Home ဆောင်းပါး ကန့်သတ်မှုတွေကြားက ထောင်ဝင်စာ

ကန့်သတ်မှုတွေကြားက ထောင်ဝင်စာ

ရှင်ငြိမ်း။ ။

အင်းစိန်အကျဉ်းထောင်မှာ ထောင်ဝင်စာပို့မှုကို စည်းကမ်းတင်းကြပ်လိုက်တာကြောင့် နွမ်းပါးတဲ့နိုင်ငံရေး အကျဉ်းသား တွေကို တစ်ပိုင်တစ်နိုင်ထောင်ဝင်စာပို့ပေးနေသူတွေမှာ အခက်အခဲတွေဖြစ်သွားရပါတယ်။

“ အရင်က ထောင်ဝင်စာပို့ရင် မိသားစုဝင်ဖြစ်ကြောင်း သန်းခေါင်စာရင်းပဲပြရတာ အခုကရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်း ထောက်ခံစာပါယူခိုင်းတော့ မိသားစုဝင်မဟုတ်တဲ့သူတွေ သွားပို့လို့မရတဲ့ အခက်အခဲဖြစ်ရတယ်” လို့ တစ်ပိုင်တစ်နိုင် ထောင်ဝင်စာပို့နေတဲ့ မရတီစိုးမိုးက ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁၉ ရက်က အင်းစိန်ထောင်၊ ထောင်ဝင်စာဌာန ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် နိုင်ငံတဝှမ်းရှိ အကျဉ်း ထောင်တွေကို ထောင်ဝင်စာပို့ခွင့် ၁၁ ရက်ကြာပိတ်ထားရာမှ ပြန်ခွင့်ပြုတဲ့အချိန်မှာ အခုလိုကန့်သတ်မှုတွေနဲ့ လုပ်လိုက် တာပါ။

ယခုနှစ် နိုဝင်ဘာ ၁၄ရက်မှစလို့ အချုပ်သားတွေအတွက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး သုံးရက်နဲ့ အကျဉ်းသားတွေကိုတော့ ကြာသပတေး၊ သောကြာ၊ စနေသုံးရက်သာ ထောင်ဝင်စာပေးခွင့်ရှိတယ်လို့ အကျဉ်းဦးစီးမှ ထုတ်ပြန်ထားပါတယ်။

“ ဒီလိုရက်ကန့်သတ်လိုက်တော့ ကျမတို့လူအင်အားနဲ့ဆိုရင် အကျဉ်းသားအားလုံးဆီအရောက် မပို့နိုင်တော့ဘူး”လို့ မရတီ စိုးမိုးက ဆိုပါတယ်။

ဒါ့အပြင် ဗ‌ဟိုအကျဉ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း သစ်သီးတစ်မျိုး၊ မုန့်တစ်မျိုး၊ အသားကြော်တစ်မျိုး၊ အသင့်စား အကြော်တစ်မျိုး ၂၀သားခန့်၊ အသင့်စားခေါက်‌ဆွဲ၊ ကြာဇံ၊ မုန့်ဟင်းခါးငါးထုပ်၊ အသင့်ဖျော်ကော်ဖီထုပ်၊ တီးမစ်၊ ကွေကာ အုပ် ၁၀ ထုပ်စတာတွေပဲ ပို့လို့ရမယ်လို့ ကန့်သတ်ထားပါတယ်။

အကျဉ်းထောင်ထဲမှာ ဈေးဝယ်နိုင်ဖို့ အကျဉ်းထောင်ဝန်ထမ်းထံ အပ်နှံထားရတဲ့ ဈေးဘားလို့ခေါ်တဲ့ငွေကြေးကိုလည်း သန်းခေါင်စာရင်းမှာပါဝင်တဲ့ မိသားစုဝင်တွေထံမှသာ လက်ခံတော့မယ်လို့လည်း ထောင်ဝင်စာသွားပို့ခဲ့တဲ့နိုင်ငံရေးအကျဉ်း သားမိသားစုဝင်တစ်ဦးက ပြောပါတယ်။

အကျဉ်းထောင်ဝန်ထမ်းတွေဟာ သူတို့ကိုအပ်ထားတဲ့ ဈေးဘားငွေကြေးကို သတ်မှတ်ထားတာမရှိဘဲ ငွေကျပ် ၁၀,၀၀၀ အပ်ရင် ၂,၀၀၀ ကျပ် ဖြတ်ယူနေတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ဆေးဝါးတွေကိုလည်းအကျဉ်းထောင် ဆရာဝန်ထံ အပ်နှံထားရမယ်လို့ သတ်မှတ်လိုက်ပါတယ်။

