ဒေဝီ ။ ။
မကြာမီ လပိုင်းအတွင်း နွေရာသီရောက်တော့မှာဆိုတော့ နှစ်စဉ်ကြုံနေကြ အခက်အခဲတစ်ခု ရင်ဆိုင်ရမယ့် အရေး မသူဇာ (အမည်လွှဲ) တစ်ယောက် တွေးရင် စိတ်ညစ်ညူးမိတယ်။
ယင်းအခက်အခဲက ရေရှားတာပါ၊ သူတို့ဒေသက နွေရာသီဆို ရေရှားပါးတာကထူးဆန်းတာ မဟုတ်ပေမယ့် စစ်ဘေးကြောင့်သောကများနေချိန် ရေရှားတဲ့ကိစ္စက အပူတစ်ခုထပ်တိုးသလို ဖြစ်နေတယ်။
"အခုတောင် တချို့ရွာတွေမှာ ရေနည်းနေတာ နွေဆို ပိုဆိုးတော့မယ်၊ ဘယ်သူမှလည်း ရေလာပေးနိုင်မှာ မဟုတ်ဘူး" လို့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှာနေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် မသူဇာက ပြော တယ်။
နှစ်စဉ်နွေဆို ရေရှားလိုက် အခြားကလာလှူတဲ့အခါ အဆင်ပြေသွားလိုက်နဲ့ ဖြတ်သန်းနေတာကနေ ပြီးခဲ့တဲ့ နှစ် နွေကာလမှာတော့ ရေရှားပါးရတဲ့အထဲ စစ်ကြောင့် ပြေးလွှားနေရတဲ့အချိန် လူရော၊ နွားအတွက်ပါ သောက် စရာ ရေတောင် မရှိတဲ့အခြေအနေထိ ကြုံခဲ့ရတယ်လို့ ဆိုတယ်။
မြန်မာနိုင်ငံက အပူပိုင်းဒေသတွေနဲ့ မိုးနည်းရပ်ဝန်းဒေသတချို့မှာ မိုးရာသီကာလကျော်လွန်တာနဲ့ ရေတွင်း၊ ရေကန်တွေ ခန်းခြောက်ပြီး ရေရှားပါးတာက နှစ်စဉ်ကြုံတွေ့ရတဲ့ ပြသနာပါ။
ရေရှားပါး ပြတ်လပ်တဲ့အချိန်ရောက်တိုင်း ဌာနဆိုင်ရာတွေ၊ လူမှု အဖွဲ့အစည်းတွေရဲ့ ရေပေးဝေရေး အစီ အစဉ်တွေ၊ သောက်သုံးရေ လှူဒါန်းမှုတွေနဲ့ ဖြတ်သန်းနေရပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး စစ်ဖြစ် ပွားနေတဲ့အတွက် ယင်းဒေသက ဒေသခံတွေမှာ ရေရှားပါးပြတ်လပ်မှုကို ပိုကြုံတွေ့နေရပါတယ်။
အထူးသဖြင့် စစ်ကောင်စီနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်နီပြည်နယ်တို့က ဒေသခံတွေမှာ စစ်ကြောင့်ပူပန်ရတဲ့အပြင် ရေရှားတဲ့ဒဏ်ပါ တိုးလာပါတယ်။
ယင်းဒေသခံတွေထဲ မသူဇာတို့လည်း အပါအဝင်ပါ။ မသူဇာတို့နေထိုင်ရာဒေသက မိုးအကုန်၊ ဆောင်းရာသီ နဲ့ နွေကာလတို့မှာ ရေတွင်း၊ ရေကန်တွေ ခန်းခြောက်ပြီး ရေရှားပါးပြတ်လပ်တာ ကြုံရလေ့ရှိပါတယ်။
အာဏာမသိမ်းခင်နှစ်တွေမှာ နွေရာသီကာလ ရေအခက်အခဲကြုံတဲ့အချိန် အိမ်တိုင်ရာရောက် ရေဖြန့်ဝေပေး မှုတွေ ရှိခဲ့တာကြောင့် ရေအခက်အခဲ မကြီးမားခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ လှူဒါန်းကူညီမှုတွေ မ ရှိတော့တဲ့အပြင် စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် နေအိမ်ကနေ စွန့်ခွာပြေးရတဲ့အတွက် ရေအခက် အခဲက ပိုဆိုးခဲ့တယ်လို့ မသူဇာကပြောတယ်။
