ရွှေသွဲ့။ ။
ကိုယ့်မိဘအိမ်ပြန်လာတာကို အုပ်ချုပ်ရေးမှူးအိမ်မှာ သတင်းပို့ပြီး တည်းခိုခွင့်တောင်းခံရတာဟာ ကိုယ်ပိုင်လွတ် လပ်ခွင့်ကို သူတို့ဆီမှာသွားပြီး ချုပ်နှောင်ခံရလိုက်ရတာနဲ့ တူတယ်လို့ ပြောလိုက်တဲ့သူကတော့ ရန်ကုန်မြို့ ရွှေ ပြည်သာမြို့နယ်အတွင်းက အသက် ၃၅ နှစ်အရွယ် မဟေမာပဲ ဖြစ်ပါတယ်။
မဟေမာဟာ ရွှေပြည်သာမြို့နယ်အတွင်းမှာ မိဘနှစ်ပါး၊ အမဖြစ်သူနဲ့ မိသားစုဝင်လေးယောက်နဲ့အတူ ဆယ်နှစ် ကျော်နေထိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အိမ်ထောင်ကျခဲ့တဲ့အတွက် အခြားမြို့နယ်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တာ ဖြစ်ပါ တယ်။
အမျိုးသားဖြစ်သူ အလုပ်ထွက်လုပ်ရင် လနဲ့ချီကြာတတ်တဲ့အတွက် မိဘအိမ်ကို ပြန်လာနေတဲ့အချိန် ဧည့်စာရင်း တိုင်ရတာပဲ ဖြစ်ပါတယ်။ မဟေမာရဲ့ မူလဇာတိမွေးရပ်မြေဟာ ဧရာဝတီတိုင်း၊ ဘိုကလေးကဖြစ်ပြီး နာဂစ်မုန် တိုင်းဒဏ်ခံရပြီး နောက်ပိုင်းမှာ ရန်ကုန်မြို့ကို မိသားစုလိုက် ပြောင်းရွှေ့လာကြတာ ဖြစ်ပါတယ်။
သူတို့ဟာ မြေငှားပြီး ကိုယ်ပိုင်အိမ် ဆောက်လုပ်နေထိုင်ခဲ့တာဖြစ်ပြီး နေတာကြာလာတဲ့အတွက် အရင်အစိုးရ လက်ထက်က ယာယီအိမ်ထောင်စုစာရင်းနဲ့ နေထိုင်ရတာ ဖြစ်ပါတယ်။
ဧည့်စာရင်းလာစစ်တဲ့အခါ အိမ်ထောင်စုစာရင်းထဲ နာမည်ပါပြီး လူမတွေ့ရင်လည်း ရစ်တတ်တဲ့အတွက် အိမ် ထောင်ကျသွားတဲ့ မဟေမာကို အိမ်ထောင်စုစာရင်းထဲက ဖယ်ထားလိုက်တာလို့ အစ်မဖြစ်သူ မနှင်းကပြောပါ တယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တစ်လတစ်ခါ ရာအိမ်မှူးဆီမှာ မိသားစုလိုက် ဧည့်စာရင်းတိုင် ရတာဖြစ်ပါတယ်။ ဧည့်စာရင်းတိုင်ထားကြောင်း အထောက်အထားအနေနဲ့ စာအုပ်ပြန်ပေးပြီး တစ်ခါတိုင်ရင် ငွေကျပ် ၅၀၀ ပေးဆောင်ရတယ်လို့လည်း မနှင်းကပြောပါတယ်။
“သူတို့ (အာဏာပိုင်တွေ) ဧည့်စာရင်းလာစစ်တာ အရမ်းကြမ်းတာ။ သေနတ်တွေချိန်ပြီး ထိုးဝင်လာတာ။ အိမ်ပေါ် တက်တော့လည်း ဖိနပ်တောင်မချွတ်ဘူး” လို့ မနှင်းက သူတို့အိမ်ကို ဧည့်စာရင်းဝင်စစ်တဲ့ အခြေအနေကို ပြောပြ ပါတယ်။
ည ၁၂ နာရီကျော် လူတွေအိပ်မောကျနေချိန် အိမ်တွေကို ဧည့်စာရင်းဝင်စစ်တာဖြစ်ပါတယ်။ အဲ့ဒီလို ဧည့်စာရင်း စစ်တဲ့အခါ လူအင်အား အလုံးအရင်းနဲ့ ဝင်လာတတ်ပြီး သူတို့တွေ စစ်မယ့် ရပ်ကွက်တွေရဲ့ လမ်းဟိုဘက်၊ ဒီဘက် ထိပ်တွေပါပိတ် အစောင့်ချပြီးမှ ဝင်စစ်တာဖြစ်တယ်လို့ မနှင်းက ဆိုပါတယ်။
