သျှန်ကီခမ်း
“လူမျိုးကို ကိုယ်စားပြုစေတဲ့ နာမည်ကို လိုချင်တာ” လို့ အရပ် ငါးပေကျော်ခန့်၊ ခန္ဓာကိုယ် ခပ်ပိန်ပိန်ရှိ အသက် (၂၃) နှစ် အရွယ် နန်းသင်းက ဝမ်းနည်း စိတ်မကောင်းစွာနဲ့ ပြောတယ်။
နန်းသင်းဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်လောင်းမြို့နယ်မှာ နေထိုင်တာပါ။ သူတို့ မိသားစု၊ ဘိုးဘွားစဥ် ဆက်အားလုံးဟာ ပအိုဝ်းလူမျိုးတွေဖြစ်ကြပြီး တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုတာပါ။
ပအိုဝ်းလူမျိုး တစ်ယောက်ဖြစ်ပေမယ့် သူရဲ့နာမည်မှာ ပအိုဝ်းလူမျိုးကို ကိုယ်စားမပြုခွင့် မရပါဘူး။ နိုင်ငံသားတိုင်း မရှိမဖြစ် ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်ထဲက နာမည်က ပအိုဝ်းလူမျိုးကို ကိုယ်စားပြုထားတဲ့ နာမည်တော့ မဟုတ်ပါဘူး။
အိမ်ထောင်စုဇယားမှာ နန်းသင်းလို့ ရေးထားပေမယ့် မှတ်ပုံတင်ထဲမှာ ပအိုဝ်းလူမျိုးကို ကိုယ်စားပြုထားတဲ့ “နန်း” ဆိုတဲ့ စကားလုံးမပါဘဲ ဗမာ လူမျိုးကို ကိုယ်စားပြုတဲ့ “မ” ဆိုပြီး ရေးထားတာပါ။ အိမ်ထောင်စုဇယားမှာ ရေးသားထားတဲ့ နာမည်နဲ့ မှတ်ပုံတင်မှာ ရေးသားထားတဲ့ နာမည်က မတူဘူးလို့ ဆိုရမှာပါ။
“ဘယ်နေရာသွားသွား မှတ်ပုံတင်က နာမည်ပဲ သုံးကြရတာ။ နေရာတကာ ဗမာနာမည်ကြီးနဲ့လေ ” လို့ သူက ပြောပါတယ်။
ပအိုဝ်းတိုင်းရင်းသားတွေဟာ အမျိုးသမီးဆို “နန်း”၊ အမျိုးသားဆို “ခွန်” စတဲ့ ကိုယ်ပိုင်လက္ခဏာအဖြစ် နာမည်တွေရဲ့ အရှေ့ မှာတပ်ပြီး ထည့်သွင်းခေါ်ဆိုကြပါတယ်။
ဒါကြောင့်လည်း အိမ်ထောင်စုဇယားက နာမည်နဲ့ မှတ်ပုံတင်က နာမည်နဲ့တူအောင်၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးကိုလည်း ကိုယ်စားပြုအောင်လို့ဆိုကာ မှတ်ပုံတင်ထဲက နာမည်အရှေ့မှာ ဗမာလူမျိုး ကိုယ်စားပြု ရေးသားထားတဲ့ “မ”ကို ဖြုတ်ပြီး ပအိုဝ်းတိုင်းရင်းသား ကိုယ်စားပြုထားတဲ့ “နန်း”ကို ပြောင်းလဲ ရေးသားပေးဖို့ လ.ဝ.က ရုံးကို သွားခဲ့ပါတယ်။
ဒါပေမယ့် လ.ဝ.က ရုံး တာဝန်ရှိသူက “မ” ကနေ “နန်း” ကို ပြောင်းရင် ခရိုင်ထိ တက်ရမယ်၊ အချိန်ကုန်မယ်၊ ငွေကြေးကုန်ကျ တာ များမယ်။ “နန်း” ကနေ “မ” ကို ပြောင်းရေးမယ်ဆိုရင်တော့ လွယ်တယ်၊ ပြောင်းရေးပေးမယ်လို့ ပြောခဲ့ပါတယ်။
