သျှန်ကီခမ်း။ ။
၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီ ၁ စစ်တပ် အာဏာသိမ်းမှုက ယနေ့အချိန်ထိဆိုလျှင် နှစ်နှစ်ကျော်ထဲကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေဟာ နိုင်ငံအနှံ့မှာ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြပါတယ်။
အာဏာဖီဆန်ရေးမှာ နည်းလမ်းပေါင်းစုံနဲ့ လမ်းပေါ်ထွက် ဆန္ဒပြကြတဲ့အထဲ အထိရောက်ဆုံးလို့ ဆိုရသည်မှာ CDM (civil Disobedient Movement) လုပ်ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။
စစ်ကောင်စီကလည်း လမ်းပေါ်ထွက် ဆန္ဒပြတဲ့ ပြည်သူတွေကို လိုက်လံဖမ်းဆီးတာတွေ လုပ်တဲ့အပြင် CDM လုပ်တဲ့ နိုင်ငံ့ ဝန်ထမ်းများကိုလည်း ခြိမ်းခြောက်တာတွေ ပြုလုပ်သလို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တာပါ။ ဒါကြောင့် CDM နိုင်ငံ့ဝန်ထမ်း အများစုဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
နိုင်ငံ့ဝန်ထမ်းအချို့ကတော့ မိသားစုစားဝတ်နေရေးကြောင့် ထွက်ပြေးတိမ်းရှောင်တာ မလုပ်ဘဲ ခက်ခက်ခဲခဲဖြင့် ရရာအလုပ် မှာ ဝင်လုပ်ရင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ သူတွေလည်း ရှိပါတယ်။ အစပိုင်းမှာတော့ ‘ရုံးမတက်နဲ့ ရုန်းထွက်’ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဝန်ထမ်းအများစုကို CDM လုပ်ကိုင်ဖို့ စည်းရုံးခဲ့ကြတာ အောင်မြင်ခဲ့ကြပြီး ပြည်သူအများစုကလည်း CDM ဝန်ထမ်းတွေကို ကူညီ ထောက်ပံ့မှုတွေ ရှိခဲ့ကြပါတယ်။
သို့ပေမယ့် အာဏာသိမ်းကာလ အချိန်ကြာလာတာနဲ့အမျှ CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီမှုတွေ မရှိသလောက် လျော့ နည်းလာပါပြီ။ ဒါ့ကြောင့် CDM ဝန်ထမ်းအများစုဟာ ရရာအလုပ်ဝန်လုပ်ကြရင်း မိသားစု ဝမ်းရေးကို ဖြေရှင်းနေကြသလို တစ်ချို့သော CDMတွေဟာ စစ်ကောင်စီက လိုက်လံဖမ်းဆီးတာ၊ ခြိမ်းခြောက်တာကြောင့်နဲ့ စားဝတ်နေရေးအတွက် Non-CDM ပြန်လုပ်ကြရတဲ့ သူလည်း ရှိပါတယ်။
ဒီလိုအခက်ခဲပေါင်းမျိုးစုံ ကြားထဲက အာဏာသိမ်းစ ၂၀၂၁ ခုနှစ် ကတည်းကနေ ယနေ့အချိန်ထိ ဇွဲမလျော့ဘဲ ယနေ့အချိန်ထိ တောင့်ခံနေကြတဲ့ CDM နိုင်ငံ့ဝန်ထမ်းများ၏ အသံကို စုစည်းကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ဒေါ်မြမြ ( တောင်ကြီး)
