Home ဆောင်းပါး တရားရုံးနှစ်ခုကြား၊ ကြားညပ်ကြသူများ

တရားရုံးနှစ်ခုကြား၊ ကြားညပ်ကြသူများ

သန့်ရှင်းထွန်း။ ။

ရခိုင်ပြည်နယ် စစ်တွေမြို့လယ်ခေါင်မှာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက်ဟာ ပြီးခဲ့တဲ့နှစ် ၁၅ ရက်နေ့မှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ လူသတ်မှုအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်-ULA နဲ့ စစ်ကောင်စီတို့က တရားခံဖော်ထုတ်ရေးအတွက် ၎င်းတို့ရဲ့ တရားရုံးတွေကတဆင့် အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။ ဒါပေမယ့် တရားရုံးနှစ်ရုံးက မတူညီတဲ့ သံသယရှိသူ တစ်ဦးစီကို ရုံးတင်စစ်ဆေးနေပြီး အငြင်းပွားစရာ စွပ်စွဲမှုတွေ ပြုလုပ်ထားပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်-ULA ဘက်ကတော့ ဦးမျိုးမြင့်ဇော် ဆိုတဲ့အမျိုးသားကို လူသတ်မှုအတွက် သံသယရှိသူအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးစစ်ဆေးပါတယ်။ ဦးမျိုးမြင့်ဇော်ဟာ သေဆုံးသူ အမျိုးသမီးငယ် အလုပ်လုပ်နေတဲ့ ပလပ်စတစ်ပစ္စည်းနဲ့ လူသုံးကုန် အရောင်းအဝယ်ဆိုင်ရဲ့ မန်နေဂျာလို့လည်း ULA ဘက်က အတည်ပြုပါတယ်။

စစ်ကောင်စီရဲ့ တရားစီရင်ရေးစနစ်ဘက်မှာတော့ အသက် (၁၈) နှစ်အရွယ် မောင်မျိုးချစ်စိုး ဆိုတဲ့ လူငယ်ကို လူသတ်မှုသံသယနဲ့ ဖမ်းဆီးရုံးတင်ပြီး စစ်ဆေးနေပြန်ပါတယ်။ ယင်းလူငယ်က သေဆုံးသွားတဲ့ အမျိုးသမီးငယ် အလုပ်လုပ်ကိုင်နေတဲ့ ဆိုင်နဲ့ ဘေးချင်ကပ်ဆိုင်မှာ အလုပ်လုပ်နေသူဖြစ်ကြောင်းလည်း ရခိုင်အခြေစိုက် သတင်းဌာနများက ရေးသားပါတယ်။

မောင်မျိုးချစ်စိုးရဲ့ မိခင်ဒေါ်လှသိန်းနွယ်က ကတော့ စစ်ကောင်စီရဲ့ တရားရုံးမှာ ရုံးတင်ခံနေရတဲ့ သူ့သားဟာ ဘာအပြစ်မှမလုပ်ထားဘူးလို့ ယုံကြည်နေပါတယ်။

“ကျမသားမှာ ဘာအပြစ်မှမရှိဘူးဆိုတာ လူတွေ အကုန်သိတယ်။” လို့ ဒေါ်လှသိန်းနွယ်က ရင်ဖွင့်ပါတယ်။

ဒေါ်လှသိန်းနွယ်တို့ သားအမိဟာ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ထဲက ကမ်းထောင့်ကြီးမြို့ကဖြစ်ပြီး ကုန်စိမ်းနဲ့သားငါး ရောင်းချပြီး အသက်မွေးနေကြတဲ့သူတွေ ဖြစ်ပါတယ်။ အမေဖြစ်သူ ဆင်းရဲပင်ပန်းတာကို မမြင်နိုင်တဲ့ သားဖြစ်သူက အမေကိုအလုပ်ကျွေးပြုဖို့ စစ်တွေမြို့ရှိ ဂက်စ်ဆိုင်မှာ အလုပ်လုပ်နေချိန် ကံဆိုးမှုတခုက ဒေါ်လှသိန်းနွယ်ရဲ့ သားဖြစ်သူဆီကို တည့်တည့်ရောက်လာခဲ့တာဖြစ်တယ်လို့ တုန်ရီနေတဲ့ လေသံဖြင့် ဒေါ်လှသိန်းနွယ်က ပြောပါတယ်။

