောင်ကျရေ စိတ်ပူရသလို တဖက်မှာလည်း လက်နက်ကြီးသံတွေကြောင့် ထိုင်းဘက်ခြမ်း ရောက်လာပေမယ့် လုံခြုံမှု မရရှိသေးကြောင်း မူရီးက ဆိုပါတယ်။
“စစ်ရှောင်တွေက လေယာဥ်သံကြားတာနဲ့ စိတ်ဒဏ်ရာတွေ ဖြစ်နေတယ်။ ဒေါနူးကူ စခန်းကနေ ပြေးလာတဲ့ စစ်ရှောင်နေရာ က ထိုင်းဘက်ခြမ်းပေမယ့် လက်နက်သံတွေကြားရင် ထထပြေးနေကြတယ်။ ဒီဘက်မှာနေလည်း မလုံခြုံသေးတဲ့ သဘောပဲ။” လို့ မူရီးက ပြောပါတယ်။
သဘာဝဘေးကြောင့် ပျက်စီးခဲ့ရ
ဆက်လက်ပြီး လွန်ခဲ့တဲ့ သြဂုတ် ၁ ရက်က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်မှာ နှစ်ပေါင်း ၃၀ ကျော် ရောက်ရှိ နေထိုင်တဲ့ မယ်ရာမိုနဲ့ မယ်လအူ ဒုက္ခသည် စခန်း ၂ ခု မိုးဆက်တိုက် ရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းမှုကနေ ရေကြီး မြေပြိုမှု ဖြစ်ပွားကာ စစ်ရှောင် နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။
အဲ့မြေပြိုခဲ့တဲ့ စစ်ရှောင်စခန်းဟာ မြေပြို နေအိမ် ပျက်စီးမှုဖြစ်စဥ်ကြောင့် လက်ရှိ ထိုင်းနိုင်ငံသို့ ရောက်လာပြီး စစ်ရှောင်စခန်းမှာ နေထိုင်တဲ့သူတွေ စိုးရိမ်မှုတွေ ပိုပြီးကြီးထွားလာပါတယ်။
“ဟိုရက်က ကြားရတဲ့သတင်းကြောင့် စစ်ရှောင်တွေအတွက် ပိုစိုးရိမ်မိတာပေ့ါ။ မိုးရွာရင် တောင်ပြိုကျတာ ရုတ်တရက် ရေကြီးတာရှိတော့လေ။ ညညဆိုရင် တောင်ရေကျတာ တဖက် လက်နက်ကြီးက တဖက်ဆိုတော့ သူတို့အတွက် ညညဆိုရင် အိပ်ကောင်းတိုင်း မအိပ်ရဘူး။ ထိုင်းဘက်ခြမ်းရောက်နေလည်း စစ်တပ်က ဒရုန်းတွေနဲ့ လာဝဲတာလည်း ရှိသေးတယ်။ လက်နက်ကြီး ကျမှာလည်း သတိနဲ့ နေရတယ်။ သူတို့က အမြဲတမ်း ရှောင်လို့ရဖို့ သတိနဲ့နေတယ်။” လို့ မူရီးက စိတ်မကောင်းစွာ ပြောပါတယ်။
ဒီလို မိုးရွာသီကာလမှာ မိုးရေ မလုံ့တလုံ တဲမှာ နေရပြီး ဘုံအိမ်သာ ဝေးလံမှု၊ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် အဝတ်မလျှော်ဖွတ်ရကာ အဲ့ကြားထဲ အမျိုးသမီးတွေ ဓမ္မတာလာရင် အလွန်ကြီးတဲ့ ဒုက္ခရောက်ရတဲ့ အဆင့်ပဲ လို့ KNOW အတွင်းရေးမှူး (၂) မော်ဖရေမြာက လက်ရှိ အမျိုးသမီးတွေ ကြုံတွေ့နေရတာကို ပြောပါတယ်။