“ဒီ CDM လုပ်တဲ့ တစ်လျှောက်မှာ အမှန်တိုင်းပြောရရင် စိတ်လုံခြုံမှုမရှိဘူး။ မလွတ်လပ်ဘူး။စားဝတ်နေရေးလည်း ကိုယ့် ဘာသာကို ဈေးရောင်းပြီး ရပ်တည်နေရတာ။ ခက်ခဲတယ်။ သူများတွေထက် ပိုကြိုးစားရတယ်။
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေက ဘာမှလုံခြုံမှုမရှိနေဘူး။ အစ်မတို့ရှေ့မှာပဲ ဖမ်းတာတွေရှိတော့ ပိုလို့တောင် စိတ်လုံခြုံမှု မရှိဘူး။
ကိုယ့်နိုင်ငံလည်း သူများနိုင်ငံနဲ့ နည်းတူ ဖွံ့ဖြိုးရမယ်၊ တိုးတက်ရမယ်၊ ဒီမိုကရေစီဆိုတဲ့ အနှစ်သာရ အရသာကို အပြည့်အဝ ခံစားစေချင်တယ်။ စစ်အာဏာရှင်ကို တော်လှန်ရေးတာက အစ်မတို့ နောက်ဆုံးပေါ့ ဆိုတဲ့ စိတ်နဲ့တောင့်ခံပြီး နေနေရတယ်။
အစ်မတို့လိုချင်တဲ့ ပန်းတိုင်မရောက်မချင်း ဘယ်လောက် ခက်ခဲ ခက်ခဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျော်ဖြတ်သွားမယ် ရှေ့ ဆက် သွားနေမယ်။ ဈေးပဲ ရောင်းရ ရောင်းရ နောက်ဆုံး ဘယ်လို ဆုံးဖြတ်ထားလဲဆိုရင် ဒီဘွဲ့နဲ့ ဘာမှ လုပ်စားလို့ မရရင် လုံးဝ လုပ်စရာ မရှိတော့ရင် ပျံကျဈေးရောင်းပြီး ကိုယ်ဘာသာကို သွားနေမှာပဲ။
တခြားသော CDM လုပ်နေသူတွေကို ပြောချင်တာကတော့ ကိုယ်ကိုယ်တိုင်ကလည်း CDM လုပ်နေတော့ ခက်ခဲတယ် ဆိုတာ သိတယ်။ သို့ပေမယ့် အားမလျော့ပါနဲ့။ တခြားသောနည်းနဲ့ လုပ်ငန်းနဲ့ လုပ်ကိုင်လို့ရသေးတယ်။ ရတဲ့နည်းနဲ့ မရရအောင် ကျော်ဖြတ်ပါ။
ကိုယ်တွေရဲ့ဘဝ ကိုယ်တွေရဲ့အနာဂတ်ပန်းတိုင် နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ပိုပြီးတော့ ဖွံဖြိုးတိုးတက်ဖို့ အတွက်တော့ သည်းခံပေးကြပါဦးလို့ ပြောချင်ပါတယ် ”
ဒေါပြုံးကြည် (ဟိုပုံး)
“ CDM စလုပ်တုန်းကတော့ တအားခက်ခဲတယ်။ အိမ်မှာနေပြီးဝင်ငွေကမရှိ။ မိသားစုစားဝတ်နေရေးကလည်း ခက်ခဲလာတယ်။ မိသားစုတွေကလည်း တစ်လ၊ နှစ်လလောက်ကတော့ ဘာမှမဖြစ်ဘူး။ တင်ကျွေးနိုင်သေးတယ်ပေါ့။ သုံးလ၊ လေးလ လောက်ထဲ ရောက်လာတော့ သူတို့လည်း ငြိုငြင်လာတယ်။
အရွယ်ရောက်ပြီးသား လူတစ်ယောက်က ဝင်ငွေမရှိတာ၊ အရင်ကလည်း ကိုယ်ဝင်ငွေနဲ့ကိုယ် ရပ်တည်နေတဲ့ လူတစ်ယောက် ဆိုတော့ ဝင်ငွေမရှိတော့ ငြိုငြင်လာတာပေါ့။ ကိုယ်တစ်ခုခုလုပ်ရင်တောင် သိပ်ပြီး အကောင်းမမြင်ချင်ကြတော့ဘူး။