စစ်တပ်က စစ်ကြောင်းထိုးလို့ နေအိမ်ကနေ တိမ်းရှောင်ရတဲ့အခါ နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲမှာ နေထိုင်ရပါတယ်။ နေရတဲ့နေရာရဲ့ အနီးအနားမှာ ရေတွင်း၊ ရေကန်တွေရှိပေမယ့်လည်း ရွာလုံးကျွတ်နီးပါး ရှောင် တိမ်းရတဲ့အတွက်လောက်ငှမှုမရှိတာကြောင့် အခြားရေရမယ့်နေရာတွေကိုပါ ရှာဖွေလို့ ရေခပ်ရပါတယ်။
တောထဲ ခိုနားတဲ့နေရာကနေ ရေရှိတဲ့နေရာကို ဝေးဝေးလံလံသွားရတဲ့အပြင် ရေခပ်သူကလည်းများတော့ စောင့်ဆိုင်းရ၊ အချိန်ပေးပြီး လှည်းတွေ၊ ဆိုင်ကယ်တွေနဲ့ သယ်လာတဲ့ရေကိုလည်း သောက်ဖို့နဲ့ ချက်ပြုတ်ဖို့အ တွက် ချွေတာသုံးရပြန်တယ်။
နှစ်တိုင်း ရေရှားတယ်ဆိုပေမယ့် ကိုယ့်အိမ်မှာနေရရင် တော်သေးတယ်။ စစ်ကြောင်းထိုးလို့ပြေးရတဲ့ အချိန် ဆို တော်တော်ဒုက္ခရောက်တယ်။ လူရော၊ တိရစ္ဆာန်ရော သောက်စရာရေမရှိနဲ့" လို့ မသူဇာက ပြောတယ်။
အထူးသဖြင့် စစ်ကြောင်းထိုးလို့ ပြေးနေရတဲ့အချိန်အတွင်း အမျိုးသမီးသဘာဝ ဓမ္မတာကာလတွေမှာ တ ကိုယ်ရေသန့်ရှင်းရေး သေချာမလုပ်နိုင်တော့ စိတ်အနှောင့်အယှက် ဖြစ်မိတာတော့ရှိတယ်လို့ ဆက်ပြောတယ်။
"ပြေးနေရချိန်ဆို အသက်ရှင်ဖို့ပဲ အရေးကြီးနေတော့ ရေပုံမှန်ချိုးဖို့လည်း သတိမရပါဘူး။ ရေကလည်းမရှိ ဘူး။ ရှိတာတောင် ချွေသုံးနေရတော့ ဒုက္ခရောက်တယ်"လို့ ပြောတယ်။
သဘာဝ ဘေးအန္တရာယ်တွေနဲ့ ရာသီဥတုပြောင်းလဲခြင်းရဲ့ အကျိုးဆက်တွေကြောင့် နွေရာသီကာလတွေမှာ ရေရှားပါးမှု၊ သောက်သုံးရေ မလုံလောက်မှုတွေက မြန်မာနိုင်ငံအနှံ့က ကျေးရွာအချို့မှာ ကြုံတွေ့နေရတဲ့ ကိစ္စ တစ်ခုပါ။
မိုးနည်းပြီး ရေတွင်းရေကန်တွေ စောစောခန်းခြောက်တာ၊ ရေတွင်းရေကန်တူးဖော်ပေမယ့် ရေချိုမရနိုင် တာ၊ အဝီစိစက်ရေတွင်း လုံလုံလောက်လောက် မရှိတာတွေကြောင့် ကျေးရွာအချို့မှာ ဆောင်းရာသီကတည်း က ရေရှားတဲ့ဒဏ်ကိုခံရတယ်။
အထူးသဖြင့် အပူပိုင်းဒေသတွေနဲ့ တောင်ပေါ်ဒေသက ကျေးရွာတွေမှာ ရေအခက်အခဲဆုံးဖြစ်ပြီး ရေ အရည်အသွေးရော၊ ရေတွင်းရေကန် အရေအတွက်ရော နည်းပါးတဲ့အတွက် နှစ်စဉ် ရေရှားပါးတဲ့ပြဿနာက ကြုံရပါတယ်။
