ရွှေသွဲ့။ ။
မျက်နှာပေါ်မှာ နှာဖူးနဲ့ ဘယ်ဘက်ပါးပေါ်မှာ အညိုမဲစွဲနေတဲ့ အမျိုးသမီးဟာ စတိုးဆိုင်အတွင်းမှာ ကြမ်းတွေသန့် ရှင်းဖို့အတွက် ကြမ်းတိုက်တန်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အားသွန်ခွန်စိုက် သန့်ရှင်းရေးလုပ်နေပါတယ်။
အဲ့ဒီအမျိုးသမီးမျက်နှာပေါ်က ဒဏ်ရာဟာ ဝါးတစ်ပြန်စာလောက်ကနေ အထင်းသားမြင်နိုင်ပါတယ်။ ဒီဒဏ်ရာ တွေ ဘယ်လိုရထားတာပါလဲဆိုတာ မြင်တဲ့သူတိုင်း သိချင်လှပါတယ်။
“ရာသီဥတုက အေးတော့ အနာတွေက အရမ်းနာတာ။ အနာရှိန်နဲ့ ဖျားပါဖျားတယ်။ ဒါပေမယ့်လည်း အလုပ်က ပျက်လို့မရဘူးလေ” လို့ ပါးကဒဏ်ရာလေးကို ဖွဖွလေးကိုင်ရင်း အသက် ၄၀ အရွယ် မခင်လေးက ဆိုပါတယ်။
ဒဏ်ရာတွေဟာ မျက်နှာပေါ်တင်မကပါဘူး။ မမြင်နိုင်တဲ့ အင်္ကျီနဲ့ကာထားတဲ့ လက်မောင်းရင်း၊ ကျောပြင်နဲ့ ပေါင် ရင်း တစ်ချို့မှာလည်း သွေးထွက်နေတဲ့ဒဏ်ရာတစ်ချို့ ရှိနေပါသေးတယ်။
ဒီဒဏ်ရာတွေဟာ သူအနှစ်နှစ်ဆယ်နီးပါး ပေါင်းသင်းလာတဲ့ ယောက်ျားဖြစ်သူ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေပါ။
“မျက်နှာကိုက လက်သီးနဲ့ ထိုးတာ။ ကိုယ်လုံးကိုက လက်ရိုက်တုတ် (အဝတ်လျော်တဲ့လက်ရိုက်တုတ်) နဲ့ရိုက်တာ။ ဒါတောင် အရှောင်ကောင်းလို့။ သူကလူကောင်ထွားတော့ အမကပြန်မလုံးနိုင်တော့ ခံရတာ” လို့ မခင်လေးက သူ ဒဏ်ရာတွေ ရတဲ့အကြောင်းကို စပြီးပြောပြပါတော့တယ်။
သူအလုပ်ကအပြန် အရက်ဖိုးပိုက်ဆံတောင်းတာ မပေးလို့ဆိုပြီး တစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်ရာကနေ လက်ပါတဲ့အထိ ဖြစ်တာပါ။ အမြဲလိုလိုအရက်ဖိုးတောင်းတတ်ပြီး ပိုက်ဆံမပေးတဲ့ရက်ဆို ရန်ဖြစ်စကားများတာ အဆန်းမဟုတ်ဘူးလို့လည်း မခင်လေးက ဆိုပါတယ်။
ဒီလိုရန်ဖြစ်၊ စကားများတိုင်း မခင်လေးဟာ အမြဲလိုလို ရိုက်နှက်ခံနေရတာပါ။ ယောက်ျားဖြစ်သူဘက်က အမျိုး တွေကြားထဲမှာ လိုက်နေရတာဖြစ်တဲ့အတွက် ရန်ဖြစ်တဲ့အခါ မခင်လေးဘက်က ကူပြီးဆွဲပေးမယ့်သူ မရှိဘူးလို့ လည်း ဆိုပါသေးတယ်။