ပတ်ဝန်းကျင်က စပြောတာခံရတယ်။ ဘာလို့ CD လုပ်တာလည်း အလုပ်ထဲ ပြန်ဝင်လိုက်ဆိုပြီး ဝိုင်းပြောကြတယ်။ တချို့ သူငယ်ချင်းတွေကလည်း ကောလိပ်ကြီးတက်ထားပြီးတော့ ဘာလို့ CDM လုပ်လိုက်တာလဲ။ အချိန်တွေ ပိုက်ဆံတွေ ရင်းထား တာ။ ဘာလို့ ရူးကြောင်ကြောင်အလုပ်တွေ လုပ်နေတာလဲပေါ့။ အလုပ်ပြန်ဝင် ဘယ်လိုလုပ်ပြီးတော့ အဲလို လမ်းညွန်တဲ့ သူတွေ လည်း ကြုံရတယ်။
ရွာမှာ ပတ်ဝန်းကျင်က တစ်ယောက်တစ်ပေါက်နဲ့တော့ အဆင်မပြေတော့ အိမ်ပေါ်ကနေ ဆင်းလာခဲ့တာ။ ကိုယ်တတ်ထားတဲ့ ပညာနဲ့ အလုပ်တွေ လိုက်လျှောက်တာ နှစ်လ ကျော်လောက်ကြာပြီးမှ ရတာ။ အလုပ်ကိုင်ရှားပါးတော့ ရှာရခက်တယ်။
ကိုယ်ကတော့ ဆုံးဖြတ်ချက်ခိုင်မာတယ်။ ဆုံးဖြတ်ချက်ကလည်းမမှားဘူး။ လုပ်လက်စနဲ့ဆုံးအောင် ဆက်လုပ်သွားမယ်။ ရပ်တည်မယ်။ အဲတာနဲ့ပဲ အခုချိန်ထိ အောင့်အီးသည်းခံနေရတာပဲ။
ရှေ့လျှောက်မှာလည်း နိုင်ငံရေး ဒီလို ဖြစ်နေသရွေ့တော့ ကျောင်းဆရာမ အလုပ်မလုပ်ဘူး။ Non- CDM ပြန်မလုပ်ဘူး။ တောင့်ခံလာတာ ဒီခြေနေထိ ရောက်လာပြီဆိုတော့ ဒီထက်ပိုပြီး တောင့်ခံကြပါလို့ ပြောချင်ပါတယ်”
ဒေါ်အေးမြ (ဆီဆိုင်)
“ CDM လုပ်တဲ့ တစ်လျှောက်မှာ နည်းနည်းတော့ မွန်းကြပ်သလိုတော့ ဖြစ်တယ်။ တစ်နေရာရာသွားလည်း မလွတ်လပ်ဘူး။ စိတ်လည်း လုံခြုံမှုမရှိဘူးပေါ့။ ညညဆို လာပဲဖမ်းတော့မှာလားဆိုပြီးတွေးရင် အိပ်မပျော်တာတွေလည်း ရှိတယ်။ ကြောက် တာပေါ့။
မိသားစု စာဝတ်နေရေးက လောဆယ် ခြံသွားနေရတယ်။ မုန့်ညှင်း၊ ဂျုး၊ ဆူကာရွက်တွေကို စိုက်တယ် ပြီးရင် ဈေးထဲ သွား တယ်။ အဲတာနဲ့ စားသောက်နေရတယ်။ အရမ်းကြီး အဆင်ပြေတယ်လို့တော့ ဘယ်ရှိမှာလဲလေနော်။ ပတ်ဝန်းကျင်ကတော့ အလုပ်ပြန်ဝင်ခိုင်းတယ်။
ကျမကတော့ ကိုယ်ရွေးထားတဲ့ လမ်းကို ဆုံးအောင်လျှောက်မယ်။ သူတို့ စကားနဲ့ ကျမလမ်းမဆုံးဘူး။ လိုချင်တဲ့ ပန်းတိုင် ၊ အာဏာရှင် မပြုတ်ကျမချင်းတော့ နောက်မဆုတ်ဘူး။
ကျမတို့ အမေတို့ ခေတ်ကလည်း စစ်အာဏာကို ကြုံခဲ့ရတယ်။ အဖေဆို ပေါ်တာဆွဲတာ ခံရတယ်။ အဖေက သူတို့ ပစ္စည်း တွေကို ထမ်းပေးရတယ်။ မထမ်းနိုင်ရင် စစ်သားတွေက ရိုက်တာတွေ လုပ်တယ်။
