ရှင်ငြိမ်း။ ။
နှစ်စဉ် နိုဝင်ဘာ ၂၅ကို “အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့” အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့တယ်။ ဒီလိုနေ့တွေရောက်တိုင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး အသိပညာပေးလှုံ့ဆော်မှုတွေကို ကမ္ဘာနဲ့အဝှမ်း ကျင်းပပြုလုပ်လေ့ရှိပါတယ်။
ဒီလိုနေ့ဖြစ်လာတာကတော့ ဒိုမေနီကန်သမ္မတနိုင်ငံ၊ စိဘတ်ဒ်ဒေသမှ စစ်အာဏာရှင်ရာ့ဖဲလ်ထရူဂျီလိုအစိုးရက သူတို့ကို ဆန့်ကျင်တော်လှန်နေတဲ့အမျိုးသမီး သုံးဦးကို လုပ်ကြံသတ်ဖြတ်ခဲ့လို့ဖြစ်တယ်။
ဒီအမျိုးသမီးသုံးဦးရဲ့ပေးဆပ်မှုကို အောက်မေ့သတိရဂုဏ်ပြုသောအားဖြင့် အမျိုးသမီးတွေက ၁၉၈၁ခုနှစ်မှာ“အမျိုးသမီး တွေ အပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့” အဖြစ် သတ်မှတ်ခဲ့တာပါ။
လက်ရှိမြန်မာနိုင်ငံမှာလည်း စစ်တပ်က နိုင်ငံတော်အာဏာကိုရယူထားတာ နှစ်နှစ်နီးပါးရှိလာခဲ့ပြီး ဆန္ဒပြလူပ်ရှားမှုတွေ ကနေ လက်နက်ကိုင်တော်လှန်ရေးအထိ စစ်ကောင်စီကို ဆန့်ကျင်တိုက်ထုတ်နေကြပါတယ်။ ဒီလိုဆန့်ကျင်မှုတွေကို စစ် ကောင်စီက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေဆိုရင် အဓမ္မပြုကျင့်ခံရတာတွေ သတ်ဖြတ်ခံရတာတွေ မီးရှို့သတ်ခံရတာတွေနဲ့ ပေါ်တာဆွဲပြီး ခိုင်းစေတာတွေ စတဲ့ အကြမ်းဖက်မှုမျိုးစုံကို စစ်ကောင်စီက ပြုလုပ်နေပါတယ်။
သည့်တိုင်အောင် အမျိုးသမီးတွေပါဝင်တဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကလည်း တော်လှန်ရေးတပ်ဦးမှာ ရှိနေဆဲ ဖြစ်တယ်။ အာဏာရှင်တော်လှန်တဲ့နေရာမှာ လူထုအုံကြွမှုကြီးဖြစ်အောင် အမျိုးသမီးတွေဟာ စည်းရုံးနိုင်ခဲ့သလို အာဏာ ဖီဆန်ရေး လှုပ်ရှားမှု(CDM)ကစလို့ လက်နက်ကိုင်တော်လှန်ရေးအထိ အရွယ်စုံ၊ အလွှာစုံက အမျိုးသမီးတွေဟာ ကျရာ ကဏ္ဍကနေ အားဖြည့်ပါဝင်နေကြတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့အောက်တိုဘာ ၁ ရက်၊ ထုတ်ပြန်ချက်ထဲမှာတော့ စစ်အာဏာသိမ်းထားတဲ့ လပေါင်း ၂၀ (တစ်နှစ်ကျော်)အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ အမျိုးသမီး ၂၇၁ ဦးဟာ စစ်တပ်ရဲ့လက်ချက်နဲ့သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။
ထင်ရှားတဲ့သက်သေတွေကတော့ မန္တလေးမြို့က အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု(CDM)လုပ်ထားတဲ့ မန္တ လေး၊ ဗဟိုအမျိုးသမီးဆေးရုံမှ သူနာပြုဆရာမဒေါ်ပိုးသန္တာအောင်ဆိုရင် စစ်တပ်ရဲ့ပြင်းထန်တဲ့နှိပ်စက်မှုတွေကြောင့် စစ်ကြောရေးမှာ အသက်ပေးသွားခဲ့ရတယ်။