မရတီစိုးမိုးတို့လို တစ်ပိုင်တစ်နိုင်ထောင်ဝင်စာပို့သူတွေအနေနဲ့ မပို့နိုင်တော့ဘူးဆိုရင် နွမ်းပါးတဲ့၊ ထောင်ဝင်စာပို့မယ့်သူ မရှိတဲ့ အကျဉ်းသားတွေရဲ့စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် ဆေးဝါးရရှိမှုမှာ အခက်အခဲတွေဖြစ်လာမှာပါ။

ဒီလိုရုပ်ပိုင်းဆိုင်ထိခိုက်မှုအပြင် မိသားစုဝင်တွေဆီက ခွန်အားဖြစ်စေတဲ့ထောင်ဝင်စာမလာတဲ့အခါ အကျဉ်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေဖြစ်လာမှာကို မရတီစိုးမိုးတစ်ယောက် စိုးရိမ်လို့နေပါတယ်။

အသက် ၂၃ အရွယ် မရတီစိုးမိုးဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံခဲ့ရပေမယ့် မိဘတွေက ငွေ ၁၀ သိန်းနဲ့ရွေးထုတ်ပေးလို့ ထောင်ထဲမှာ ခြောက်လလောက်နေခဲ့ရတဲ့သူဖြစ်တယ်။

သူဟာ အကျဉ်းထောင်ကလွတ်လာပြီးနောက် ဆင်းရဲနွမ်းပါးတဲ့ ဘဝတူနိုင်ငံရေးအကျဉ်းသားတွေ စားသောက်ရေးအဆင် ပြေစေဖို့ တစ်ပိုင်တစ်နိုင်ထောင်ဝင်စာပို့ပေးနေတာပါ။

အင်းစိန်အကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ခွဲခြားဖိနှိပ်တာ၊ လူမဆန်စွာနှိပ်စက်ညှင်းပန်းတာတွေအပြင် အစားအသောက်မသန့်ရှင်းတာတွေနဲ့ပတ်သက်လို့လည်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့အကျဉ်းထောင်ဖြစ်တယ်။

ဓါတ်ပုံ – Ei Ei Moe

ဒါကြောင့် အကျဉ်းသားတွေအတွက် ထောင်ဝင်စာဟာ အသက်တမျှအရေးပါလှပါတယ်။ မိသားစုဝင်အနေနဲ့ ထောင်ဝင်စာ မပို့နိုင်တာကလည်း သူတို့အဖမ်းခံရမှန်း မိသားစုကမသိတာ၊ မိသားစုကနယ်မှာဖြစ်နေတာ၊ မိသားစုလိုက်အဖမ်းခံနေရ တာနဲ့ လုံခြုံရေးကြောင့် တိမ်းရှောင်နေရတာတွေကြောင့်ဖြစ်တယ်။

ဒီအတွက်ကြောင့် ထောင်ဝင်စာပို့ကြမယ်ဆိုတဲ့အဖွဲ့တွေ၊ တစ်ပိုင်တစ်နိုင်ထောင်ဝင်စာပို့နေသူတွေပေါ်လာခဲ့တာပါ။

မရတီစိုးမိုးလိုပဲ Generation Wave မှ အထွေထွေအတွင်းရေးမှူး မအိအိမိုးလည်း အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြတဲ့ အတွက် ထောင်ခုနစ်လချမှတ်ခံခဲ့ရပြီးနောက် ပြန်လွတ်လာချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို တတ်နိုင်တဲ့အားနဲ့ တစ်ပိုင် တစ်နိုင် ထောင်ဝင်စာပို့နေသူဖြစ်တယ်။

မအိအိမိုးနဲ့ မရတီစိုးမိုးတို့ဟာ နွမ်းပါးတဲ့နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပို့နိုင်ဖို့နီးစပ်တဲ့သူငယ်ချင်း၊ မိတ်ဆွေ တွေရဲ့အကူအညီတွေနဲ့ အကျဉ်းသူငါးဦးကိုထောင်ဝင်စာပို့ရာကနေ အခုဆိုအကျဉ်းသား ၁၅၀ လောက်အထိပို့နိုင်ခဲ့တယ်။

မရတီစိုးမိုးကတော့ အင်းစိန်နဲ့ သာယာဝတီအကျဉ်းထောင်တွေကို အဓိကပို့ပေးနေတာဖြစ်ပြီး မအိအိမိုးကတော့ အင်းစိန် အကျဉ်းထောင်တစ်ခုပဲ လစဉ်ထောင်ဝင်ပို့ပေးနိုင်ခဲ့ပါတယ်။

