ရှင်ငြိမ်း ။ ။
“ခေတ်ကာလမကောင်းတော့ မိန်းကလေးတွေအနေနဲ့ အရေးကြုံလာရင် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်အောင် ဗိုဗီနမ်ကို သင် ထားသင့်တယ်”လို့ အကြံပေးစကားဆိုလာသူကတော့ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အားကစားသမား မချစ်နိုဒီဆောင်းပါ။
ဗိုဗီနမ်ဆိုတာက တိုက်ကွက်နဲ့ နည်းစနစ်များစွာပါတဲ့ ဗီယက်နမ်ရိုးရာ ကိုယ်ခံပညာအားကစားနည်းတစ်မျိုးပါ။ ဒီအားကစား မှာ အမျိုးသားက အမျိုးသမီးတစ်ဦးရဲ့လက်ကိုလာဆွဲရင်၊ နောက်ကနေသိုင်းချုပ်ခံရရင်၊ ရှေ့ကနေချုပ်ကိုင်လာရင်ဖြစ်ဖြစ် ဘယ်လိုခုခံတိုက်ခိုက်ရမယ်ဆိုတဲ့နည်းတွေလည်း ပါဝင်တာဖြစ်တယ်။
ဒါ့ကြောင့် ဗိုဗီနမ်အားကစားဟာ အမျိုးသမီးတွေရဲ့လုံခြုံရေးကို အထောက်အပံ့ဖြစ်စေလို့ အခမဲ့သင်တန်းကျောင်းဖွင့်ကာ ချစ်နိုဒီဆောင်းက လက်ဆင့်ကမ်းသင်ပေးနေတာဖြစ်တယ်။
“ ယောကျာၤးလေးတွေက မိန်းကလေးတွေကို နှောင့်ယှက်ရင်ဖြစ်ဖြစ်၊ အကြမ်းဖက်လာရင်ဖြစ်ဖြစ် ဘယ်လိုခုခံတိုက်ခိုက်ရ မယ်ဆိုတဲ့ပြကွက်တွေပါလို့ သင်ယူသင့်တာပါ။” လို့ ချစ်နိုဒီဆောင်းက ရှင်းပြပါတယ်။
သူဆိုလည်း ၂၀၁၇ ခုနှစ်က အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ ငါးကြိမ်မြောက် အရှေ့တောင်အာရှ ဗိုဗီနမ် Championship ပွဲမှာ ယောကျာၤးလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို နှောင့်ယှက်ရင် ဘယ်လိုခုခံတိုက်ခိုက်ရမလဲဆိုတဲ့ပြကွက်နဲ့ တတိယဆုရခဲ့တယ်။
ချစ်နိုဒီဆောင်းဟာ ငယ်စဉ်ကတည်းက ကျန်းမာရေးမကောင်းတဲ့သူဖြစ်လို့ ကိုယ်ခံပညာအားကစားကို လေ့လာလိုက်စား ရင်းမှ မြန်မာ့လက်ရွေးစင်ဖြစ်လာခဲ့တဲ့သူပါ။
ဝါသနာအရင်းခံကာ အားကစားကို တစိုက်မတ်မတ်လုပ်ခဲ့လို့လည်း သူဟာ တိုက်ကွမ်ဒိုမှာ ပြည်နယ်အဆင့်လက်ရွေးစင် အားကစားသမားဖြစ်ခဲ့သလို ဗိုဗီနမ်မှာလည်း နိုင်ငံအဆင့်လက်ရွေးစင်တစ်ဦးဖြစ်လာခဲ့တယ်။
သူဟာ အားကစားမှာထူးချွန်သလို ပညာရေးဘက်မှာလည်း လစ်ဟင်းတာမရှိဘဲ တောင်ကြီးတက္ကသိုလ်မှာ အင်္ဂလိပ်စာ မေဂျာနဲ့ နောက်ဆုံးနှစ်တက်ရောက်နေတဲ့ကျောင်းသူတစ်ဦးလည်းဖြစ်တယ်။
အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ချစ်နိုဒီဆောင်းဟာ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့မှာ မွေးဖွားပြီး တောင်ကြီးမြို့မှာ ကြီးပြင်းခဲ့တဲ့ ရှမ်းအင်းသူလေးတစ်ယောက်ဖြစ်တယ်။ သူ့မှာအစ်ကိုတစ်ယောက်သာရှိပြီး မိခင်ကတော့ ပင်စင်ယူထားတဲ့ပညာရေး ကော လိပ်က ဆရာမတစ်ဦးပါ။
ဖခင်ကတော့ အိမ်ရဲ့စီးပွားရေးအတွက် စာရေးကိရိယာနဲ့ စာစီစာရိုက်၊ မိတ္တူဆိုင်ကို တောင်ကြီးနေအိမ်မှာပဲ ဖွင့်ထားပြီး အေးအေးချမ်းချမ်းနေထိုင်ကြသူတွေဖြစ်တယ်။
ချစ်နိုဒီဆောင်းဟာ မွေးစကတည်းက ကျန်းမာရေးမကောင်းလို့ ပိုးမွေးသလိုမွေးခဲ့ရပြီး သူများကလေးတွေလိုလည်း ခုန် ပေါက်ကစားနိုင်ခြင်းမရှိခဲ့ပေ။
ကျောင်းတက်ရမယ့်အရွယ်ရောက်တော့လည်း မူးလဲတာ၊ နာဖျားတာတွေမကြာခဏဖြစ်လို့ သူ့အသက် ရှစ်နှစ်အရွယ်မှာ မိဘတွေက တောင်ကြီးက ကျောက်တိုင်ကွင်းအားကစားရုံကို အတင်းအကြပ်ပို့လို့ ရောက်သွားခဲ့ရတယ်။
ညနေကျောင်းဆင်းပြီဆိုတာနဲ့ ဖခင်က သူတို့မောင်နှမနှစ်ယောက်ကို အားကစားရုံကိုလိုက်ပို့ပေးပါတယ်။ အစက ပေါ့ပေါ့ ပါးပါးလေ့ကျင့်ရတဲ့ဝူးရှူး သင်တန်းတက်ဖို့လုပ်ခဲ့ပေမယ့် ကစားမယ့်သူမရှိတာကြောင့် တိုက်ကွမ်ဒိုကို သင်ယူခဲ့ရတယ်။
ကျန်းမာရေးမကောင်းသူက အားကစားစလုပ်တဲ့အခါမှာ မျက်ရည်ကျတဲ့အထိ ပင်ပန်းနာကျင်ခဲ့ရသလို ဆရာတွေရဲ့ဆူပူ ကြိမ်းမောင်းတာကိုလည်း မကြာခဏခံရတယ်လို့ ချစ်နိုဒီဆောင်းက အခုလိုပြောပြပါတယ်။
“တိုက်ကွမ်ဒိုမှာ ခြေထောက်က အဓိကဆိုတော့ ပေါင်ကားတာ၊ ခြေကန်တာတွေမလုပ်နိုင်ဘူး။ ပေါင်ကားရပြီဆို အမြဲတမ်း ငိုရတယ်။ ဆရာတွေကလည်း ထိအောင်အတင်းဖိချလို့အော်ရတယ်။ ပြန်ရင် ခြေထောက်တွေတောင့်တယ်။ နာတော့ မသွားချင်တော့ဘူး။ စိတ်ညစ်လာတယ်။”
သင်တန်းတက်ခါစမှာ ကိုယ်လက်တွေနာကျင်တာကြောင့် မသွားချင်လို့ မိဘတွေကိုပြောပေမယ့် အတင်းအကြပ်ပို့တာနဲ့ တိုက်ကွမ်ဒိုမှာ လက်ဦးဆရာဖြစ်တဲ့ဆရာစိုင်းထွန်းကလည်း လွန်စွာစည်းကမ်းကြီးသူတစ်ယောက်ဖြစ်တာကြောင့် သူတို့ သင်တန်းမပျက်ရဲခဲ့ကြပါ။