အဖေပြန်ပြောပြတာ ဆုံးအောင်တောင် နားမထောင်နိုင်ခဲ့ဘူး။ အရမ်းနာကျင်ရတယ်။ ဒီလိုမျိုးကို ကျမတို့ရဲ့ နောက်ထပ် လူငယ်တွေ အနာဂတ် မျိုးဆက်တွေကို မခံစေချင်ဘူး။ ဒါနောက်ဆုံး အကြိမ်ဖြစ်စေချင်တယ်။ သေချာတာတော့ ကျမ ဒီခရီးကို ဆုံးအောင် လျှောက်မယ်”
ဒေါ်သက်မွန် (ပင်လောင်း)
“ ဆရာမပြန်မလုပ်ရရင် ပြီးရောဆိုပြီးတော့မှ စာရင်းကိုင် အလုပ်လုပ်ပြီး ဝမ်းရေးအတွက် ရပ်တည်နေတယ်။ အခက်ခဲကတော့ ခြိမ်းခြောက်မှုတွေ ခဏခဏကြုံရတယ်။ ဟိုနေရာ ဖမ်းလိုက် ဒီနားက ဖမ်းလိုက်။ မြို့မှာ ၅၀၅ (ဃ)နဲ့ ဖမ်းတယ်ဆိုပြီး ကြားတာရှိတော့ ကျမတို့ဖက် မြှားဦးမလှည့်နိုင်ဘူးလို့ ပြောလို့ မရဘူးလေ။
ကြောက်ရွံမှုကို မပြတာပဲ ရှိတယ်။ စိတ်ထဲမှာတော့ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေ ရှိနေတယ်။ ဖမ်းသွားရင် ဘာမှလုပ်လို့ မရတော့ဘူးလေ။
ဒါကြောင့် ကျမတို့ CDM လုပ်သာ လုပ်နေရတာ ငြိမ်နေရတယ်။ တချို့ကျတော့ ကျောင်းမသွားဘူးလားဆိုပြီး လာမေးကြ တယ်။ သွားတယ်ဆိုပြီး လိမ်ရတယ်။ ကျမတို့ နေထိုင်တဲ့နေရာက ဒလန်တွေ ခပ်များများဆိုတော့ ခြောက်လန့်မှုတွေနဲ့ မျိုးစုံ ကြုံနေရတယ်။ အလုပ်ကိုပြန်ဝင်ခိုင်းတယ်။ ပြန်မဝင်ရင် သူတို့ပေးထားတဲ့လစာကို ပြန်ဆပ်ခိုင်းတာ အမျိုးမျိုးခြိမ်းခြောက်ကြတာ။
သူများတွေက တောထဲဝင်ပြီးတော့ ပေးဆပ်ကြတယ်လေ။ ကိုယ်က တောထဲလည်း မသွားရဘူး။ ဒီအလုပ်တစ်ခုတည်းနဲ့ ငတ်မသွားဘူး။ တောထဲမှာဝင်ပြီး အသက်ပေးဆပ်နေတဲ့ လူငယ်တွေကိုအားနာတယ်။ ဒါကြောင့် ဆက်လက်ပြီး ရှေ့ကို ဆက်သွားမယ် ဆက်ပြီး တောင့်ခံသွားမယ်။
ရှေ့လျှောက်ကတော့ Non- CDM လုပ်ဖို့ စိတ်ကူးကတော့ မရှိဘူး။ Non- CDM လုပ်မယ့်အစား တခြားအလုပ်ကို လုပ်ပြီး ဆက်လက်ပြီးတော့ ရပ်တည်နေမယ်။
လူတိုင်းမှာ ခက်ခဲရှိတယ်။ သို့ပေမယ့် အားမလျော့ဖို့ အလုပ်ဆိုတာ တစ်ခုတည်း မရှိဘူး။ ကိုယ်လုပ်ရင် ကိုယ်ရတယ်။ ကိုယ့် ပညာအရည်အချင်းနဲ့ဆို အလုပ်လုပ်လို့ရတယ်။ ကိုယ့်အရည်အချင်းကို အသုံးချပြီးတော့ တခြားအလုပ်လုပ်ပြီး ရပ်တည် တာမျိုးကို တိုက်တွန်းချင်တယ်။
မှားယွင်းတဲ့လမ်းကို မရွေးချယ်ကြဖို့။ CDM လုပ်ပြီး လိပ်ပြာသန့်သန့်နဲ့အလုပ်လုပ်ကြပြီး အားမလျော့ဖို့တိုက်တွန်းချင်ပါတယ်”