မခင်လေးဟာ စတိုးဆိုင်ကြီးတစ်ခုမှာ သန့်ရှင်းရေးဝန်ထမ်းလုပ်တာ ငါးနှစ်ကျော်ရှိနေပါပြီ။ အလုပ်စဝင်ဝင်ချင်း မှာ လစာခြောက်သောင်းကျော်လေးသာရပေမယ့် အခုဆိုရင် တစ်လလုပ်အားခ နှစ်သိန်းနီးပါးရနေပါပြီ။ ကြိုးစား ပြီးရိုးသားတဲ့ မခင်လေးကို ဆိုင်ပိုင်ရှင်ကချစ်သလို ဝန်ထမ်းတွေက ချစ်ခင်တာကိုခံရပါတယ်။
မခင်လေးမှာသားနှစ်ယောက်ရှိပြီး သားအကြီးက ၈ တန်းနဲ့ အငယ်လေးက ၆ တန်းဖြစ်ပါတယ်။ ကလေးတွေ ကျောင်းစရိတ်နဲ့ အိမ်ရဲ့စားဝတ်နေရေးအတွက် ဒီလစာတစ်ခုထဲနဲ့ ဖြေရှင်းနေရတာပါ။
ပြီးခဲ့တဲ့နှစ်က ယောက်ျားဘက်က မိဘတွေက နေဖို့အိမ်သေးသေးတစ်လုံး ပေးထားတဲ့အတွက် အိမ်ငှားခ သက် သာသွားပေမယ့်လည်း ကုန်ဈေးနှုန်း မြင့်တက်နေတဲ့အတွက် ဝင်ငွေနဲ့လောက်ငှအောင် ချွေတာသုံးစွဲရတယ်လို့ လည်း မခင်လေးက ဆိုပါသေးတယ်။
သားနှစ်ယောက်က အိမ်မှာစားဖို့မရှိရင် အဖွားအိမ် (ယောကျာ်းရဲ့အမေ) မှာ သွားစားလေ့ရှိပြီး ကလေးတွေ ကျောင်းစရိတ်လိုရင် တစ်ခါတစ်ရံထောက်ပံ့တာတော့ ရှိတယ်လို့ မခင်လေးက ဆိုပါတယ်။
“ဒီတစ်ခေါက်ရန်ဖြစ်တော့ အရိုက်ခံရတုန်းက ပြန်မလုပ်တော့ဘဲ ငြိမ်ခံပြီး အသေခံလိုက်ဖို့အထိ ဆုံးဖြတ်လိုက် သေးတယ်။ တစ်ခါထဲဝဋ်ကျွတ်တယ်ဆိုပြီးတော့လေ။ ဒါပေမယ့်လည်း ဒီလိုအရှုံးပေးလို့မရဘူးဆိုပြီး ပြန်လုံး တာ” လို့ မခင်လေးက ပြောပါတယ်။
သူ့ဒဏ်ရာတွေ သက်သာဖို့အတွက် အကိုက်အခဲပျောက်ဆေးတွေသောက်ရသလို အနာတွေကိုလူးဖို့ ဆေးတစ်ချို့ ကိုလည်း ဆိုင်ကဝန်ထမ်းတွေက စုပြီးဝယ်ပေးတယ်လို့ ပြောပြပါတယ်။
“အမကြီးမှာ ဒဏ်ရာဆိုတာ ပြတ်တယ်မရှိဘူး။ တနာမပျောက်သေးဘူး၊ နောက်တစ်နာထပ်ရလာပြန်ပြီ။ သူတို့ရန် ဖြစ်တဲ့အကြောင်းပြောပြရင် ကိုယ်တွေမှာတစ်ကယ်စိတ်မကောင်းဖြစ်ရတယ်” လို့ မခင်လေးအလုပ်လုပ်တဲ့ စတိုးဆိုင်ရဲ့ အရောင်းစာရေးမလေးက ဆိုပါတယ်။
သူ့ရဲ့အလုပ်က သန့်ရှင်းရေးအလုပ်ဆိုပေမယ့်လည်း စိတ်ဓာတ်က အလုပ်ရှင်စိတ်ဓာတ်မျိုးထားပြီး ဘယ်သူ့အ လုပ်မဆို မညည်းမညူ လုပ်ပေးတဲ့အတွက် ဆိုင်ကဝန်ထမ်းတွေ အကုန်လုံးနီးပါး သူ့ကိုချစ်ကြတယ်လို့ အရောင်း စာရေးမလေးက မခင်လေးအကြောင်း ဆက်ပြောပြပါသေးတယ်။
မခင်လေးဟာ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ အလုပ်ဆင်းရပြီး၊ အလုပ်မသွားခင် ကလေးတွေစားဖို့ အိပ် ယာစောစောထ၊ ထမင်းဟင်းချက်ပေးခဲ့ပြီးမှ အလုပ်သွားတာပါ။ ညနေအလုပ်ကပြန်ရောက်တော့လည်း ညစာ အတွက် ချက်ပြုတ်ရပြန်ရတယ်လို့ မခင်လေးက သူ့ရဲ့တစ်နေ့တာဖြတ်သန်းပုံကို ပြောပြပါတယ်။
