ဒေဝီ။ ။
မျှစ်ကို ကြက်သွန်နီ၊ မြေပဲ၊ ပဲမှုန့်နဲ့အဆာပလာတွေ ရောစပ်ပြီးနယ်ဖတ်ထားတဲ့ စားချင်စဖွယ် မျှစ်သုတ်ကစတီးဇလုံကြီးနဲ့အပြည့်ပါ။ တခြားသောဖွယ်ဖွယ်ရာရာ ဟင်းလျာတွေကလည်း အဆင်သင့်ဖြစ်နေကြသလို ထမင်းဟင်းတွေပြင်ဆင်ထားတဲ့ နေရာနဲ့ မလှမ်းမကမ်းက ပန်းကန်တွေ ဇလုံတွေကိုင်ဆောင်ပြီးတန်းစီနေတဲ့ လူတန်းရှည်ကြီးကလည်း အဆင်သင့်ဖြစ်လို့နေပါပြီ။
ဒီနေ့ကျွေးမွေးလှူဒါန်းမယ့် ဟင်းလျာက ပေါ်ဆန်းမွှေးထမင်း၊ကြက်သားပင်စိမ်းဆီပြန်၊မျှစ်သုတ်၊ ပဲပင်ပေါက်ပဲပြားကြော်၊ မရမ်းသီးငပိချက်၊ တို့စရာစုံ၊ ဘူးသီးဟင်းခါး စတဲ့ ဟင်းလျာတွေဆိုတော့ ပိုပြီး တက်ကြွနေကြပြီး၊ ဝေငှတော့မယ်လို့ ကြေငြာချိန်မှာတော့ လူတန်းရှည်ကြီးက လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ ဒါက ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်က ပြည်သူတွေကို ပရဟိတအဖွဲ့တစ်ခုက အာဟာရဒါန မျှဝေပေးနေတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။
ဟင်းအမယ်မျိုးစုံ ချက်ပြုတ်ထားတဲ့ ထမင်းနဲ့ဟင်းလျာတွေကို အာဟာရဒါနမျှဝေနေတဲ့ မြင်ကွင်းကို ရန်ကုန်တိုင်းထဲက လူဦးရေထူထပ်ပြီး လက်လုပ်လက်စားမိသားစုတွေများတဲ့ ဒဂုံဆိပ်ကမ်းနဲ့ ယုဇနဝန်းကျင်က ရပ်ကွက်အချို့မှာ နေ့စဉ်( ဒါမှမဟုတ်) ရက်ခြားဆိုသလို တွေ့မြင်နိုင်ပါတယ်။
ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့လှူဒါန်းမှုတွေနဲ့ ကိုကြီးနှင့်ညီအကိုမောင်နှမများပရဟိတအဖွဲ့က “ပြည်သူမှပြည်သူသို့” အစီအစဉ်အဖြစ် ယင်းရပ်ကွက်ဝန်းကျင်မှာ ထမင်းနဲ့ဟင်း လှူဒါန်းနေတာ တစ်နှစ်ဝန်း ကျင်ရှိပါပြီ။ တနေ့တခြား ခက်ခဲကျပ်တည်းလာကြတဲ့ အခြေခံလူတန်းစားတွေရဲ့ ထမင်းတနပ်အတွက် အားကိုးအားထားလည်း ဖြစ်လာပါတယ်။
ထမင်းနဲ့ ခပ်ကြီးကြီးတုံးထားတဲ့ အသားတုံး၊ အသုပ်၊ အရွက်ကြော်၊ ဟင်းချို၊ ငပိရည်၊ ငပိချက်၊ တို့စရာစုံစုံလင်လင်နဲ့ ဖွယ်ဖွယ်ရာရာချက်ပြုတ် လှူဒါန်းတဲ့အတွက် ခက်ခဲနေတဲ့ ကာလမှာမိသားစုတွေ ထမင်းတစ်နပ်စာ ကောင်းကောင်းမွန်မွန် စားသောက်နိုင်တာကြောင့် ရပ်ကွက်နေပြည်သူတွေ အတွက် အားကိုးရာထမင်းတစ်နပ် ဖြစ်ပါတယ်။ ပြည်သူမှပြည်သူသို့ အာဟာရဒါနအစီအစဉ်က ဆင်ခြေဖုံး ရပ်ကွက်က နွမ်းပါးပြည်သူတွေကို ထမင်းဟင်း အာဟာရ လှူဒါန်းတာ တစ်နှစ်ရှိပြီဖြစ်ပေမယ့် ၊အာဟာရဒါန လှူဒါန်းမှု အစက အစိုးရဆေးရုံတွေမှာ ဆန်ပြုတ် လှူဒါန်းတာကပါ။
