နိုဝင်ဘာ(၂၅)ရက်နေ့မှာ ကျရောက်မယ့်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ကို အရင်ကအထိမ်းအမှတ်ပွဲတွေ၊အသိပညာပေးပွဲတွေကျင်းပလေ့ရှိကြပေမယ့် လက်ရှိအာဏာသိမ်းပြီးနောက်မှာတော့ ဒီလိုလှုပ်ရှားမှုတွေမြေပြင်မှာမကျင်းပနိုင်တော့ပါဘူး။
ဒါ့အပြင်အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေကလည်း အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း တနေ့တခြားတိုးလာတာအားလုံးအသိပါပဲ။
စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်ကအမျိုးသမီးတွေကြုံတွေ့ခံစားနေရတဲ့ အခြေအနေတွေနဲ့ ကျူးလွန်သူတွေကို ဘယ်လိုအပြစ်ပေးအရေးယူဆောင်ရွက်သင့်လဲဆိုတာနဲ့ပတ်သက်ပြီး ဉပ္ဗလဝဏ်အင်စတီကျူရဲ့တည်ထောင်သူလည်းဖြစ်တဲ့ ဆရာလေးဒေါ်ကေတုမာလာရဲ့ပြောကြားချက်တွေကို ကောက်နုတ်ဖော်ပြထားပါတယ်။
ဆရာလေးဒေါ်ကေတုမာလာ
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုလို့ပြောရင် အများစုကကိုယ်ထိလက်ရောက်နှိပ်စက်တာတွေကို ပဲအဓိကမြင်ကြတယ်။တကယ်တော့ ကာယကံမြောက်အကြမ်းဖက်မှုတွေထက် ဝစီကံမြောက်အကြမ်းဖက်တာတွေ စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်တာတွေ အဲ့လိုခံရတာတွေကပိုပြီးများပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်အောင်ထောက်ပံ့ထားတဲ့ ဓလေ့ထုံးစံအစဉ်အလာတွေ ယဉ်ကျေးမှုဆိုတာတွေက မြန်မာပြည်မှာဒီနေ့အချိန်အထိ အား ကောင်းနေတာမို့လို့ပါ။ ဒီလိုအမျိုးသမီးတွေကို တန်ဖိုးထားမှုနည်းတဲ့ယဉ်ကျေးမှုအစဉ်အလာတွေ အားကောင်းနေသေးသရွေ့တော့ အမျိုးသမီးတွေအပေါ်ကျူးလွန်နေတဲ့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဆက်ပြီးတွေ့နေရဦးမှာပါ။
လက်ရှိအခြေအနေအောက်မှာ အမျိုးသမီးတွေအနေနဲ့ မုဒိမ်းကျင့်အကြမ်းဖက်ခံရတာ၊ အစဖျောက်ခံရတာ၊ ထောင်တွင်းအကျဉ်းချခံရတာတွေစတဲ့ အဲ့လိုဖိနှိပ်မှုအမျိုးမျိုးခံနေရတာက တကယ့်ကိုထင်သာမြင်သာပါတယ်။ ဒါတွေကလည်းအမျိုးသမီးတွေသာမက အမျိုးသားတွေအပါအဝင်တစ်နိုင်ငံလုံးကြုံနေရတဲ့အနေအထားပါ။ နေခဲ့ဖူးတဲ့နှစ်လေးဆယ်ကျော်ကာလအတွင်းဒီကာလက ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေသာမက စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကိုပါအဆိုးရွားဆုံးခံစားနေကြရတယ်လို့မြင်ပါတယ်။
အောက်ခြေလူထုကအမျိုးသမီးတွေနဲ့ ခုခံတော်လှန်စစ်ဖြစ်ပွားရာဒေသကအမျိုးသမီးတွေ ကျေးရွာသူတွေကတော့ဒီလိုမလုံခြုံမှုတွေ အကြမ်းဖက်မှုတွေနဲ့ပိုရင်ဆိုင်နေရတယ်လို့မြင်ပါတယ်။
အခုချိန်ကတော်လှန်ရေးကာလမို့ ကျူးလွန်သူတွေကိုအပြစ်ဒဏ်ခံရအောင် မလုပ်ဆောင်နိုင်သေးပေမယ့် ကျူးလွန်ခံရတဲ့အမျိုးသမီးတွေအတွက် တချိန်မှာတရားမျှတမှုပြန်ရအောင် ရှာပေးနိုင်ဖို့အတွက်ဆိုရင်အခုထဲက အကြမ်းဖက်ခံရမှုတစ်ခုခြင်းစီကို အသေအချာမှတ်တမ်းတင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ အဲ့ဒါ့အပြင် ကျူးလွန်သူတွေဟာ ဒီလိုလုပ်ခဲ့တယ်ဆိုတာကို ကမ္ဘာကသိအောင် ကျယ်ကျယ်လောင်လောင်ပြောကြရပါလိမ့်မယ်။ အဲ့လိုကျူးလွန်ခဲ့သူတွေကို လူ့အသိုင်းအဝိုင်းက ဘယ်လောက်ရွံ့ရှာတယ်ဆိုတာကို သူတို့တွေသိအောင်လည်း လုပ်ရပါမယ်။ ဒီလိုအမျိုးသမီးတွေအပေါ်မှာ ပုံစံအမျိုးမျိုးနဲ့အကြမ်းဖက်နေမှုအပေါ် တားမြစ်ဖို့၊ကန့်ကွက် ဖို့ အုပ်ချုပ်သူအစိုးရတွေမှာသာမက နိုင်ငံသားတိုင်းမှာလည်းတာဝန်ရှိပါတယ်။