သူတို့တွေ ထောင်ဝင်စာပို့နေသူတွေထဲမှာ အများစုက အကျဉ်းကျနေတဲ့အမျိုးသမီးတွေဖြစ်ပြီး ထောင်ဒဏ် သုံးနှစ်ကနေ သေဒဏ်ချမှတ်ခံထားရသူတွေအထိ ပါဝင်ပါတယ်။

အများအားဖြင့် အကျဉ်းသားတွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ရေချိုးဆပ်ပြာ၊ အစား အသောက်၊ အကြော်အလှော်၊ ဆေးဝါးနဲ့ စာအုပ်တွေပို့ပေးလေ့ရှိပါတယ်။

ဒီအတွက် သူတို့ရဲ့လစဉ်ကုန်ကျစရိတ်က ကျပ်ငွေသိန်း ၁၅၀ လောက်ရှိပြီး ငွေကြေးလှူဒါန်းသူရှိသလို တစ်ချို့က ကြော်ချက်ထားတဲ့ဟင်းတွေ၊ ဆေးဝါးတွေနဲ့ အတွင်းခံတွေ လှူတာရှိပေမယ့် အလှူငွေအတွက်တော့ လစဉ်ပူပန်ရတယ်လို့ မအိအိမိုးက ရှင်းပြပါတယ်။

သို့ပေမဲ့ အခုလိုထောင်ဝင်စာပို့ပေးနေသူတွေရှိနေတာက အကြောင်းအမျိုးမျိုးကြောင့် ထောင်ဝင်စာပို့ဖို့အခက်အခဲရှိသူတွေ အတွက် အထောက်အပံ့တစ်ခုဖြစ်စေခဲ့ပါတယ်။

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်က ထောင်ဒဏ် သုံးနှစ်စီချမှတ်ခံခဲ့ရတဲ့သမီးနှစ်ယောက် မိခင်ဒေါ်ချမ်းအေးဆိုရင် တစ် လကို တစ်ကြိမ်ထောင်ဝင်စာမပို့နိုင်တဲ့အပြင် သုံးလမှတစ်ကြိမ် ထောင်ဝင်စာကိုတောင် ရှိတာလေးထုခွဲရောင်းချကာ ထောင်ဝင် စာပို့နေရတာဖြစ်တယ်။

“ သမီးနှစ်ယောက်လုံးက ယောကျာၤးနဲ့ကွဲနေတာဆိုတော့ သူတို့ကလေးနှစ်ယောက်ကို ကျမဘိန်းမုန့်လေးရောင်းပြီး ရှာ ကျွေးတာနဲ့ အဆင်ပြေတယ်။ သူတို့နှစ်ယောက်ကို ထောင်ဝင်စာတစ်ခါပို့ရင် ငွေတစ်သိန်းလောက်ကုန်တော့ လတိုင်းသွား မပို့နိုင်ဘူး”လို့ ဒေါ်ချမ်းအေးက ပြောပါတယ်။

ဒေါ်ချမ်းအေးဟာ သမီးတွေကို ထောင်ဝင်စာပို့ဖို့အတွက် စုထားတဲ့ငွေကြေးအပြင် ရွှေတိုရွှေစလေးတွေပါရောင်းချပြီး ထောင်ဝင်စာပို့နေတာ သုံးကြိမ်မြောက်မှာတော့ ရောင်းချစရာမရှိတော့လို့ မပို့နိုင်ခဲ့တော့ပါဘူး။

ဒါပေမဲ့ ဘဝတူအကျဉ်းသားမိခင်တစ်ဦးရဲ့အကူအညီနဲ့ မရတီစိုးမိုးက အကူအညီပေးတဲ့အတွက် တစ်လကို တစ်ကြိမ် ထောင်ဝင်စာပို့ပေးနိုင်ခဲ့ပါတယ်။

“ ပို့တဲ့ပစ္စည်းတွေရလို့ သူတို့ပျော်တယ်ဆိုတာသိရတော့ အမေလည်းဝမ်းသာတာပေါ့။ ဒီအတွက် သမီးရတီကိုလည်း ကျေး ဇူးတင်တယ်”လို့ သူက ဝမ်းသာအားရပြောပါတယ်။

ဒီလိုထောင်ဝင်စာမလာတဲ့အတွက် စိတ်ဓါတ်ကျပြီး အနာဂတ်ပျောက်သလိုဖြစ်ခဲ့ရတဲ့သူကတော့ လွန်ခဲ့တဲ့ ခြောက်လ လောက်က ပြန်လည်လွတ်မြောက်လာတဲ့အကျဉ်းသူ မခြူးခြူးပါ။