“ကိုယ့်အလုပ်က သန့်ရှင်းရေး အလုပ်ဆိုတော့ အိမ်သာကအစ ဆေးကြောတိုက်ပွတ်ရတာ။ တစ်နေကုန် ဘယ် နားမှာ ဘာအမှိုက်ရှိလဲ၊ ဖုံတွေဘယ်နားမှာရှိလဲ၊ တောက်လျှောက်လုပ်ရတာ၊ ဒီလိုလုပ်ရလို့လည်း အမ မပင်ပန်း ပါဘူး။ အိမ်ပြန်ရောက်ရင် ဒီလိုတကျက်ကျက်ရန်ဖြစ်တာကြီးက ပိုပင်ပန်းတယ်” လို့ မခင်လေး သက်ပြင်းချေချေ ချရင်း ပြောလိုက်ပါတယ်။
ဒါကြောင့် သားလေးတွေနဲ့ပဲနေပြီး ဘဝကိုရှေ့ဆက်ဖို့ ဆုံးဖြတ်ပြီး လင်မယားချင်းကွာရှင်းပြတ်စဲဖို့ ရပ်ကွက် လူကြီးအိမ်ကို သွားပေမယ့်လည်း လင်မယားချင်းရန်ဖြစ်တာ အဆန်းမှမဟုတ်တာ၊ “လင်နဲ့မယား လျှာနဲ့သွား” ပဲလေ၊ ကွဲလိုက်ပါပြီတဲ့ နင်တို့ ဘယ်မှာသွားနေမှာလဲ၊ အဆင်ပြေအောင်နေကြဆိုပြီး ဖြောင်းဖျတာကိုသာ ခံရတဲ့ အတွက် ပြန်လာခဲ့ရတဲ့ အကြိမ်ရေလည်း မနည်းလှဘူးလို့ မခင်လေးက ဆိုပါတယ်။
မခင်လေးလိုပဲ အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ အသက် ၂၂ နှစ်အရွယ် မရတနာက “ညီမလည်း ယာအိမ်မှူးဆီကို ကွဲပေးဖို့သွားပြောတာ။ ဘယ်သူမှ မကွဲပေးဘူး။ နောက်တော့ လူကြီးအိမ်သွားရမှာ ရှက်လာပြီ” လို့ ပြောပါတယ်။
မရတနာတို့ အိမ်ထောင်သက်ဟာ သုံးနှစ်ပိုပိုလေးသာ ရှိသေးပေမယ့်လည်း ယောက်ျားဖြစ်သူက ယူပြီးကတည်း က အိမ်ထောင့်တာဝန် ဘာတစ်ခုမှမယူသလို အိမ်ထောင်ရေးဖောက်ပြန်တာပါ ရှိလာတဲ့အတွက် မကြာခဏဆိုသ လို ရန်ဖြစ်၊ စကားများကြတာဖြစ်တယ်လို့ မရတနာက ဆိုပါတယ်။
“ရန်ဖြစ်တိုင်း လက်ပါတယ်။ ရိုက်ခံရတဲ့အခါလည်းရှိတယ်။ ပါးစပ်ကလည်းပေါ်တင်ပြောတာ နောက်တယောက် ထားတော့ ဘာဖြစ်လဲတဲ့” ဒီလို လုပ်ရပ်တွေကြောင့် ဆက်မပေါင်းချင်တော့တာလို့လည်း မရတနာကဆိုပါတယ်။
အိမ်ထောင်ရှင်တွေနဲ့ မိသားစုဝင်တွေကြားမှာဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုကို သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ဖြစ်တယ်လို့ လက်ခံနေသေးတဲ့ အသိုင်းအဝိုင်းက ကြီးထွားနေဆဲဆိုတာ ဒီဖြစ်ရပ်က ထောက်ပြနေပါတယ်။