စစ်ဘေးကြောင့် မငြိမ်မသက်ဖြစ်တဲ့အချိန်မှာတော့ နွေကာလ ရေရှားပါးပြတ်လပ်ပေမယ့် ဘယ်သူမှ လည်း အရေးတယူ အာရုံမထားတော့ဘူးလို့ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ဒေသခံ အသက် ၃၀ ကျော် အရွယ် မခင်ခင် (အမည်လွှဲ) ကပြောတယ်။
ပြီးခဲ့တဲ့နှစ် နွေရာသီကာလမှာဆို ရွာမှာနေချိန်ရော၊ စစ်ကြောင်းထိုးလို့ ရွာလုံးကျွတ်ရှောင်ရှားချိန်မှာလည်း ရေမရှိလို့ ချက်ပြုတ်ရေး၊ သန့်ရှင်းရေးအထိ အခက်အခဲဖြစ်ခဲ့ရပါတယ်။
"တခါတလေသောက်စရာ ရေတောင်မရှိပါဘူး။ လုံခြုံဖို့တွက်ပဲ ပြေးရတာပေါ့။ ရေဗူးလေးပါရုံပဲ။ တချို့ဆို ရေဗူးတောင်မယူနိုင်ဘူး။ ရေကဆာနဲ့ ပြေးရဖို့ပဲ။ ကိုယ်နားခိုမယ့် နေရာရောက်မှသာ သောက်ရုံပဲရှိတော့တာ" လို့ မခင်ခင်က ပြောပါတယ်။
စစ်ကြောင်းထိုးမှုကြောင့် မကြာခဏထွက်ပြေးပြီး နီးစပ်ရာ ရွာတွေနဲ့တောစပ်တွေမှာ ရှောင်တိမ်းခိုနား နေရတဲ့ မခင်ခင်တို့အတွက်တော့ ရေအခက်အခဲထက် အသက်လုံခြုံဖို့ကိုပဲ ဦးစားပေးနေရတယ်လို့ ဆက်ပြော တယ်။
"ပါတဲ့ရေဗူးလေးနဲ့ မျှသောက်နေကြတာပဲ။ ၁ ရက်ဆိုလည်းနေ၊ ၂ ရက်ဆိုလည်းနေကြတာပဲ။ တိရစ္ဆန်တွေ ဆိုလည်း ရေသောက်ဖို့တောင်မရ။ ရေရှိတဲ့နေရာကိုလည်း ကြည့်ပြေးရတာမဟုတ်ဘူးလေ" လို့ မခင်ခင်ကပြော တယ်။
ခိုနားတဲ့နေရာမှာ ချက်ပြုတ်စားသောက်ဖို့အတွက် ရေရမယ့်နေရာကို အုပ်စုလိုက် သွားရောက်လို့ ရေသယ်ယူ ရပြီး အဲ့ဒီအချိန် စစ်ကြောင်းနဲ့ တွေ့မလားဆိုတာလည်း ပူပန်ရတယ်လို့ဆိုတယ်။
ရေရှားပါးတဲ့အတွက် ရှိတဲ့ရေကို သောက်သုံးဖို့နဲ့ ချက်ပြုတ်ဖို့ပဲ ဦးစားပေးသုံးစွဲရတဲ့အခါ သန့်ရှင်းရေး အတွက် အပိုမသုံးနိုင်တော့ ရေချိုးတာတောင် ပုံမှန်မပြုလုပ်တော့ဘဲ ရေမချိုးရလို့၊ မသန့်ရှင်းတဲ့ရေသုံးမိလို့ ယားနာတွေ ဖြစ်တဲ့သူရှိပေမယ့် ဒါတွေကိုလည်း အလေးမမှုနိုင်တော့ဘူးလို့ ဆက်ပြောတယ်။
ယင်းဒေသ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးကတော့ အာဏာမသိမ်းခင်ကာလတွေမှာ ရေရှားတဲ့ အချိန်တိုင်း ရေပေးဝေရေးလုပ်ငန်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ရေတိုကူညီမှုတွေရှိပြီး၊ ရေရှည်လုပ်ငန်းစဉ် တွေဖြစ်တဲ့ ရေမရတဲ့ဒေသတွေအတွက် ရေတွင်းရေကန် တူးဖော်ရေး၊ ရေရရှိရေးလုပ်ငန်း အစီအစဉ်တွေမှာ လည်း အာဏာသိမ်းမှုကြောင့် ပျက်ပြယ်ခဲ့ရတယ်လို့ ပြောပါတယ်။
