သန့်ရှင်းထွန်း။ ။
“ကျမတို့က အရှင်လတ်လတ် ငရဲကျနေသလိုပဲ”ဟု သူကြုံတွေ့နေရသည့် အခက်ခဲပေါင်းများစွာကို ပြောပြ၍အပြီး စကားအဆုံးမှာ ဒေါ်သိန်းယဉ်က ဒေါသသံနှင့် စိတ်ရှုပ်ထွေးနေသည့် လေသံများဖြင့် ပြောသည်။
အသက် ၅၂ နှစ်အရွယ် သမီးသုံးဦးမိခင်ဖြစ်သော ဒေါ်သိန်းယဉ်မှာ ဘူးသီးတောင်မြို့ ရန်အောင်မြေ စစ်ဘေးရှောင် စခန်းတွင် ခိုလှုံနေရသူဖြစ်ပြီး ၎င်းတို့မိသားစု စစ်ဘေးရှောင်စခန်းတွင် နေထိုင်ခဲ့ရသည်မှာ နှစ်နှစ်ကျော် ကြာပြီဖြစ် သည်။
သမီးသုံးဦး၏ မိခင်ဖြစ်သူ ဒေါ်သိန်းယဉ်မှာ ယခင်က ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာတွင် နေထိုင်ခဲ့သူ ဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ် တပ်တို့၏ တိုက်ပွဲများကြောင့် ဘေးလွတ်မည့် ဘူးသီးတောင်မြို့၊ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းကို ရောက်ရှိ လာခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။
တဲသာသာခန့်သာရှိသော ဘူးသီးတောင်မြို့ ရန်အောင်မြေ စစ်ဘေးရှောင်စခန်း၏ ယာယီနေအိမ်တွင် သမီးသုံးဦးနှင့် အတူ နေထိုင်လျက်ရှိသော ဒေါ်သိန်းယဉ်မှာ ငတ်တလှည့်၊ ပြတ်တလှည့်ဖြင့် နေထိုင်ရင်း နေသားမကျသေးသည့် အချိန်မှာပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုကြောင့် ထပ်မံ၍ ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။
“စစ်ဘေးရှောင်စခန်းတောင် မလုံခြုံဘူး။ ညဘက်ကျရင် စစ်သားတွေလာပြီး ပြသနာရှာတယ်” ဟု ဒေါ်သိန်းယဉ်က ပြောသည်။
အပျိုအရွယ် သမီးသုံးဦးရှိသော ဒေါ်သိန်းယဉ်မှာ စစ်ကောင်စီတပ်သားများ၏ အန္တရာယ်ကို စိုးရိမ်ကြောက်လန့်လာ သည့်အတွက် ၎င်းတို့နေထိုင်ခဲ့သော ရန်အောင်မြေ စစ်ဘေးရှောင်စခန်းမှ မြို့ပေါ်ရှိ အသိနေအိမ်တလုံးသို့ ပြောင်းရွေ့ နေထိုင်ခဲ့ရပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက် ညသန်းခေါင်ချိန် ၂ နာရီခန့်က စစ်ကောင်စီတပ်သားတချို့မှာ ဘူးသီးတောင်မြို့ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းသို့ သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့ပြီး ယာယီနေအိမ်များကို ဝင်ရောက်ရှာဖွေမှု များပြုလုပ်ခဲ့ကြောင်း စစ်ဘေးရှောင်မိသားစုဝင်များက ပြောသည်။
ထိုသို့ သေနတ်ပစ်ဖောက် ခြောက်လှန့် ဝင်ရောက်လာမှုကြောင့် ဒေါ်သိန်းယဉ်တို့ မိသားစုအပါအဝင် တခြား စစ်ဘေး ရှောင်အများစုမှာ တခြားဘေးလွတ်မည့်နေရာများသို့ ထွက်ပြေးခဲ့ရသည်ဟု ရန်အောင်မြေ စစ်ဘေးရှောင်စခန်းမှ တခြားဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည့် စစ်ရှောင်အမျိုးသမီး မမေဦးကပြောသည်။
“ဒီလိုညအချိန်မှာ ရုတ်တရက်လာတော့ ကြောက်တယ်။ ထိတ်လန့်တယ်။ စိုးလည်းစိုးရိမ်တယ်။ အိမ်ကိုဝင်ပြီး အိပ်နေ တာကို နိုးတယ်။ မီးထွန်းတာကို ပိတ်ခိုင်းတယ်”ဟု အောက်တိုဘာ ၄ ရက် ညက ဖြစ်ပျက်ခဲ့ပုံကို ပြောပြသည်။