စစ်တပ်က ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီး၊ သတ်ဖြတ်နေတာအာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း ကျန်းမာ ရေးလုပ်သား ၅၈ဦးသေဆုံးခဲ့ရပြီး ၇၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့စက်တင်ဘာ ၁၆ ရက်၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာတွေကို ဝင်စီးနင်းရာမှာ အမျိုးသမီးတစ်ဦးကို စစ်တပ်က အဓမ္မကျင့်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဟာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား စစ်ရေးပြင်းထန်နေတဲ့ဒေသဖြစ်တယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာလည်း သြဂုတ်လ တစ်လထဲမှာ စစ်သားတွေက အမျိုးသမီးခြောက်ဦးကို အဓမ္မ ကျင့်ခဲ့တယ်လို့ ကနီမြို့နယ်အထွေထွေသပိတ်ကော်မတီက ဆိုပါတယ်။
ဒီလိုစစ်သားတွေ ကျူးလွန်တဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ရဲ့ပြောခွင့်ရကို မေးမြန်းတဲ့အခါတွေမှာလည်း စစ်သားတွေက အခုလိုကျူးလွန်တာမျိုးမရှိဘူးလို့ ငြင်းဆိုလေ့ရှိပါတယ်။
စစ်တပ်ဟာ လူသတ်တာ၊ အဓမ္မကျင့်တာ၊ မီးရှို့ဖျက်စီးတာတွေကို သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုအဖြစ် ခေတ်အဆက်ဆက် အသုံးပြု လာခဲ့ကြတာပါ။
စစ်တပ်က အခုလိုအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး အဓမ္မကျင့်တာ၊ အကြမ်းဖက်နေတာတွေဟာ သူတို့ကိုပြန်ပြီး မတော် လှန်နိုင်အောင်၊ မတွန်းလှန်နိုင်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ရက်စက်ကြမ်းကြုတ်ပြနေတာဖြစ်တယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မမေစံပယ်ဖြူက ထောက်ပြပါတယ်။
အခုလိုအမျိုးသမီးတွေကို ဦးချိုးထားမှသာလျှင် နောက်နောင်ကိုမတော်လှန်ရဲမှာဆိုတဲ့ အဓိကသတင်းစကားကို စစ်တပ်က ပေးချင်တာလို့ သူကဆိုပါတယ်။
ကရင်လူ့အခွင့်အရေးအဖွဲ့(The Karen Human Rights Group-KHRG)မှ ပြောရေးဆိုခွင့်ရှိသူ နော်ထူးထူးကလည်း “အာ ဏာရှင်တွေက အမျိုးသမီးတွေတော်လှန်ရေးမှာပါဝင်မှာကို ကြောက်ကြတယ်” လို့ သူ့အမြင်ကို ပြောပါတယ်။
သို့ပေမဲ့ အမျိုးသမီးတွေ အာဏာရှင်တော်လှန်ရေးမှာပါဝင်တာက အခုမှမဟုတ်ပါဘူး။ ခေတ်အဆက်ဆက် အာဏာရှင် တော်လှန်ရေးတွေမှာပါဝင်ခဲ့တဲ့ သတင်းစာဆရာမကြီးလူထုဒေါ်အမာတို့၊ သတင်းစာဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ရဲ့ လုပ်ရပ်တွေက သက်သေခံလျှက်ရှိတယ်။