ဧည့်စာရင်းလာစစ်တဲ့အထဲမှာ စစ်ဝတ်စုံဝတ်ထားတဲ့သူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လဝက (လူဝင်မှုကြီးကြပ်ရေးက တာဝန်ရှိသူ)၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ လာစစ်တာဖြစ်တာဖြစ်ပါတယ်။
“ဧည့်စာရင်းစာအုပ်ယူ အကုန်လုံးအိမ်အပြင်ထွက် တန်းစီဆိုပြီး စာအုပ်ထဲမှာ ပါတဲ့နာမည်နဲ့ တန်းစီနေတဲ့သူတွေ ထဲက တစ်ယောက်စီခေါ်ထုတ်ပြီး စစ်တာ” လို့ မနှင်းက သူတို့မိသားစု အစစ်ခံရပုံကို ပြန်ပြောပြပါတယ်။
စာအုပ်ထဲက စာရင်းနဲ့ ရှိနေတဲ့လူ တိုက်ဆိုင်စစ်ဆေးပြီးရင် အသက်ကြီးတဲ့သူ၊ ကျန်းမာရေးမကောင်းတဲ့သူနဲ့ ဆယ်နှစ်အောက် ကလေးတွေကလွဲလို့ ကျန်တဲ့သူတွေ အိမ်အပြင်မှာနေခဲ့ရပြီး သူတို့ပဲဝင်စစ်တာဖြစ်ပါတယ်။
မနှင်းရဲ့ အဖေနဲ့အမေမှာ အသက် ၇၀ နီးပါး ရှိနေပြီဖြစ်တဲ့အတွက် အိမ်အောက်ကို မဆင်းခိုင်းဘဲ အိမ်ပေါ်မှာနေခဲ့ရ သော်လည်း အိမ်ပေါ်ကို တက်စစ်တဲ့ အခါမှာ ရဲတစ်ယောက်၊ စစ်သားနှစ်ယောက်နဲ့ အရပ်ဝတ်တစ်ယောက်က အိမ်ပေါ်ကို သေနတ်တွေကိုင်ပြီး အကြမ်းပတမ်း တက်သွားတာဖြစ်ပါတယ်။
“အမေက အရမ်းကြောက်တတ်တော့ အမေလန့်မှာစိုးလို့ အမက နောက်ကပြေးတက်သွားတာ။ ခင်ဗျားဘာလာ လုပ်တာလဲ ခင်ဗျားကို အောက်မှာနေခိုင်းတာလေတဲ့ အမကို အဲ့လိုငေါက်ပြောတာ။ အမလည်း အမေရှိတဲ့နား ဇွတ်ဝင်တော့ သူ့သေနတ်ဖင်ကြီးနဲ့ အမခါးကိုဆောင့်မိသေးတယ်” လို့ မနှင်းက ဆိုပါတယ်။
အဲဒီလို လက်နက်တွေကိုင်ဆောင်ပြီး ဝင်စစ်ဆေးတာဖြစ်တဲ့အခါ ကြောက်တဲ့စိတ်ဖြစ်မိသလို၊ ဒေါသစိတ်ပါ တစ်ပြိုင်ထဲ ဖြစ်မိတယ်လို့လည်း မနှင်းက သူ့ခံစားချက်ကို ပြောပါတယ်။
ဒေါသဖြစ်ပေမယ့်လည်း စကားကိုအဆင်ပြေအောင်သာ ပြန်ပြောလိုက်ရခြင်းဟာ သူတို့တွေက လက်နက်အား ကိုးနဲ့ မထင်ရင် မထင်သလို လုပ်တတ်တဲ့အတွက် သည်းခံလိုက်ရခြင်းဖြစ်တယ်လို့ မနှင်းက ဆိုပါတယ်။
“သူတို့ရှာတဲ့ပုံစံက တစ်ခုခုကိုဝှက်ထားသလိုမျိုး အကုန်လှန်လှောရှာတာ။ စားပွဲအောက်တွေရော နောက်ဆုံး ခြင်ထောင်ပါ လှန်ကြည့်သွားတာ” လို့ မနှင်းကဆိုပါတယ်။
ခြင်ထောင်ထဲအထိ လက်နှိပ်ဓာတ်မီးနဲ့ထိုးပြီး ဒီလိုဧည့်စာရင်းစစ်တဲ့ပုံစံဟာ အရင်စစ်အာဏာသိမ်းထားစဉ်က ပြုလုပ်လာခဲ့တဲ့ အစဉ်အလာတစ်ခုလို့ ပြောလို့ရပါတယ်။