အစိုးရဆေးရုံတွေမှာ တက်ရောက်ကုသနေတဲ့ လူနာနဲ့လူနာရှင်တွေအတွက် မနက်စာ အာဟာရအဖြစ် ဆန်ပြုတ်၊ ကြက်ဉနဲ့မုန့်တို့ကို အာဟာရဒါနမျှဝေမှုတွေ လုပ်ဆောင်တာကနေ ကိုဗစ်ကပ်ရောဂါလှိုင်းမှာ ရပ်နားခဲ့ရတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ တစ်ဆက်တည်း အာဏာသိမ်းကာလနောက်ပိုင်းမှာ ပြည်သူတွေက အဘက်ဘက်က ပိုကျပ်တည်းလာတဲ့အတွက် ယခင်မျှဝေနေကြ အာဟာရဒါနလှူဒါန်းမှုတွေလုပ်ဖို့ စဉ်းစားခဲ့ပြီး အခြေခံလူတန်းစားတွေအတွက် ဆန်ဆီကြက်ဥရိက္ခာ အခြောက်အခြမ်းနဲ့ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းဟင်း စတာတွေကို ကျူးကျော်မိသားစုတွေများတဲ့ ဒဂုံဆိပ်ကမ်းအနီးတဝိုက်ရပ်ကွက်က ပြည်သူတွေကို လှူဒါန်းခဲ့ပါတယ်။
ဒီလိုလှူဒါန်းတဲ့အခါတိုင်း အခြားစားသောက်စရာတွေထက် ထမင်းနဲ့ဟင်းကိုရပ်ကွက်နေပြည်သူတွေက ပိုသဘောကျ နှစ်ခြိုက်ကြတဲ့အတွက် ထမင်းနဲ့ဟင်းကို ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြီး ဦးစားပေးကျွေးမွေးလှူဒါန်း ဖြစ်ခဲ့တယ်လို့ ကိုကြီးနှင့်ညီအကိုမောင်နှမများပရဟိတအဖွဲ့ ဦးဆောင်သူ ကိုမြင့်ဇော်ကပြောပါတယ်။
ထမင်း၊ အသားငါးဆီပြန်ဟင်း၊ အရွက်ကြော်၊ အသုပ်၊ ဟင်းချို၊ ငပိရည် တို့စရာ တို့ကို စုံစုံလင်လင် ကျွေးမွေးတဲ့အခါ လာရောက်ယူဆောင်သူတွေအနေနဲ့လည်း အိမ်မှာ ထမင်းတနပ် အကုန်အကျသက်သာသလို လှူဒါန်းတဲ့ အလှူရှင် တွေကလည်း သဘောကျနှစ်သက်တဲ့အတွက် စလှူဒါန်းစဉ်က တစ်လကို တစ်ရက်နှစ်ရက် ပဲလှူဒါန်းတာကနေ အလှူရှင်တွေကလည်း လှူဒါန်းမှုများလာတာကြောင့်နောက်ပိုင်းမှာ နေ့စဉ်ရက်ဆက်ဆိုသလို လှူဒါန်းဖြစ်ခဲ့တယ်လို့ ဆိုတယ်။
“နေ့တိုင်းချက်ပြုတ်ပေးနေရပေမယ့် ပျော်တယ်၊ ချက်နေရတာကိုပျော်တာ။ ကိုယ်ချက်ထားတာစားတာကို ကြည့်နေရင်းနဲ့ပီတိဖြစ်ရတယ်”လို့အာဟာရဒါနအလှူအတွက် ထမင်းဟင်းတွေကို ဦးဆောင်ချက်ပြုတ်ပေးသူ မဆွေကပြောပါတယ်။
မိသားစုများအတွက် စတုဒီသာအလှူရှင်များက အားကိုးရာတစ်ခုဖြစ်လာသည်။
မဆွေက ကိုကြီးနဲ့ ညီကိုမောင်နှမများ ပရဟိအဖွဲ့ရဲ့အာဟာရလှူဒါန်းမှုတွေမှာ ပါဝင်ချက်ပြုတ်ပေးနေတာ ၁၀နှစ်ဝန်းကျင်ရှိပါပြီ။ မဆွေက ကိုယ်ပိုင်စီးပွားရေး အနေနဲ့ လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားတဲ့အတွက် တဖက်ကဆိုင်အတွက် ချက်ပြုတ်ရောင်းချပြီး မိသားစုနဲ့ ကလေးတွေကိုထိန်းကျောင်းသလို တဖက်မှာလည်း ဝါသနာပါတဲ့ ပရဟိတ လုပ်ငန်းတွေမှာ ကူညီချက်ပြုတ်ပေးလေ့ရှိပါတယ်။