သတင်းစာဆရာမကြီး လူထုဒေါ်အမာဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့အတူ လက်တွဲပါဝင်ဆောင်ရွက်ကာ အမျိုးသမီးတွေအတွက် ရှေ့ဆောင်လမ်းပြဖြစ်ခဲ့ပါတယ်။
သတင်းစာဆရာမကြီး ဒေါ်ခင်မျိုးချစ်ဆိုရင် မြန်မာပြည်အကြောင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့သူအဖြစ်ထင်ရှားသလို လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့သူအနေနဲ့လည်း ထင်ရှားပါတယ်။
ဒါ့အပြင် သူဟာ မြန်မာအမျိုးသမီးတွေကို ဖိနှိပ်ထားတဲ့အစဉ်အလာတွေကို အစောဆုံးထောက်ပြနိုင်ခဲ့သူအနေနဲ့လည်း လူသိများ ထင်ရှားလှပါတယ်။
မိဘတွေရဲ့ရှေးရိုးစွဲအစဉ်အလာတွေကြောင့် သူ့ရည်မှန်းချက်တွေစွန့်ပစ်ခဲ့ရသလို အမျိုးသမီးဝတ္ထုရေးတာကို ပျက်စီးတာလို့ ယူဆထားတဲ့ အသိုင်းအဝိုင်းကြားကနေ ဖောက်ထွက်ခဲ့တဲ့အမျိုးသမီးတစ်ဦးလည်းဖြစ်တယ်။
မြန်မာနိုင်ငံရဲ့အာဏာရှင်တော်လှန်ရေးသမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးမှာလည်း အမျိုးသမီးတွေဟာ ထိပ်ဆုံးကပါဝင်ခဲ့တယ်။ ထင်ရှားတဲ့သူတွေအနေနဲ့ဆိုရင် လက်ရှိစစ်တပ်ရဲ့ဖမ်းဆီးထိန်းသိမ်းခံနေရ တဲ့နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ညွှန်းဆိုပြရမှာပဲဖြစ်တယ်။
ဒီအချိန်က သူ့အပြင် ၈၈ ကျောင်းသားခေါင်းဆောင်၊ ကျောင်းသူခေါင်းဆောင်တွေလည်း အများအပြားပါဝင်ခဲ့ပြီး နှစ်ရှည် ဖမ်းဆီးခံရသူတွေရှိခဲ့သလို အသက်ပေးသွားရသူတွေလည်းရှိခဲ့ပါတယ်။ ဥပမာ လက်ရှိနွေဦးတော်လှန်ရေးမှာ အားဖြည့် ပေးနေတဲ့နိုင်ငံရေးအကျဉ်းသူဟောင်း မနီလာသိန်းတို့ရဲ့လုပ်ရပ်တွေက သက်သေပါပဲ။
နောက် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလည်း အမျိုးသမီးတွေဟာ တော်လှန်ရေးအင်အားကောင်းလာစေဖို့ ဝိုင်းဝန်းပါ ဝင်ပေးမှုကြောင့်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။
ဒီလိုပဲ နွေဦးတော်လှန်ရေးမှာလည်း အမျိုးသမီးတွေဟာ ရှေ့တန်းကနေ ဦးဆောင်လာတယ်။
ဒါ့ကြောင့် မမေစံပယ်ဖြူက “ဘယ်နိုင်ငံမှာဖြစ်ဖြစ် အာဏာရှင်ဆန့်ကျင်ရေးတွေမှာ အမျိုးသမီးတွေမပါခဲ့တာ သမိုင်းမှာ တစ်ခါမှမရှိခဲ့ဘူး” လို့ ဆိုပါတယ်။
“ နိုင်ငံတကာက ဘယ်တော်လှန်ရေးကိုပဲကြည့်ကြည့် အမျိုးသမီးတွေဟာ ခေါင်းဆောင်မှုအခန်းကဏ္ဍကနေ ရွပ်ရွပ် ချွံချွံပါဝင် ခဲ့ပြီး ဘယ်နိုင်ငံရဲ့ဘယ်တော်လှန်ရေးမှာမှ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ဦးဆောင်မှုအခန်းကဏ္ဍမပါဘဲနဲ့ အောင်မြင်ခဲ့တယ်ဆို တာ တစ်ခုမှမရှိဘူး” လို့ သူက ဆိုပါတယ်။