နန်းသင်းဟာ စားဝတ်နေရေးအတွက် တောင်ယာလုပ်ဖို့လည်း လိုသလို ငွေလည်း များများစားစား မရှိတာကြောင့် ဗမာ ကိုယ်စားပြုတဲ့ “မ” ကို မှတ်ပုံတင်မှာသာမက အိမ်ထောင်စုဇယားမှာပါ နှစ်ခုလုံး မသင်းလို့ အကုန်ပြောင်းလဲ ရေးသားလိုက် ရပါတယ်။
ပြောင်းလဲပေးခလို့ဆိုကာ မှတ်ပုံတင် လ.ဝ.က ရုံးမှာ ငွေကျပ် ငါးထောင်လည်း ပေးခဲ့ရပါတယ်။ ငွေပေးရပေမယ့် ချက်ချင်း ပြောင်းလဲ လုပ်ဆောင်ပေးခြင်း မရှိပါဘူး။
“လဝက်လောက် စောင့်ရတယ်။ ပအိုဝ်းလူမျိုးကို ကိုယ်စားပြုချင်တာပေါ့။ ခရိုင်ထိ တက်ရအောင်လည်း ငွေကော၊ အချိန် ကော အခက်ခဲရှိတော့ မသင်းပဲ အကုန်ဖြစ်တာပေါ့” လို့ သူ့ခံစားချက်ကို ရင်ဖွင့်ပြောပါတယ်။
“မြေမြိုလို့ လူမျိုးမပျောက်၊ လူမြိုမှ လူမျိုးပျောက်မည်” ဆိုတဲ့ ဆောင်ပုဒ်ဟာ လ.ဝ.က ရုံး (လူဝင်မှု ကြီးကြပ်ရေးရုံး)ရဲ့ တံခါး အဝင်ဝ တစ်နေရာမှာ အမြဲမြင်တွေ့ရလေ့ ရှိပါတယ်။
ဒါပေမယ့် နှစ်ပေါင်းများစွာ ဗမာလူမျိုး တစ်မျိုးတည်းကိုသာ ရှေ့တန်းတင် ဗဟိုပြုတဲ့ အစိုးရရဲ့ မဟာဗမာလူမျိုးကြီး မူဝါဒကို ကျင့်သုံးနေတာကြောင့် အဲဒီဆောင်ပုဒ်ဟာ တိုင်းရင်းသားလူနည်းစုတွေရဲ့ သင်္ကေတကို ပျောက်အောင် လုပ်ဆောင်နေသလို ဖြစ်နေတယ်။
လ.ဝ.က ရုံးနဲ့ အလုပ်တူတူတွဲလုပ်ဖူးတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးကလည်း မှတ်ပုံတင်လုပ်ဖို့ ထောက်ခံစာတွေ လာတောင်းတဲ့ အခါမျိုးမှာ အချိန်မဆွဲပဲ ချက်ချင်းလုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် “ရုံး (လ.ဝ.က) ရောက်တော့ နာမည် တွေ ပြောင်းခံရတာ၊ ပိုက်ဆံပေးရတာ၊ ချက်ချင်းမလုပ်ပေးဘူး။ တခြားသူ မပြောနဲ့ ကျနော့်သားတောင် နာမည်အရှေ့ မှာ “မောင်” ဆိုတာပါတယ်” လို့ သူက ဆိုပါတယ်။
နန်းသင်းဟာ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမှာ ဗမာ ကိုယ်စားပြု “မ” ကို ပြောင်းခံရတဲ့အပြင် မသင်းဆိုတဲ့ နာမည်ဟာ သူ့ နာမည် အရင်းတော့ မဟုတ်ခဲ့ပါဘူး။ သူ မွေးဖွားလာပြီး မိဘက ပအိုဝ်းတိုင်းရင်းသား နာမည်၊ နာမ ဖြစ်တဲ့ နန်းဒွီကို မှည့်ပေး ထားခဲ့တာပါ။