“လက်ရှိ အမျိုးသမီး လစဥ်သုံးပစ္စည်း KNOW အဖွဲ့ကပဲပေးနေတာ၊ တအိမ်ကို အထုတ်သေး ၁ ထုတ်ပဲ ပေးနိုင်တယ်။ တအိမ်မှာ အမျိုးသမီး ၄ ယောက်ရှိရင်တော့ တယောက်စာတောင် သုံးလို့မရဘူး။ နောက်မိုးရာသီဆိုတော့ သူတို့ အတွင်းခံတွေ အဝတ်တွေလည်း လျှော်လို့မရတော့ အမျိုးသမီးတွေအတွက် ရေရှည်ကျန်းမာရေး စိုးရိမ်စရာပါပဲ။” လို့ မော်ဖရေမြာက ဆိုပါတယ်။
စစ်ရှောင်စခန်းမှာ လူပေါင်း ၄၀၀၀ ကျော် နေထိုင်ရတဲ့အတွက် ရေလုံလောက်မှုကလည်း မရှိကာ အိမ်သာတက်ဖို့ ရေတောင် လောက်လောက်ငှငှ မရှိတဲ့အတွက် အမျိုးသမီးတွေရဲ တကိုယ်ရေးသန့်ရှင်းရေး ဆိုးကျိုးဖြစ်လာနိုင်ကြောင်း မော်ဖရေမြာက ဖြည့်စွက် ပြောပါတယ်။
“ ဒီလိုအချိန်ဆိုရင် မြစ်ဘေးမှာနေတဲ့သူ တောအောက်မှာနေတဲ့သူတွေ အဓိက အမျိုးသမီးနဲ့ ကလေးငယ်၊ ကိုယ်ဝန်သည် ဆိုရင် ကျနော်တို့က အရမ်းကို သတိထားရတယ်။ သူတို့ကို လွတ်တဲ့နေရာ ရွှေ့ပြောင်းပေးတယ်။ အသက်အန္တရာယ် မဖြစ်အောင်တော့ လုပ်ရတာပေါ့။” လို့ ဆရာကွယ်စေးက ဆိုပါတယ်။
အခုလို ရာသီမှာ စစ်ရှောင်တွေအနေနဲ့ မိုးလေဝသ အခြေအနေ ကြည့်ဖို့နဲ့ မိုး ရက်ဆက်ရွာသွန်းရင် သတိထားနေဖို့လည်း ဆရာကွယ်စေးက သတိပေးပါတယ်။
စစ်ရေးဒဏ်ကြောင့် ထိုင်နယ်စပ်ဘက်ခြမ်းကို ထွက်ပြေးလာရပေမယ့် စစ်ကောင်စီရဲ့ ဒရုန်းသံတွေ လက်နက်သံတွေကြောင့် ရင် စိုးရိမ်နေရပြီး၊ တဖက်မှာလည်း ရိက္ခာပြတ်လပ်မှာကို တွေးပူနေရကြောင်း စစ်ရှောင် မမူအဲက စိတ်မကောင်းစွာ ပြောပါတယ်။
“ကျမတို့က စစ်ရေးကို ရှောင်လာရပေမယ့် သဘာဝဘေးလည်း ကြောက်ရ၊ နောက်ရိက္ခာပြတ်လပ်မှာလည်း စိုးရိမ်၊ အခုဆိုရင် အဘက်ဘက်ကို ပူပင်နေရတယ်။ စိတ်ချပြီးအိပ်လို့ မရသေးဘူး။” လို့ မမူအဲက ပြောပါတယ်။
မမူအဲကတော့ စစ်ရှောင်ကလေးနဲ့ ကိုယ်ဝန်သည် မိခင်တွေအတွက် အစာ အာဟာရတွေ ထောက်ပံ့ပေးဖို့နဲ့ အမျိုးသမီးတွေ အတွက် အတွင်းခံ လစဥ်သုံးပစ္စည်းတွေလည်း ကူညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီလိုရာသီချိန်မှာ ကိုယ့်အရပ်ဒေသမှာ တောင်ယာ စိုက်ပျိုးပြီး ကိုယ့်အိမ်ထဲ မိသားစုနဲ့ အေးအေးချမ်းချမ်း နေချင်ပေမယ့် စစ်ရေးတွေ ပြင်းထန်နေတာကြောင့် နေရပ်ကိုပြန်ဖို့ အလှမ်းဝေးနေဆဲလို့ မမူအဲက လက်ရှိ ခံစားချက်ကို ရင်ဖွင့် ပြောပြလိုက်ပါတယ်။ ။