အိမ်တွင်းအကြမ်းဖက်တယ်ဆိုတာ ယောကျာ်းဖြစ်သူက ဇနီးမယားကို ရိုက်နှက်၊ ဆဲဆို၊ ညှင်းပန်းနှိပ်စက်တာ ကိုသာ လူအများက ပြေးမြင်ကြပေမယ့် အမှန်တကယ်က သွေးသားရင်းတော်စပ်တဲ့ မိသားစုဝင်တစ်ဦးဦးက ဖြစ်စေ၊ အိမ်ထောင်စုစာရင်းဝင် မိသားစုတစ်ဦးဦးကဖြစ်စေ အမျိုးသမီးတွေအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ နဲ့ စီးပွားပိုင်းဆိုင်ရာ တစ်ခုခုကျူးလွန်ပြီဆိုရင် အကြမ်းဖက်တာကို ဆိုလိုတာပါ။
အမျိုးသမီးတွေကိုနည်းမျိုးစုံနဲ့ အကြမ်းဖက်ခံနေရတာတွေဟာ အရင်ကတည်းကရှိခဲ့ပေမယ့်လည်း အခုအချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး အားလုံးချွတ်ခြုံကျနေတဲ့ အကြပ်အတည်းကာလမှာ အိမ်တွင်းအကြမ်းဖက်မှု ပိုဖြစ်လာတယ်လို့လည်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူက ဆိုပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုဆိုတာ အရင်ထဲကရှိနေပြီး၊ အခုအခြေအနေမှာ ကိုဗစ်ကာလ၊ အာဏာသိမ်းကာလ အတွင်းမှာဆို ကျူးလွန်တဲ့သူတွေက အင်အားပိုရှိလာတာကိုတွေ့ရပြီး၊ ကျူးလွန်ခံရတဲ့သူတွေက အရင်ထဲက အားမရှိပေမယ့် အမျိုးသမီးအဖွဲ့အစည်းတွေက အင်နဲ့အားနဲ့ ကူညီကြတဲ့အတွက် အမှုတွေကို အထိုက်အလျောက် ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးအရေး အစဉ်တစိုက် တက် ကြွလှုပ်ရှားသူက ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကူညီပေးမယ့် အဖွဲ့အစည်းတွေကိုယ်တိုင်က အင်အားမရှိတဲ့ အခြေအနေဖြစ်နေ တဲ့အတွက် အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်တာတွေ ပိုများလာပြီး၊ အာဏာမသိမ်းခင်က ဥပဒေက ရာနှုန်းပြည့် မစိုးမိုးဘူး ဆိုပေမယ့် အစိုးရပိုင်းနဲ့ ချိတ်ဆက်ပြီး ကူညီပေးခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီးရှိတယ်လို့ အထက်ပါ အမျိုးသမီးရေးတက်ကြွ လှုပ်ရှားသူက ဆက်ပြောပါတယ်။
“စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော၊ ကာမပိုင်းရော၊ လိင်ဆက်ဆံချင်တဲ့အချိန်မှာ အမျိုးသမီးက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဒီလိုတွေကျူးလွန်ခံနေရတဲ့ အမျိုးသမီးတွေမှာ အခွင့်အရေးဆိုတာ ဘာတစ်ခုမှမရှိတော့ဘူး။ သူတို့တွေဟာ အသက်ရှင်နေရက်နဲ့ ဘဝသေနေရသလို ဖြစ်နေတာ။ အမျိုးသမီးအခွင့်အရေးဆိုတာလည်း အမှောင်ချခံထားရသလို မှောင်ပိတ်နေတဲ့ကာလမျိုးဖြစ်တယ်” လို့ အထက်ပါ အမျိုးသမီးအရေး တက်ကြွလှုပ် ရှားသူက ဆိုပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ အကြမ်းဖက်စစ်တပ်က မတ ရားအာဏာသိမ်းတဲ့ အချိန်ကစပြီး ယနေ့အထိ အိမ်တွင်းအကြမ်းဖက်မှု (၁၁၁) မှု၊ အရပ်သားကျူးလွန်တဲ့ မုဒိမ်းမှု (၁၄) မှု၊ စစ်တပ်ကကျူးလွန်တဲ့ မုဒိမ်းမှု (၁၆) မှုထက်မနည်း၊ စစ်တပ်က ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ နှောက် ယှက်မှု (၃) မှုထက် မနည်းရှိတယ်လို့ အဖွဲ့ဝင် အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအရတွေ့ရပါသည်ဆိုပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်စွဲနဲ့ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။
အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဟာ သူတို့တွေ အကြမ်းဖက်ခံရပါတယ်ဆိုတာ ထုတ်ပြောတာ အလွန်နည်းပါးကြပြီး အလွန်အကျွံခံနေရတဲ့ အမျိုးသမီးတစ်ချို့တောင် ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ လက်လှမ်းမှီမှ တိုင်ကြားတာမျိုးတွေ ပြုလုပ်တာ များပါတယ်။
ဒါကြောင့် ဒီလိုကာလမျိုးမှာ ခံရသူကိုယ်တိုင်မှ ထုတ်မပြောရင် တိုင်တဲ့အမှုဆိုတာလည်း တက်လာမှာ မဟုတ်တဲ့ အတွက် တိုင်းတန်းထားတဲ့ အမှုစာရင်း အချက်အလက်တွေ ကောက်ယူဖို့ဆိုတာတော့ တော်တော်လေး ခက်ခဲတဲ့ အခြေအနေ တစ်ရပ်ဖြစ်တယ်လို့လည်း အထက်ပါ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူက ဆိုပါတယ်။
သို့ပေမယ့်လည်း အမျိုးသမီးတွေ အကြမ်းဖက်ခံရပြီဆိုရင် တိုင်ကြားနိုင်ဖို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (လူ/ကယ်/ပြန်) က ၂၄ နာရီ Helpline ဝန်ဆောင်မှုပေးထားတယ်လို့ လည်း လူကယ်ပြန်ဌာနရဲ့ တရားဝင် ဝပ်ဘ်ဆိုဒ်မှာ ကြေညာထားပါတယ်။