ကျောင်းနေအရွယ် ရောက်လာပြီး ကျောင်းအပ်တဲ့ အချိန်မှာတော့ “နန်းဒွီ” ဆိုတဲ့ ပအိုဝ်းနာမည်ကနေ “မသင်း” ဆိုတဲ့ ဗမာ နာမည်ကို ပြောင်းလဲခြင်း ခံခဲ့ရပါတယ်။
အကြောင်းကတော့ အဲဒီကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗမာလူမျိုးဖြစ်တဲ့ ကျောင်းဆရာမတစ်ဦးက ပအိုဝ်းတိုင်းရင်း သား နာမည်ဖြစ်တဲ့ နန်းဒွီကို မရေးတတ်ဘူးလို့ဆိုပြီး ဗမာနာမည်ကို အလွယ်တကူ ပြောင်းလဲပစ်ခဲ့တာပါ။
“မိဘတွေက ဗမာစကား မပြောတတ်တော့ ဆရာမပြောသလိုပဲ လက်ခံရတာ။ ကိုယ့်လူမျိုး နာမည်လေးတော့ လိုချင်တာ ပေါ့” လို့ သူ့ခံစားချက်ကို ဝမ်းနည်းစွာ ပြောတယ်။
ပအိုဝ်းတိုင်းရင်းသား ဒေသက ကလေးအများစုဟာ မသင်းသင်းလိုပဲ ကျောင်းနေအရွယ် ရောက်ရင် နာမည်ပြောင်း ခံရပါတယ်။ တိုင်းရင်းသား နာမည်ကို အိမ်နာမည်အဖြစ်သတ်မှတ်ပြီး ၊ ဗမာနာမည်ကို ကျောင်းနာမည်လို့ သတ်မှတ်ကာ လူတစ်ဦးမှာ နာမည် နှစ်ခုစီ ရှိကြပါတယ်။
အစိုးရကျောင်းပညာရေး ပြီးမြောက်သွားပြီး တက္ကသိုလ်တက်၊ ဘွဲ့ရတဲ့အချိန် လုပ်ငန်းထဲ အလုပ်ဝင်တဲ့ အချိန်တွေမှာဆို ဗမာ လူမျိုးကို ကိုယ်စားပြုတဲ့ ကျောင်းနာမည်တွေကိုသာ အသုံးပြုရပါတယ်။
အဲဒီအချိန်တွေမှာ တိုင်းရင်းသားတွေရဲ့ နာမည်တွေ၊ သင်္ကေတတွေဟာ ပျောက်ကွယ်ပြီး ဗမာလူမျိုးလို့သာ ထင်ကြေးပြုကြ တာလည်း ရှိပါတယ်။
“ အလုပ်လျှောက်တာ ဘာလူမျိုးလဲ၊ ဗမာလား ဆိုတာ အရင်မေးခံရတာ၊ ပအိုဝ်းလားလို့ မမေးကြဘူး” လို့ နန်းသင်းက ကြုံတွေ့ရပုံကို ပြောပါတယ်။
နန်းသင်းဟာ ဗမာလူမျိုးကို တိုက်ခိုက်တာ၊ ဝေဖန်တာတော့ မဟုတ်ပါဘူး။ လူမျိုးကြီးဝါဒကို ကျင့်သုံးတာကြောင့် တိုင်းရင်း သားတွေရဲ့ သင်္ကေတတွေကို “ မလေးစားပေး အသိအမှတ် မပြုဘူး”သလို ခံစားရတယ်လို့ သူက ပြောတယ်။
ဒါ့အပြင် နိုဝင်ဘာလ (၃) ရက်နေ့မှာလည်း နန်းသင်းရဲ့ သူငယ်ချင်း ဖြစ်တဲ့ နန်းဦးရဲ့ အိမ်ထောင်စုဇယားက မွေးသက္ကရာဇ်နဲ့ မှတ်ပုံတင်ထဲက မွေးသက္ကရာဇ်ဟာ မတူပဲ လွဲမှားနေပါတယ်။ ဒါကြောင့် နိုင်ငံခြားထွက်ဖို့ ပတ်စ်ပို့လုပ်တဲ့ အခါမှာ အခက်အခဲ မကြုံအောင် ၊ နှစ်ခုလုံး တူအောင်လုပ်ဖို့ လ.ဝ.က ရုံးကိုသွားခဲ့ပါတယ်။