“အမေတို့က ရွာသွားတိမ်းရှောင်နေတော့ ကျမကိုထောင်ဝင်စာမပို့နိုင်ဘူး။ အဲ့တုန်းကဆို အမြဲလိုလိုဝမ်းနည်းစိတ်ဖြစ်တယ် ဘယ်လောက်ထိစိတ်ဓါတ်ကျခဲ့သလဲဆို ကိုယ်မြင်သမျှက မှောင်မဲနေတယ်လို့ခံစားခဲ့ရတယ်”လို့ သူက ပြောပါတယ်။

ဓါတ်ပုံ – Ei Ei Moe

မခြူးခြူးဟာ ထောင်ကလွတ်လာပြီးနောက်မှာ မရတီစိုးမိုးရဲ့ထောင်ဝင်စာပို့တဲ့အလုပ်မှာ စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်လုပ် ကိုင်ပေးနေတာဖြစ်တယ်။

မရတီစိုးမိုးကလည်း သူရဲ့အကူအညီနဲ့ ထောင်ဝင်စာရလို့ ဝမ်းသာကြောင်းပေးပို့လာတဲ့စာလေးတွေက အန္တရာယ်ကြားက နေ အလုပ်ဆက်လုပ်နိုင်ဖို့အတွက် ခွန်အားဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူတို့အနေနဲ့ အခုလိုတစ်ပိုင်တစ်နိုင်ထောင်ဝင်စာပို့ရာမှာ စစ်တပ်ရဲ့ရန်ရှာမှုကိုလည်း စိုးရိမ်နေရပါသေးတယ်။

“ စစ်တပ်က ဘဏ်အကောင့်တွေပိတ်တာ၊ မထင်ရင်မထင်သလို ဖမ်းနေတော့ ကျမတို့လည်း တိမ်းရင်းရှောင်ရင်းကြားမှာ အလုပ်လုပ်ရတယ်။ တဖက်မှာလည်း လတိုင်းငွေအလျင်မီအောင် ရုန်းကန်ရသေးတယ်”လို့ မအိအိမိုးက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က တစ်ပိုင်တစ်နိုင်ထောင်ဝင်စာပို့နေသူတွေပဲ ပစ်မှတ်ထားဖမ်းဆီးထောင်နေတာမဟုတ်ပါဘူး။

ကျောင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့“ထောင်ဝင်စာပို့ကြမယ်”အဖွဲ့ဆိုရင်လည်း နှစ်ကြိမ်တိုင်တိုင် ဘဏ်အကောင့်ပိတ်ခံခဲ့ရပြီး လိုက်လံဖမ်းဆီးနေတာတွေကြောင့် အဖွဲ့ဝင်တစ်ချို့ဖမ်းဆီးခံခဲ့ရပါတယ်။

ဒေသအသီးသီးမှာရှိတဲ့ထောင်ဝင်စာပို့နေတဲ့အဖွဲ့တွေလည်း အလားတူအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်။

တစ်ဖက်မှာလည်း ထောင်ဝင်စာအတွက် ပစ္စည်းဝယ်ယူရာမှာ အခက်အခဲတွေရှိသလို ပို့ပေးရမယ့်ပစ္စည်းတွေကလည်း ကုန်ဈေးနှုန်းမြင့်တက်လာတာကြောင့် အရင်လိုပစ္စည်းများများနဲ့ တစ်လကို နှစ်ကြိမ်မပို့နိုင်တော့ပါဘူး။

ဒါ့အပြင် အင်းစိန်အကျဉ်းထောင်က ထောင်ဝင်စာပို့မှုကို ကန့်သတ်လိုက်တာကြောင့် မရတီစိုးမိုးတို့ကိုယ်တိုင်သွားမပို့နိုင် တော့ဘဲ မိသားစုဝင်တွေနဲ့ ရှေ့နေတွေကတဆင့် ပို့ပေးနေရပါတယ်။

ဒါကလည်း အလွယ်တကူတော့မဟုတ်ပါဘူး။ မိသားစုဝင်တွေဆီ သွားရောက်ပို့ဆောင်ရတဲ့လမ်းမှာလည်း လုံခြုံရေးအရ စိုးရိမ်ရတာတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေထားဖို့နဲ့ ကူညီပေးသူတွေရဲ့ကျန်းမာရေးကအစ စိုးရိမ်ပူပန်ရတာတွေအများ အပြားရှိနေပါတယ်။

သို့ပေမဲ့ မရတီစိုးမိုးကတော့ “ခက်ခဲလည်း ဒါကတော်လှန်ရေးအတွက် လုပ်နေတာဆိုတော့ ဘယ်လိုအခက်အခဲပဲကြုံကြုံ ကျမလုပ်နိုင်သလောက်အထိ ဆက်လုပ်သွားမှာပါ”လို့ သူရဲ့ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ ဆိုပါတော့တယ်။

Author:

Related Articles