“စတုန်းကတော့ ဆေးရုံတွေမှာ ဆန်ပြုတ်လှူတာကိုချက်ပေးတာ၊နောက် ဝေးလံခေါင်ဖျားနေရာကို သွားလှူတဲ့ အခါလည်း ကိုယ်တိုင်ချက်တာ၊ကိုယ်တိုင်ချက်တော့သန့်သန့်ရှင်းရှင်းနဲ့ ဝဝလင်လင်စားရတယ်”လို့ မဆွေက ပြောပါတယ်။
ဆေးရုံတွေမှာ ဆန်ပြုတ်လှူဒါန်းတုန်းကထက် ယခုရပ်ကွက်ထဲ ထမင်းဟင်းကျွေးတာက ပိုအလုပ်များ ပင်ပန်းပေမယ့် သူတို့ချက်ပြုတ်လိုက်တဲ့ အစားအစာတွေကို မိသားစုတွေ တနပ်စာ လုံလုံလောက်လောက်နဲ့ အရသာရှိရှိ စားသောက်ရတဲ့အတွက် ကျေနပ်ပီတိဖြစ်ရတယ်လို့ မဆွေကပြောတယ်။
အာဟာရဒါနလှူဒါန်းဖို့ရှိတယ်ဆိုရင် မဆွေက ကျွေးမယ့်ဟင်းအမယ်တွေကို တိုင်ပင်ပြီး စျေးဝယ်ထွက် ပါတယ်။ စျေးမှာ လိုအပ်မယ့် အသားငါး အသီးအရွယ်တွေကို ဝယ်ပြီးရင်တော့ မဆွေတို့ လုပ်ငန်းစပါပြီ။ အလှူရှင်တွေ လှူဒါန်းမှုပေါ်မူတည်ပြီး လူ၃၀၀ စာ ကနေ ၁၀၀၀ ဝန်းကျင် ကျွေးမွေးရတာကြောင့် အသားနဲ့ အရံဟင်း ၅မျိုး ကနေ၆မျိုးအထိပုံမှန် ချက်ပြုတ်ရတယ်။
စျေးကနေ ဝယ်လာတဲ့အသားငါး အသီးအရွက်တွေကိုလှီးချွတ် ဆေးကြောပြင်ဆင်တာည၈နာရီမှ နားရတယ်။မနက်ပိုင်းလှူဒါန်းမှာဖြစ်တဲ့အတွက် နံနက်၅နာရီမှာ ပြီးစီးအောင်လို့ အသင့်ပြင်ထားတဲ့ ဟင်းအမည် တွေကို မနက်၁နာရီထပြီး ချက်ပြုတ်ရတယ်။ လှူဒါန်းချိန်က နံနက် ၇နာရီဖြစ်ပေမယ့် လာရောက်တန်းစီတဲ့သူတွေက နေ့လည်မှ မိသားစုတွေ စားသောက် ကြတာဖြစ်ပြီး အချို့မိသားစုတွေကလည်း နေ့လည်စာစားပြီး ကျန်တဲ့ဟင်းတွေကို ညနေအထိ မျှဝေ စားသောက် ကြတာတွေကြောင့် အစားအသောက်တွေ မသိုးအောင် ဆီနဲ့ဟင်းအနှစ်နဲ့ ကျကျနန အချိန်ပေး ချက်ပြုတ်ရပါတယ်။
အားလုံးချက်ပြုတ်ပြီးစီးလို့ ဝေငှလှူဒါန်းကြတဲ့အခါ ကလေးကစပြီး အသက်ကြီးအဘိုးအဘွားအရွယ်စုံ လာရောက် ယူကြ စားကြတာတွေ့တဲ့အချိန်ကတော့ သူတို့အတွက် အပျော်ဆုံးပဲလို့ မဆွေကပြောပါတယ်။
မိသားစုများအတွက် စတုဒီသာအလှူရှင်များက အားကိုးရာတစ်ခုဖြစ်လာသည်။