ရုံးက တာဝန်ရှိသူက ဘယ်ဟာ ပြောင်းချင်တာလဲ၊ ဘယ်သွားဖို့လဲ မေးမြန်းပြီး နိုင်ငံခြား ထွက်ဖို့ဖြစ်ကြောင်း ပြောခဲ့ပေမယ့် မွေးသက္ကရာဇ် တူအောင် မဆောင်ရွက်ပေးတဲ့အပြင် ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ပြောဆိုခဲ့ပါတယ်။
“အောင်လက်မှတ် ထုတ်မှာမို့လို့ လာပြောင်းတယ်ဆိုရင် တော်သေးတယ် အခုက ဆယ်တန်းအောင်တောင် မဟုတ်ဘဲနဲ့ ပြောင်းချင်နေသေးတယ်” လို့ လူရှေ့ သူရှေ့မှာ အပြောဆိုခံရတဲ့အကြောင်းကို ပြောပါတယ်။
လူနည်းစု တိုင်းရင်းသား လူမျိုးအများစုဟာ မွေးသက္ကရာဇ်တွေ၊ နာမည်တွေ မတူတာတွေကြောင့် အလုပ်ကိုင်၊ အခွင့်အလမ်း တွေ၊ ပညာတော်သင် အခွင့်အလမ်းတွေ လက်လွှတ် ဆုံးရှုံးခဲ့ရတဲ့ သူတွေလည်း ရှိပါတယ်။
နာမည်တွေရဲ့ အရှေ့မှာ “နန်း” လို့ ပြောင်းချင်ပေမယ့် လ.ဝ.က ရုံးက မပြောင်းလဲပေးတဲ့အတွက်ကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ အခက်အခဲကြုံရတဲ့အထဲမှာ ဟိုပုံးမြို့နယ်မှာ နေထိုင်တဲ့ အသက် ( ၂၂) နှစ် အရွယ် နန်းအောင်လည်း ပါတယ်။
သူဟာ နာမည်၊ နာမရဲ့ အရှေ့မှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားဟာ မတူညီတာကြောင့် ပတ်စ်ပို့လုပ်တဲ့နေရာမှာ အဆင်မပြေမှာကို စိုးရိမ်တဲ့အတွက် တူညီအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ထင်ထားသလောက်တော့ မလွယ်ကူ ခဲ့ပါဘူး။
လွန်ခဲ့တဲ့ လေးလလောက်မှာ နာမည် တူအောင် လ.ဝ.က ရုံးကို သွားတဲ့ အခါမှာ “မှတ်ပုံတင်က ပြောင်းချင်တိုင်း ပြောင်းလို့ မရဘူး” လို့ အသံမာမာနဲ့ ပြောဆိုတာကို ခံခဲ့ရပါတယ်။
ပြောင်းချင်ရင် နေပြည်တော်အထိ သွားပြီး ပြောင်းရမယ်လို့ ပြောပြီး နန်းအောင်ကို ပြန်လွှတ်ခဲ့ပါတယ်။ မိသားစု စားဝတ် နေရေး အခက်အခဲရှိလို့ ပိုက်ဆံကို အတိုးနဲ့ အကြွေးယူပြီး ထိုင်းနိုင်ငံ ဒါမှမဟုတ် စင်ကာပူမှာ အလုပ်သွားလုပ်ဖို့ ရည်ရွယ် ထားတဲ့ နန်းအောင်ဟာ “နေပြည်တော်ထိ သွားပြောင်းရအောင် ဘယ်နားပိုက်ဆံရှိမှာလဲ၊ ပိုက်ဆံရှိမှတော့ဖြင့် သူများနိုင်ငံမှာ ကျွန်ဖြစ်စရာတောင် မလိုဘူးလေ” လို့ ပြောပါတယ်။