ယင်းသို့ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်သားများ ဝင်ရောက် ခြောက်လှန့်ခဲ့မှုကြောင့် စခန်းရှိ စစ်ဘေးရှောင် လူဦးရေ ငါးရာကျော်မှာ သက်ကြီးပိုင်း လူဦးရေသုံးဆယ်ခန့်မှလွှဲ၍ ကျန်အားလုံးမှာ နီးစပ်ရာ ဆွေမျိုး နေအိမ်၊ အသိနေအိမ်များသို့ ထွက်ပြေးခဲ့ရသည်ဟု မမေဦးက ဆက်ပြောသည်။
ဒေါ်သိန်းယဉ်နှင့်အတူ မမေဦးမှာလည်း ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာတွင် နေထိုင်ခဲ့သူဖြစ်ပြီး လွန်ခဲ့ သည့် ၂၀၁၉ ခုနှစ်က စ၍ ဘူးသီးတောင်မြို့ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေသူ ဖြစ်သည်။
လူမှုအဖွဲ့အစည်းများမှ ပေးကမ်းသည့် အစားအသောက်တချို့နှင့် အဝတ်အထည်တချို့ဖြင့် အခန်းကျဉ်းလေးတွင် နေထိုင်ခဲ့ရသော မမေဦးမှာလည်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရသည်မှာ မလုံခြုံသည့်အတွက် သူ၏ ယာယီတဲ အိမ်ကို ထပ်မံစွန့်ခွာခဲ့ရသည်ဟု ပြောပြသည်။
“ဆွေမျိုးအသိအိမ်ဆိုတာကလည်း တာရှည်နေလို့ အဆင်မပြေဘူးလေ၊ ညီမကတော့ ခြေဦးတည့်ရာ ထွက်သွားဖို့ပဲ တွေးနေတယ်”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်များကို အတင်းအဓမ္မနေရပ် ပြန်ခိုင်း နေပြီး နေရပ်မပြန်သည့် စစ်ဘေးရှောင်များကို ကျူးကျော်စာရင်းအဖြစ် သတ်မှတ်မည်ဟု အောက်တိုဘာ ၁၉ ရက် တွင်ပြုလုပ်ခဲ့သော စစ်ဘေးရှောင်အစည်းဝေးတွင် ဘူးသီးတောင်မြို့နယ်ကောင်စီ ဥက္ကဌက ပြောကြားခဲ့သည်ဟု စစ် ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးက ပြောသည်။
“အခုတိုက်ပွဲတွေ ပြန်ဖြစ်နေတာ။ ကျနော်တို့ ဘယ်လိုလုပ်ပြန်ရဲမှာလဲ။ အခုတောင် အငတ်ဘေးနဲ့ ကြုံနေရတာ။ သူတို့ လုပ်သလို ခံရမှာပဲ”ဟု စခန်းတာဝန်ခံက ပြောသည်။
အစားအသောက်၊ အနေအထိုင်ကအစ အဆင်မပြေသည့် စစ်ဘေးရှောင်စခန်းတွင် မည်သူမျှ မနေချင်ဘဲ မိမိနေရပ်၌ သာ နေချင်ကြသော်လည်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ကျေးရွာများတွင် နေအိမ်များမရှိတော့ခြင်းက နေရပ်ပြန်ရန် လုံးဝမဖြစ်နိုင်သေးဟု ဒေါ်သိန်းယဉ်၏ သမီးကြီး မမြသန္တာ ကပြောသည်။
“ကျမတို့ရဲ့ ကြောက်စိတ်တွေက သေရာပါသွားတော့မှာပါ”ဟု မမြသန္တာက ဆိုသည်။
ယခုကဲ့သို့ စစ်ဘေးရှောင်စခန်းများကို အတင်းအဓမ္မဝင်ရောက်ခြင်း၊ သေနတ်ပစ်ဖောက်ခြင်းနှင့် နေရပ်အတင်း ပြန် ခိုင်းခြင်းမှာ စစ်ကောင်စီအနေဖြင့် အခြေခံလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
“စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်တာ မြန်မာနိုင်ငံမှာ မရှိသေး ဘူး။ အဲလို အရေးယူမှုတွေ မရှိတဲ့အတွက် စစ်ကောင်စီကတော့ လူ့အခွင့်ရေးကို ထပ်ပြီးတော့ ချိုးဖောက်နေမှာပဲ”ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံက လက်မှတ်ရေးထိုးသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၃) တွင် လူတိုင်း ၌ အသက်ရှင်ရန် လွတ်လပ်ခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်ဟု ပြဌာန်းထားပြီး အပိုဒ် (၅) တွင် မည်သူ့ကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ၊ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ သို့တည်း မဟုတ် အပြစ်ဒဏ်ပေးခြင်း မပြုရဟု သတ်မှတ်ထားသည်။