“သင်တန်းနောက်ကျလို့ရှိရင် နဖူးနဲ့တိုင်နဲ့စောင့်ရတယ်။ နောက်ဒူးနဲ့ ခဲလုံးနဲ့လည်းမထိရအောင် တစ်ဝက်ထိုင်ရတယ်။ လက် ထောက်၊ဖင်ကုန်းထားရပြီး တစ်ယောက်ချင်းရိုက်သွားတာလည်းရှိသေးတယ်။ ညီမဆိုအမြဲတမ်းဆူခံနေရတာ။” လို့ ချစ်နိုဒီ ဆောင်းက ပြောပါတယ်။
ဒါပေမဲ့ သူ့အသက် ၁၃ နှစ်အရွယ်မှာ သင်တန်းကနေ ပထမဆုံးပြိုင်ရတဲ့ရှမ်းပြည်နယ်တောင်ပိုင်း၊ အမျိုးသမီးအားကစား အဖွဲ့နာယကဖလားပွဲမှာ ကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်းဝင်ပြိုင်တာ ပထမဆုရခဲ့သလို ၂၀၁၀ ခုနှစ်၊ တိုက်ကွမ်ဒို သင်တန်း ဆင်းပွဲမှာလည်း အကောင်ဆုံးအားကစားသမားဆုရရှိခဲ့တယ်။
ချစ်နိုဒီဆောင် တိုက်ကွမ်ဒိုသင်ယူခဲ့တဲ့ ခုနစ်နှစ်တာကာလမှာ ပြိုင်ပွဲပေါင်း ကိုးပွဲကစားခဲ့ပြီး ပထမဆုက ငါးခု၊ ဒုတိယဆုက တစ်ဆု၊ တတိယက ငါးဆု၊ အထူးဆုနဲ့ အကောင်းဆုံးအားကစားသမားဆုက တစ်ဆုစီရရှိထားတာဖြစ်တယ်။
အခုလိုကိုယ်ခံပညာအားကစားကို ပုံမှန်ကစားနေလို့လည်း ချစ်နိုဒီဆောင်းရဲ့ကျန်းမာရေးဟာ သိသိသာသာကောင်းမွန်လာ ခဲ့ပြီး ပိုမိုကြံခိုင်ကာ သန်မာလာတယ်လို့ သူက ဆိုပါတယ်။
သူဘယ်လောက်ကြံခိုင်လာသလဲဆိုရင် သင်တန်းတွင်းပြိုင်ပွဲတစ်ခုမှာ ချစ်နိုဒီဆောင်းအပါအဝင် လေးယောက်တိုက်ကွမ်ဒို (အတိုက်)ပြိုင်ရာမှာ အားလုံးကို အနိုင်ရခဲ့တဲ့သူရဲ့စွမ်းဆောင်နိုင်မှုက သက်သေပြနေပါတယ်။
နောက် ရန်ကုန်မြို့၊ ကျိုက္ကစံအားကစားကွင်းမှာ ကျင်းပတဲ့ Champion Ship ပြိုင်ပွဲမှာလည်းရန်ကုန်မှတိုက်ကွမ်ဒို(အတိုက်) ကစားသမားက သူ့ခေါင်းကို ကန်လိုက်လို့ ဘာမှပြန်မလုပ်နိုင်တာတောင် တတိယဆုကို ရအောင်ယူပေးနိုင်ခဲ့တယ်။
သင်တန်း တစ်လလောက်အထိကတော့ မတက်ချင်လို့ ငိုလိုက်၊ ရယ်လိုက်နဲ့ဖြစ်ခဲ့ပေမယ့် နေသားကျလာတဲ့အခါမှာတော့ လေ့ကျင့်ရတာလည်းပျော်လာရင်းကနေ အားကစားကို ဝါသနာပါလာခဲ့တယ်လို့ ပြောပါတယ်။