ကိုယ့်အိမ်မှာ ညအိပ်တဲ့အချိန်တောင် စိတ်ပိုင်းရော ရုပ်ပိုင်းပါ လုံခြုံမှုမရှိတာ သူတို့ရဲ့ ဧည့်စာရင်းစစ်တဲ့ ပုံစံက လူ့ အခွင့်အရေးကို ဘယ်လောက်ထိ ကျူးလွန်လဲဆိုတာ အကြမ်းဖက်တယ်လို့ပဲပြောရမှာပဲ။ တချို့လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့အခါမှာ ပေါ်တင်ကြီးမဟုတ်တဲ့ ကျူးလွန်မှုတွေတောင် စိတ်ပိုင်းဆိုင်ရာ အများကြီး ထိခိုက်ရတာ တွေရှိတယ်လို့ ရန်ကုန်မြို့ အမည်မဖော်လိုတဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။
ဧည့်စာရင်းလာစစ်တဲ့အခါ အိမ်ထဲမှာရှိတဲ့လူ အကုန်လုံးထွက်ဆိုတဲ့ အခြေအနေမှာ ဒီအတိုင်းစစ်လည်းရတာပဲ။ ဘာလို့ ထွက်တန်းစီရမှာလည်းလို့တောင် ပြည်သူတွေက ပြန်မပြောရဲတဲ့ အခြေအနေဖြစ်ပြီး အိမ်ရှင်တစ်ယောက် အနေနဲ့တောင် ပြောပြခွင့်မရှိတဲ့ အခြေအနေဟာ သူတို့တွေဘက်က ဘယ်လောက်ထိ ကြမ်းတမ်းနေလဲဆိုတာ ထင်ရှားစေပါတယ်လို့ အထက်ပါ အမျိုးသမီးအရေးလှုပ်ရှားသူက ဆိုပါတယ်။
“သူတို့ ဝင်ချင်ဝင်မယ်၊ ထွက်ချင်ထွက်မယ်။ သူတို့သဘောအတိုင်း လုပ်မယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတာကတော့ ပိုပြီးတော့ စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ အခြေအနေဖြစ်ပါတယ်” လို့ အမျိုးသမီးအရေး အစဉ်တစိုက် တက်ကြွလှုပ် ရှားနေတဲ့ အထက်ပါ အမျိုးသမီးက ဆိုပါတယ်။
လူနေမှု သိပ်သည်းတဲ့ ရန်ကုန်မြို့ကိုပဲ ဧည့်စာရင်းဝင်စစ်တာမျိုးမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူစိမ်း အဝင်အထွက်ရှိတဲ့ မြို့နယ်၊ ရပ်ကွက်တွေကို အဓိကထား ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေတာပါ။
မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ ပေါက်ကွဲမှုတွေ၊ ဆန္ဒပြမှုတွေ၊ စစ်ကောင်စီရဲ့ လက်ပါးစေတွေ တိုက်ခိုက်ခံရတဲ့ အခြေအနေ တစ်ရပ်ရပ်နဲ့ ကြုံလာတိုင်း အဲ့ဒီရပ်ကွက်ကို စစ်ကောင်စီဘက်က ဖိနှိပ်စစ်ဆေးတာတွေ ပြုလုပ် တတ်ပြီး အကြောင်းအမျိုးမျိုးပြကာ ပြည်သူတွေကို ရန်ပြုလေ့ရှိတယ်လို့လည်း မန္တလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကိုယ်ကနယ်ခံဆိုတော့ အိမ်ကိုဧည့်စာရင်း လာစစ်တာမခံရဘူး။ စိန်ပန်းတို့ မြရည်နန္ဒာတို့ဘက်တွေမှာ နယ်ခံ မဟုတ်တဲ့ လူစိမ်းအဝင်အထွက်များတဲ့ နေရာတွေကိုတော့ စစ်တယ်လို့ အသံကြားတယ်”လို့ မန္တလေးမြို့က ဒေသ ခံတစ်ဦးက ဆိုပါတယ်။