ဒါပေမယ့် လက်ရှိအချိန်ထိ နန်းအောင်ဟာ နာမည်မတူတာကြောင့် နိုင်ငံခြား မထွက်နိုင်သေးပါဘူး။ နေပူ၊ မိုးရွာ မရှောင်၊ တောင်ယာတွေကို လုပ်ကိုင်ရင်း ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတဲ့ မြန်မာနိုင်ငံမှာပဲ တစ်ရက် ငါးထောင်နဲ့ အသက် မွေးဝမ်းကျောင်း ပြုနေရဆဲပါ။
ပြည်ထောင်စုမြန်မာနိုင်ငံက တိုင်းရင်းသားတွေ စုံလင်စွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ နိုင်ငံဖြစ်တယ်လို့ပြောရင် မမှားပါ ဘူး။ တိုင်းရင်းသား မျိုးနွယ်စုတွေကလည်း (၁၃၅) မျိုးအထိ ရှိပါတယ်။
လူနည်းစု တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသား လူမျိုးစုနာမည်တွေကို အလွယ်တကူ ပြောင်းလဲခံရသလို မှတ်ပုံတင် လုပ်ရာမှာ လူမျိုးရေး ခွဲခြားဆက်ဆံတာတွေကို ဘယ်လောက်ထိ ကြုံတွေ့ ခံစားနေရသလဲဆိုတာကို ဒီဖြစ်စဥ်တွေကို ကြည့်ပြီး မြင်တွေ့နိုင်ပါတယ်။
လွှတ်တော်အမတ် ဝင်ပြိုင်ခဲ့တဲ့ ပအိုဝ်းလူမျိုး ပါတီဝင်တစ်ဦးကလည်း တိုင်းရင်းသား လူမျိုးစုတွေရဲ့ နာမည်တွေရှေ့မှာ ခွန်၊ နန်း၊ ရှမ်းဆို စိုင်း စတာတွေကို အသုံးပြုရမယ်ဆိုတာကို အဆိုပါ မှတ်ပုံတင်ထုတ်ပေးတဲ့သူတွေက ကောင်းကောင်းသိ ကြောင်း၊ ဒါပေမယ့် တခြားတိုင်းရင်းသား လူမျိုးစုတွေအပေါ် စာပေရေးရာ၊ ယဥ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေး အရလည်း လွှမ်းမိုးပြီး ဗမာမှုပြုချင်လို့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းလုပ်ပေးချိန်မှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ နာမည်တွေကို ပြောင်းလဲ ထည့်လိုက်တာဖြစ်တယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။
မှတ်ပုံတင်မှာ တိုင်းရင်းသား လူမျိုးစုနာမည်တွေ အမှန်ရရှိနိုင်ရေးနဲ့ အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်မလာရအောင် ပြည် နယ်မှာရှိနေတဲ့ လူမျိုးအခွင့်ရေးတွေကို ဥပဒေနဲ့ သေသေချာချာ ပြန်ဌာန်းပြီး ကာကွယ်ဖို့ လိုအပ်ကြောင်းနဲ့ အဲလို ပြန်ဌာန်းနိုင်ဖို့အတွက်ကလည်း ဖက်ဒရယ် နိုင်ငံပေါ်ပေါက်လာမှဘဲ ပြဌာန်းနိုင်မှာ ဖြစ်ကြောင်းပြောပါတယ်။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ဗမာမှု ပြုရင်း၊ ပြုရင်းနဲ့ တိုင်းရင်းသားတွေ ပျောက်ကုန်နိုင် တယ်လို့လည်း အဆိုပါ ပအိုဝ်းလူမျိုး ပါတီဝင်က ဆိုပါတယ်။