ဝါသနာပါလာတဲ့အလျောက် ဆက်တိုက်လိုလိုကစားလာလိုက်တာ တက္ကသိုလ်ဝင်တန်းဖြေရမယ့် တစ်နှစ်သာ အနားယူခဲ့ တယ်။ စာမေးပွဲပြီးတော့လည်း တိုက်ကွမ်ဒိုပဲ ဆက်ကစားနေရာကနေ သင်တန်းဆရာမတစ်ဦးက ခေါ်လို့ သွားကစားရင်း ဗိုဗီနမ်ကို ပြောင်းကစားဖြစ်ခဲ့တာပါ။
ဒါပေမဲ့ အဲ့ဒီအချိန်က ဗိုဗီနမ်အားကစားဟာ မြန်မာနိုင်ငံမှာ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသေးပါဘူး။ ၂၀၁၂ ခုနှစ်စလို့ မြန်မာနိုင်ငံ ကို ဗီယက်နမ်နည်းပြတွေက လာသင်ပေးပေမယ့် ထူးချွန်သူနည်းတာနဲ့ သီးသန့်အားကစားရုံမရှိတာကြောင့် ဒီကစားနည်း က မှေးမှိန်လို့သွားခဲ့တယ်။
ဒီလိုဗိုဗီနမ်သီးသန့်အားကစားသမားမရှိတဲ့အတွက် ကရာတေးတို့၊ တိုက်ကွမ်ဒိုတို့မှ ထူးချွန်အားကစားသမားတွေကို ရွေး ထုတ်လေ့ကျင့်ပေးပြီး ဝင်ပြိုင်ခိုင်းတာဖြစ်တယ်။
ချစ်နိုဒီဆောင်းလည်း ၂၀၁၆ ခုနှစ်မှာ သင်တန်းဆရာမက ဝင်ပြိုင်ခိုင်းလို့ နေပြည်တော်မှာ တစ်လခန့်လေ့ကျင့်ပြီး တိုင်းနဲ့ ပြည်နယ်ဗိုဗီနမ်ကစားပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမဆုနဲ့ ဒုတိယဆု နှစ်ဆုကို စတင်ရခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ အိန္ဒိယနိုင်ငံမှာကျင်းပတဲ့ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲမှာ အလှပြကစားနည်းနဲ့ ဒုတိယဆုရခဲ့သလို ၂၀၁၈ ခုနှစ်၊ ငါးကြိမ် မြောက်အရှေ့တောင်အာရှဗိုဗီနမ် Championship မှာလည်း တတိယဆုရပြီး မြန်မာ့လက်ရွေးစင်ဖြစ်လာခဲ့တယ်။
“မြန်မာ့လက်ရွေးစင်ဖြစ်လာမယ်လည်း မထင်ဘူး။ ဒီအတိုင်းပဲ ဆော့ခဲ့တာ။ ဗိုဗီနမ်လည်းပြောင်းတော့ ရွှေရသွားတယ်။ အိန္ဒိယနိုင်ငံမှာ သွားပြိုင်ဖို့ခေါ်ရာကနေ အားကစားမှ အားကစားဖြစ်သွားတာ။”လို့ ချစ်နိုဒီဆောင်းက ပြောပါတယ်။
ဗိုဗီနမ်အားကစားမှာ တိုက်ခိုက်ရေးလို့ခေါ်တဲ့အတိုက်နဲ့ အလှပြလို့ နှစ်မျိုးရှိပြီး ခြေသုံးတာ၊ ကိုင်ပေါက်တာ၊ လက်သီးသုံး တာ၊ ကျွမ်းထိုးတာတွေပါသလို ဓါး၊ တုတ်စတာတွေသုံးရလို့ အစပိုင်းမှာ အမျိုးသမီးတွေက စိတ်မဝင်စားခဲ့ကြပါဘူး။
ဒါပေမဲ့ ၂၀၁၆ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာမြန်မာနိုင်ငံ အတွက် ပထမဆုံးရွှေတံဆိပ်ရယူနိုင်ခဲ့သူက အမျိုးသမီးလေးတွေဖြစ်လာတော့ သင်တန်းသူတွေများလာခဲ့တယ်။