အာဏာသိမ်းမှုနောက်ဆက်တွဲအနေနဲ့ နိုင်ငံ့စီးပွားရေးကအောက်ဆုံးရောက်ခဲ့ရပြီး စီးပွားရေးကျပ်တည်းလာမှုကြောင့် အလုပ်အကိုင်ရှားပါးလာတာ ကုန်စျေးနှုန်းတက်တာတွေကြုံရပြီး ဒီဒဏ်တွေကို ဝင်ငွေနည်း လူတန်းစားတွေက ပိုခံရပါတယ်။ဒီလိုအချိန်မှာ ပရဟိတအဖွဲ့ တွေရဲ့ လှူဒါန်းမှုက ခက်ခဲနေတဲ့ သူတို့စားဝတ်နေရေးအတွက် အဆင်ပြေစေတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
“ကိုကြီးတို့အဖွဲ့တွေ ကျွေးမယ်ဆိုတာကြားရင် မိသားစုတွေသွားကြတာပဲ၊ မစားဖူးတဲ့ဟင်းတွေပါစားရတယ်၊ ဒီကို ပရဟိတအဖွဲ့တွေက ခဏခဏလာကြတယ် သူတို့ လာလှုတယ်ဆို ပျော်နေတာ”လို့ အသက် ၂၅နှစ်အရွယ် မသင်း( အမည်လွှဲ) ကပြောတယ်။
ကျပန်းလုပ်သားတွေဖြစ်တဲ့ မသင်းတို့ဇနီးမောင်နှံက ကိုဗစ်နဲ့ အာဏာသိမ်းကာလ မတိုင်ခင်အချိန်တွေက စီးပွားရေးလုပ်ငန်းတွေကောင်းနေတဲ့အချိန်ဖြစ်တော့ သူတို့အတွက် အလုပ်အကိုင်တွေကလည်း မရှားဘဲ မိသားစုတွေ ဝမ်းဝခါးလှပါတယ်။ ဒါပေမယ့်ကိုဗစ်ကာလနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေမကောင်းတဲ့နည်းတူ သူတို့ သူတို့အလုပ်တွေလည်း မကောင်းတော့ အလုပ်က ရှိတလှည့်မရှိတလှည့်နဲ့ရရစားပဲ လို့ မသင်းကပြောပါတယ်။
အလုပ်ရှိတဲ့နေ့ဆို ရတဲ့ဝင်ငွေလေးနဲ့ ချက်ပြုတ်စားသောက်ကြပြီး၊ မရှိတဲ့အခါကျရင်လည်း ညီအကိုမောင်နှမတွေမှာ ရှိတာနဲ့မျှဝေစားသောက်ကြရနေထိုင်ဖြတ်သန်းရပါတယ်။ငွေကြေးအပိုမရှိတဲ့ သူတို့တွေအတွက် ထမင်းဟင်းနပ်မှန်ဖို့က အရေးကြီးတာကြောင့် အစားအသောက် မရွေးနိုင်ပါဘူး။ဒီလိုအချိန်မှာ ပရဟိတအဖွဲ့တွေရဲ့ ကျွေးမွေးလှူဒါန်းမှုတွေက သူတို့စားဝတ်နေရေးအတွက် အရေးပါတယ်လို့ ဆိုတယ်။
“ရပ်ကွက်အနား ထမင်းဟင်းလာလှုရင် သိရင်သွားယူလိုက်တာပဲ၊သူတို့ကျွေးတော့ တနပ်စာတော့ ကောင်းကောင်းစားရတယ်၊ ဖြစ်နိုင်ရင် နေ့တိုင်းကိုလာစေချင်တာ”လို့ မသင်းကပြောတယ်။
သာမန်လက်လုပ်လက်စားတွေများတဲ့ သူတို့မြို့နယ်တစ်ဝိုက်ကို ဆန်၊ဆီ၊ပဲ လိုစားနပ်ရိက္ခာ အခြောက် အခြမ်း လာလှုတဲ့သူတွေ ထမင်းဟင်းလာဝေတဲ့သူတွေ များတဲ့ အတွက် အဲဒီလိုအချိန်ဆို သူအပါအဝင် အခြားမိသားစုတွေ အတွက်ပျော်ရွှင်ရာပါပဲ။
“သူတို့လှုတာသိရင် မိသားစုတွေ အမြဲသွားယူတယ်၊ မရှိတဲ့အခါလေးလှုရင်ပိုဝမ်းသာတာပေါ့ “လို့ အသက် ၇၀ အရွယ် ဒေါ်ရီကပြောတယ်။
ဒေါ်ရီတို့က မိသားစု ငါးယောက်ရှိတဲ့အတွက် ထမင်းဟင်းကို ငါးဦးလုံး လာရောက်ယူပြီး မိသားစုတွေမျှဝေ စားသောက်ကာ ပိုတဲ့ဟင်းကိုဖယ်ထားပြီး ညနေကျရင် အသီးအရွက်တခွက်နဲ့ကြော်ချက် စားသောက် လိုက်ရင်မိသားစုတွေ အကုန်အကျသက်သွားရောလို့ ပြောတယ်။