ဒါ့အပြင်လည်း ၂၀၂၁ ခုနှစ် ပညာသင်နှစ် ကျောင်းအပ်ချိန်မှာ တိုင်းရင်းသားတွေရဲ့ နာမည်တွေရှေ့မှာ ထည့်သွင်းထားတဲ့ ရိုးရာနာမည် အခေါ်အဝေါ်တွေကိုပါ မှတ်တမ်းတင်ရေးသွင်းဖို့ အခြေခံပညာဦးစီးဌာနက မြန်မာတစ်နိုင်ငံလုံးက အခြေခံ ပညာကျောင်းတွေ အားလုံးကို ညွန်ကြားထားတာလည်း ရှိပါတယ်။
ဒါပေမယ့် လက်ရှိအချိန်ထိ ကျောင်းအပ်တဲ့ အချိန်မှာ တိုင်းရင်းသားတွေရဲ့ နာမည်၊ နာမ အရှေ့မှာ “မ”၊ မောင်” စတာတွေကို ထည့်သုံး အသုံးပြုနေတုန်းပါပဲ။ မှတ်ပုံတင်လုပ်တဲ့နေရာမှာ ငွေကြေးအမြောက်အများ ပေးဆောင်ရတာ၊ အချိန်ကြာကြာ စောင့်ဆိုင်းရတာမျိုးဟာ ဒီနေ့အချိန်ထိ ရှိနေဆဲပါပဲ။
၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ (၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၈) ပြဌာန်းတဲ့နေရာမှာလည်း တိုင်းရင်းသားလူမျိုးတွေရဲ့ စကား၊ စာပေ၊ အနုပညာ၊ ယဥ်ကျေးမှု၊ ရိုးရာဓလေ့၊ ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနဲ့ သမိုင်းအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုတဲ့ အချက်လည်း ပါပါတယ်။
ရှေ့နေတစ်ဦးကတော့ “ ဥပဒေက ရှိပေမယ့် အခုက ဘယ်သူမှ မလုပ်နိုင်ကြဘူး။ လိုက်မလုပ်ပါဘူး” လို့ မှတ်ချက်ပြု ပါတယ်။ မှတ်ပုံတင်လုပ်ရင် အမြန်လိုချင်တယ်၊ မစောင့်နိုင်ဘူးဆို ရုံးကို လက်ဖက်ရည်ဖိုးပေးခဲ့ပြီး အမြန်လုပ်ခိုင်းတာမျိုးတွေက ဥပဒေ ချိုးဖောက်တဲ့ ခြစားမှုတွေရှိကြောင်း သူက ဆက်ဆိုပါတယ်။
နန်းသင်းကတော့ လူနည်းစု တိုင်းရင်းသားတွေရဲ့ သင်္ကေတကို မလေးစားတာ၊ ဥပဒေတိုင်း မလိုက်နာတာဟာ တိုင်းရင်းတွေရဲ့ အခြေခံ အခွင့်ရေးကို ချိုးဖောက်သလို၊ လူနည်းစုတွေကို တနည်းအားဖြင့် ခွဲခြားဆက်ဆံတယ်လို့ ခံစားရတယ်လို့ ပြော တယ်။
“လေးစားသင့်တယ်၊ မခွဲခြားသင့်ဘူး၊ မလေးစားတဲ့အပြင် ဂုဏ်သိက္ခာကို ညိုးနွမ်းအောင် ပြုလုပ်တာဟာ လုံးဝ မဖြစ်သင့် ဘူး။ လုံးဝ သဘောမတူဘူး” လို့ နန်းသင်းက ပြောလိုက်ပါတယ်။
(ယခုဆောင်းပါးတွင်ပါဝင်သူများရဲ့ ဘေးကင်းလုံခြုံရေးအတွက် နာမည်များကို လွှဲပြောင်း အသုံးပြုထားပါသည်)