အဲ့ဒီအချိန်က ဗိုဗီနမ်အားကစားသမားတွေ လေ့ကျင့်ဖို့ သီးသန့်ကစားရုံမရှိသေးလို့ ပြိုင်ပွဲ တစ်လအလိုလောက်မှာ စခန်း သွင်းလေ့ကျင့်ရေးဝင်ပြီး သွားပြိုင်နေကြရတာဖြစ်တယ်။
မြန်မာနိုင်ငံကတော့ ၂၀၂၃ ခုနှစ်၊ SEA GAME ပြီးမှ ဗိုဗီနမ်အားကစားကို ထည့်ပြီးယှဉ်ပြိုင်လာတာပါ။ အခုဆိုရင် ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့အာ/ကာသိပ္ပံကျောင်းတွေမှာ ဗိုဗီနမ်ကိုလေ့ကျင့်သင်ပေးနေတာတွေရှိလာပါပြီ။
ဒီလိုတိုက်ကွမ်ဒိုကနေ ရုတ်တရက် ဗိုဗီနမ်ကို ပြောင်းကစားရတော့ အစပိုင်းမှာများစွာအခက်အခဲရှိခဲ့တယ်လို့ချစ်နိုဒီဆောင်း က အခုလိုပြောပြပါတယ်။
“ ဗိုဗီနမ်ကျတော့ နွဲ့သင့်တဲ့နေရာနွဲ့၊ အားထည့်သင့်တဲ့နေရာ အားထည့်၊ ရပ်သင့်တဲ့နေရာရပ်ပေါ့။ အကွက်များတယ်။ တိုက်ကွမ်ဒိုက ခြေထောက်ကိုအားထည့်သုံးတာ။ အဲ့တော့ကစားနည်းက ဘယ်လိုပြောင်းပြောင်း ကိုယ်ကတိုက်ကွမ်ဒိုပုံစံပဲ ဖြစ်နေတာ။ တိုက်ကွမ်ဒိုပုံစံပျောက်အောင်မနည်းကြိုးစားခဲ့ရတယ်။”
သူကိုယ်တိုင်လည်း အများနည်းတူ အသားနာစေတဲ့အားကစားတွေကို မလုပ်ချင်ပေမယ့် နောက်ပိုင်းမှာ ဝါသနာပါပြီး ပျော် လာတော့ မကစားရရင် မနေနိုင်တဲ့အထိဖြစ်ခဲ့ကြောင်း ချစ်နိုဒီဆောင်းက ရှင်းပြပါတယ်။
လက်ရှိအချိန်ထိဆိုရင် ချစ်နိုဒီဆောင်းဟာ ဗိုဗီနမ်နဲ့ ပြိုင်ပွဲပေါင်း ခုနစ်ခုဝင်ပြိုင်ထားပြီး ပထမဆု တစ်ဆု၊ ဒုတိယဆု သုံးဆု၊ တတိယဆု ခြောက်ဆုရရှိထားတာဖြစ်တယ်။ ဒီကြားထဲ ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် ၂၀၂၃ ဆီးဂိမ်းမှာ ပါဝင်နိုင် ခြင်း မရှိခဲ့ပါ။
နိုင်ငံရေးအခြေအနေနဲ့ ရှမ်းပြည်မှာလည်း ဗိုဗီနမ်လေ့ကျင့်ရေးကွင်းမရှိတာကြောင့် ပြိုင်ပွဲနားထားတဲ့အချိန်တွေမှာ ယူကျု့ ကြည့်ပြီး တစ်နေ့ကို အနည်းဆုံးအချိန် ၄၅ မိနစ်လောက်နေ့တိုင်းလေ့ကျင့်ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် သူဟာ ဒီကာလမှာ ကလေးတွေဟာ ကျောင်းတွေလည်းမတက်ရ၊ အိမ်ပြင်လည်း ထွက်မဆော့ရတော့ ဖုန်းကြည့် တာ၊ ဂိမ်းဆော့တာတွေမြင်လာရတော့ ကလေးတွေအတွက် အကျိုးရှိစေဖို့ အခမဲ့အားကစားသင်တန်းကျောင်းလေးဖွင့်ဖို့ စဉ်းစားဖြစ်လာခဲ့တယ်။