ဧည့်စာရင်း ပြန်လည်တိုင်ကြားရမယ့်ပုဒ်မ ပြင်ဆင်ချက်အပါအဝင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဥပဒေ စတုတ္ထအကြိမ် ပြင်ဆင်တဲ့ဥပဒေကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပြဌာန်းကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။
ထုတ်ပြန်ကြေညာချက်မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ယင်းဥပဒေကို ပြဌာန်းလိုက်ကြောင်း၊ ယင်းဥပဒေကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအား စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေဟုခေါ်တွင်စေရမည်လို့ ဖော်ပြချက် မှာ ပါရှိပါတယ်။
ညအချိန်မတော် ဧည့်စာရင်းဝင်ရောက်စစ်ဆေးတာဟာ အများပြည်သူကို အနိုင်ကျင့်တဲ့ အလုပ်သဘောမျိုး သက် ရောက်နေတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အစိုးရ လက်ထက်မှာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။
ဧည့်စာရင်းမတိုင်ရတော့တဲ့အတွက် နေအိမ်တွေမှာ ညသန်းခေါင် အိပ်ရာထဲထိ လိုက်လံစစ်ဆေးတာမျိုး ရှိတော့ မှာ မဟုတ်တော့လို့ ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာမျိုးတွေ ရှိတော့မှာ မဟုတ်ဘူးလို့ NLD လွှတ်တော်အမတ်တွေက ထောက်ပြဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ဒီပုဒ်မကို ပယ်ဖျက်လိုက်ရင် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး အပိုင်းမှာ အားနည်းချက်တွေ ရှိလာနိုင်တယ်ဆိုတာမျိုးကို ထောက်ပြဆွေးနွေးခဲ့ပြီး ဒီပုဒ်မကို မပယ်ဖျက်ဘဲ မူလ အတိုင်းထားဖို့ ကန့်ကွက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းမှာ NLD အစိုးရဖြစ်ချိန် လွှတ်တော်နှစ်ရပ်မှာ အကြိတ်အနယ်ဆွေးနွေးပြီး အဲ့ဒီ ဥပဒေကို ပယ်ဖျက်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ပယ်ဖျက်မယ့်ဘက်က မဲအသာရတဲ့အတွက် ပယ်ဖျက်ရေးမှာ အတည် ဖြစ်သွားခဲ့တာပါ။
သို့ပေမယ့်လည်း စစ်တပ်က အာဏာသိမ်းပြီး ၁၀ ရက်ကျော်အကြာမှာပဲ ဧည့်စာရင်း ပြန်လည်စစ်ခွင့်ရဖို့အတွက် ဥပဒေကို ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။