ထမင်းနဲ့ဟင်းကို ဖွယ်ဖွယ်ရာရာလှူဒါန်းပေးတဲ့ ကိုကြီးတို့ပရဟိတအဖွဲ့ကလည်း သူတို့ ရပ်ကွက် အနီးဝန်းကျင်ကို တစ်ပတ်မှာ ၃ခေါက်ကနေ တခါတရံ ရက်ခြား လာလှုတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေက ကျေးဇူးတင်ရတာ လို့ ဆက်ပြောတယ်။
“သူတို့လာမယ်ဆိုရင် ပျော်နေတာ၊ ဟင်းကောင်းကောင်းစားရတယ်။ လူကြီးတွေကိုလည်း ဦးစားပေးတယ်၊ ကလေးတွေ ကိုလည်း မုန့်ဝေပေးတယ်” လို့ ဒေါ်ရီကပြောတယ်။
ကိုဗစ်ကပ်ရောဂါနဲ့တဆက်တည်း ဖြစ်လာတဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ ပြည်သူတွေကျပ်တည်းမှုတွေက ပိုပိုလာပေမယ့် ခက်ခဲ ကျပ်တည်းနေတဲ့ သူတွေကို မျှဝေနေတဲ့ ပရဟိတအဖွဲ့တွေရဲ့လှူဒါန်းမှုတွေကလည်း ရပ်တန့်မသွားပါဘူး။ နေရာဒေသအလိုက် ပရဟိအဖွဲ့တွေနဲ့ ငွေကြေးတက်နိုင်သူတွေရဲ့ လှူဒါန်းမှု၊စတုဒိတာကျွေးမွေးမှု၊ စားနပ် ရိက္ခာထောက်ပံမှုတွေ ကကျပ်တည်းနေတဲ့ကာလမှ ပိုရှိလာတာကိုတွေ့ရတယ်လို့ ကိုမြင့်ဇော်ကပြောပါတယ်။
“မျှဝေမှုတွေက မြန်မာလူမျိုးတွေရဲစိတ်ထားပေါ့၊ မရှိမဲ့ရှိမဲ့ထဲက လှူနေကြတာ၊ ငါစားမယ့်ထဲက မျှမယ်၊ ငါ့အတွက် တော်ပြီ သူတို့ အတွက် မျှဝေမယ်ဆိုတဲ့စိတ်ထားနဲ့လုပ်ကြတာ” လို့ ဆိုတယ်။
သူတို့အဖွဲ့တွေ ပုံမှန်မျှဝေလှူဒါန်းနေတဲ့ ဒဂုံဆိပ်ကမ်းနဲ့ယုဇန တဝိုက်ကလည်း ကျုးကျော်နေထိုင်သူတွေ ၊အခြေခံလူတန်းစားတွေ၊ဆောက်လုပ်ရေးလုပ်သားတွေ များတဲ့အတွက် ကိုဗစ်နဲ့အာဏာသိမ်း အလုပ်လက်မဲ့တွေ ဖြစ်ကြပြီး စားဝတ်နေရေးအဆင်မပြေသူတွေများကြတယ်။ သူတို့ပရဟိတအဖွဲ့က လာလှူဒါန်းတဲ့အခါ အခြားအလှူပစ္စည်းတွေထက် ထမင်းနဲ့ဟင်းကိုပိုကြိုက်ကြ၊ တောင့်တကြပြီး ၊မိသားစုတွေ ထမင်းတနပ်စာ ကုန်ကျစရိတ်လျော့ပါးသွားတဲ့အတွက် ဝမ်းမီအပူတစ်ခု လျော့ပါးသွားစေသလို လှူဒါန်းသူရောအကျိုးဆောင်ပေးရသူတွေရောကျေနပ်ပီတိဖြစ်ရတယ်။
ကုန်စျေးနှုန်းကြီးမြင့်ပြီး စားဝတ်နေရးခက်ခဲနေချိန်မှာ သူတို့ပရဟိတအဖွဲ့တွေ လှူဒါန်းပေးတဲ့ ထမင်းတနပ်ကြောင့် မိသားစုတွေအဆင်ပြေတယ်လို့ပြန်ကြားရတဲ့ အခါ ပျော်ရွှင်ကျေနပ်ရမှုက ဘာနဲ့မှမလဲနိုင်ပဲ စားစရိတ်ချွေတာနေရချိန်မှာ လွယ်လင့်တကူချက်စားဖို့မလွယ်တဲ့ အစားအသောက်အသောက်တွေလည်း ချက်ကျွေးချင်ပါတယ်လို့ မဆွေကဆိုတယ်။