ဒီအတွက် အမျိုးသမီးတွေအတူတူ ပါဝင်တွန်းလှန်ခဲ့တဲ့တော်လှန်ရေးတွေသာ အောင်မြင်ရတာဖြစ်တယ်။ ဒါ့ကြောင့်လည်း အမျိုးသမီးတွေရဲ့အင်အားကို စစ်အာဏာရှင်တွေ၊ ဖိနှိပ်သူတွေဟာ အမြဲတမ်းကြောက်ရွံ့တာလို့ မမေစံပယ်ဖြူက သူ့အမြင်ကို ပြောပါတယ်။
Tampadipa Institute မှ ဒေါက်တာ ခင်ဇော်ဝင်းကလည်း ဒီမိုကရေစီလှုပ်ရှားမှုမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက အရေးကြီးတယ်။ ဒီတော့ရှေ့တန်းမှာအမျိုးသမီးတွေပါဝင်လေလေ ဒီလှုပ်ရှားမှုက အောင်မြင်လေပဲလို့ မှတ်ချက်ပြုပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေဟာ နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ရှိနေတာဖြစ်တယ်။ နောက် တော်လှန် ရေးမှာ အမျိုးသမီးတွေ အင်နဲ့အားနဲ့ပါဝင်လာတဲ့အခါ ပြည်သူတွေဟာ ရပ်ကြည့်မနေနိုင်ဘဲ ပူးပေါင်းပါဝင်လာတဲ့အတွက် အောင်မြင်မှုပိုများပါတယ်။
ဒီမိုကရေစီရဖို့လှုပ်ရှားမှုတွေထဲမှာ ဘာသာပေါင်းစုံက သီလရှင်တွေဟာ ထိပ်တန်းကနေ ပါဝင်လာတာကိုမြင်တွေ့ရလေ့ရှိ တယ်။ သူတို့တွေဟာ ပစ်သတ်ရမယ့်၊ ချေမှုန်းရမယ့် ရိုက်နှက်မယ့်သူတွေ တွန့်ဆုတ်သွားအောင် လုပ်နိုင်စွမ်းရှိကြတယ်။
မြစ်ကြီးနားမြို့မှာ ဆန္ဒပြမှုကို ဖြိုခွင်းမယ့်လက်နက်ကိုင်တွေနဲ့ ဆန္ဒပြသူတွေကြားမှာ ရိုမန်ကသလစ်မယ်သီလရှင်တစ်ပါးက ဒူးထောက်ပြီးတောင်းပန်လိုက်တော့ စစ်သားကလည်း ဒူးထောက်လိုက်တဲ့ဓါတ်ပုံဟာ မြင်ရသူကို စိတ်ထိခိုက်စေခဲ့တယ်။
ဒါတွေကြောင့် တော်လှန်ရေးမှာ အမျိုးသမီးတွေပါဝင်တဲ့အခါ ပြည်သူတွေဟာ ရပ်ကြည့်နိုင်စွမ်းမရှိတော့ဘဲ ပါဝင်ကြတာပါ။ အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါးအတွင်းမှာ တော်လှန်ရေးအရှိန်မြင့်လာတာကလည်း အမျိုးသမီးတွေ ပါဝင်မှုကြောင့်ပါပဲ။
နွေဦးတော်လှန်ရေးမှာ ပထမဆုံးအသက်ပေးသွားတဲ့သူက မြသွဲ့သွဲ့ခိုင်ဆိုတဲ့ အမျိုးသမီးတစ်ဦးပါ။ သူကျဆုံးသွားတော့ ပြည်သူတွေဟာ ဂရုဏာ၊ ဒေါသ၊ နာကျင်မှုဖြစ်ပြီး တော်လှန်ရေးဟာ အရှိန်တစ်ဆင့်မြင့်သွားပါတယ်။
စစ်တပ်ရဲ့လက်နက်နဲ့ပစ်ခတ်မှုကို ဒိုင်းတွေနဲ့ကာရံပြီး ခုခံမှုတွေလုပ်လာခဲ့တယ်။ နောက်တခါ မန္တလေးမှကြယ်စင်ဆိုတဲ့ အမျိုးသမီးလေး ခေါင်းမှာကျည်ဆန်ထိမှန်သေဆုံးသွားတော့လည်း ပြည်သူတွေဟာ နာကျည်းဝမ်းနည်းစိတ်ဖြစ်ကြပါ တယ်။
နောက်အမျိုးသမီးတွေရဲ့အာဏာရှင်တော်လှန်ရေးက အကြမ်းမဖက်၊ ငြိမ်းချမ်းစွာလှုပ်ရှားတာကို ဦးတည်စေတယ်။ အမျိုး သမီးတွေပါဝင်ရင် အောင်မြင်နိုင်တယ်ဆိုတာရဲ့ ဒုတိယအချက်ကတော့ စည်းရုံးရေးအားသိပ်ကောင်းတာပါ။