ကိုယ့်အိမ်ကို ညအိပ်ညနေ ဧည့်သည်လာမယ်ဆိုရင် သက်ဆိုင်ရာ၊ ရပ်ကွက်၊ ကျေးရွာ အာဏာပိုင်ဆီမှာ ဧည့်စာ ရင်း တိုင်ရမှာဖြစ်ပါတယ်။ ဧည့်စာရင်းတိုင်ရမယ့် ဥပဒေဟာ ကိုယ်နဲ့အဆင်မပြေသူတွေကို ဒုက္ခပေးရာမှာ အသုံး ပြုဖို့အတွက် ဒေသခံအာဏာပိုင်တွေကို အခွင့်အရေးပေးထားသလိုမျိုး ဖြစ်နေတာပါ။
ဧည့်စာရင်းတိုင်ရတဲ့ သူတွေဟာ အိမ်ပိုင်မဟုတ်ဘဲ အိမ်ငှားနေထိုင်သူတွေ၊ အလုပ်အကိုင်ကြောင့် ပြောင်းရွှေ့ပြီး လာနေထိုင်သူတွေဟာ မိသားစုလိုက် ဧည့်စာရင်းတိုင် နေထိုင်ရတာဖြစ်ပြီး၊ တစ်ခါတစ်ရံ ခရီးသွားလို့ ညအိပ်ည နေ သွားတဲ့သူတွေကိုတော့ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ သက်သေခံစာရွက်၊ မှတ်ပုံတင်ပြပြီး သက်ဆိုင်ရာ ရာအိမ်မှူးဆီမှာ ဧည့်စာရင်းသွားတိုင်ရတာ ဖြစ်ပါတယ်။
ဒီလို ခရီးသွားရင်း ညအိပ်ဖို့အတွက် ဧည့်စာရင်းတိုင်တာကိုတော့ ငွေကြေးတောင်းခံတာမရှိဘဲ၊ ရေရှည်နေထိုင်တဲ့ မိသားစုဝင်တွေ ဧည့်စာရင်းတိုင်ရင်တော့ ငွေကျပ် ၅၀၀ ကနေ ၅၀၀၀ ထိ ပေးဆောင်ရတာတွေ ရှိနေပါတယ်။
“ညီမတို့က မိသားစု ၅ ယောက်ရှိတယ်။ အာဏာသိမ်းပြီးတည်းက တစ်လတစ်ခါတိုင်ရတယ်။ တစ်ခါတိုင်ရင် ၅၀၀၀ ပေးရတယ်။ ကိုယ့်တစ်အိမ်ထဲပေးရတာ မဟုတ်ဘူး။ တိုင်တဲ့သူမှန်သမျှ အကုန်ပေးရတာ” လို့ ရန်ကုန်မြို့ လှည်းကူးမြို့နယ်မှာ နေထိုင်သူ မခိုင်ဇာကပြောပါတယ်။
ဧည့်စာရင်းသွားတိုင်တဲ့အခါ အခုလိုငွေကြေးတောင်းခံနေတာကို ဘယ်သူမှ မပြောရဲဘဲ ပေးဆောင်ခဲ့ရပါတယ်။ ဧည့်စာရင်း တိုင်ထားတာတောင် ဝင်စစ်တဲ့အခါမှာ သူတို့နဲ့ စကားပြောတာ အဆင်မပြေတဲ့ လူငယ်တချို့ကို ဖမ်းဆီးသွားတာမျိုးတွေ ရှိတဲ့အတွက် လစဉ်ပုံမှန် ဧည့်စာရင်းတိုင်ရတယ်လို့လည်း မခိုင်ဇာက ဆိုပါတယ်။
“သူတို့က ကြုံရင်ကြုံသလို ဝင်စစ်တာလေ။ သေနတ်တွေနဲ့ဆိုတော့ အမှန်တိုင်းပြောရရင်တော့ ကြောက်တယ်။ လေသံတွေကလည်း မာထန်နေတာပဲ။ သူတို့လာစစ်လို့ ဧည့်စာရင်းများ မတိုင်ထားရင် ဘယ်လိုတောင်လုပ်မလဲ မသိဘူး”လို့ မခိုင်ဇာကဆိုပါတယ်။
တအိမ်တက်ဆင်း ဧည့်စာရင်းဝင်မစစ်ရင်တောင် လှည့်ကင်းက ညတိုင်းနီးပါးရှိတဲ့အတွက် နီးစပ်ရာအိမ်တွေကို ဝင်စစ်တာမျိုးလုပ်ပြီး လူစိမ်းတွေ လက်မခံဖို့နဲ့ မသင်္ကာစရာ ထူးခြားတာရှိရင် သူတို့ကို ပြန်ပြောပြဖို့လည်း မှာ သွားသေးတယ်လို့ မခိုင်ဇာက ဆိုပါတယ်။