"မီးတွေကလည်းဖျက်၊ ပုံမှန်လည်းရေမပေးနိုင်တော့ ဒုက္ခရောက်တယ်။ ပြေးရင်း၊ လွှားရင်း စစ်ကြောင်းတွေ ကထိုးတော့ ရေရှားပါးတာကို ရင်ဆိုင်နေရတာပဲ။ ဒါပေမယ့်လည်း စစ်ကိစ္စပဲအာရုံရောက်နေရတယ်လို့ ယင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းက ပြောပါတယ်။
လတ်တလောမှာ နွေမရောက်သေးပေမယ့် ကျေးရွာအချို့နဲ့ စစ်ဘေးရှောင်ရတဲ့နေရာတွေမှာ ရေရှားနေတာ ကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့နေသူတွေက တပိုင်တနိုင် ရေလှူ ဒါန်းတာတွေ ပြုလုပ်နေရတယ်လို့ ဆက်ပြောတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်အရေအတွက် တိုးလာပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးတို့က စစ်ဘေးရှောင်ဦးရေ အများဆုံးဖြစ်ပါတယ်။
ဓားမဦးချ နေထိုင်လုပ်ကိုင်စားသောက်လာတဲ့ ဒေသခံတွေမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နေ အိမ်တွေကနေစွန့်ခွာရတာ၊ နေအိမ်တွေမီးရှို့ခံရတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ကောင်းမွန်စွာ မနေထိုင် နိုင်၊ မစိုက်ပျိုးနိုင်တော့ပါဘူး။
"ကျွန်မတို့စစ်ရှောင်တဲ့နေရာမှာ စိမ့်ရေပဲရှိတာ။ ဒီရေကိုပဲ အားလုံးအသုံးပြုကြတော့ သောက်ဖို့ပဲရှိတယ်။ ဟင်းသီးဟင်းရွက်တွေတောင် စိုက်လို့မရဘူး" လို့ ကရင်နီ (ကယားပြည်နယ်) ဖရူဆိုမြို့နယ်က အသက် ၄၀ အရွယ် ဒေါ်ဂတ်ထရွတ်က ပြောပါတယ်။
ဒေါ်ဂတ်ထရွက်တို့က စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ နှစ်ကတည်းက နေရပ်ကနေ စွန့်ခွာခဲ့တာပါ။
နေအိမ်ကနေ စွန့်ခွာလာပြီးတဲ့နောက် စစ်ရှောင်စခန်းမှာနေတာ တစ်နှစ်ကျော်ကြာလာပြီဖြစ်ပေမယ့် စားနပ် ရိက္ခာခက်ခဲတာ၊ ရေရှားတာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးမပြည့်စုံတာတွေနဲ့ အခက်အခဲကတော့ အများအပြားပဲလို့ ဆိုတယ်။
"ကျွန်မတို့က ရေရှားတယ်ဆိုပေမယ့် အဝေးကြီးမခပ်ရဘူး၊ အခြားက လာရတဲ့သူတွေဆို ခက်ခဲတာ၊ ပုံးဝါနဲ့ သယ်ရတာ၊ အဝေးကနေလာပေမယ့် ရေ ၂ ပုံးရဖို့တောင် မနည်းရှာရတယ်" လို့ ဆိုတယ်။
ကရင်နီဒေသက စစ်ရှောင်စခန်းတွေကို နိုဝင်ဘာလကတည်းက ရေလှူတာတွေ ပြုလုပ်နေရတယ်လို့ ကရင်နီ ဒေသက စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