သို့သော်လည်း လူ့အခွင့်အရေးကို လေးစားလိုက်နာမှုမရှိသော မြန်မာနိုင်ငံတွင် နေထိုင်ရသော ဒေါ်သိန်းယဉ်တို့မှာ အရှင်လတ်လတ် ငရဲကျနေသည်နှင့် တူနေပြီး သမီးသုံးဦးအပါအဝင် တခြားလူငယ် လူရွယ်များမှာ မိမိဒေသများတွင် နေထိုင်လိုစိတ်မရှိတော့ဘဲ နိုင်ငံခြားတိုင်းပြည်များကို ထွက်ခွာသွားရန် စီစဉ်လာကြသည်ဟု ဒေါ်သိန်းယဉ်က ပြော သည်။
ထိုသို့ ရခိုင်ဒေသခံများကို မိမိနေရပ်ဒေသများတွင် ဆက်လက်နေထိုင်လိုစိတ်မရှိအောင် စစ်ကောင်စီက ဖန်တီးနေ သည်ဟု ဘူးသီးတောင်နှင့် မောင်တောမြို့ခံ တချို့က ပြောသည်။
စစ်ကောင်စီသည် ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြို့နယ်အသီးသီးသို့ သွားလာနေသည့် ကုန်လမ်း၊ ရေလမ်းအများစုကို လွန်ခဲ့သည့် ဩဂုတ်လ လယ်ပိုင်းကစ၍ ပိတ်ပင်ထားသည်။
ထိုသို့ ပိတ်ပင်ထားမှုအနက် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များကို လူအပါအဝင် ဆေးဝါးနှင့် ကုန် ပစ္စည်းများ သယ်ယူခွင့်ကို ပိတ်ဆို့ထားပြီး ဒေသတွင်း လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုလအဖွဲ့ အစည်းများအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအားလုံး၏ ကူညီပေးရေးလုပ်ငန်းများအားလုံးကို ကန့်သတ်ခဲ့ သည်။
အဆိုပါ ကန့်သတ်ပိတ်ဆို့ထားမှုသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၃၊ အပိုဒ်ခွဲ (၁) တွင် ပြဌာန်းထားသော ‘လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာပြောင်းရွှေ့နိုင်ခွင့်၊ နေထိုင် ခွင့်ရှိသည်’ ဆိုသည့်အချက်နှင့် ဆန့်ကျင်နေကြောင်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ထောက်ပြသည်။
သို့သော် ဒေါ်သိန်းယဉ်နှင့် မမေဦးတို့လို စစ်ဘေးရှောင်များ၊ ပြည်သူများအတွက် အခြေခံလူ့အခွင့်အရေးကြေညာ စာ တမ်းပါ အကာကွယ်များကို မခံစားရသည့်အပြင် ထပ်မံချိုးဖောက်ခံနေရသည်။
စစ်ဘေးရှောင်များကို သက်ဆိုင်ရာ စစ်ဘေးရှောင်စခန်းများတွင် ဆက်လက် မနေထိုင်ရဲအောင် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက လုပ်ဆောင်နေခြင်းသည် ထိုစစ်ဘေးရှောင် မိသားစုများ၏ ဘဝရှင်သန်ရေးကို ဖျက်ဆီးရာ ရောက်နေသည် ဟု အမျိုးသမီးများအရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီနှင့် တိုက်ပွဲများအန္တရာယ်ကို ကြောက်လန့်၍ တောင်ပြေး မြောက်ပြေး ပြေးနေရသည့် ဒေါ်သိန်းယဉ်က သူ၏ဘဝကို ငြီးငွေ့လာပြီဟု ယခုကဲ့သို့ပြောသည်။
“ဖြစ်နိုင်ရင် မြန်မြန်သေချင်တော့တယ်။ သေခါနီးကျရင်လည်း ဒီနိုင်ငံမှာ လူမဖြစ်ပါစေနဲ့တော့လို့ ဆုတောင်းသွား မယ်”