ဒီလိုအလုပ်အကိုင်ရှားပါးပြီး ဝင်ငွေလျော့ပါးနေတဲ့ကာလမှာ တစ်လတစ်ကြိမ် ဧည့်စာရင်းတိုင်ကြားခ ငါးထောင် ပေးရတာဟာ အိမ်ထောင်ရှင်မအနေနဲ့ ဈေးဖိုးထဲက စိုက်ပေးရတာကြောင့် မီးဖိုချောင်အသုံးစရိတ်လျှော့ချပြီး ပေးရတာဖြစ်တယ်လို့လည်း မခိုင်ဇာကဆိုပါတယ်။
ပြင်ဆင်လိုက်တဲ့ ဥပဒေပါ အချက်အလက်အရ ပယ်ဖျက်ထားတဲ့ ပုဒ်မ ၁၃ ပုဒ်မခွဲ (ဆ) ကို ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။ ပြင်ဆင်လိုက်တဲ့ဥပဒေကို လိုက်နာဆောင်ရွက်ခြင်းပျက်ကွက်ပါက ထိုသူကို ကျပ်တစ်သောင်းထက် မပိုသော ငွေဒဏ်ချမှတ်ရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ခုနှစ်ရက်ထက်မပိုသော ထောင်ဒဏ်ကျခံ စေရန် သက်ဆိုင်ရာတရားရုံးက ချမှတ်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဧည့်စာရင်းဥပဒေအရ မိဘအိမ် အလည်ပြန်တာတောင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အသိပေး အကြောင်းကြားဖို့ လိုသလို ညည့်နက်သန်းခေါင် အိမ်တိုင်းကိုဝင်ပြီး စစ်ဆေးခွင့်လည်းရှိပါတယ်။ ဧည့်စာရင်းစစ် ဆေးခွင့် အကြောင်းပြုပြီး အိပ်ခန်းထဲထိတောင် ဝင်ရောက်စစ်ဆေးနိုင်တဲ့အတွက် ဥပဒေဟာ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကိုပါ ထိပါးနှောင့်ယှက်ရာရောက်တယ်လို့ လူ့အခွင့်အရေးရှုထောင့်ကနေ ဝေဖန်မှုတွေလည်း ရှိနေ ပါတယ်။
ဧည့်စာရင်းတိုင်ကြားရမယ့် စနစ်ကို ပြန်လည် အသက်သွင်းခြင်းဟာ အစိုးရကို ဆန့်ကျင်သူများ၊ တက်ကြွလှုပ်ရှား သူများအား ညအိပ်ညနေ တည်းခိုနေထိုင်ခြင်း မပြုစေရန်နဲ့ ညအချိန်မတော် ဧည့်စာရင်းအကြောင်းပြကာ ပြည် သူလူထုကို အနှောင့်အယှက်ပြုရန်အတွက် ယခင်စစ်အာဏာသိမ်းစဉ်ကာလက အစဉ်အလာဆိုးကို ပြန်လည်ပုံ ဖော်လာခြင်းဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဧည့်စာရင်းမတိုင်ရင် အုပ်ချုပ်ရေးမှူးက အရေးယူလို့ ရတယ်ဆိုတဲ့ ဥပဒေဟာ အုပ်ချုပ်ရေးမှူးအတွက် လိုသလို သုံးလို့ရတဲ့ လက်နက်တစ်ခုလိုမျိုးဖြစ်နေတော့ သူ့ကိုပါရောပြီး ကြောက်နေရတဲ့ အဆင့်ဖြစ်နေတယ်လို့ မဟေမာ က ဆိုပါတယ်။
“ဘယ်သူမှကိုယ့်လွတ်လပ်ခွင့်ကို ချုပ်ထားတာ သဘောမကျဘူး။ ဒါပေမယ့်လည်း အမေ့အိမ်ပြန်တိုင်း ဧည့်စာ ရင်း မတိုင်ချင်ပေမယ့်လည်း အောင့်သီးအောင့်သက်နဲ့ တိုင်နေရတယ်” လို့ မဟေမာက ဆိုပါတယ်။
(မဟေမာ၊ မနှင်း နဲ့ မခိုင်ဇာတို့ရဲ့ လုံခြုံရေးအတွက် သူတို့နာမည်ကိုပြောင်းလဲသုံးထားပါတယ်။)