အခုတော့ ပိုက်ဆံမရှိတဲ့ကြားကနေ အမှုအခင်းဖြစ်လာတဲ့အတွက် နောက်ထပ်ငွေကုန်ကြေးကျများတာတွေ ဖြစ်လာရတယ်လို့လည်း သူကဆိုပါတယ်။ ဒေါ်လှသိန်းနွယ်ဟာ သူ၏သားနဲ့ တွေ့ဖို့ နှစ်ပတ်တခါ သူနေတဲ့ မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့က စစ်တွေမြို့ကို လာရောက်နေရပါတယ်။

“ကမ်းထောင့်ကြီးကနေ စစ်တွေကိုလာပြီး သားအတွက် အမှုလိုက်တာ ငွေကျပ်သိန်းလေးဆယ်လောက် ကုန်နေပါပြီ” လို့ သူက ပြောပါတယ်။

စစ်တွေထောင်ချုပ်မှာ ဖမ်းဆီးခံထားရတဲ့ သားကို လာတွေ့ဖို့အတွက် ဒေါ်လှသိန်းနွယ်မှာ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်နေရပြီး ရခိုင်တွင် လမ်းများပိတ်ထားချိန်က ပို၍ခက်ခဲခဲ့တယ်လို့ ပြောပြပါတယ်။

“ပစ်ခတ်နေတဲ့ ကာလအတွင်းမှာဆိုရင် လမ်းတွေပိတ်ထားတယ်။ သားကိုတွေ့ဖို့ မသွားရဘူး။ ကျမသားဟာ လူကောင်းပါ။ ကျမသား မတရားခံရသလို စွပ်စွဲတဲ့သူလည်း မတရား ခံရစေချင်တယ် ”လို့ ဒေါ်လှသိန်းနွယ်က ရင်ဖွင့်ပါတယ်။

စစ်တွေမြို့က အမျိုးသမီးငယ် အသတ်ခံရမှုနှင့် ပတ်သက်ပြီး ဒေါ်လှသိန်းနွယ်ရဲ့ သားဖြစ်သူ မောင်မျိုးချစ်စိုးကို ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားပေမယ့် တခြားတဖက်မှာတော့ အမျိုးသမီးငယ် အသတ်ခံရမှုအတွက် အဖြေပေါ် နေပြီလို့ သေဆုံးသူ အမျိုးသမီးငယ်ရဲ့ မိခင်က ပြောပါတယ်။

“အခုရဲက ဖမ်းထားတဲ့ ကောင်လေးနဲ့ ကျမသမီးဖြစ်စဉ် ဘာမှမပတ်သက်ပါဘူး”လို့ သေဆုံးသူအမျိုးသမီးငယ်ရဲ့ မိခင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်က စစ်တွေမြို့ ‘Luminous/livguard’ ဆိုင်ထဲမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံထား ရတဲ့ အမျိုးသမီးငယ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးထားပြီး ရက္ခိုင့်တပ်တော် (AA)တရားရုံးမှာ တရားစွဲတင်ထားတယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သတင်းစာ ရှင်းလင်းပွဲတွေမှာ ပြောထားပါတယ်။

လက်ရှိမှာလည်း ရက္ခိုင့်တပ်တော်(AA)တရားရုံးမှာ စစ်ဆေးဖို့အတွက် သေဆုံးသူရဲ့ မိဘနှစ်ပါးဟာ တရားရုံးကို အမြဲ သွားနေရတယ်လို့ သေဆုံးသူအမျိုးသမီးငယ်ရဲ့ ဖခင်က ပြောပါတယ်။

“မျိုးချစ်စိုးနဲ့ ပတ်သက်ပြီး ကျနော်ကိုယ်တိုင် သွားပြီး ထွက်ဆိုထားတယ်။ ကျနော့်သမီးဖြစ်စဉ်နဲ့ မျိုးချစ်စိုးနဲ့ ဘာမှ မပတ်သက်ဘူးဆိုတာကို”လို့ သေဆုံးသူအမျိုးသမီးငယ်ရဲ့ ဖခင်က ပြောပါတယ်။