ကရင်နီစစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ရှားပါးပြတ်လပ်လာတဲ့အတွက် ဒေသခံတွေမှာ ရေရှိတဲ့နေရာ သွားတဲ့အခါ စစ်တပ်က ထောင်ထားတဲ့ မိုင်းတွေကြောင့် အန္တရာယ်ကြုံနိုင်သလို၊ စစ်တပ်ရဲ့ ကင်းပုန်းတွေနဲ့တွေ့ ပြီး အဖမ်းခံရတာတွေလည်း ရှိပါတယ်။
မိုးရာသီကုန်စကတည်းက ရေရှားပါးနေတာဖြစ်တဲ့အတွက် စခန်းတချို့ကတော့ ရေရှိရာနေရာနားမှာရှိတဲ့ အတွက် ရေစုပ်မော်တာနဲ့ ရေတင်ယူပြီး ရေရရှိအောင်လုပ်ကြသလို၊ စခန်းတွေမှာ မိုးကာစတွေသုံးပြီး တည်ဆောက်ထားတဲ့ ရေလှောင်ကန်အသေးတွေမှာ ရေဖြည့်ထားကြတာတွေနဲ့ မျှဝေသုံးစွဲနေရတယ်" လို့ ဆိုတယ်။
စစ်ရှောင်စခန်းအချို့မှာ အကူအညီပေးရေးအဖွဲ့တွေက ရေကိုရေသယ်ကားတွေနဲ့သယ်ကာ စခန်းက ရေ လှောင်ကန်အသေးတွေကို ဖြည့်ပေးတာပဲလုပ်နေရပြီး သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်တာကြောင့် အမြဲ တစေ လုပ်ဆောင်ဖို့က လိုအပ်ချက်တော့ရှိတယ်လို့ ဆက်ပြောတယ်။
ဆောင်းရာသီကာလမှာ တောင်ရေပြတ်လပ်နေတာကြောင့် နွေကာလဆို ပိုခက်ခဲလာမှာဖြစ်တဲ့အတွက် စစ်ကြောင့် ပူပန်မှုနဲ့ နေရေး၊ စားရေး အခက်အခဲတွေကြား ရေရှားပါးလာတာပါ ထပ်တိုးလာရင် စစ်ရှောင်တွေ အနေနဲ့ ချက်ပြုတ်ရေးပြဿနာနဲ့ တခြားကျန်းမာရေးပြဿနာတွေပါ ရှိလာမှာစိုးတယ်လို့ ဆက်ပြောတယ်။
သောက်သုံးရေ အလုံအလောက်မရှိတာ သန့်ရှင်းတဲ့ရေမရတဲ့အခါ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်ပြီး ဝမ်းချုပ်လွယ်တာ နှုတ်ခမ်းကွဲတာ၊ ပါးစပ်နဲ့အာခေါင်မှာ အပူဖု၊ အပူနာပေါက်တာ၊ ပွေး၊ ဝဲ၊ ညှင်းစတဲ့ အရေပြား ရောဂါတွေ ကြုံတွေ့နိုင်သလို အဓိကအနေနဲ့ စိုးရိမ်ရတာက ဝမ်းပျက်၊ ဝမ်းလျှောဖြစ်စေတဲ့ ဝမ်းရောဂါပိုးဖြစ် တယ်လို့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက မှတ်ချက်ပြုတယ်။
အမျိုးသမီးတွေအနေနဲ့လည်း ရေအလုံအလောက်မရှိလို့ တကိုယ်ရေသန့်ရှင်းရေးအတွက် မသုံးနိုင်တဲ့အခါ ဆီး ပိုးဝင်တာ၊ မိန်းမကိုယ်မှိုပိုးစွဲတာ၊ မိန်းမကိုယ်ကပ်ပါးပိုး ဝင်ရောက်နိုင်တာတွေ ကြုံရနိုင်တယ်လို့ ယင်းကဆိုတယ်။
"တကိုယ်ရေသန့်ရှင်းမှုမှာဆိုရင် လုံလောက်စွာ ရေနဲ့ဆေးကြောရခြင်းမရှိလို့ မိန်းမကိုယ်ပိုးဝင်နိုင်တယ်။ နောက်ဘယ်လောက်ထိအောင် ဆိုးနိုင်တယ်ဆို မိန်းမကိုယ်ပိုးဝင်တယ်ဆိုရင် သားအိမ်ထဲထိ ပိုးဝင်သွားနိုင်တယ်" လို့ ဆက်ပြောတယ်။