Helpline ဖုန်းကို အမှုဖွင့်တိုင်ကြားတဲ့အထဲမှာ ကျား/မ အခြေပြု အကြမ်းဖက်ဖြစ်ရပ်တွေ ပိုများနေတဲ့အတွက် Helpline မှာ ဖြေရှင်းဆောင်ရွက်မှုပေးနေတဲ့ ဝန်ထမ်းတွေကို ပြည်သူလူထုက ယုံကြည်အားကိုးလို့ တိုင်ကြား လာတဲ့အတွက် ဆက်ဆံရေးကောင်းမွန်ဖို့နဲ့ တိုင်ကြားသူတွေရဲ့ အချက်အလက်တွေ မပေါက်ကြားဖို့ လိုအပ်တယ် ဆိုတဲ့ အစရှိတဲ့အချက်တွေကို လိုက်နာဖို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က နေပြည်တော်က လူကယ်ပြန်ရုံး အတွင်း ကျား/မ အခြေပြုအကြမ်းဖက်မှု ဖြေရှင်းဆောင်ရွက်မှုဆိုင်ရာ သင်တန်းဖွင့်လှစ်တဲ့ အဖွင့်မိန့်ခွန်းထဲမှာ အဲ့ဒီဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ထည့်ပြောသွားပါတယ်။
၂၀၁၆ ခုနှစ်မှာ Helpline စတင်ဖွင့်လှစ်တဲ့နေ့ကနေ ၂၀၂၁ နှစ်ကုန်ထိ ဖုန်းခေါ်ဆိုပြီးတိုင်ကြားတဲ့ အမှုပေါင်း ၁၆၅၆ ရှိတဲ့အနက်မှာ ၁၀၄၂ မှုက ကျား/မ အခြေပြု အကြမ်းဖက်မှုဖြစ်တဲ့အတွက် တိုင်ကြားလာတဲ့ အမှုတွေဟာ ကျား/ မ အခြေပြု အကြမ်းဖက်ဖြစ်ရပ်တွေကို တွေ့ရတဲ့အတွက် လိုအပ်ချက်ပေါ်မူတည်ပြီး သင်တန်းနှစ်ရက် စီစဉ် ပေးရတာဖြစ်ပြီး၊ လူမှုဝန်ထမ်းနဲ့ ပြည်သူလူထုက တိုက်ရိုက်ချိတ်ဆက်တဲ့အတွက် အကျိုးထိရောက်စွာနဲ့ ပြည်သူ လူထုအတွက် ဝန်ဆောင်မှုပေးနိုင်စေဖို့ လိုတယ်လို့ပြောသွားပါတယ်။
အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ မခင်လေးနဲ့ မရတနာတို့ကတော့ Helpline ကိုဖုန်းခေါ်ပြီး တိုင်ကြားတာ မရှိခဲ့ဘူးလို့ဆိုပါတယ်။
“ဒီမှာ မျက်မြင်ကိုယ်တွေ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ် သွားတိုင်တာတောင် ဘာမှမလုပ်ပေးတာလေ။ ဖုန်းဆက် ပြီး တိုင်ပါပြီတဲ့၊ အစအဆုံးရှင်းပြ၊ ပြီးတော့လည်း ဟိုဖုန်းဆက်ဦး၊ ဒီဖုန်းဆက်ဦး လုပ်ဦးမှာ။ ဒါမို့မတိုင်တာ” လို့ Helpline ကိုဖုန်းခေါ်ဆို မတိုင်ကြားချင်တဲ့အကြောင်း မရတနာကဆိုပါတယ်။
“လင်မယားချင်းရန်ဖြစ်တိုင်း နှိပ်စက်ခံနေရတဲ့ဘဝဟာ ငရဲကျခံနေရသလို ပူလောင်တယ်။ ဒါပေမယ့်လည်း ဆက် ပြီးရှင်သန်ဖို့အတွက် မျက်နှာကတော့ ပြုံးထားရပေမယ့် လက်သီးဆုပ်ကတော့ တင်းနေအောင်ဆုပ်ထား သလိုမျိုး ပဲပေါ့” လို့ ရှေ့ဆက်ရမယ့် ဘဝအတွက် အားမာန်ထည့်ပြီး မခင်လေး ပြောလိုက်ပါတယ်။
(မခင်လေးနဲ့ မရတနာတို့ရဲ့ အနာဂတ်အတွက် သူတို့နာမည်ကိုပြောင်းလဲသုံးထားပါတယ်။)