ဒါပေမယ့် မှုခင်းဖြစ်စဉ်မှာ တရားခံတစ်ဦးရှိရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ သီအိုရီဟာ အပြစ်မရှိတဲ့ ဒေါ်လှသိန်းနွယ်ရဲ့ သားဆီမှာ အပြစ်ပုံကျနေတယ်လို့ စွပ်စွဲခံရသူဘက်က အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ အကျိုး ဆောင်ရှေ့နေက ပြောပါတယ်။

စစ်တွေမြို့က အမျိုးသမီးငယ် သေဆုံးမှုနှင့် ပတ်သက်ပြီး ဒေါ်လှသိန်းနွယ်ရဲ့ သား မောင်မျိုးချစ်စိုးမှာ မတရားစွပ်စွဲ ခံထားရတာကို တမြို့လုံးသိတယ်လို့ စစ်တွေမြို့ခံ ဦးကျော်သိန်းက ပြောပါတယ်။

ဒေါ်လှသိန်းနွယ်ရဲ့သား မောင်မျိုးချစ်စိုးဟာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)ရဲ့ အာဏာအားပြိုင်မှုကြားမှာ ကြားညှပ်နေရတာဖြစ်တယ်လို့ ဦးကျော်သိန်းက သုံးသပ်ပါတယ်။

“ဒါက အာဏာအားပြိုင်မှုကြားက မဖြစ်သင့်တာတွေ ဖြစ်နေရတာလို့ မြင်တယ်။ ဒီလိုအာဏာအားပြိုင်မှုကြားမှာ ခံနေရတဲ့ ပြည်သူတွေလည်း အများကြီးရှိနေပါတယ်”လို့ စစ်တွေမြို့ခံ ဦးကျော်သိန်းက ပြောပါတယ်။

ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော်(AA)က တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်လာတာနဲ့အမျှ စစ်ကောင်စီဘက်ကလည်း ရခိုင်ပြည်သူတွေကို အမှုအခင်းဖြစ်ရင် စစ်ကောင်စီတရားရုံးတွေမှာ တိုင်တန်းဖို့ ဆော်ဪတာ၊ ဖိအားပေးတာတွေ အမြဲတမ်းရှိနေတယ်လို့ ရခိုင်ဒေသခံတချို့က ပြောပါတယ်။

အဲဒီလို စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ အားပြိုင်မှုကြားမှာ ကြားညှပ်နေတဲ့ ဒေါ်လှသိန်းနွယ်က သူ့သား လွတ်မြောက်ဖို့နှင့် တရားမျှတမှုရရှိဖို့အတွက် ဘာမဆိုလုပ်သွားမယ်လို့ ပြောပါတယ်။

“ကျမကဆင်းရဲတယ်။ ငွေကြေးမရှိပေမယ့် သားအတွက် ကျမဘာမဆိုလုပ်နိုင်တယ် ”လို့ ကိုယ့်ကိုကိုယ် အားတင်း ပါတယ်။

လက်ရှိမှာတော့ ဒေါ်လှသိန်းနွယ်ဟာ သားဖြစ်သူ တရားမျှတမှုရရှိအောင် ဆောင်ရွက်ပေးဖို့ စစ်ကောင်စီဘက်ကိုရော ရက္ခိုင့်တပ်တော်(AA)ဘက်ကိုရော တောင်းဆို နေပါတယ်။

ဒေါ်လှသိန်းနွယ်ရဲ့သားဟာ စစ်တွေထောင်ချုပ်မှာ ဖမ်းဆီးခံထားရတာ ငါးလနီးပါးရှိပြီဖြစ်ပါတယ်။

အဲဒီလို ငါးလအတွင်းမှာ တစ်ဦးတည်းသော သားလွတ်မြောက်ဖို့အတွက် အမြဲတမ်းကြိုးစားနေပြီး သက်ဆိုင်သူ တွေကလည်း ကူညီပေးကြဖို့ ဒေါ်လှသိန်းနွယ် ကပြောပါတယ်။

“ကျမအခုရူးမတက်ပဲ ခံစားနေရတယ်။ အပြစ်မရှိတဲ့လူကို အပြစ်ပေးတာက သူတို့အလှည့်ကျမှ ပြန်မခံရဖို့ မျှော်လင့်တယ်။ ရက္ခိုင့်တပ်တော်ဘက်ကလည်် ကျမသားလေးအတွက် ကူညီပေးစေချင်တယ်”

Author:

Related Articles