သူတို့တွေဟာ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM)လုပ်တဲ့ ဝန်ထမ်းတွေကို ပိုစည်းရုံးနိုင်တယ်။ အသာလေး ငြိမ်နေတဲ့ချမ်းသာတဲ့သူဌေးတွေကိုလည်း စည်းရုံးနိုင်တယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကိုတောင် စည်းရုံးနိုင်ပါတယ်။ ပြောရရင် ရန်သူကိုတောင်စည်းရုံးနိုင်စွမ်းရှိတဲ့သူတွေပါ။
တတိယအချက်ကတော့ အမျိုးသမီးတွေပါဝင်တဲ့တော်လှန်ရေးဟာ လူထုကို စိတ်လှုပ်ရှားမှုဖြစ်စေတယ်။ သူတို့ဟာ အမျိုး သားတွေ လုပ်လေ့ရှိတဲ့ သံချပ်ကာရုံလောက်မဟုတ်ဘဲ တခြားတော်လှန်ရေးနည်းတွေကို သုံးလာခဲ့တယ်။
တခြားနည်းဆိုတာက နေရာဒေသအသီးသီးက အမျိုးသမီးတွေဟာ တကယ့် Beauty Queen တွေလိုမျိုး သတို့သမီးဝတ်စုံ လိုတွေဝတ်ပြီးတော့ သရဖူတွေဆောင်း၊ ရေအိုးရွက်ပြီး ထူးခြားဆန်းသစ်တဲ့စိတ်ကူးတွေနဲ့ အာဏာရှင်ကိုတော်လှန်တာ တွေ၊ထဘီအလံထူပြီး ဆန္ဒပြတာတွေပါ။
ဒီလိုလုပ်တာတွေဟာ မတူကွဲပြားတဲ့သူတွေက မတူကွဲပြားမှုကို ယူလာတဲ့သဘောပါပဲ။ ဒါ့အပြင် Boycott လုပ်တာ၊ ငွေ ကြေးရှာဖွေတာ၊ Supply တွေလုပ်ပေးတာ၊ အစားအသောက်ချက်ပြုတ်ပေးတဲ့ကိစ္စတွေ ဒီလိုနေရာတွေမှာလည်း အမျိုး သမီးတွေက ရှေ့ကနေ ဦးဆောင်ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ အမျိုးသမီးတွေပါဝင်တဲ့တော်လှန်ရေးတွေ၊ ဆန္ဒပြမှုတွေဟာ စည်းကမ်းတကျဖြစ်လာခဲ့တာ ပါပဲ။
ဒီလိုအချက်တွေကြောင့်ပဲ အာဏာရှင်တွေက အမျိုးသမီးတွေ ရှေ့တန်းမှာပါလာရင် မကြိုက်ကြဘူး။ သူတို့ဖြိုခွင်းဖို့ခက် တယ်။ ဒါတွေကြောင့် အမျိုးသမီးတွေကို ပိုမိုဖိနှိပ်၊ ရက်စက်ပြလေ့ရှိတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့နိုင်ငံရေး လေ့လာသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တွေဟာ အမျိုးသမီးတွေကို ဖိနှိပ်တဲ့နေရာမှာ လူနည်းစုဖြစ်တဲ့တိုင်းရင်းသူတွေ၊ ဘာသာခြား အမျိုး သမီးတွေကို ပိုမိုဖိနှိပ်လေ့ရှိတာကိုလည်း တွေ့ရတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။
ဒါပေမဲ့ အမျိုးသမီးတွေရဲ့တော်လှန်ရေးအခန်းကဏ္ဍမှာ ပါဝင်မှုဟာ အခုလိုအကြမ်းဖက်တဲ့၊ ကြမ်းကြုတ်တဲ့၊ ရက်စက်တဲ့ လုပ်ရပ်တွေကြောင့်နဲ့တော့ မှေးမှိန်သွားမှာ မဟုတ်ပါဘူး။
အမျိုးသမီးတွေရဲ့ တော်လှန်ချင်တဲ့စိတ်ဓါတ်ကိုလည်း ဘယ်အာဏာရှင်ကမှ ဘယ်လိုရက်စက်ကြမ်းကြုတ်မှုမျိုးတွေကမှ ရပ်တန့်အောင်ပြုလုပ်နိုင်မှာမဟုတ်ဘူးဆိုတာ ဒီနွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့အမျိုးသမီးတွေရဲ့လုပ်ရပ်တွေက သက် သေခံလျှက်ရှိပါတယ်။