နောက် ဒီကာလခိုးဆိုးလုယက်တာတွေများလာပြီး မိန်းကလေးတွေအနေနဲ့ လုံခြုံမှုကင်းမဲ့နေတဲ့အနေအထားမှာ ကိုယ့်ကို ကိုယ်ကာကွယ်နိုင်အောင်ရည်ရွယ်ကာ ဗိုဗီနမ်အခမဲ့သင်တန်းကျောင်းကို ညောင်ရွှေမှာဖွင့်ခဲ့ပါတယ်။
ဒီသင်တန်းကျောင်းကို ၂၀၂၁ ခုနှစ်၊ မတ်လလောက်မှာစဖွင့်ခဲ့တာဖြစ်ပြီး ဖွင့်စမှာကတည်းက ကလေးတွေစိတ်ဝင်တစား လာတက်ကြတယ်။ သင်တန်းသားအားလုံး ၇၀ လောက်ရှိပြီး တစ်ဝက်ကျော်ကျော်လောက်က မိန်းကလေးတွေဖြစ်တယ်။ အသက်အရွယ်အားဖြင့် ခြောက်နှစ်ကနေ ၂၅ နှစ် အရွယ်ထိတက်ကြပါတယ်။
“ညီမတောင်သင်တန်းမရောက်သေးဘူး။ ကလေးတွေကအရင်ရောက်နေပြီ။ သူတို့အရမ်းစိတ်ဝင်စားကြလို့ ဝမ်းသာတယ် သူတို့ကကြိုးလည်းကြိုးစားကြတယ်။ ခိုင်းရင်လည်း အကုန်လုပ်တယ်။ Sunday ဆို သူတို့ကိုပြိုင်ပွဲလေးလုပ်ပေးတယ်။” လို့ မချစ်နိုဒီဆောင်းက ပြောပါတယ်။
အခုဆိုရင်ဒီသင်တန်းကျောင်းမှ ကလေးတချို့က ပြိုင်ပွဲဝင်ပြိုင်ဖို့ အသင့်ရှိနေကြပါပြီ။ လက်ရှိမှာတော့ အဲ့ဒီသင်တန်းခဏ နားထားပြီး ရှမ်းတောင်အတွက် နည်းပြပြန်လုပ်ပေးနေရပြီး သင်တန်းသားတွေ စခန်းသွင်းလေ့ကျင့်ပေးနေရတာဖြစ်တယ်။
သူ့ ရှေ့ဆက်လျှောက်မယ့် အနာဂတ်ရည်မှန်းချက်နဲ့ ပတ်သက်လို့တော့ အားကစားသင်တန်းဖွင့်ဖို့ အကြံပေးတာရှိသလို ကိုယ်ပိုင်ကျောင်းတွေမှာ အားကစားလာသင်ပေးဖို့ကမ်းလှမ်းတာတွေရှိပေမယ့် စဉ်းစားနေဆဲလို့ သူက ပြောပါတယ်။
အကြောင်းကတော့ ငယ်စဉ်ကတည်းက ကစားလာခဲ့တဲ့အားကစားကိုလည်း မစွန့်နိုင်သလို တဖက်မှာလည်း စီးပွားရေး တစ်ခုလုပ်ဖို့ ဆန္ဒတစ်ခုရှိနေတာကြောင့် သူက ဝေခွဲမရနေတာပါ။ ဒါပေမဲ့ ဗိုဗီနမ်အားကစားဟာ အမျိုးသမီးတွေအတွက် အကျိုးရှိစေလို့ အားကစားကိုဆက်လုပ်သွားမယ့်အကြောင်းကို အခုလိုပြောပြထားပါတယ်။
“အားကစားကတော့ ဘယ်တော့မှမစွန့်ဘူး။ ကိုယ်လုပ်နိုင်သရွေ့ လုပ်နိုင်တဲ့အထိဆက်လုပ်သွားမယ်။”