ရေလုံလောက်ဖို့လိုသလို သန့်ရှင်းတဲ့ရေဖြစ်ဖို့လည်းလိုတာကြောင့် ရေကို ကျိုချက်သောက်သုံးဖို့၊ လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောနိုင်ဖို့လည်း အရေးကြီးတယ်လို့ ဆိုတယ်။
တခြားနေရာမှာ ရေမသုံးချင်ရင်နေ၊ လက်ကိုသန့်ရှင်းစွာ ဆေးကြောရမယ်။ ညစ်ပေနေတဲ့လက်ကို ပါးစပ်ထဲ ထည့်ခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှောစဖြစ်နိုင်ပြီးတော့ အဲ့ဒီဝမ်းပျက်ဝမ်းလျှောက ရေရှားတဲ့နေရာမှာဆို ပိုပြီး တော့ လွယ်ကူလျှင်မြန်စွာ ပြန့်နှံ့နိုင်တယ်" လို့ အဆိုပါဆရာဝန်က ပြောပါတယ်။
နွေရာသီဆို ရေတွင်းရေကန်းတွေ ခန်းခြောက်ပြီး ရေအကြပ်အတည်းပိုဖြစ်နိုင်တဲ့အတွက် သန့်ရှင်းတဲ့ရေကို ရေလှောင်ကန်တွေနဲ့ ရနိုင်သလောက် စုထားသင့်ပြီး အလေအလွင့်မဖြစ်အောင် သုံးစွဲဖို့လိုမယ်လို့ ဆက်ပြော တယ်။
ဟိုးအရင်က အညာမှာလုပ်ခဲ့သလိုမျိုး လူကြီးတွေရေချိုးလို့ဆိုရင် နွားစာခွက်ထဲမှာ ဝင်ချိုးတယ်။ ချိုးချ လိုက်ခြင်းအားဖြင့် နွားအတွက် သောက်စရာဖြစ်သွားတယ်။ တိရစ္ဆာန်တွေလည်းရစေ၊ လူလည်းရေချိုးစေပေါ့" လို့ ယင်းကပြောပါတယ်။
မသူဇာတို့လို မကြာခဏ စစ်ရှောင်နေပြီး ဘေးလွတ်ရာမှာ ပုန်းခိုနေရတဲ့ပြည်သူတွေအတွက်တော့ တဖြည်းဖြည်းနီးလာပြီဖြစ်တဲ့ လာမယ့်နွေရာသီမှာ ယခင်နှစ်တွေထက် ပိုမိုဆိုးရွားစွာရင်ဆိုင်ရဖွယ်ရှိတဲ့ ရေပြတ်လပ်မှုဘေးနဲ့ နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ်ထက် လက်ရှိမှာ စစ်ပွဲ၊ တိုက်ပွဲတွေကြား အသက်မသေရေး ကိုသာ အာရုံစိုက်နေရပါတော့တယ်။
စစ်ကြောင့် နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးရ၊ နေအိမ်တွေမီးရှို့ခံရ၊ စိုက်ပျိုးသီးနှံတွေ မီးရှို့ဖျက်စီးခံရနဲ့ ဘဝတိုးတက်ရေးအတွက် လုပ်ကိုင်နိုင်ခြင်းမရှိဘဲ အဘက်ဘက်က ဒုက္ခတွေနဲ့နေရတဲ့အပြင် နွေဆိုရေရှားတာပါ ကြုံရမယ့်အရေး ခါးစည်းခံရုံပဲရှိတယ်လို့ မသူဇာက ပြောပါတယ်။
“ရေရှားတယ်ဆိုလည်း ရှားရုံပဲ။ စစ်ဖြစ်နေသရွေ့တော့ ဘဝတွေခက်ခဲမှာပဲ။ ရေရှားလည်း ဘယ်သူမှမကူနိုင် တော့ ထူးပြီးပူမနေတော့ပါဘူး" လို့ မသူဇာကပြောပါတယ်။
Latest posts by webmaster (see all)